Sunday, June 24, 2018

သောကကင်းကွာ ငြိမ်းချမ်းပါစေ


သောကကင်းကွာ ငြိမ်းချမ်းပါစေ

လူ့ဘ၀သည် ရခဲလှ၏။ လူ့ပြည်က အပ်တစ်စင်း နှင့်နတ်ပြည်က အပ်တစ်စင်း အချင်းချင်း ထိတွေ့ရန် လွယ်ကူကောင်း လွယ်ကူပေမည်။ လူဖြစ်ရန်ခက်ခဲ လှသည်ဟု အဆိုရှိသည်။ " မနုဿတ္တဘာဝေါ ဒုလ္ဘဘော " ဟူ၍လည်း မှတ်သားရသည်။ သို့ဖြစ်ပေရာ ရခေါင့်ရခဲ လူ့ဘ၀ထဲဝယ် ရောက်ရှိလာရ ထိုခဏတွင် လူဖြစ်ကျိုး နပ်စေရန်၊ လူကောင်းလူတော် ဖြစ်စေရန် အလွန် အရေးကြီးသည်။

လောကသုံးပါးတွင် လူသည်သာလျှင် အသိဉဏ် အရှိဆုံး၊ စွမ်းဆောင်ရည် အရှိဆုံး၊ အမြင့်မြတ်ဆုံး နှင့် အထက်မြတ်ဆုံး သော သတ္တ၀ါဟု ဆိုရပါမည်။ သုံးလောက ထွတ်ထား ဗုဒ္ဓမြတ်စွာဘုရား သည် သာမန် လူသားတစ်ဦးပင် ဖြစ်လင့်ကစား၊ သဗ္ဗညုတ ရွှေဉဏ်တော် ရရှိသော၊ သတ္တ၀ါအားလုံး အပေါ်တွင် မေတ္တာ ထားရှိသော၊ ရန်အပေါင်းကို အောင်မြင်သော၊ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားသိမြင်၍ လောကအကျိုး၊ ဓမ္မအကျိုးကို သယ်ပိုးရွက်ဆောင် နိဗ္ဗာန်သောင်သို့ ရောက်အောင်ညွှန်ပြ သွန်သင်ပေး တတ်သော၊ စိန်ရောင်ခြည် နေတစ်နုန်းကဲ့သို့ ရွှေဘုန်းတော်သခင် ထိပ်ခေါင်တင် အရှင်သူမြတ် ကြီးလည်း ဖြစ်တော်မူသည်။


မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် အညီ နေထိုင်သူများ ရှိသကဲ့သို့ အေးချမ်းသာယာ သောကကင်းစွာ မနေထိုင် နိုင်ဘဲ လောဘ၊ ဒေါသ၊ မောဟတောတွင် နစ်မျောနေ သူများမှာ မနည်းမနောပင် ဖြစ်သည်။ စာရေးသူ၏ အမြင် တင်ပြရပါလျှင် ယနေ့ကမ္ဘာတွင် နေထိုင်ကြသော ပုပုရွရွ၊ ၀၀လှလှ၊ တိုတိုရှည်ရှည်၊ ပိန်ပိန် သွယ်သွယ်၊ ငယ်ငယ်ကြီးကြီး မှန်သမျှတို့သည် အများအားဖြင့် မငြိမ်းအေးကြပါ။ ပူပင်သောက ဗျာပါဒများ အနည်းနှင့်အများ ခါးစည်းခံ နေကြရသည်ကို တွေ့ရ၊ မြင်ရ၊ ကြုံဆုံနေကြ ရသည်မှာ ယနေ့ထိတိုင် အတောမသတ် နိုင်တော့ပါ။ လူတိုင်း လူတိုင်းကို ငြိမ်းအေးသော ဘ၀ ပြီးပြည့်စုံသော အခြေအနေ ရရှိစေချင်သည်။ ငြိမ်းအေးသော ဘ၀ပိုင်ရှင်များ ဖြစ်ကြပါစေ ဟု ဆုမွန်ခြွေမိသည်။

