Thursday, November 21, 2024

အာဟာရချို့တဲ့ခြင်းရောဂါများ(Malnutrition)

 



အာဟာရချို့တဲ့ခြင်းရောဂါများ(Malnutrition)

ဒေါက်တာလွင်သန့်

  နေ့စဉ်လူတို့ စားသုံးနေသော အစားအစာထဲတွင် (၁) ကာဟိုက်ဒြိတ် ကစီဓာတ်၊ (၂) အဆီဓာတ်(Fat)၊ (၃) အသားဓာတ် (protein)ဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်မျိုးစုံ၊ သက်စောင့်ဓာတ်၊ ရေဓာတ်တို့ လိုအပ်ပါသည်။ ကစီ(Carbohydrate)ဓာတ် သည်လူတို့၏ ခန္ဓာကိုယ်လှုပ်ရှား သွားလာနိုင်ရေး အတွက် ဘေးအကင်းဆုံးကို အများဆုံး ပေးနိုင်သော ဓာတ်ဖြစ်သည်။


   အဆီ(Fat)ဓာတ် ကိုခန္ဓာကိုယ်တွင်း လိုအပ်သော အားအင်ဖြစ်စေသည့်ပြင်၊ အရေပြားအောက်၌ တည်ရှိပြီး အအေးဒဏ် ကာကွယ်ပေးခြင်း စသည့်လုပ်ငန်းများ အတွက် အရေးကြီးသည်။ အသား(protein) သည် ခန္ဓာကိုယ် တည်ဆောက်မှု အတွက် ခန္ဓာကိုယ် ကြီးထွားခြင်း၊ ပျက်စီးသော အသားအမျှင်တို့ကို ပြန်လည် အစားထိုး ဖြည့်တင်းခြင်း စသည်တို့အတွက် မရှိလျှင်မဖြစ်သော ပစ္စည်းဖြစ်တယ်။ သတ္တုဓာတ်တွင် ထုံး၊ မီးစုံး၊ သံ၊ ကန့်၊ ဆိုဒီယံကလိုရိုဒ်၊ မဂ္ဂနီစီယမ်၊ မင်းဂနိစ်၊ ကော့ပါး၊ အိုင်အိုဒင်းဓာတ် တို့ဖြစ်တယ်။ လူ၏ ခန္ဓာကိုယ် ၇၂ ရာခိုင်နှုန်း သည်ရေနှင့် ဖွဲ့စည်းထားသဖြင့် ရေဓာတ် လိုအပ်သည်။

    လူသားတို့ ချိုတဲ့နေသော အာဟာရဓာတ် အပေါ်မှုတည်ကာ ရောဂါလက္ခဏာများ ဖြစ်ပေါ်စေပါသည်။ (၁) ပရိုတင်း အသားဓာတ် ချို့တဲ့ခြင်း၊ ပရိုတင်းကယ်လိုရီ (Calories) ချိုတဲ့နေမှုကြောင့် ဖောရောင်ခြင်း၊ ဆံပင် အရောင်ပြောင်းခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ကြွက်သားများက သေးသိမ်လာခြင်း အရေပြားကွဲအက်ခြင်း များနှင့် မျက်နှာပြင် ခြောက်ခြင်းဖြစ်သည်။

    ငယ်စဉ်က အသားဓာတ် (protein)ချိုတဲ့သော ကလေးများသည် ကိုယ်ကာယ သေးငယ်ကြုံလှီခြင်း၊ အရပ်မတက်ခြင်း၊ ဉာဏ်ထုံးထိုင်းခြင်း၊ တွေဝေအားငယ်ခြင်း တို့ပါပူးတွဲ ဖြစ်တတ်ကြတယ်။ အဆိုပါဝေဒနာ ကာကွယ်ရန် ကလေးသူငယ်များ နို့ညှာကလေးများတွင် နွားနို့၊ကြက်ဥ၊ ပူတင်း၊ နို့မှုန့်၊ သားငါး တို့ဖြည့်စွက် ကျွေးမွေးရန် လိုသည်။ အသားဓာတ် အများဆုံးပါရှိသည့် အစာအစာတို့မှာ နွားနို့၊ နို့မှုန့်၊ နို့နှင့်ပြုလုပ်သော အစာများ၊ အသား၊ ငါး၊ ဘဲဥ၊ ကြက်ဥ၊ မြေပဲနှင့် ပဲအမျိုးမျိုး ဖြစ်ကြသည်။ အသား(၁) ဂရမ်မှ(၄) ကယ်လိုရီရရှိသည်။

