နိဝါတောစ
မင်္ဂလာတရားတော် များတွင် တစ်ခုအပါအ၀င် ဖြစ်သည့် " နိဝါတောစ " မိမိကိုယ်ကို နှိမ့်ချခြင်းသည် မြတ်သော စိတ်ထားတစ်ခုပင် ဖြစ်သည်။ ကျွန်ုပ်တို့ နေထိုင်ရာ လူ့ပြည်လူ့ရွာ ကြီးတွင် အဆိုး၊ အကောင်း ဆိုသည်မှာ ဒွန်တွဲရှိနေပါ၏။ ဤသို့ဒွန်တွဲ တည်ရှိခြင်းသည် သဘာဝ တရားကြီးက ဖန်တီးပေးထားခြင်း မဟုတ်ချေ။ သဘာဝတရား ဆိုသော လောကကြီးကို လူသားများက အမျိုးမျိုး အလှဆင် နေကြခြင်း ဖြစ်ပေသည်။ အဘယ်သို့ အလှဆင်ကြ သနည်း။ ရုပ်ဝတ္ထု ပစ္စည်းများဖြင့် အလှဆင်ကြသည်။ တော၊ တောင်၊ ရေ၊ မြေ သဘာဝဖြင့် အလှဆင်ကြသည်။ လှပသည်မှာ မှန်သော်လည်း ပျက်ယွင်းရမည့် အချိန်၌ ပျက်ယွင်းကြ ရသည်။ အဘယ်ကြောင့် ပျက်ယွင်းသနည်း။ လူသားတို့၏ အလှဆင်သော စိတ်ဓာတ်တရား များ ယိုယွင်းပျက်စီး လာသောကြောင့် လောကကြီးလည်း တဖြည်းဖြည်း နှင့် အရုပ်ဆိုး အကျည်းတန် လာခဲ့ခြင်းပင်။
ကျွန်ုပ်တို့လူသား အများစုသည် မိမိကိုယ်ကိုနှိမ့်ချ ဆက်ဆံရမည်ကို ရှက်သလို၊ ရွံ့သလို ခံစားမှုဖြစ်သူ များပြားသည်။ မိမိကိုယ်တိုင် ဘာမှမသိ၊ ဘာမှမတတ်၊ ဘာမှမရှိသကဲ့သို့ နေရသည်ကို မနှစ်သက်ကြချေ။ သူဘာလဲ၊ ငါဘာလဲဟူသော မာန သဘောတရားများကို သာ လက်ကိုင်ထား နေကြသည်။ မသိသည့် ကိစ္စကိုမသိပါဟု ပြောရမည်ကို ၀န်လေးကြသည်။ ရှက်ရွံ့ကြသည်။ မိမိသိသလိုလိုနှင့် ကိုးကားပြောဆို တတ်ကြသည်။ ထိုအခါ မလိုလားအပ်သော ပြဿနာများ မိမိပတ်ဝန်းကျင် ၌ ဂယက်ထစေ၏။ သိသလိုလိုနှင့် ပြောလိုက်သော အရာသည် အမှားအယွင်း ဖြစ်ပါက မိမိသာမက မိမိ အသိုင်းအ၀ိုင်းထိ ဂယက်ထသွား စေမည်ကို မဆင်ခြင် ကြချေ။
မသိသည့် အကြောင်းအရာကို မသိပါဟု ၀န်ခံ လိုက်ခြင်းသည် ရှက်စရာမလို၊ ကြောက်စရာ မလိုပါ။ အမှန်တရားဖြစ်ရန်သာ လိုအပ်သည်။ ထိုကဲ့သို့ပင် မိမိ မတတ်သည့် အတတ်ပညာကို မတတ်ပါဟု ၀န်ခံရမည်ကိုလည်း လူအများစုဝန်လေး တတ်ကြသည်။ မိမိ မတတ်သည်ကို တတ်သလိုလိုနှင့် ပြောဆိုကြသည်။ ပြုလုပ်ကြသည်။ တကယ် အမှားအယွင်း ဖြစ်သည့်အခါ နောင်တသည် နောက်ကျခဲ့ပြီ ဖြစ်၏။ ယခုခေတ်ဆိုလျှင် လူငယ်အများစု အကြားတွင် တတ်သလိုလိုနှင့် တတ်ယောင်ကား ဖြစ်နေသူ များပြားသည်။ အဘယ်မျှ များပြားသနည်း။ စာသင်ခန်း ထဲ၌ပင် အများအပြား ရှိသည်။ ဆရာ၊ ဆရာမများက သင်ကြားပြီး၍ နားလည်ပြီလား၊ တွက်တတ်ပြီ လားမေးလျှင်ပင် အမှန်တရား မဖြေကြတော့ချေ။ ဘေးနားမှ သူငယ်ချင်းနှင့် ယှဉ်သည့်အခါ မိမိနိမ့်ကျမည်ကို စိုးရိမ်နေတတ် ကြသည်။
မိမိကိုယ်မိမိနှိမ့်ချ လိုက်ရမည်ကို ရှက်ရွံ့တတ်ကြ ပြန်သည်။ ဤသို့မနှိမ့်ချ တတ်ခြင်းသည် အတတ်ပညာကို တတ်သင့်သလောက် တတ်မည် မဟုတ်ချေ။ ငါတော်သည်၊ ငါတတ်သည်ဟု ပြိုင်ဆိုင်ခြင်းသည် ပညာဆုတ်ယုတ်ခြင်း ကိုသာ ဖြစ်ပေါ်စေသည်။
ဟိုယခင်က စာပေတစ်ခုကို ဖတ်လိုက်သည်နှင့် စာပေမှ အကျိုးကျေးဇူးကို မြင်အောင် ကြည့်ကြသည်။ အကောင်းဘက်ကပဲ တွေးကြ၏။ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ပြီ ဆိုလျှင်လည်း ကဗျာ၏ ဆိုလိုရင်းကိုသာ လေ့လာကြသည်။ မည်သည့် စာပေကို ဖတ်သည်ဖြစ်စေ မိမိထက်တော်သူ၊ တတ်သူ ရေးသားထားသော စာပေ ဖြစ်သည်ဟု ခံယူကြသည်။ ယခုခေတ်က ဤသို့မဟုတ်။ စာတစ်ပုဒ်ကို ဖတ်လိုက်သည်။ ပွင့်လင်းမြင်သာ ခေတ်ပဲ၊ လွတ်လပ်ခွင့် ရှိသည်ပဲဆိုပြီး အမှားကိုသာရှာ၊ သူ့ထက် ငါသာသည် ဆိုတာကိုသာ တုနှိုင်းလို့ငြင်း ဆိုတတ်လာကြ၏။
ယနေ့ ဖေ့ဘွတ်ကွန်ရက် တွင် တွေ့ရသော လူအများစုသည် မိမိကိုယ်ကို နှိမ့်ချခြင်းတရား နည်းပါးကြသည်။ သူ့ထက်ငါ တတ်သည်ဟုသာ ယှဉ်ပြိုင်ကြသည်။ စောင်းမြောင်းရေးသား ကြသည်။ အငြင်းပွား ကြသည်။ ရန်စပွားခြင်း တစ်နည်းပင် မဟုတ်ပါလော။ အချို့ စတေးတပ် ရေးတင်ကြသည်။ သူတို့အမြင်၊ သူတို့အတွေးကို ရေးသား ကြခြင်းပင်။ သို့သော်ဖတ်ရုံ ဖတ်၍ မိမိစိတ်အတွေးနှင့် ဝေဖန်သုံးသပ် ကြည့်မည်ဟု သဘောမထား ကြချေ။ ကိုယ့်အထင်၊ ကိုယ့်အမြင်ကို ဇွတ်အတင်း သွားရေးကြ၊ ရန်ဖြစ်ကြ၊ ဆရာကြီးလား၊ ဘယ်လောက်တတ်လဲ ဟူသော စိန်ခေါ်မှုမျိုး များထိ ဖြစ်လာတော့သည်။ မိမိတတ်သိ သော်လည်း မိမိမာန်ကို ချိုးနှိမ်ထား ရမည်ကို မသိကြခြင်းပင်။
ဆိုင်ကယ်စီးသည့် လူငယ်အများစု ကိုယ်ကျွမ်းကျင်ရာ၊ လိမ္မာရာ ဆိုသည်ကို သူ့နေရာနှင့်သူ အသုံးမချ၊ နေရာတကာမှာ စတန့်ထွင် စီးပြကြသည်။ တစ်ဦးနှင့်တစ်ဦး ပြိုင်ကြသောအခါ သေမင်းတံခါးဝကို သက်ဆင်း ကြရတော့သည်။ မော်တော်ကားများ ပေါများလာသည်။ အမြန်လမ်းမတွင် ငါကျွမ်းကျင်သည် ဟူသော ဘ၀င်ကိုပြ၊ တစ်စီးနှင့် တစ်စီး ကျော်တက်ကြ သဖြင့် သေကျေပျက်စီး ရတော့သည်။ နှိမ့်ချသင့်သည့် နေရာတွင် နှိမ့်ချရပါမည်။ မလိုအပ်ဘဲ မာန်ကြွနေမည် ဆိုလျှင် ဘ၀ဆိုသည်မှာ အရှုံးများနှင့်သာ ရင်ဆိုင်ကြ ရမည်ဖြစ်သည်။
