Showing posts with label ကိုယ်တိုင်တွေးဝတ္ထုတို. Show all posts
Showing posts with label ကိုယ်တိုင်တွေးဝတ္ထုတို. Show all posts

Tuesday, March 31, 2009

ရေစီး ကမ်းပြို စေတနာ

အိမ်ကနေ ထွက်နေကျ အချိန်ထက် ကနေ့တော့ စောပြီးရုံးကို ထွက်လာခဲ့သည်။ တာမွေကနေ ရွှေဂုံတိုင် ၁၀၀ ကျပ်၊ ရွှေဂုံတိုင်ကနေ ဆူးလေ ၁၀၀ ကျပ် ဆိုပြီး ကားဆရာတွေက လမ်းပိုင်းနှစ်ခု ခွဲလိုက်တဲ့အတွက် ၂၀၀ ကျပ် တောင်းတာကြောင့် အသွားအပြန် အတွက် ၄၀၀ ကျပ်ကုန်သည်။ ရေရှည် အကျိုးအတွက် စဉ်းစားပြီး လိုင်းကားမစီးဘဲ မြို့ထဲသွားနိုင်မယ့် နည်းလမ်းလေး ညကတည်းက တစ်ကိုယ်တည်း ကြိတ်တွေးထားသည်။ တာမွေလမ်းမပေါ်မှာ ဆူးလေ ရောက်မည့် ကားတွေ လိုင်းစုံ၊ နံပါတ်စုံ၊ အရွယ်အစား စုံလင်လှပေမယ့် ရတဲ့ဝင်ငွေနဲ့ ကုန်ကျမယ့် ထွက်ငွေညီမျှအောင် ကြိုးစားတွက်ဆ သုံးစွဲရမှုာမို့ လိုင်းကားကို တစ်ချက်စောင်းငဲ့ ကြည့်ပြီး တာမွေဘူတာကို ကိုချစ်ဖေတစ်ယောက် ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။ မြို့ပတ်ရထားလက်မှတ်ကို ၁၀ ကျပ် နဲ့ဝယ်ပြီး ရထားဆိုက်ချိန်ကို ကြည့်တော့ နောက် ၅ မိနစ်ဆို ဆိုက်မည်ဖြစ်သည်။ လက်ျာရစ် ပလက်ဖောင်းပေါ် ရပ်စောင့်ရင်း ဘေးပတ်ဝန်းကျင်ကို စနည်းနာကြည့်တော့ သူလိုကိုယ်လို ရုံးသမားတွေများသည်။ မြို့ထဲ ဆိုင်သွားဖွင့်မည့် ဈေးသည် သုံး-လေးယောက်ပါသည်။ ကျောင်းသားတွေလည်း ပါသည်။ ယူနီဖောင်းဝတ် တွေလည်း ပါသည်။ ရန်ကုန်မြို့ရောက်မှ ပထမဆုံး စီးဖြစ်တဲ့ မြို့ပတ်ရထားပေါ်ကနေ မလှမပရှုခင်းတွေ ခံစားရင်း ဘူတာကြီးမှာ ဂိတ်ဆုံးသည်။ ပန်းဆိုးတန်း ဂုံးတံတားကို ကျော်တော့ ရုံးကအနီးကလေး ဖြစ်သွားသည်။ ၄၀၀ ကျပ်ကုန်မည့် ခရီးကို ၂၀ ကျပ်နဲ့ ချွေတာနိုင်ခဲ့တာကြောင့် ကိုချစ်ဖေ တစ်ယောက် အကျေနပ်ကြီး ကျေနပ်ကာ ရင်ထဲ အေးမြမြလေး ခံစားမိတာ အမှန်ဖြစ်သည်။