   အဆီ(Fat)ကို အသီးအရွက်ဆိုလျှင် မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါစေ့၊ မုန်ညှင်း၊ သံလွင်ဆီ တို့မှရရှိပြီး တိရစ္ဆာန်များတွင် ဝက်ဆီ၊ အမဲဆီ၊ ထောပတ်၊ ငါးကြီးဆီ တို့ဖြစ်တယ်။ အဆီဓာတ် (၁)ဂရမ်မှ (၉)ကယ်လိုရီ ရရှိပါသည်။

    ကစီ(Carbohydrate) သည် အင်အားဖြည့်စွမ်းမှု အတွက် အဆီဓာတ်ကဲ့သို့ပင် ခန္ဓာကိုယ် အကျိုးပြုသော ဓာတ်ဖြစ်တယ်။ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ပဲအမျိုးမျိုး၊ ကန်စွန်းဥ၊ ပိန်းဥ တို့တွင် ကစီဓာတ် ပါဝင်သည်။ ကစီ(၁)ဂရမ်မှ (၄)ကယ်လိုရီ ရရှိသည်။

   ဗီတာမင်အေ ချို့တဲ့ခြင်း။ ။ ဗီတာမင်အေ ချို့တဲ့ခြင်းကြောင့် ဘစ်တော့စပေါ့ (Bitots's spotted) မျက်သားအဖြူ ပေါ်တွင် ဆပ်ပြာမှုန့်ကဲ့သို့ မျက်သားတက်ခြင်း၊ မျက်ခမ်း အတွင်းသား ခြောက်သွေ့ခြင်း၊ အရေပြားပေါ်တွင် ကြာစူးများ ပေါက်ခြင်း၊ ကြက်မျက်သင့်ခြင်း၊ ညဖက်မျက်စိ မမြင်ခြင်း စသည့်လက္ခဏာ များဖြစ်ပေါ်စေသည်။ ဗီတာမင်အေ ပါသည့် အစာစားသင့်သည်။ အသည်း၊ ထောပတ်၊ ဒိန်ခဲ၊ နွားနို့၊ ကြက်ဥ၊ ဘဲဥ၊ ခရမ်းချဉ်သီး၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက်၊ ဒန့်သလွန်ရွက်၊ သဘော်သီး စားသင့်သည်။

   သိုင်ဟာမင်း (Thiamine) ဘီဝမ်းချို့တဲ့ခြင်း၊ ဗီတာမင်ဘီဝမ်း ချို့တဲ့ခြင်းကြောင့် ဖောရောင်ခြင်း အာရုံကြောများ၊ လှုံဆော်မှု အားနည်းခြင်း၊ ဒူးအောက် အနောက်ဘက်ရှိ ကြွက်သားများ ထိမိလျှင် အလွန်နာကျင်ခြင်း၊ ထုံခြင်း၊ နှလုံးအိမ်ကြီခြင်း၊ နှလုံးခုန်နူန်းမြန်ခြင်း၊ ရင်တုံခြင်း စသည့်လက္ခဏာများ တွေ့ရတတ်သည်။ ဗီတာမင်ဘီဝမ်း ချို့တဲ့မှုသည်။ အလုပ်ကြမ်း သမားများ၊ ကိုယ်ဝန်ဆောင်များ နှင့်နို့တိုက်သားသည် မိခင်များတွင် အများဆုံးကြုံတွေ့ ရတတ်သည်။