ဤသို့ ဆုတောင်းနေစဉ် အရှင်ဆန္ဒာဓိက ရွှေပါရမီတောရ ရေးသားတော်မူသော " ငြိမ်းအေးသော ဘ၀ပိုင်ရှင် " ဆိုသည့် ဓမ္မစာပေမှ စာပိုဒ်အချို့ကို သတိရမိသည်။ ဆရာတော်က " ငြိမ်းအေးသော ဘ၀ပိုင်ရှင် ဖြစ်ချင်တိုင်း လူသားတွေရဲ့ဘ၀ ငြိမ်းအေးကြ ပါသလား ဆိုတော့ မငြိမ်းအေးကြ ပါဘူး။ လူသားအများစုရဲ့ ဘ၀ဟာ အနည်းနဲ့အများ ဆိုသလို အမြဲတမ်းပူလောင် နေကြပါတယ်။ တချို့လူသား တွေရဲ့ဘ၀ဆိုရင် ငြိမ်းအေးသော ဘ၀ပိုင်ရှင် ဖြစ်ချင်တဲ့ဆန်္ဒမှ ရှိပါ့မလား ထင်မှတ်ရ လောက်အောင် ကိုယ်ကိုယ်တိုင် စိတ်လိုလက်ရ ဖန်တီးထားတဲ့ ပူလောင်မှုတွေနဲ့ အချိန်ပြည့် မီးဟုန်းဟုန်းတောက် နေပါတယ် " ဟု ရေးသားထား သည်ကို ဖတ်ရှုလိုက်ရသည်။

အမှန်တွင် ငြိမ်းအေးမှု၊ အေးချမ်းသာယာမှု ဒုက္ခအဖုံဖုံ မတွေ့မကြုံ မဆုံရစေမှု သောကကင်းဝေး နေထိုင်နိုင်ရေး၊ ပြဿနာမျိုးစုံ မရှိစေရေး၊ ငြိမ်းချမ်းမှု၊ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေး စသည်တို့၏ အဓိက ဖန်တီးရှင်မှာ မည်သူနည်း။ စဉ်းစားကြည့်က အထင်းသား သိနိုင်သည်မှာ ယနေ့ လူသားများပင် ဖြစ်သည်။

ဖန်တီးသူများဟု ဆိုရာတွင် ဤလူသားများကို ဤသို့ဤပုံ အဖုံဖုံဆန်းပြား ထူးခြားထွေလာ ပြဿနာများကို ဖြစ်ပေါ်လာစေရန်၊ များပြားလာစေရန် ဦးဆောင်ဦးရွက် ပြုနေသည်မှာ ဤလူသားများ၏ စိတ်ဓာတ်ပင် ဖြစ်သည်။ တိတိကျကျ ပြောပြရလျှင် လူသားအားလုံးတွင် ကိန်းအောင်းနေသော " ကာယကံ၊ ၀စီကံ၊ မနောကံ " ဆိုသော ကံသုံးပါး၏ စေစားရာ၊ စေပါးရာ၊ စေလိုရာအတိုင်း အစေခိုင်းခံ နေရသည်မှာ ဧကန်အမှန်ပင် ဖြစ်ပေတော့သည်။ ထိုကံသုံးပါး အနက် မနောကံ၏ စေခိုင်းမှုသည်ည အဆုံးရွားဆုံး၊ အပူလောင်ဆုံး ဖြစ်သည်။

" ကိုယ့်ဘ၀ရဲ့ ပူလောင်မှု၊ ငြိမ်းအေးမှုကို စိတ်ကပဲ ဖန်တီးပါတယ်။ စိတ်ပူလောင်ရင် ဘ၀ပူလောင်ပြီး စိတ်ငြိမ်းအေးရင် ဘ၀ငြိမ်းအေး ပါတယ်။ ဘ၀ဆိုတာ စိတ်ရဲ့ပုံရိပ်ပါ။ ဘ၀ဆိုတာ စိတ်ရဲ့ ကိုယ်တိုင်ရေး ပုံတူ ပန်းချီကား တစ်ချပ်ပါ " ဟု ဆရာတော်က စာအုပ်၏ တစ်နေရာတွင် ဖော်ပြထား ပြန်ပါသည်။

ဤစကားသည် အမှန်ဖြစ်သည်။ လူသားအားလုံးကို စိတ်က ဦးဆောင်နေပါသည်။ " စိတ္တေနနိယျ တေလောကော " ဟုပင် ဗုဒ္ဓမြတ်စွာ ဟောပြခဲ့သည်။ စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒ ပြည့်ဝကြပါစေ ဟုလည်း လူကြီးသူမများက ဆုပေးကြသည်ကို သတိပြုမိသည်။ ဤတွင် လိုရာဆန္ဒဟုဆိုရာတွင် မွန်မြတ်သောဆန္ဒ၊ အေးချမ်းသောဆန္ဒ၊ အပူအပင်ကင်းသော ဆန္ဒ၊ လောဘ၊ ဒေါသ၊ မောဟနှင့် မာန်မာန ကင်းသော ဆန္ဒ၊ ကောင်းကျိုးလိုရာ ဆန္ဒများဖြစ်ရန် လိုအပ်သည်။