နေ့ခင်း ၁၂ နာရီမှာ နယ်အရောင်း ကိုယ်စားလှယ်နေနဲ့ လုပ်မည့် အစည်းအဝေးအတွက် မနက်ကတည်းက ပြင်ဆင်ရသည်။ ရုံးရောက်တယ် ဆိုရင်ပဲ အစည်းအဝေးအတွက် လိုအပ်သည်များ ညွှန်ကြားရသည်။ မိမိကိုယ်တိုင်လည်း ပြောစရာရှိသည်များကို ပြင်ဆင်ရသည်။ စာရွက်စာတမ်းများ၊ ဖိုင်တွဲများ၊ စာအုပ်များကို အဆင်သင့်ဖြစ်အောင် စုစည်းရသည်။ သည်ကြားထဲ နေ့စဉ် လုပ်ဆောင်နေကျ ပုံမှန်အလုပ်ကိုလည်း လုပ်ဆောင် ပေးရသေးသည်။ အလုပ်များပြီ ဆိုရင် ဖြစ်နေကျ ဖုန်းက တဂွမ်ဂွမ်လာသည်။ စိတ်ပျက်စရာ ဖြစ်ပေမယ့် ဖြေကြား ပေးနေရတာက ၀တ္တရားတစ်ခု ဖြစ်သည်။ ဟန်းဖုန်းဆိုရင်တော့ ပိတ်ထားလို့ ဖြစ်သေးသည်။ ပိတ်မရတဲ့ ကြိုးဖုန်းဆိုတော့ ခေါ်သမျှဖုန်းကို ဒိုင်ခံဖြေရှင်း ပေးရသည်။ ၁၂ နာရီမတ်တင်းပြီဖြစ်လို့ ကိုချစ်ဖေတစ်ယောက် အစည်းအဝေးခန်း သွားဖို့ အခန်းထဲက ထွက်ဖို့ ပြင်ဆင်လိုက်သည်။ အဲဒီခဏမှာပဲ စားပွဲပေါ်က ဖုန်းမြည်လာလို့ စိတ်အလိုမကျပေမယ့် ကောက်ယူ ထူးလိုက်ပါသည်။

" ဟလို "
" မောင်လား "


ရင်းနှီးခြင်း မရှိတဲ့အသံ ဖြစ်တဲ့အပြင် ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက်ရဲ့ အသံချိုချိုလေးဖြစ်သည်။ အိမ်က ဇနီးသည် မအေးငြိမ်းကတော့ ကိုချစ်ဖေကို " ကိုချစ်ဖေ " လို့သာ တုံးတိတိ ခေါ်သည်။ တဖက်က ဖုန်းအသံရှင်သည် မအေးငြိမ်း တစ်ယောက် မဟုတ်သည်မှာ သေချာသည်။ ဖုန်းနံပါတ် မှားဝင်လာတာ ဖြစ်မည်။ အတွေးတွေ ဝေနေတာကြောင့် " ဟုတ် " လို့တစ်ခွန်း ၀င်ထောက်လိုက်သည်။ ဒါနဲ့ တစ်ဖက်ဖုန်းရှင်က ..

" မောင် .. ညနေပြန်ရင် မှာလိုက်တဲ့ ကလေးအားဆေးရယ် ပါရာစီတမော ဆေးအရည်ရယ် မမေ့နဲ့နော်"
" အေးပါ "

အလုပ်များတဲ့ပုံနဲ့ စကားစဖြတ်ပြီး ဖုန်းကိုချမယ် လုပ်တော့ တစ်ဖက် အသံရှင်က ဆက်ထွက်လာသည်

" ပြီးတော့ ငယ် သုံးနေကျ ဟိုဆေးလည်း ကုန်နေပြီ .. သိလား "
" ဘာဆေးလည်း မသိ .. .."
" အော် မောင်ကလည်း .. သောက်နေကျ ဆေးလုံးအနီလေးပါဆို .. "

မိန်းကလေးရဲ့ မချင့်မရဲ အသံစာစာလေးက ထွက်လာပြန်သည်

" အေး .. အေး .. ဟုတ်ပါပြီ၊ ဒါပဲနော် .. "