အချို့က မလိုအပ်ဘဲ မိမိ၏ ရာထူးဂုဏ်ရှိန်၊ ချမ်းသာကြွယ်ဝမှုကို ကြွားဝါကြသည်။ အသုံးချ ကြသည်။ ကံဇာတာ အလှည့်အပြောင်း ကြောင့် တစ်နေ့ကျဆင်း သွားသည့်အခါ မိမိဘ၀တွင် ကူညီဖေးမသူ အဖော်ကင်းမဲ့ သွားတတ်သည်။ ယခုအချိန်၌ မင်္ဂလာဆောင်၊ နာရေး၊ အလှူအတန်း များတွင်ပါ ကြွားဝါမှုများကို ရှေ့တန်းတင် လာကြသည်။ တရားဆိုသည်ကို မေ့လျော့သွားအောင် တကယ့် အမှောင်ထုကြီး ဖုံးလွှမ်း နေကြပါပြီ။
လူအများစုသည် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဆက်ဆံ ရမည်ကို ဘာကြောင့် ကြောက်နေရပါ သနည်း။ ပညာအကြောင်း ပြိုင်ပြောသူ ရှေ့တွင် မိမိက မတတ်သူလိုသာ နေလိုက်ပါ။ ထိုသူထံမှ ပညာကို ယူတတ်လျှင် ရနိုင်ပါ သေးသည်။ ထိုသို့ မဟုတ်ဘဲ ပြိုင်ပြောလျှင် မောလာမည်။ အနိုင်ရလို စိတ်ပြင်းပြ လာမည်။ ဒေါသစိတ် ထကြွလာလိမ့်မည်။ ထိုအခါ ဒေါသနောက်တွင် အကုသိုလ်တရား ကပ်ပါ လာမည်မှာ အသေအချာပင်။ မိမိကသာနှိမ့်ချပြီး နေလိုက်ပါ။ မိမိဆီကို ဘယ်အကုသိုလ် တရားမှ ရောက်မလာ နိုင်တော့ပါဘူး။ စီးပွားပြိုင် ပြောသူတွေ့ ၍လည်း အားမငယ်ပါနှင့်။ မရှိသလိုသာ နှိမ့်ချပြီး နေလိုက်ပါ။ အန္တရာယ်ကင်း ပါလိမ့်မည်။
ဥစ္စာပစ္စည်း ဆိုသည်မှာ ရန်သူမျိုး ငါးပါးကြောင့် ပျက်စီးခဲ့လျှင် မိမိကသာသူ့ကို ကူညီနိုင်သူ ဖြစ်လျှင် ဖြစ်လာနိုင်သည်။ အလှူအတန်း များတွင် ခံ့ညားထည်ဝါစွာ အိမ်ဦးခန်းတွင် ရေပက်မ၀င်အောင် ကြွားဝါနေ သည်ကို အားမကျပါနှင့်။ မိမိဘာသာ သူများ လုပ်နိုင်သည့် အိုးခွက်ပန်းကန် ဆေးကို စေတနာပါပါ နှင့် သွားလုပ်လိုက်ပါ။ နောင်ဘ၀အတွက် ကုသိုလ်လမ်း က မိမိကို ဆက်ပေးပြီးသား ဖြစ်နေပါလိမ့်မည်။
လူမှုရေးကိစ္စများကို ငါ့လိုလုပ်နိုင်လို့ လားဟု ဟန်ပြကြွား နေသည်ထက် မိမိလှူဒါန်း လိုက်သည့် လူမသိ၊ သူမသိ ဆန်တစ်ဇွန်းက ပိုပြီး မွန်မြတ်သည်။ မိမိကိုယ်ကို နှိမ့်ချခြင်းကြောင့် ပညာပိုပြီး ဆည်းပူးခွင့် ရမည်။ ရန်သူနည်းပါးမည်။ အကုသိုလ်ထက် ကုသိုလ်တရားက ပိုများမည်။ လူချစ်လူခင် ပေါများမည်။ မာန်ကြွ ကြွားဝါပြ နေစရာမလိုဘဲ မိမိဂုဏ်သတင်းက အလိုလိုမွှေးပျံ့ နေမည်မှာ အသေအချာပင် ဖြစ်သည်။
မိမိကိုယ်ကို နိုမ့်ချလျှင် သူတစ်ပါးအောက်မကျ ပါ။ မိမိကိုယ်ကို မာန်ထောင်လွှား ခဲ့ပြီး အခြေမလှသည့် အခါ သူတစ်ပါး အောက်ကျရမည် ဖြစ်သည်။ မိမိကိုယ်ကို နှိမ့်ချ၍ စိတ်ဓာတ်များ မြှင့်ကြပြီး " နိဝါတတရား " လက်ကိုင်ထားလျက် ငြိမ်းချမ်းသော ဘ၀များ ပိုင်ဆိုင်နိုင်ကြ ပါစေ။
မေတ္တာမိုးနှင်း (ပဲခူး)
No comments:
Post a Comment