ယနေ့တွေ့ရမြင်ရ သိနေရသည်မှာ လူသားအများစု၏ ဆန်္ဒများသည် ဤသို့ ဖြစ်မလာသည်က များသည်။ လောဘကို ရှေ့တန်းတင်သော မတော်လောဘ၊ မရသင့်၊ မယူသင့် သည်ကို ရယူပိုင်ဆိုင် ချင်သောဆန္ဒ၊ မပိုင်သင့်၊ မဆိုင်သင့်သည်ကို တပ်မက်သော လောဘ၊ ရယူပိုင်ဆိုင်ပြီး ဖြစ်သော်လည်း ထပ်မံလိုချင်သည့် လောဘ၊ ရသမျှနှင့် တင်းတိမ် ရောင့်ရဲခြင်း မရှိသော မတော်လောဘ၊ ကိုယ့်ထက်သာ၍ မနာလိုသော ဒေါသ၊ စိတ်ဆန္ဒမပြည့်ဝ အလိုမကျသော ဒေါသ၊ အေးချမ်းမှုကို ဖျက်ဆီးလိုသော ဒေါသ၊ အခြား တစ်ပါးသူနှင့် ကြည်ဖြူလက်တွဲ ပျော်ပွဲဆင်နွှဲ နေသည်ကို မနာလိုဝန်တိုသည့် မောဟ၊ အခြား တစ်ပါးသူကို စိတ်အနှောင့်အယှက် ဖြစ်စေလိုသည့် မောဟ၊ သူ့ဥစ္စာကို ကိုယ့်ဥစ္စာ ဖြစ်စေလိုသည့် မောဟ၊ ကိုယ့်ဥစ္စာကို မတရား လုယူမည်ကို စိုးရိမ်နေသည့် မောဟ၊ အရာရာကို မကျေနပ်အများနှင့် သင့်တင့်မျှတစွာ မနေလို အမြဲ ရန်လိုနေသော ဒေါသ စသည်တို့မှာ လူသားအများစု အပေါ်တွင် လွှမ်းခြုံအုပ်မိုး ကြီးစိုးနေသည်ကို တွေ့ရသည်။

ဤကဲ့သို့သော မကောင်းသည့် အတွေးအခေါ်နှင့် လိုအင်ဆန္ဒတို့ နည်းပါးပြီး အလောဘ၊ အဒေါသ၊ အမောဟ ဖြစ်စေရန် မည်ကဲ့သို့ လုပ်ဆောင် ကြရမည်နည်း။ မိမိတို့၏ သန္တာန်တွင် ပူလောင် နေသောစိတ်၊ လောဘပြည့်လျှံ နေသောစိတ်၊ ဒေါသလွှမ်းမိုး နေသောစိတ်၊ သောကဗျာပါဒ များနေသောစိတ်၊ မောဟဖိစီး သောစိတ်၊ မနာလိုမုန်းတီး သောစိတ်၊ ရန်လိုစိတ်၊ မကောင်းကြံ လိုစိတ်များ နည်းပါးစေရန်၊ နောက်ထပ် ဖြစ်မလာရန်၊ တည်ငြိမ် အေးချမ်းစေရန် လုပ်ဆောင်ကြ ရပါမည်။

မိမိတို့၏ စိတ်သန္တာန်မှာ ငြိမ်းအေးသွားလျှင်၊ တည်ငြိမ်သွားလျှင် မိမိတို့၏ အသွင်သဏ္ဍာန်၊ အတွေးအကြံ၊ အထင်အမြင်၊ အယူအဆ ခံစားမှုများ တဖြည်းဖြည်း မှန်ကန်လာမည်။ အကောင်းဘက်သို့ ဦးတည်လာမည် ဖြစ်သည်။