ကိုချစ်ဖေ တစ်ယောက် ပြောပြောဆိုဆို ဖုန်းကိုအတင်းချ။ တိုင်ကပ်နာရီကို တစ်ချက်လှမ်းကြည့်ရင်း အစည်းအဝေးခန်းမ ဆီကို ကသိုက်ကရိုက် အပြေးတပိုင်းနဲ့ ထွက်လာခဲ့သည်။ အစည်းအဝေးက ရုံးဆင်းချိန်လွန်မှ အစသတ်နိုင်ခဲ့သည်။ စိတ်မောလူမော ဖြစ်သွားတာကြောင့် ရုံးခန်းထဲ ထားစရာရှိတာ ထားပြီးတာနဲ့ အိမ်တန်းပြန်သည်။ ပန်းဆိုးတန်း ဂုံးတံတားပေါ်အတက် ရုပ်ရှင်ပိုစတာကို လှမ်းအကြည့်မှာ အစည်းအဝေးခန်း သွားခါနီး ဖုန်းမှားဝင်သည့်အကြောင်း ပြန်ပြောင်း အမှတ်ရ မိလိုက်သည်။

"ကလေးအားဆေး၊ ပါရာစီတမော့အရည် နဲ့ နောက် သောက်နေကျ ဆေးလုံးအနီလေး .. " တဲ့

ဇနီးသည်က လင်တော်မောင်ကို သတိမရမှာ စိုးရိမ်စိတ်နဲ့ ဖုန်းဆက်အသိပေး တာဖြစ်မယ်လို့ ကိုချစ်ဖေ တွေးမိသည်။ တစ်ဖက် ဖုန်းဆက်သူ ကလည်း ဖုန်းနံပါတ်ကို သေချာမမေး မစူးစမ်း။ ကိုချစ်ဖေကလည်း အလုပ်ရှုပ်နေလို့ ပြန်မရှင်းပြနိုင်။ နောက်ပြီး " ဆေးလုံးအနီလေး " တဲ့။ ဘာဆေးပါလိမ့်။ ကိုချစ်ဖေ တစ်ယောက် မဆီမဆိုင် ခေါင်းစားမိသည်။

ဘယ်လိုပင် ဖြစ်ပါစေ ညနေအိမ်အပြန်မှာ ဇနီးသည် အထပ်ထပ် အမှာချွေခဲ့တဲ့ ကြားက " ဆေး ၃ မျိုး " လုံး ၀ယ်မလာတဲ့ " မောင် " ဆိုတဲ့ လူကြီးမင်း တစ်ယောက် အတွက်တော့ ကျဉ်းထဲကြပ်ထဲ ခဏတာ ရောက်သွားမယ့် အဖြစ်အပျက်လေးကို တွေးမိပြီး ကိုချစ်ဖေ တစ်ယောက် ပြုံးလိုက်မိသည်။

(ပုံကို google image ကနေယူထားပါတယ်)

Thursday, March 26, 2009

အရင်းစစ်တော့


ကိုချစ်ဖေဇနီး မအေးငြိမ်းက အညာသူစစ်စစ်ပါ။ အေးဆေးတည်ငြိမ်ပြီး နားအေးပါးအေး နေတတ်တဲ့ အိမ်ထောင်ရှင်မ တစ်ယောက် ဖြစ်တယ်။ နယ်မှာနေစဉ်ခါက ဆိတ်ငြိမ်တဲ့ ၀န်းကျင်ကြောင့် စိတ်နေစိတ်ထားလည်း နူးနူးညံ့ညံ့ ရှိလှပါတယ်။ အလုပ်ကို အကြောင်းပြုပြီး ကိုချစ်ဖေတို့ ဇနီးမောင်နှံ တာမွေကို ပြောင်းလာကြရတယ်။ ကိုချစ်ဖေတို့ နေတဲ့တာမွေက တော်တော်လေးကို စည်ကားပြီး အချက်အခြာကျ လှပါတယ်။ မနက်ဖက်ဆို လမ်းဘေးဈေးသည်တွေ အစီအရီနဲ့ ပလက်ဖောင်း ဈေးခင်းလေး ရှိတတ်သလို ညဖက် လူခြေတိတ်ချိန်ထိ အသွားအလာ ပြတ်တယ်ရယ်လို့ မရှိတတ်ပါဘူး။ ဆိုက်ကားသံ၊ အမှိုက်သိမ်း တွန်းလှည်းသံ၊ ရေသန့် တွန်းလှည်းသံ၊ အလှူခံတွေရဲ့ အော်သံတွေအပြင် ဥဒဟို သွားလာနေတဲ့ လိုင်းကားအစုံစုံရဲ့ ဟွန်းသံ၊ ဘရိတ်နင်းသံ၊ လီဘာညစ်သံ တွေကို နိစ္စဓူဝ ကြားနေရတဲ့ ဆူညံသံတွေကြောင့် မအေးငြိမ်းခင်မျာ သည်းမခံနိုင်တော့ပါဘူး။ နူးညံ့တဲ့ စိတ်တွေ ပျောက်ပြီး ကြားသမျှ အသံတွေနောက်ကို တိုက်ခန်းထဲကနေ တဗျစ်တောက်တောက် ရေရွတ်နေတော့တာပါပဲ။ ပြောရခက်လို့သာ ကြည့်နေရတာ၊ နို့မဟုတ်ရင် အော်လွှတ်မယ့် သူပါ။