      ဘီဝမ်း ချို့တဲ့မှုကြောင့် ဘယ်ရီဘယ်ရီ (Beri Beri) ထုံနာကျင်နာ အစိုအခြောက် ရောဂါများ ဖြစ်ပွါးသည်။ ဘီတာမင်ဘီဝမ်း ဓာတ်ချိုတဲ့သော မိခင်၏နို့ရည်သာ မှီဝဲရသောကလေးတွင် ဘယ်ရီဘယ်ရီရောဂါ ရတတ်သည်။ ကလေးတွင် မည်သည့်ရောဂါ လက္ခဏာမျှမပြဘဲ ရုတ်တရက် သေဆုံးတတ်သည်။ အနည်းငယ်မျှ ဖျားရုံနှင့်တက်ပြီး သေဆုံးတတ်ပါသည်။ မြေပဲ၊ ဝက်သား၊ အသည်း၊ ပဲမျိုးစုံ (peas)ဆန်လုံးညို၊ ဂျုံကြမ်းတို့တွင် ဘီဝမ်းဓာတ် ပါဝင်သည်။

    ဗီတာမင်ဘီတူး(Vit B2) (Riboflavin)က ဗီတာမင်ဘီတူး ချိုတဲ့ခြင်းကြောင့် ကျီးကန်းပါးစပ်နာ ဖြစ်ခြင်း၊ နှုတ်ခမ်းထောင့်များ၌ ဖူးရောင်အရေပြား၊ အနာဖြစ်ခြင်း၊ အစားသောက်ပျက်ပြီး၊ အရေပြား ခမ်းခြောက်ခြင်း စသည့်လက္ခဏာများ ဖြစ်တတ်သည်။ ဗီတာမင်ဘီတူး ပေါများသော အစာမှာ ဖွဲနုနှင့်ပြုလုပ်သော မုန့်အမျိုးမျိုး၊ အသည်း၊ ကြက်ဥ၊ ဘဲဥ၊ ဝက်သားနွားနို့နဲ့ နို့ထွက်ပစ္စည်း၊ ပဲပင်ပေါက် တို့ဖြစ်သည်။

    နိုင်ယာစင် (Niacin)(Vit B3) ချို့တဲ့ခြင်း။ ။ နိုင်ယာစင်ဓာတ် ချို့တဲ့ခြင်းကြောင့် အရေပြားအပေါ်၌ တင်းမာကွဲအက်နာများ ပေါ်လာခြင်း၊ လျှာများနီညို ထွက်ပြီးကြမ်းလာခြင်း၊ ကွဲတတ်ခြင်း၊ ရူးသွပ်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်တတ်သည်။ မောင်းထောင်းဆန်၊ ဆန်လုံးညို၊ အသည်း၊ အသား၊ ငါးနှင့်ပဲအမျိုးမျိုး တို့တွင် ဗီတာမင်ဘီသရီး (Vit B3) ပါဝင်သည်။

   ဗိုက်တာမင်ဝီ (Vit C) ချိုတဲ့ခြင်းကြောင့် သွားဖုံးများ ရေကြီးကမ်းပြို ဖြစ်ခြင်း၊ အရေပြားအောက်၌ သွေးခြေဉ၍ အနာကွက်လေးများ ဖြစ်ပေါ်ခြင်း၊ အရိုးအဆစ်များ နာကျင်စွာ ကြီးထွားခြင်း၊ အသားအရည် ခမ်းခြောက်ခြင်း၊ သွေးအားနည်းခြင်း စသည့်လက္ခဏာ များဖြစ်ပေါ် တတ်သည်။ ဗီတာမင်စီ ကြွယ်ဝသည့် အစာများမှာ အရည်ရွှမ်း သစ်သီးများ၊ သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ မာလကာသီး၊ ငှက်ပျောသီး၊ ပဲပင်ပေါက် တို့ဖြစ်သည်။

