အရွယ်သုံးပါး ရေဆန်သွား
အရွယ်သုံးပါးတွင် ငယ်စဉ်ဘ၀သည် မိဘအပေါ် လုံးဝမှီခိုရသည့် သဘာဝရှိသဖြင့် မိမိ၏ ဖန်တီးနိုင်သော အခွင့်အရေး မိမိထံမှာမရှိပါ။ အသိဥာဏ်ရင့်ကျက်မှု မရှိသေးခြင်း ၊ အတွေ့အကြုံ နုနယ်သေးခြင်း ၊ လောက၏ အသိများ နုံချာသေးခြင်း နှင့် ခွန်အား မပြည့်စုံသေးခြင်း တို့ ရှိနေသေးသည်။ ဆည်းပူးကာလ ၊ လေ့လာကာလ ၊ ရင့်ကျက်အောင် ကြိုးစားနေသည့် ကာလဖြစ်သဖြင့် ဘ၀ဟူသော စစ်ပွဲကို ရင်ဆိုင်နိုင်ရန် အသင့်မဖြစ်သေးသော ကာလ ဖြစ်သည်။ အချို့ စိတ်ဓာတ် ညံ့ဖျင်းကြသူ များမှာ ဒုတိယအရွယ်လွန်၍ မိမိမှာပင် သားသမီးများ ရရှိစေကာမူ ဆက်လက် အမှီလွန်နေကြ သည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရမည် ဖြစ်သည်။ အချို့က ရင့်ကျက်သော အတွေးအခေါ် ကို စောစီးစွာ ရရှိကြပြီး ပညာသင်ကာလ မှာပင် လောကကြီးနှင့် မိတ်ဆွေဖွဲ့ ရင်းနှီးပြီး ဖြစ်သည်။ အတွေးအခေါ် အယူအဆများ တောက်ပြောင် နိုးကြားလာပြီး ဘ၀စစ်ပွဲကို ပြင်ဆင်နိုင်ကြပြီ ဖြစ်သည်။
ဒုတိယအရွယ်သည် ဘ၀တိုက်ပွဲကို တစ်နည်းနည်းဖြင့် တိုက်ကို တိုက်ရမည့် ဘ၀ဖြစ်သည်။ ထိုက်သင့်သော အတွေ့အကြုံ ၊ အယူအဆ ၊ ပညာဥာဏ် ရရှိပြီးဖြစ်သဖြင့် အနာဂတ်ကို စတင်ပုံဖော်ရာ ဘ၀လည်း ဖြစ်သည်။ မိမိအနာဂတ် မိမိပိုင်ဆိုင်နိုင်ရန် ကြိုးစားရင်းဘ၀ကို တည်ဆောက်ကာ အတွေ့အကြုံများကို ဆက်လက် ဖြည့်ဆည်းရာ အချိန်ဖြစ်သည်။ စိတ်ဓာတ်ခွန်အား ၊ ခန္ဓာခွန်အား ကို သဘာဝက " အပြည့်အ၀ " ပေးသောကာလ ဖြစ်သဖြင့် ဘ၀တစ်ခု အပြောင်းအလဲ ဖြစ်ရန် ဆောင်ရွက်ရေး အကောင်းဆုံး ကာလလည်း ဖြစ်သည်။ စိတ်ဓာတ်ညံ့ဖျင်း အောက်တန်းကျ သူတို့က ထိုအရွယ်မှာပင် ဘ၀ကို အရှုံးပေးသည့် သဘောဖြင့် ရေစုန်မျှော ကြသည်။ ပိုမိုအောင်မြင်နိုင်သူ တို့က အဆုံးအရှုံး နည်းစွာဖြင့် ဘ၀ကို အောင်ပွဲခံကြသည်။ ဥာဏ်ကြီးသူ တို့က ဘ၀စီမံကိန်း ကောင်းများဖြင့် အဆုံးအရှုံး မရှိဘဲ ဘ၀ကို အောင်နိုင်ကြသည်။ အနာဂတ်အတွက် တစ်ဆင့်တိုး အိပ်မက်မက် နိုင်သည်။ ပထမဘ၀အရွယ်၏ အကြောင်းသည် ဒုတိယဘ၀၏ အကျိုးဖြစ်ပြီး ဒုတိယဘ၀၏ ကြိုးစား မြော်မြင်ခဲ့မှု၏ အကြောင်းများသည် တတိယဘ၀၏ အကျိုးများ ဖြစ်လာသည်။
တတိယအရွယ်၏ အစသည် ရုပ်ခန္ဓာစတင် ဆုတ်ယုတ်ရာ ဖြစ်သော်လည်း စိတ်ပိုင်းနှင့် ဦးနှောက်၏ ဖွံ့ဖြိုးမှုမှာ " အတက် " သဘောရှိနေပါ သေးသည်။ အုပ်ချုပ်မှု ၊ စီမံခန့်ခွဲမှု အပိုင်းသည် တတိယဘ၀၏ အစပိုင်းများက ပိုမို သင့်လျော်သည်။ တည်ငြိမ် ရင့်ကျက်မှုက အမှားနည်း စေသည့် ရလဒ်ကောင်းများကို ပေးသည်။ ကာယ၀န်ထမ်းခြင်း ထက် ဥာဏ၀န် ထမ်းခြင်းဘက် ကူးပြောင်းသင့်သော အခါဖြစ်သည်။ ဒုတိယအရွယ်၏ ရလဒ်ကောင်းပေါ် မူတည်ပြီး တတိယအရွယ် ၏ အနာဂတ် ပုံဖော်ရသည်။ ရလဒ် မကောင်းပါက ပင်န်းဆင်းရဲမှု ၏ သက်ရောက်မှုသည် တတိယအရွယ် သို့တိုင် ရိုက်ခတ်ပြီး ကာယ၀န် ထမ်းခြင်းမှ ကင်းလွတ်နိုင်မည် မဟုတ်သေးပါ။ မိမိကိုယ်တိုင် ဥာဏပိုင်းသို့ ကူးပြောင်း အသုံးမချနိုင် သေး၍ နောက်မျိုးဆက် များကိုလည်း ပညာနှင့်ဆိုင်သော အသိအလိမ္မာ တို့ကို ပီပြင်စွာ ပေးနိုင်မည် မဟုတ်ပါ။
တတိယအရွယ်၏ နှောင်းပိုင်း ကာလသည် ရုပ်နာမ်နှစ်ပါး ဆုတ်ယုတ်ချိန် ဖြစ်သဖြင့် ပထမအရွယ်၏ အစကာလမှာကဲ့သို့ ပြန်လည်မှီခို ရသည့်ဘ၀သို့ ဒုတိယအကြိမ် ပြန်လည် ရောက်ရှိရခြင်း ဖြစ်သည်။ ကွာခြားသည်မှာ ပထမမှီခိုကာလ သည် မိဘအပေါ်ဖြစ်ပြီး ဒုတိယမှီခို ကာလ၏ အခွင့်အရေးသည် မိမိထံမှာ လက်ကျန် သိပ်မရှိနိုင် တော့ချေ။ ဖန်တီးနိုင်မှု စွမ်းအား မရှိလျှင် ထိုအချိန်သည် ဘ၀၏နိဂုံးကို ကောင်းစေမည် မဟုတ်ပါ။ အရေးဆုံးသော အချိန်၏ နောက်ဆုံး စက္ကန့်များထိ အနာဂတ်ကို ရှိသင့် ၊ စီမံခန့်ခွဲထား သင့်သည်။
ပထမအရွယ်တွင် မကြိုးစား ၊ မသိမြင်ဘဲ လောကကြီး နှင့် ရေလိုက်ငါးလိုက် နေ၍ ရေစုန်တွင် သာယာနေကြ သူများ အနာဂတ်ကို ပိုင်ဆိုင်ကြမည် မဟုတ်ပါ။ ပထမအရွယ်တွင် အသိဥာဏ် ရှိပါက " ရေဆန် " မဟုတ်သည့်တိုင် " ရေ၏သဘော" နှင့် " လှော်တက် " ၏သဘောကို လေ့လာသင့်သည်။ ဒုတိယအရွယ်သည် ဘ၀၏ တိုက်ပွဲအလယ်တွင် ရှိနေပြီဖြစ်သဖြင့် " ရေဆန် " ကို ကြိုးစားရမည့်အရွယ် ဖြစ်သည်။ မိဘချမ်းသာ၍ ရေစုန်မှာ မျှောနေနိုင် သည့်တိုင်အောင် မိမိ၏အနာဂတ် မိမိပိုင်စိုးရေး အတွက် " ရေဆန် " ကို လှော်ကို လှော်ရမည့်အချိန် ဖြစ်သည်။
ရုပ်ဝတ္ထုဆိုင်ရာ ပြည့်စုံခြင်း ၊ ဆင်းရဲခြင်း တို့ကို အထက်တန်းစား ၊ အောက်တန်းစား ဟု ခွဲခြားသောခေတ် မဟုတ်တော့ပါ။ အပြိုင်အဆိုင် များသောခေတ် ၊ ရုပ်ဝတ္ထုများ အံ့မခန်း တိုးတက်သောခေတ် ၊ ပညာကို အခြေခံပြီး အရာရာကို ဆောင်ရွက်ရသော ခေတ်တွင် မျိုးဆက်သစ်တို့သည် ပညာကို အရင်းပြု၍ အမြော်အမြင် ရှိစွာ ကြိုးစားသင့်သည်။ သင့်သော အရွယ်တွင်မှာသာ မှီခိုသင့်ပြီး ထိုအမှီအခိုကို စောစီးစွာ ဖယ်ရှားနိုင်မှ အနာဂတ်မှာ ချမ်းသာခြင်း ရရှိမည်ဖြစ်သည်။ အနာဂတ် မရှိသော ဘ၀သည် ပြည့်စုံသော ဘ၀တစ်ခု မဟုတ်ပါ။ ချမ်းသာသော ဘ၀တစ်ခုလည်း မမည်ပါ။ အသက်ဖြင့် ခန္ဓာကိုယ်တစ်ခု ဖြစ်လာသည် မှန်သော်လည်း ဘ၀ကိုအသိဖြင့် တည်ဆောက်ကြောင်း သတိထားသင့်သည်။ ထိုအသိနှင့်ပညာ သည်ပင် အနာဂတ်ကို ပုံဖော်ရာ ပန်းချီဆရာ၏ စုတ်ချက်များ ဖြစ်သည်ကို နှလုံးစွဲ မှတ်သားသင့်ပေသည်။ ။ (မကျေးဥ)
No comments:
Post a Comment