တစ်နေ့တစ်နေ့ နားမခံသာတဲ့ ဆူညံသံတွေကို အကြောင်းပြုပြီး ဇနီးသည်ကို နားချရတယ်။ သည်းခံပါ၊ ခွင့်လွှတ်ပါ၊ သူတို့မှာလည်း သူတို့မိသားစုရဲ့ တစ်ဝမ်းတခါး အတွက် လှုပ်ရှား သွားလာ လုပ်ကိုင်နေရတာ ဖြစ်လို့ ခန္ဓီတရားနှလုံးသွင်းပြီး နားလည်ပေးဖို့ တိုက်တွန်းရတယ်။ ဒီလိုနဲ့ စိတ်ရင်းမှန်တဲ့ မအေးငြိမ်း တစ်ယောက် တရားသဘော နှလုံးသွင်းပြီး တစ်ယောက်ထဲ အလိုမကျဘဲ ဗျစ်တောက်ဗျစ်တောက် ပြောတဲ့ ဥာဉ်ဆိုးလေး လျော့သွားတယ်။ တစ်နေ့ ရုံးအားရက် တစ်ရက်မှာ နေ့လည်စာစားပြီး ကိုချစ်ဖေ တစ်ယောက် မှေးကနဲ အိပ်ပျော်သွားတယ်။ သိပ်ကြာလိုက်မယ် မထင်ပါဘူး။ ကလေးနဲ့ လူငယ်လူရွယ် သုံးလေးယောက် လောက်က သံပြိုင်အော်လိုက်တဲ့ အသံကြောင့် ကိုချစ်ဖေ လန့်နိုးပြီး ကပြာကယာ ထထိုင်လိုက်မိတယ်-

  • " ကျေးဇူးရှင် ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့ခင်ဗျာ၊ အသုံးမလိုတော့တဲ့ နို့ဆီဗူးခွံများ၊ ရေသန့်ဗူးခွံများ၊ ဆေးပုလင်းခွံ၊ ကတ္တီပါ ဖိနပ်ပျက်များ၊ မီးချောင်း အကျွမ်းများ၊ မီးသီး အကျွမ်းများ ရှိရင် စွန့်ကြဲပေးပါ။ ကျေးဇူးရှင် ဦးဦး ဒေါ်ဒေါ် ကိုကို မမ များခင်ဗျား "

လို့ အိမ်နောက်ဖေး လမ်းကြားကနေ သံပြိုင်အော်သံကို ကြားလိုက်ရတာကြောင့် ကိုချစ်ဖေ စိတ်ထဲမှာတော့ ဒီကလေးတွေ ငါ့မိန်းမနဲ့တော့ တွေ့တော့မှာပဲ ဆိုပြီး စိုးရိမ်စိတ် ၀င်သွားမိတယ်။ ဒါနဲ့ မအေးငြိမ်းကို ကြည့်လိုက်တော့ ဘုရားခန်းထဲမှာ ဘုရားပန်းအိုးတွေ တိုက်ချွတ်နေတာ တွေ့ရလို့ အနည်းငယ် စိတ်အေး သွားရတယ်။ အရင်လို ဒီလိုအနီးကပ် ဆူညံပူညံသံ ကြားလို့ကတော့ ဗျစ်တောက်ဗျစ်တောက် တင်မကတော့ဘူး အသားကုန် ကလော်တုပ် အဟုတ်လုပ်ခဲ့တယ်။ ဒါနဲ့ ကိုချစ်ဖေ တစ်ယောက် ဇနီးဆီ သွားပြီး

  • " မိန်းမရေ၊ ခုတခါတော့ တယ်ငြိမ်ပါလားနော်။ အေးပေါ့လေ စိတ်တိုစရာတွေ ကြုံတိုင်းသာ အော်ဟစ် နေမယ် ဆိုရင်လည်း ပတ်ဝန်းကျင်က ကဲ့ရဲ့ပါမယ်။ တရားသဘောနဲ့သာ စိတ်ကိုဖြေပါ"

လို့ တိုက်တွန်း လိုက်ပါတယ်။ ဒီအခါမှာ ဇနီးသည်ဖြစ်သူ မအေးငြိမ်း ပြန်ပြော လိုက်တာကတော့ -

  • " သြော် ကိုချစ်ဖေ၊ ရှင်က ဘာသိလို့လဲ၊ အရင်တုန်းက အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့တဲ့ ဗူးခွံ၊ ပုလင်းခွံတွေ ရောင်းစားရမှန်း သိလို့ အခု လွှင့်မပြစ်တော့ဘဲ ရောင်းစား နေတာပါတော်၊ ဒီကောင်လေးတွေရဲ့ ကျေးဇူးကြောင့်ပဲ ရှင်ကြိုက်တတ်တဲ့ အရွက်ဟင်းတစ်ခွက် ပိုချက်နိုင်တာ။ အမှိုက်ထဲကနေ ငွေဖြစ်အောင် သူတို့လေးတွေ သင်ပေးထားတာလေ။ သူတို့က မိန်းမတို့ရဲ့ ကျေးဇူးရှင်လေးတွေ ဆိုလည်း မမှားဘူးပေါ့ " တဲ့ဗျာ။

ဘာကြောင့် ကမ္ဘာကြီး ဒီလောက် ငြိမ်းချမ်းနေမှန်း ခုမှအကြောင်းစုံ သိရတော့တယ်။ အော် .. ငြိမ်းချမ်းတဲ့ ကမ္ဘာမြေ၊ အေးချမ်းတဲ့ ကမ္ဘာမြေ .. ။

Tuesday, March 24, 2009

ကံလေးက ခပ်မှိန်မှိန်

သင်္ကြန်အခါရက်က နီးလာပြီ ဆိုတော့ ပရိုမိုးရှင်းလုပ်တဲ့ အနေနဲ့ စတိုးဆိုင်တွေရော မီနီမားကက် တွေကပါ ဒစ္စကောင့်နဲ့ (ဈေးလျော့ပြီး) ဈေးပွဲတော်တွေ လုပ်ကြတာ အစဉ်အလာ တစ်ရပ်လို ဖြစ်နေပါပြီ။ ဒီလိုအချိန်ကို ပစ္စည်းတွေ စောင့်ဝယ်နေကြတဲ့ သူတွေ ရှိတတ်ပါတယ်။ ကိုချစ်ဖေ မဟေသီလည်း အပါအ၀င်ပါ။

"မောင် .. .. မောင်ရေ .. လို့ .. ။ ဟိုစတိုးဆိုင်တွေမှာ ပစ္စည်းဝယ်ရင် ဒစ္စကောင့် ပေးတဲ့အပြင် အပိုဆုအနေနဲ့ လက်ငင်း ကံစမ်းမဲ ပေးသေးတယ်တဲ့။ အဲဒါ သွားကြည့်ရအောင် နော် . မောင် .. နော် .. လို့ "

အီသီသီနဲ့ ချစ်ဇနီးလေးရဲ့ အာလုပ်သံကြောင့် စာဖတ်နေတဲ့ ကိုချစ်ဖေ တစ်ယောက် စာဆက်မဖတ်ဖြစ် တော့ပါဘူး။ ရုံးအားရက်လည်း ဖြစ်တော့ ဇနီးလေး အလိုကျ လက်ကလေးကိုဆွဲပြီး ကံစမ်းမဲ ပေးတယ်ဆိုတဲ့ စတိုးဆိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြတယ်။ လက်ငင်း " ကံစမ်းမဲ " စနစ်နဲ့ ရောင်းတာဆိုတာ့ ၀ယ်ယူအားပေးတဲ့ သူတွေ ခြေချင်းလိမ်နေတာ တွေ့ရတယ်။ လက်ဆောင်ကောင်းကောင်းတွေ လွတ်သွားမှာစိုးတဲ့ ဇနီးချောက