စိတ်ထားမှန်ကန်မှ အတွေးအမြင် မှန်မည်။ အမြင်မှန်မှ အမှန်တရားကို သိမည်။ အမှန်တရားသိမှ အများအကျိုး၊ လူထုအကျိုးကို သိမြင်လာမည်။ အများအကျိုး သယ်ပိုးနိုင်မှ လူ့ဘောင်ဘ၀ အေးချမ်းပါမည်။ ငြိမ်းချမ်းသော လူ့ဘောင်ဘ၀ အတွင်း နေထိုင်ခြင်းသည်သာ ထာဝရ အေးချမ်းမည်။ အတွင်းစိတ် သန္တာန်အေးငြိမ်း လာသည်နှင့်အမျှ ပင်ကိုစိတ်ထား ပြောင်းလဲလာမည်။ စိတ်ကြည်လင် လာမည်။ အပြောအဆို ညင်သာလာမည်။ အပြုအမူများ ယဉ်ကျေးလာပါမည်။ အနေအထိုင် သိမ်မွေ့လာပါမည်။ အဆိုးအကောင်း၊ အကျိုးအကြောင်းကို ဆက်စပ်သိမြင် ဆင်ခြင်နိုင်စွမ်း တိုးတက်လာပါမည်။ အတွေးအခေါ်များ မှန်ကန်ရင့်ကျက် လာပါမည်။ လုပ်သင့်၊ မလုပ်သင့် ချင့်ချိန်လာပါမည်။ " ကာယကံ၊ ၀စီကံ၊ မနောကံ " ဟူသော ကံသုံးပါးလုံး ငြိမ်းအေးနေ ပါမည်။ သာယာနေပါမည်။ ထို့ထက် တစ်ဆင့်တက်၍ သူတော်ကောင်းစိတ် ကိန်းအောင်း လာမည်။ ထိုအချိန်တွင် အေးငြိမ်းသောဘ၀၊ ကြည်လင်သော စိတ်ထား၊ မြင့်မြတ်သော အကျင့်၊ ဖြူစင်သော စိတ်များ ကိန်းအောင်း လာပါမည်။

ဤကဲ့သို့သော ငြိမ်းအေးခြင်း၊ အေးမြခြင်း၊ ချမ်းသာခြင်းများနှင့် ကင်းဝေးသူများ၊ လောဘ၊ ဒေါသ၊ မာနနှင့် မောဟ ထူပြောသူများမှာ ထာဝရ ဆင်းရဲ နေကြမည်ပင်။ ဤသို့ ဆင်းရဲမှုများ ရှိနေခြင်းသည် မိမိကိုယ်မိမိ နှိပ်စက်နေခြင်းပင် ဖြစ်သည်။ ဆင်းရဲမှုများသည် " အဆာမပြေသမျှ- တာရှည်နေတော့ မည်ပင် " ။ အဆာမပြေခြင်း ဆိုသည်မှာ ဆာလောင်ခြင်း၊ မွတ်သိပ်ခြင်းတို့ကို ဆိုလိုပြီး ပါဠိစကားလုံးမှာ " တဏှာ " ဟု ဆိုသည်။

ယနေ့ကမ္ဘာတွင် သတ္တ၀ါ အားလုံးသည် ဆာလောင် နေကြသည်။ သူတို့၏ ဆာလောင်မှု များသည် အဓိကအားဖြင့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့နှင့် အတွေး အကြံ ဟူသော အာရုံခြောက်ပါးကို ရယူခံစားလိုမှု ဆာလောင်နေမှု များပင်ဖြစ်သည်။ ထိုသို့ အာရုံခြောက်ပါး အပေါ်တွင် ဆာလောင် မွတ်သိပ်ခြင်း၊ စွဲလမ်းတပ်မက်ခြင်း ဆိုသော " တဏှာ " သည် လူသားများအပေါ်တွင် ကပ်ငြိနေသည့် အတွက် ပူဆွေးသောက ရောက်ကြရ၊ ဆင်းရဲဒုက္ခ ရောက်ကြရ ပြန်သည်။ " တဏှာ " ကင်းစင် သူတော်စင်များ ဖြစ်ရန် အတွက် " သီလ၊ သမာဓိ၊ ပညာ " ဆိုသော အကျင့်သိက္ခာ သုံးပါး လက်ကိုင်ထား၍ ပွားများအားထုတ် လောကီအလုပ်၊ လောကုတ္တရာ အလုပ်ကို လုပ်ကြမည်၊ ကျင့်ကြံအားထုတ် ကြမည်ဆိုပါက ကြုံခဲလှစွာ လူ့ဘ၀မှာ၊ ဖြစ်ခဲလှစွာ လူ့ဘ၀မှာ၊ ရခဲလှစွာ လူ့ဘ၀မှာ လူဖြစ်ရကျိုးနပ် ကြပေမည်။ ထာဝရ ငြိမ်းအေးသော ဘ၀ပိုင်ရှင် သူတော်စင်များ၊ မေတ္တာပြည့်ဝ နှလုံးလှသူ များဖြစ်ကြစေရန် စိတ်ရည်သန်၍ ရေးသားလိုက်ရ ပါသည်။

ကိုကိုပံသု (ပခုက္ကူတက္ကသိုလ်)

No comments: