Showing posts with label လက်ဆောင်. Show all posts
Showing posts with label လက်ဆောင်. Show all posts

Thursday, December 31, 2009

အနာဂတ်လှပနိုင်ကြပါစေ

အနာဂတ်လှပနိုင်ကြပါစေ

ပန်းတွေ ဖူးရာကနေ ပွင့်ကြတယ်၊ အစွမ်းကုန် လှသွေးကြွယ်ပြီး အချိန်တန်တော့ ညှိုးမယ်။ ကျွန်တော်တို့လည်း နှစ်ဟောင်းကို နှုတ်ဆက်လိုက်တာနဲ့ တစ်နှစ်တော့ ထပ်အိုသွားကြတယ်။ ဒါကြောင့် ဘယ်အရာကမှ ထာဝရ ဆိုတာ မရှိပါဘူး။ မတည်မြဲတဲ့ ကျွန်တော်တို့ လူ့လောကထဲမှာ ရောက်စဉ်ခဏ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ရင်ပဲ အလှတရား ဆိုတာကို တွေ့ရမှာ ဖြစ်တယ်။ အဲဒီ အလှတရား တွေကသာလျှင် ဘဝကို ရှည်ကြာစေပြီး နေပျော်တဲ့ ရှင်သန်မှုကို ဖြစ်စေမှာ အမှန်ပါ။ အဆိုးတွေရော အကောင်းတွေနဲ့ပါ ရောပြွန်းနေတဲ့ နှစ်ဟောင်းကို ပျော်ရွှင်စွာနဲ့ပဲ ဖြတ်ကျော်လာခဲ့တယ်။ ရှေ့မှာ စောင့်နေတဲ့ ကျွန်တော်တို့ ရင်ဆိုင်တွေ့ရမယ့် နှစ်သစ်ကို လှပပြီး အောင်မြင်တဲ့ နေ့သစ်တွေပဲ ဖြစ်စေချင်တာ ဆန္ဒမှန်ပါ။ ဒါကြောင့် နှစ်သစ်မှာ အောင်မြင်လိုသူတွေ အတွက် ရှောင်ကျဉ်ရမယ့် အချက်တွေကို မျှဝေ ပေးလိုက်ပါတယ်။

(၁) စွန့်စားရန် သတ္တိမရှိခြင်း ( Unwillingness to take risks )
(၂) ဇွဲမရှိခြင်း ( Lack of persistence )
(၃) ချက်ချင်းစိတ်ကျေနပ်မှုကိုသာကြည့်ခြင်း ( Instant gratification )
(၄) ဦးစားပေးရွေးချယ်မှုမရှိခြင်း ( Lack of priorities )
(၅) ဖြတ်လမ်းလိုက်တတ်ခြင်း ( Looking for shortcuts )
(၆) တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘကြီးခြင်း ( Selfshness and greed )
(၇) ခိုင်မာစွာ ယုံကြည်မှု မရှိခြင်း ( Lack of conviction )
(၈) သဘာဝ၏ ဥပဒေသများ (သဘာဝနိယာမများ)ကို နားမလည်ခြင်း ( Lack of understanding of nature's laws )
(၉) ကြိုတင်ပြင်ဆင်ရန် စိတ်မပါခြင်း ( Unwillingness to plan and prepare)
(၁၀) အကြောင်းပြခြင်း၊ ဆင်ခြေပေးခြင်း ( Rationalizing)
(၁၁) အတိတ်က အမှားများကို သင်ခန်းစာ မယူခြင်း ( Not learning from past mistakes )
(၁၂) အခွင့်အလမ်းကို မမြင်ခြင်း ( Inability to recognize opportunity )
(၁၃) ကြောက်စိတ် ( Fear )
(၁၄) ဗီဇစွမ်းရည်များကို အသုံးမချတတ်ခြင်း ( Inability to use talents )
(၁၅) စည်းကမ်းမရှိခြင်း ( Lack of discipline )
(၁၆) ကိုယ့်ကိုယ်ကိုယ် မြတ်နိုးလေးစား တန်ဖိုးထားမှု မရှိခြင်း ( Lack of self-esteem )
(၁၇) ဗဟုသုတမရှိခြင်း ( Lack of knowledge )
(၁၈) ဒုက္ခရောက်မယ့် ခံယူချက်သဘောထား ရှိခြင်း ( Fatalistic attitudes )
(၁၉) ရည်ရွယ်ချက် ကင်းမဲ့ခြင်း ( Lack of purpose )
(၂၀) သတ္တိမရှိခြင်း ( Lack of courage )

ရှင်သန်နေရသမျှ အချိန်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြဖို့ ဆန္ဒပြုပါတယ်။ မွန်မြတ်တဲ့ လူမှုရေး လုပ်ငန်းတွေကို စိတ်အား ထက်သန်စွာနဲ့ တတ်အားသရွေ့ ကူညီဆောင်ရွက် နိုင်သူများ ဖြစ်ကြစေဖို့ ဆန္ဒပြုပါတယ်။ နှစ်သစ်မှာ စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြစေဖို့ ဆန္ဒပြုပါတယ်။


ဘ၀အမောတွေ ကြားမှာ ဆင်ခြင်လို့ ပြုံးပျော်နိုင်ကြပါစေ ....

Thursday, December 17, 2009

ရှမ်းမုန့်တီ ခေါက်ဆေန့်

ရှမ်းမုန့်တီ ခေါက်ဆေန့်

ရန်ကုန်မှာ ရှိနေတုန်းက သူငယ်ချင်းအိမ်တွေ လိုက်လည်ဖို့ တော်တော်ရယ်ပါ အိမ်ပြင်တောင် သိပ်မထွက်ဖြစ်ခဲ့ဘူး။ သူငယ်ချင်းအိမ်တွေတင် မဟုတ်ပါဘူး မြို့ထဲတောင် တစ်လ နှစ်ကြိမ်လောက်ပဲ ဂျာနယ်ဝယ် ထွက်ရင်သာ အပြင်ထွက်ဖြစ်တယ်။ အသိအိမ်တွေ မလည်ဖြစ်ဆို ခင်မင်မှုနဲ့ ကိုယ်ကသွားဖြစ်ရင်တောင် နွေးထွေးမှု မရှိတာကို ခံစားမိလို့ပါ။ နောက်ပြီး ကျွေးမွေးရမှာ စိုးရွံ့နေပုံပေါ်ပြီး သိပ်လည်းပဲ ကြိုဆိုချင်ပုံမရပါဘူး။ ဒါတောင် ကိုယ်က ဘယ်သူ့အိမ်သွားသွား လူကြီးတွေနဲ့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သစ်သီးတစ်အိတ်တော့ ပါစမြဲပါ။ ခုရွာကို ပြန်ရောက်တော့ အိမ်မှာကပ်တဲ့ရက်ရယ်လို့ မရှိသလောက် အလည်လွန်နေတယ်။ လည်လွန်းဆို ဘယ်အိမ်ရောက်ရောက် ကိုယ့်အိမ်လို ကိုယ့်မိသားစုလို ပျူငှာပြီး မကုန်နိုင်တဲ့ ရှေးဟောင်းနှောင်းတွေ စမြုံပြန် နေမိလို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး စားစရိတ်ငြိမ်းတယ်လေ။ ရောက်တာနဲ့ စားမယ် ၀ါးမယ် ကျိတ်မယ် ဆိုတာချည်းပဲ။ မကုန်ရင် အိမ်ပြန်သယ်လို့လည်းဖြစ်တယ်။ ကဲ ဘယ်လောက်အခြေအနေ ကောင်းလဲ စဉ်းစားသာကြည့်ပါ။

တစ်နေ့က စိုင်းနောင့်တို့အိမ် ဖိတ်ထားလို့ ရေအေးကွင်းထဲ ရောက်ခဲ့တယ်။ စိုင်းနောင့်ကြောင့် ရောက်ဖြစ်တာ မဟုတ်ပါဘူး။ စိုင်းနောင့်အစ်မ နန်းလောဝ်ခမ်းက ခေါက်ဆေန့် လုပ်စားလို့ ခေါ်ကျွေးတာ ဖြစ်တယ်။ အဖေကပအိုဝ့် အမေကရှမ်း တွေမို့ ရှမ်းနာမည်တွေနဲ့ ဖြစ်ပေမယ့် မောင်နှမနှစ်ယောက်လုံးက ရှမ်းစကား ပြောတတ်ကြတာ မဟုတ်ပါ။ ကျွန်တော့်ထက် စီနီယာကျတဲ့ လောဝ်ခမ်းက ကွန်ပျူတာနဲ့ ကျောင်းပြီးပေမယ့် မြို့မဈေး တောင်ဘက်တိုက်တန်းမှာ ရွှေဆိုင်ထွက်တယ်။ သူတို့အိမ်က လက်ဖက်ပွဲရုံထောင်ထားတယ်။ လက်ဖက်ကုန်တွေ သယ်ပေးရင်းက အလွန်ရင်းနှီးတဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ ဖြစ်သွားတာကြာပေါ့။

ခေါက်ဆေန့် ဆိုတာ မုန့်တီဖတ်နဲ့ လုပ်စားတဲ့ ရှမ်းမုန့်တီလို့ပဲ ခေါ်ရမလားပဲ။ သူ့ဟင်းရည်ရဲ့ အနံ့က ပဲပုပ်နံ့ သင်းတယ်။ နံနက်စောစာ အနေနဲ့ စားရတဲ့ ရိုးရာအစားအစာ တစ်မျိုးပါ။ ပဲပုပ်ကြိုက်ရင်တော့ ရှမ်းမုန့်တီဖြစ်တဲ့ ခေါက်ဆေန့်လဲ နှစ်သက်မယ် ထင်ပါတယ်။ ကျွန်တော်တော့ ကြိုက်တယ် အမြဲလဲ စားဖြစ်တယ်။ ပဲပုပ်နံ့သင်းသင်း နဲ့အတူ သံပုရာသီးနံ့နဲ့ နံနံပင်အနံ့နဲ့ပါဆို မဖြစ်မနေ သွားရည်ကို ယိုသွားစေပါတယ်။ သူက ကြက်သားနဲ့ချက်ရင် မလိုက်ဖက်ဘဲ အဆီများတဲ့ ၀က်သားနဲ့ ချက်ပါမှ သူ့ဟင်းရည်က အရသာရှိပြီး ပိုအသက်ဝင်ပါတယ်။ ခေါက်ဆေန့် စားတဲ့အခါ လျှို့ဝှက်ချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ ပထမပွဲမှာပဲ စားလို့ကောင်းပြီး လိုက်ပွဲထပ်ယူရင် အရသာ ပေါ့သွားတာမျိုး ဖြစ်တယ်။ ဒါကြောင့် စားရင် ၀မ်းစတုတ်နဲ့ ကုန်နိုင်သလောက် အပြတ်ပြင်ရတယ်။ ဒါကြောင့် ကျွန်တော်တော့ ထမင်းလိုက်ပွဲထည့်တဲ့ ဇလုံကိုရွေးပြီး ခေါင်းမဖော်တမ်း စားလိုက်တာပဲ။ အစားနဲ့ ပတ်သက်လာရင် ရှက်တတ်သူ မဟုတ်တော့ မျက်နှာထူထူနဲ့ပဲ စားဖြစ်ခဲ့တယ်။