"မောင် .. မောင့်အတွက် ရုံးတက်ဝတ်ဖို့ ပုဆိုးလေး တစ်ထည်လောက် ၀ယ်ရအောင်လေ"
ဇနီးဖြစ်သူက လောကွတ်ပြု လာတော့လဲ ကိုချစ်ဖေ ဟန်မဆောင်နိုင်
"အော် .. အေး ဟုတ်သားပဲ၊ ဘယ်အဆင်ထဲက ကိုယ်နဲ့လိုက်မလဲ ကြည့်ပေးအုန်းလေ"
"ဟိုး အောက်ဆုံး နီတာရဲ့နဲ့ အဆင်က မောင်နဲ့လိုက်တယ် သိလား၊ ကံစမ်းမဲနဲ့ ပြန်တွက်လိုက်ရင် ကိုက်ပါတယ်မောင်ရဲ့၊ ယူလိုက်ကြအောင်နော်"
"အေး .. အေး ချစ်လေး ကြိုက်ရင် ကိုယ်လည်း နှစ်သက်ပါတယ် "
စတိုင်းဆိုင်တွေမှာ ပစ္စည်းတန်ဖိုးအလိုက် ကံစမ်းမဲထည့်ထားတာမို့ ၀ယ်သူ မရှုံးနိုင်ဘူးဆိုတာ သိထားကြတယ်။ ဒါကြောင့် ပစ္စည်းတိုင်း အရောင်းစွံဖို့ရာ ကံစမ်းမဲ နဲ့ ဆွယ်ရောင်း နေကြတာကြောင့် လူတိုင်း စိတ်ဝင်စားကြတာ မဆန်းပါဘူး။

" သမီးရေ ဦးကို ၄၅၀၀ိ တန်ထဲက ဟို .. ပုဆိုးလေး ပြပါအုန်း၊ ရော့ ၄၅၀၀ိ "
သူများဦးသွားမှာစိုးလို့ ဇနီးချောက ပုဆိုးမရခင်ကတည်းက ပိုက်ပိုက်ကို ပစ်ပေးပြီးသား။ အော် ကံစမ်းမဲ မျက်နှာက ဒီလိုကြီးတာ။ အရောင်းကောင်တာက ကောင်မလေးက ငွေကို ရေတွက်ယူပြီး၊ ပုဆိုးကို အိပ်နဲ့ထုတ်ပေးတယ်၊ (ကံစမ်းမဲနှိုက်ရန်) ဆိုတဲ့ ငွေဖလားကြီးထဲကနေ မဲလိပ်တစ်လိပ် မွှေနှောက်ပြီး ဦးချစ်ဖေကို ကိုရီးယားမင်းသမီးလို ခေါင်းလေးငုံ့ပြီး တရိုတသေလှမ်းပေးသည်။ သူက ပြောသေးတယ် ဦး နံပတ်က (၃၂)ပေါက်တယ်၊ ဟောဟို ပစ္စည်းလေးပဲ ဆိုပြီး တစ်ပေပတ်လည်လောက်ရှိတဲ့ packing paper အပြာရောင်နဲ့ ထုတ်ထားတဲ့ ဗူးတစ်ဗူးကို ကမ်းပေးတယ်။ ကံစမ်းမဲ ဗူးကိုယူပြီး ဦးချစ်ဖေ တို့ လင်မယားနှစ်ယောက် ကျေးဇူးတင်စကား တောင်လောကွတ်မပြု နိုင်အောင် အလောတကောနဲ့ အိမ်ကို တန်းပြန်လာကြတယ်။