     ဗီတာမင်ဒီ (Vit D) ဓာတ်ချို့တဲ့ခြင်း။ ။ ဗီတာမင်ဒီ ချို့တဲ့ခြင်းကြောင့် အရိုးပျော့ရောဂါ ဖြစ်ခြင်း၊ ခြေထောက်ခွင်ခြင်း၊ ကလေးငယ်ထိပ် လွယ်လွယ်နှင့် မပိတ်ခြင်း၊ ကြွက်သားများ လှုပ်ရှားမှု အားနည်းခြင်း၊ ဦးခေါင်ခွံအရှေ့ပိုင်း မို့မောက်လာခြင်း၊ ကြက်၊ ငှက်များကဲ့သို့ ရပ်အုပ်ရှေ့သို့ ချွန်ထွက်ခြင်း (Rickets)တို့ ဖြစ်စေသည်။ ဗီတာမင်ဒီဓာတ် ကိုနေရောင်ခြည်မှ ရရှိသကဲ့သို့၊ ငါးကြီးဆီ(Fish oil) ဘဲဥ၊ ကြက်ဥ၊ ငန်းဥ၊ ဟင်းသီးဟင်းရွက် များမှာလည်း ရရှိသည်။

     သံဓာတ်ချို့တဲ့ခြင်း။ ။ သံဓာတ်ချိုတဲ့ခြင်း ကြောင့်သွေးအားနည်း ရောဂါဖြစ်ပြီး အားအင်ကုန်ခမ်းကာ ဖြူဖက်ဖြူရော် ဖြစ်စေသည်။ သံဓာတ်ပေါကြွယ်သော အစာတို့မှာ အသည်း၊ အမဲသား၊ ဆိတ်သား၊ ဘဲဥ၊ ကြက်ဥ၊ ပဲအမျိုးမျိုးနှင့် စိမ်းလန်းသော သစ်သီးသစ်ရွက် များတွင် သံဓာတ် အများဆုံး ရရှိနိုင်သည်။ သံဓာတ်က အောက်စီဂျင် သယ်ဆောင်ပေးခြင်း ကြောင့် ခန္ဓာကိုယ် သွေးလှည့်ပတ်မှု ကင်းစေသည်။

  ဖောလစ်အက်ဆစ် (Folic acid) နှင့်ဘီတွဲ (Vit B12) ချို့တဲ့ခြင်း။ ။ ယင်းတို့ချို့တဲ့ခြင်း ကြောင့် သွေးအားနည်း ရောဂါ ဖြစ်စေသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့တွင် ဖြစ်တတ်သည်။ ဖောလစ်အက်ဆစ် သည်လတ်ဆက်သော ဟင်းသီးဟင်းရွက်များ၊ အသည်း၊ မြေပဲတို့တွင် ပါဝင်သည်။

     ထုံးဓာတ်သည် ကြွက်သားများ လှုပ်ရှားမှု၊ နှလုံးကြွက်သားများ မှန်ကန်စွာ လှုပ်ရှားမှု အာရုံကြော လှုပ်ရှားမှုများနှင့် သွေးနွေးတက် စေရန် ကူညီသည်။ အရိုးနှင့်သွားများ တည်ဆောက် ခိုင်မာမှုအတွက် အထူးလိုအပ်သော ဓာတ်ဖြစ်တယ်။ ထုံးဓာတ် ချို့တဲ့လျှင် နှလုံးခုန်မမှန်ခြင်း၊ ကြွက်တတ်ခြင်း၊ သွေးတိတ်ရန် ကြံ့ကြာခြင်း၊ အရိုးပျော့ရောဂါများ ဖြစ်တတ်သည်။ ကယ်လဆီယမ် (Calcium) ထုံးဓာတ်ကြွယ်ဝသော အစာများမှာ နို့၊ ငါးကလေးများ၊ ငါးခြောက်၊ ပုစွန်ခြောက် ငါးပိငါးကလေးဟင်း တို့ဖြစ်သည်။