ခေါက်ဆေန့် ချက်စားချင်ရင်တော့ လုပ်နည်းကလွယ်ပါတယ်။ ပထမဆုံး အဆီပါတဲ့ ၀က်သားကို သေးသေးတုံးပြီး ခရမ်းချဉ်သီးများများနဲ့ အရသာရှိအောင် ဗမာချက်ချက် ရပါတယ်။ မိသားစု မများရင်တော့ ၀က်သား ၅၀ သားဆို အတော်ပါပဲ။ ၀က်သားဟင်း ဆီလည်ပြီး ကျက်လောက်ပြီဆိုရင် သင့်တော်တဲ့ ဒန်အိုးအကြီးထဲ ပြောင်းထည့်ရပါမယ်။ နောက် ရေကို သင့်တော်သလိုထည့်ပေးရပါမယ်။ ရေဆူလာရင် စလုံးစခု ထောင်းထားတဲ့ ပဲပုပ်ချပ်အကျက်မှုန့်ကို ထည့်ပေးရပါမယ်။ နောက်ပြီး လက်ပံပွင့်ခြောက်ကို ထပ်ထည့်ရပါမယ်။ သိပ်မကြာခင်မှာ အရသာထည့်ပြီးရင် အသင့်စားလို့ရတဲ့ ခေါက်ဆေန့် ဟင်းရည်ကို ရပြီဖြစ်ပါတယ်။ ဗမာမုန့်ဟင်းခါးလိုပဲ ခေါက်ဆေန့်မှာလဲ ဟင်းရည်ရဲ့ အရသာက အခရာကျပါတယ်။ မုန့်တီဖတ် အရွယ်ကတော့ နန်းကြီးသုပ်လုပ်စားတဲ့ အရွယ်ကြီးတဲ့ မုန့်ဖတ်ဆို ပိုအဆင်ပြေပါတယ်။ နောက် စားခါနီးရင် သံပုရာသီးစိတ်ရယ်၊ နံနံပင်ရယ်၊ ငရုတ်သီးမှုန့်ရယ်၊ ငံပြာရည်အချိုရယ် စားပွဲပေါ်တင်ထားလိုက်ရင် ပြီးပြည့်စုံပါပြီ။ ခေါက်ဆေန့်နဲ့ တွဲဖက်ပြီးစားလို့ ကောင်းတာကတော့ ၀က်ဆီဖတ်ကျော်နဲ့ ၀က်အူကျွတ်ကျွတ် ကြော်တို့ပဲ ဖြစ်ပါတယ်။ ဘာပဲ စားဖြစ်စားဖြစ် အွန်လိုင်းပေါ်က ဘလောဂ့်ဘော်ဒါတွေကို ဦးဆုံးအရင် သတိရပါတယ်။ ဒါကြောင့် ချက်စားကြည့်ဖြစ်အောင် အမှတ်တရ ရေးလိုက်ပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။



Friday, March 13, 2009

လက်ဆောင်လေးတစ်ခု

လက်ဆောင်ဆိုရင် မနှစ်သက်တဲ့သူ ဘယ်ရှိမလဲနော်။ တန်ဖိုးနည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ တခုတ်တရ လက်ဆောင် ပေးတယ်ဆိုတာ တစ်ယောက်အပေါ် တစ်ယောက် အလေးအနက် ထားတာမျိုး ဖြစ်တယ်။ အကြောင်းတစ်စုံတစ်ရာ တိုက်ဆိုင်မှ လက်ဆောင်ပေးတာမျိုး မဟုတ်ဘဲ တစ်ခါတလေ မထင်မှတ်တဲ့ လက်ဆောင်လေးတွေ တကူးတက ပေးဖြစ်တာလည်း တစ်ယောက်အပေါ် တစ်ယောက် အလေးအနက် ထားတယ်ဆိုတာကို နှုတ်က ဖွင့်မပြောဘဲ ထုတ်ဖော်ပြသရာ ရောက်တတ်ပါတယ်။

စာဖတ်ဝါသနာပါတဲ့ သူအတွက် စာအုပ်လေးတွေ လက်ဆောင်ပေးတာမျိုး၊ သီချင်းကြိုက်တတ်တဲ့ သူအတွက် သူနှစ်သက်တဲ့ အဆိုတော်ရဲ့ အခွေထွက်တိုင်း ဦးဦးဖျားဖျား လက်ဆောင်ပေးတာမျိုး အမှတ်မထင် ပေးဖြစ်ရင် တစ်ဖက်သားက ကိုယ့်ကိုပိုပြီး အမှတ်ရစေမယ့် အခွင့်အလမ်းလေးတွေ ဖြစ်စေတယ်လို့ ထင်မိပါတယ်။ ကျွန်တော်လည်း မမျှော်လင့်တဲ့ အမှတ်တရ လက်ဆောင် တစ်ခုရထားလိုက်တယ်။ ပန်းရောင်လွှမ်းတဲ့ အမှတ်တရ ပစ္စည်းလေးပါ။ သူငယ်ချင်းတွေကို ပြလို့ မဖြစ်သလို၊ ပြောပြလို့လည်း မဖြစ်ပါဘူး။ ဒီအတိုင်းပဲ သိထားပေးပါ။ (မေတ္တာများများ ပို့နိုင်ပါတယ်၊ နေမကောင်းသေးလို့)