" မောင် .. မောင် .. မီးတို့ သိပ်ကို ကံကောင်းတာပဲနော်၊ အိမ်ရောက်မှ ဖွင့်ကြည့်ကြရအောင်"
" အေးကွာ ဒီမနက် ကိုယ်ဘုရားရှိခိုးတာ နည်းနည်း ကြာသွားလို့ထင်တယ်၊ ကံတွေ ဇွတ်တက်နေတယ်"
" ဟုတ်တာပေါ့ မောင်ရယ် .. ..ဟီဟိ " အိမ်ရောက်တော့
" မောင် .. ဟို ကံစမ်းမဲလေး ဖွင့်ကြည့်ရအောင်"
" အေးပါ သည်းလေးရာ။ လောလိုက်တာ။ အိမ်ရောက်ပြီပဲ ဖွင့်ကြတာပေါ့ "
" အို .. အဖိုးတန် လက်ဆောင်ဆိုတာ ရခဲတယ်နော်၊ ပေးပါ မီးပဲ ဖောက်လိုက်ပါမယ် "
" ကဲကဲ ဖောက်စေဗျား " Lady first ဆိုတဲ့အတိုင်း ဇနီးချောကို ဦးစားပေးလိုက်ရတယ်။

ဇနီးဖြစ်သူက စိတ်ဆန္ဒစောစွာနဲ့ ကံစမ်းမဲဗူးကို အလျင်အမြန်ပဲ ဖောက်လိုက်တယ်။ Packing paper ကိုခွာတော့ စတီးဒယ်အိုး ဗူးခွံကို တွေ့လိုက်တော့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကျေနပ်တဲ့ သင်္ကေတနဲ့ လက်ဖ၀ါးချင်း ရိုက်လိုက်ကြသေးတယ်။ စတီးဒယ်အိုး ဗူးခွံကို ဖွင့်လိုက်တော့ ဖော့တုံးတွေနဲ့မို့ လူကို စိတ်ကယောက်ကယက် ဖြစ်စေတယ်။ ဖော့ဘူးကိုခွာတော့ ကွမ်းလိပ်တွေနဲ့ အထပ်ထပ် ပတ်ထားတဲ့ ပလပ်စတစ် ဘူးနီနီလေး ထွက်ကျလာတယ်။ (ရွှေဝယ်ရင် ထည့်ပေးတတ်တဲ့ ပလိပ်စတစ်ဗူးလို မျိုးပါ) ကျွန်တော်ရော မိန်းမပါ တဒင်္ဂတော့ မှင်သေသေသွားတယ်။ နှစ်ယောက်သား ရင်ထဲမှာ ရွှေလက်စွပ်၊ ရွှေလော့ကက်သီး၊ ရွှေနားကပ် တစ်ခုခုတော့ တစ်ခုခုပဲပေါ့။ ရင်တွေ တုန်နေကြတယ်။ မ၀ံ့မရဲလည်း ဖြစ်မိကြတယ်။ ဒါနဲ့ ပလပ်စတစ်ဗူးကို ပတ်ထားတဲ့ တိပ်ကို ခွာလိုက်တယ်။ လက်ကတုန်နေတာကြောင့် ဗူးကလွတ်ကျသွားပြီး အဖုံးပွင့်သွားတယ်။ ဗူးထဲကနေ စာရွက်ခေါက်ကလေး ထွက်ကျလာတာကြောင့် နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ဖက်ထားမိ လိုက်တယ်။ မယုံကြည်စိတ် များစွာနဲ့ပါ။ ကိုချစ်ဖေကပဲ အရဲစွန့်ပြီး စာရွက်ခေါက်လေးကို ကောက်ယူပြီး ဖွင့်ကြည့်လိုက်တော့ .. ..

" အို အသင် သူတော်ကောင်း၊ သင်သည် စန်းပွင့်နေသော အခါသမယ ဖြစ်သည်။ နောက်တိုး အချစ်သစ် တစ်ခု ဆုံရကိန်းကြုံမည် "
နှစ်ဦးသား တိုင်ပင်ခြင်းမရှိပါဘဲ
" အောင်မေလေး " လို့သာ တစ်ခွန်းတည်းသာ ပြိုင်တူအော်ပြီး ဖက်ရက်သား လှဲကျသွားရသည်။ လူတွေရဲ့ လိုချင် တပ်မက်တဲ့ လောဘစိတ်ကို လောကသဘာဝရဲ့ ရွဲ့စောင်းစောင်း တုန့်ပြန်မှုကြောင့် တစ်ယောက်ကို တစ်ယောက် အားပေးစကားတောင် မပြောနိုင်တော့ ပါဘူး။ ဤမျှသာ။