    အိုင်အိုဒင်း (Iodine) ချိုတဲ့လျှင် လည်ပင်းကြီးရောဂါ၊ မျက်လုံးများ ပြူးလာခြင်း၊ ရူသွပ်ပြီး၊ စိတ်ဖောက်ပြန်ခြင်း တို့ဖြစ်သည်။ အိုင်အိုဒင်း ကြွယ်ဝသော အထူးဆားများ၊ ပင်လယ်ငါး အမျိုးမျိုး၊ ပင်လယ်ရေမှော်၊ ကျောက်ပွင့်၊ ပင်လယ်စာ(sea Food) တို့ဖြစ်သည်။

  ရေဓာတ်။ ။ ရေဓာတ်သည် ခန္ဓာကိုယ်၏ အစိတ်အပိုင်း အားလုံးလိုလို ရေပါဝင်နေပါသည်။ ရေတို့ ခန္ဓာကိုယ်က အမြဲလိုအပ် နေသည်။ ခန္ဓာကိုယ်မှ ထွက်သော ဆီးနှင့်ချွေးများ အဖြစ် လည်းကောင်း၊ ရှူထုတ်လိုက်သော လေများမှ ရေငွေ့အဖြစ် လည်းကောင်း ရေကို ဆုံးရူံးနေ၏။ နေ့စဉ် ရေ (၆-၈)ဖန်ခွက် (သို့မဟုတ်) ရေသန့်(၂_၃) လီတာ လိုအပ်ပါသည်။

  မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုမှာ အထူးသဖြင့် သံဓာတ်ချို့တဲ့မှု ပြဿနာကို (၅)နှစ်အောက် ကလေးများတွင် အများဆုံးနှင့် ကိုယ်ဝန်သည်နှင့် နို့တိုက်မိခင်တို့ပါ တွေ့ရတတ်သည်။ မြန်မာတို့ နေ့စဉ်စားသုံးသည့် အစာမှာ ဆန်အဓိကဖြစ်သည်။ မြန်မာ အစားအစာတွင် သာမန်အားဖြင့် ကာဘိုဟိုက်ဒြိတ် ပြည့်ဝသည်။ ကလေးငယ်များတွင် ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်များတွင် မလုံလောက်ချေ။ ဟင်းသီးဟင်းရွက်၊ ပဲမှရသော အသားဓာတ်နှင့် နိုင်ယာစင်(Vit D3) တို့ လုံလောက်သည်။

   အဆီဓာတ် လုံလောက်မှု ရှိသည်။ တိရစ္ဆာန်မှရသော အသားဓာတ်၊ သိုင်ယာမင်း (Thiamine)ဓာတ်၊ သံဓာတ် အားနည်းသည်။ ထုံးဓာတ်နှင့် ရိုင်ဗိုဖလေဗင်း (Riboflavin _B2) ဓာတ်ချိုတဲ့မှု တွေရတတ်သည်။ မြန်မာလူမျိုးများ အောက်ပါရောဂါ ဖြစ်ပွါးသည်။

     (၁) ပရိုတင်း(protein) အာဟာရချို့တဲ့ခြင်း ။ ။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံး ဖြစ်ပွါးသော ရောဂါဖြစ်၏။ မြန်မာနိုင်ငံရှိ ငါးနှစ်အောက် ကလေးဦးရေ၏ ထက်ဝက်ခန့်မှာ အသားဓာတ် (protein) ချို့တဲ့သည်။ အသားဖြည့်စွက် စားသုံးသင့်သည်။

     (၂) သံဓာတ်ချိုတဲ့ရာမှ သွေးအားနည်း ရောဂါသည် တောင်တန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ လိုနေရာအနှံ့ တွေ့ရနိုင်သည်။ သွေးအားနည်း ရောဂါကို လူကြီး(ယောက်ျား) (၃၀.၃၉%) လူကြီး(မိန်းမ) (၂၀.၄၈%) ကိုယ်ဝန်ဆောင် (၄၂.၇၁%) ငါးနှစ်အောက် ကလေး(၂၀.၃၇%) ငါးနှစ် အထက်ကလေး (၆.၁၄%)တို့တွင် သွေးအားနည်း ရောဂါရှိ နေကြသည်။

      (၃) လည်ပင်ကြီးရောဂါ။ ။ မြန်မာနိုင်ငံ တောင်တန်းဒေသနှင့် မြစ်ဝကျွန်းပေါ်တွင် အိုင်အိုဒင်းချိုတဲ့ လည်ပင်းကြီးရောဂါ ဖြစ်နေသည်။ ၁၉၇၀ ပြည့်နှစ်မှစ၍ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် တောင်တန်းတို့ အိုင်အိုဒင်း ပါသော အိမ်သုံးဆားဖြင့် ဖြန့်ခဲ့ပြီး လည်ပင်ကြီးရောဂါ ကျဆင်းတာမျိုး ရှိခဲ့သည်။

     (၄) ဘယ်ရီဘယ်ရီ (Beri Beri)။ ။ ဗီတာမင်ဘီဝမ်း ချို့တဲ့ရာက ရသော အဆိုပါရောဂါမှာ မြန်မာနိုင်ငံ နေရာအနှံ့ တွေ့ရသည်။

     (၅) ဘီတူးချိုတဲ့ (Vit B2) ရောဂါဖြစ်သော ကျီးကန်းပါးစပ်နာ ကိုမူလတန်း လေ့လာထားချက် အရ(၃၀%) အထက်ရှိသည် ဆိုသည်။ ဗီတာမင်ဘီဝမ်း၊ ဘီတူးဓာတ်များ ဖြည့်စွက်ကျွေးမွေး ပါက ဘယ်ရီဘယ်ရီနှင့် ကျီးကန်းပါးစပ်တို့ ပျောက်ကင်း သွားနိုင်သည်။

       (၆) ဗီတာမင်ချိုတဲ့ခြင်း။ ။ မြန်မာတစ်ဦး တစ်နေ့လိုအပ်သော ဗီတာမင်အေ ဓာတ်၏(၆၁%) သာရရှိသည် ဆိုသည်။ ဗီတာမင်အေ ချိုတဲ့မှုကြောင့် အရေပြားတွင် ကြာစူးလက္ခဏာ ရှိသူ(၁၄%) မျက်စိသူငယ်အိမ် ထောင့်အဖုများ ရှိသူ(၀.၅%) အရေပြား ခြောက်သွေ့သူ (၃.၅%) ရှိသည်။ မျက်စိ ကြည်လင်ခြင်း၊ အရေပြား အဆုတ်အမြှေးပါး နှင့်ခန္ဓာကိုယ်တွင်းရှိ အမြှေးများ သန်စွမ်းခြင်းကို အားပေးသည်။ ကျောင်းကျန်းမာရေး ဝင်စစ်လျှင် ဗီတာမင် အားဖြည့်ဆေးနှင့် သန်ဆေး တိုက်လေ့ရှိသည်။

     (၇) ဗီတာမင်ဒီနှင့် ထုံးဓာတ်(Calcium) ချိုတဲ့ခြင်းကြောင့် ဖြစ်ပွါးရသော အရိုးပျော့ရောဂါ သည်လည်း အတော်သင့် များသည်။ နေပူဆာလှုံ့ခြင်း။ ဗီတာမင်ဒီ၊ ကယ်လဆီယမ် ကြွယ်ဝသော ပင်လယ်ငါး၊ ပင်လယ်စာ (sea food) ဘဲဥ၊ ကြက်ဥ၊ ပိန်းဥ၊ ဟင်းသီးဟင်းရွက်များ ကျွေးမွေးသင့်သည်။ ဆရာဝန်၏ ညွှန့်ကြားချက်အရ ဗီတာမင်ဒီနှင့် ကယ်လဆီယမ် ဓာတ်ပါ အားဆေးများ သောက်သုံးနိုင် ပါသည်။ အာဟာရချိုတဲ့မှုကို ကြိုတင် ကာကွယ်သင့် ပါသည်။။

 

ဓာတ်ပုံ = အင်တာနက်

No comments: