Sunday, November 29, 2020

မဲဇလီဖူးသုပ် နှင့် ကျန်းမာရေး

 

မဲဇလီဖူးသုပ် နှင့် ကျန်းမာရေး

 


ကျွန်တော်တို့    မြန်မာလူမျိုး များဟာ တန်ဆောင်မုန်း လပြည့်ညမှာ မဲဇလီဖူးသုပ် စားလေ့ရှိပါတယ်။ ကျီးမနိုးပွဲမှာ ဖမ်းဖို့လား ၊ ဆေးပေါင်းခဖို့လား၊    နှစ်မျိုးစလုံး အကျိုး ရစေဖို့ လားပေါ့။ ဒါပေမဲ့ ရှေးအယူ ကတော့ တန်ဆောင်မုန်း လပြည့်ညဟာ ဆေးပေါင်းခ တယ်လို့ ဆိုပါတယ်။ ကြတ္တိကာ နက္ခတ်နဲ့ စန်းယှဉ်တဲ့ တန်ဆောင်မုန်း လပြည့်နေ့မှာ ဆေးပင်အပေါင်း တို့ကို စောင့်ရှောက်ရတဲ့  နတ်အပေါင်းတို့က မဲဇလီပင် စောင့်နတ်ကို တညီတညွတ်တည်း လာရောက်ခစား ရပါတယ်။ ဒါကြောင့် ဒီအချိန်အခါ သမယဟာ ဆေးပေါင်းခတဲ့ ည ဖြစ်ပေမပေါ့။  အဲဒီလို ဆေးပေါင်းခတဲ့ မဲဇလီဖူးသုပ် ကိုစားရင်ဖြင့်  ၉၆ ပါးရောဂါ ကင်းတယ်၊ အသက်ရှည်မယ် လို့ ယုံကြည်ထားကြ ပါတယ်။ အချို့ကလည်း  ကြတ္တိကာနက္ခတ် ကိုစောင့်တဲ့ မီးနတ်ကြီးက တန်ဆောင်မုန်း လပြည့်နေ့မှာ လူ့ပြည်လူ့ရွာ အလည်လာ ပါသတဲ့။   မိတ်ဆွေဖြစ်တဲ့ မဲဇလီနတ်မင်း ထံမှာ တည်းခိုပါတယ်။ ဒီအချိန်မှာပဲ လူ့ပြည်မှာရှိတဲ့ အာကာသစိုး နတ်မင်းကြီးနဲ့ တကွသော နတ်အပေါင်း တို့က မီးနတ်ကြီးကို လာရောက် နှုတ်ဆက် ဂါရ၀ပြကြပါတယ်။ စိန်နားကပ်ရောင်နဲ့ ပါးပြောင် ဆိုသလိုပေါ့။ မီးနတ်ကြီးနဲ့ အတူ တန်ခိုးကြီး နတ်တွေ လာရောက် စံပျော်ရာ ဖြစ်တဲ့ မဲဇလီပင်ဟာ အညွန့်အဖူး တွေပါမကျန် တန်ခိုးသတ္တိ ထူးတွေနဲ့ ပြည့်စုံနေကြ ပါတယ်။  ပုံပြင်ဆန်ဆန် ဆိုပေမယ့်  ကျွန်တော်တို့ ဘိုးဘွား လက်ထက် အဆင့်ဆင့် လက်ဆင့်ကမ်း လာတဲ့   ရိုးရာအမွေ၊ ဓလေ့တစ်ခုပဲ ဖြစ်ပါတယ်။


ဘယ်လိုပဲ ပြောပြော မဲဇလီဖူးသုပ် ကတော့ စားကောင်းတာ    အမှန်ပဲ ဖြစ်ပါတယ်။ မဲဇလီပင်ပေါ် တက် ၊ အဖူးများများ ပါတဲ့ ကိုင်းကိုချိုးချ၊ အဖူးတွေကိုပြတ်၊ အာလူးပြတ် နိုင်နိုင်၊ မြေပဲလှော် နိုင်နိုင်နဲ့ ကြက်သွန်နီ ဆီချက် မွှေးမွှေးလေး ထည့်သုပ် လိုက်ရင် အတိုင်းထက် အလွန်ပါပဲ။ ခါး၊ ဆိမ့်၊  ချို၊ မွှေးပေါ့လေ။   ခါတော်မီ အွန်လိုင်းကနေ ရောင်းသင့်တယ် ထင်ပါတယ်။ ရွာက စာရေးဆရာကြီး တစ်ယောက်ကတော့  ပြောဖူးပါတယ်။ လပြည့်နေ့ လမွန်းတည့် ချိန်မှာ လမင်းကြီးကို ကြည့်ပြီး တစိမ့်စိမ့် စားနေရင် ဆေးဖက် ပိုဝင်ပါသတဲ့။ ''ရန်ကုန်မှာ သာတဲ့လ'' ဖြစ်မှာစိုးလို့ အိမ်တွင်းအိမ်ပြင် လျှပ်စစ်မီး တွေပိတ်၊  ''လရောင်နှမြောတဲ့ ဆရာမ မစန္ဒာ'' လို အပြည့်အ၀ ခံစားရမှာပေါ့။ ဒါဆို ရုပ်အကြည်၊ စိတ်အကြည် ဓာတ်တွေ အထုံကူးစက်ပြီး ဆေးပေါင်းခ နိုင်ပါတယ်။    ကျွန်တော့် အထင်တော့ လပြည့်ညမှ၊ တန်ဆောင်မုန်း လပြည့်ညမှ  မဟုတ်ဘူး မဲဇလီဖူးသုပ် ဟာ ဆေးဖက်ဝင် လှပါတယ်။ အရွက်နုကလေး တွေပါ  ချက်ပြတ် စားသောက်နိုင် ပါတယ်။

မယ်ဇလီပင် (မဲဇလီ) ဟာ ''လီဂူမီနိုးစီအီး''ျိုးရင်းတွင် ပါဝင်ပြီး ရုက္ခဗေဒ အလိုအားဖြင့် ''ကက်စီယာ ဆိုင်းရမ်းမီး''လို့ခေါ်ပါတယ်။ မဲဇလီပင် ဆိုတာ ဆယ့်နှစ်ရာသီ စိမ်းလန်း နေတဲ့သစ်ပင်မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနှံ့ ပေါက်ပါတယ်။  အစေ့ကို အလွယ်တကူ ချစိုက်နိုင်ပြီး အလွယ်တကူ အပင်ပေါက် နိုင်တဲ့အပြင် ကြီးလွယ်တဲ့၊ ခိုင်ခံ့တဲ့သစ်ပင် ဖြစ်တာမို့     ကျေးလက်တောရွာ တွေနဲ့ ဘုန်းကြီးကျောင်းဝင်း တွေမှာ မဲဇလီပင်တွေကို စိုက်ပျိုးထား တတ်ကြပါတယ်။ မဲဇလီပင်ဟာ အမြင့်ပေ ၅၀ အထိ ရှိနိုင်ပါတယ်။

အစိမ်းရင့်ရောင် ထိပ်ဝိုင်းနေတဲ့ အရွက်တွေ ထူထူထပ်ထပ် ဖုံးအုပ်လျက် ရှိတာမို့   အဲဒီ အပင်တွေကို   အရိပ်အာဝါသ အတွက် စိုက်ပျိုးထားကြ တာလည်း ဖြစ်ပါတယ်။ မဲဇလီဆိုသည်မှာ ''အ၀ါရောင် အပွင့်များ အချိန်လိုက် ဖူးပွင့်သည့်    ပင်စောက်ကြီး တစ်မျိုး အရွက်၊ အဖူး စသည်ကို ဟင်းလျာ အဖြစ်စားသုံးပြီး အရသာခါး၍ ဆေးဖက်ဝင် သည်''လို့ မဲဇလီပင်ကို မြန်မာအဘိဓာန် တွင် ဖွင့်ဆိုထား ပါတယ်။ ထူပါရုံစေတီ ကျောက်စာ ပေါ်မှာ ရေးထွင်းထားတဲ့ မှတ်တမ်းစာအရ ရှေးယခင်က မဲဇလီပင်ကို ''မည်ဇရီပင်'' ဟု ခေါ်ရာမှ အသံထွက် အလိုက် ''မယ်ဇရီ'' ဖြစ်လာပြီး ထို့နောက် ကာလကြာတဲ့ အခါ ''မယ်ဇရီ'' မှ  ''မယ်ဇလီ- မဲဇလီ''  ဆိုပြီး အဆင့်ဆင့် အသံထွက် ပြောင်းခေါ်ဝေါ် လာခဲ့ကြပါတယ်။ နေရာဒေသပေါ် မူတည်ပြီး အချို့ကတော့ ''မဉ္ဇရီပင်'' လို့ခေါ်ကြ သလို ကချင်လူမျိုးတို့က ''မယ်ဂျူရီပင်''  ရှမ်းလူမျိုးတို့က ''မယ်ပဉ္စလီ''၊ ကရင်လူမျိုး တို့က ''ပီတစ်ခါလ'' ဆိုပြီး  အသီးသီး ခေါ်ဆိုကြ ပါတယ်။ မဲဇလီဖူးသုပ် ဟာ နုတဲ့ အချိန်မှာ အစိမ်းဖျော့ရောင် ဖြစ်ပြီး ရင့်လာတဲ့အခါ  အညိရောင် ပြောင်းသွားတတ် ပါတယ်။

မြန်မာ တိုင်းရင်းဆေးကျမ်း တွေမှာ အပူ၊ အအေး တူတဲ့နှစ်လကို ဥတုတစ်ခု၊ တစ်နှစ်မှာ ဥတုငယ် ခြောက်ခု ပိုင်းခြားထား ပါတယ်။ (၁) ၀ါဆိုနဲ့ ၀ါခေါင်လတို့ကို ၀ဿနဥတု၊ (၂) တော်သလင်းနဲ့ သီတင်းကျွတ်လ တို့ကို သရဒဥတု၊ (၃) တန်ဆောင်မုန်းနဲ့ နတ်တော်လ တို့ကို ဟေမန္တဥတု၊ (၄) ပြာသိုနဲ့ တပို့တွဲလ တို့ကို သိသိရဥတု၊ (၅) တပေါင်းနဲ့ တန်ခူးလ တို့ကို ၀သန္တဥတု၊ (၆) ကဆုန်နဲ့ နယုန်လ တို့ကို    ဂိမှဥတု လို့ ခေါ်ဝေါ်ကြ ပါတယ်။

တန်ဆောင်မုန်းလ ပါဝင်တဲ့ ဟေမန္တဥတုမှာ အဆီအစေး များတဲ့အစာ၊ အချို၊ အဆိမ့်၊အချဉ်၊ အငန် အရသာတွေ၊ နွားနို့၊ ထောပတ်၊ ဆီ၊ သကြား၊ ကောက်ကြီးဆန်၊ ပျားရည်၊ ချင်းခြောက်နဲ့ ကြစုသီးတို့ကို စားသုံးပေးရမယ် လို့ဆိုပါတယ်။   အဆီအစေးမရှိတဲ့၊ ကြေလွယ်တဲ့ အစာ၊ ခါးသောအစာ၊ အဖန်၊ အစပ် အရသာရှိတဲ့   အစားအစာတွေကို စားခြင်း၊ စားနိုင်တာထက်လျှော့စားခြင်းတွေ မလုပ်ရပါဘူး။ အဲသလို ရေးသားထားတော့ မဲဇလီဖူးသုပ်က ချို၊ ဆိမ့်၊ ဖန်အရသာ ရှိလေတော့ ဆေးဖက်ဝင် သွားတာထင်ပါရဲ့။

ဒီနေရာမှာ မဲဇလီနဲ့ ပူးတွဲချန်ပီယံ ဖြစ်တဲ့ တန်ဆောင်မုန်းလ အကြောင်း အနည်းငယ် တင်ပြပါရစေ။ တန်ဆောင်မုန်းကို ပုဂံခေတ် ကျောက်စာတွေမှာ ''တန်ဆောင်မှုန်'' လို့ ရေးထိုးလေ့ ရှိပါတယ်။ ''တန်ဆောင်မှုန်း'' လို့ အသံထွက်ဆို ခဲ့ကြပါတယ်။ ''မိုက်မှောင် လွင့်ပြန်း၊ တန်ဆောင်မုန်း၊ ဆောင်မှုန်း ခေါ်တကား။ ဟထိုးပျောက်ကာ၊ ပြောင်းရွှေ့လာ၊ မုန်းသာခုထင်ရှား'' ဟူ၍ စပ်ဆို ထားခြင်းက တန်ဆောင်မုန်းရဲ့ ဖြစ်စဉ်ကို ပေါ်လွင် သိရှိနိုင်ပါတယ်။    တန်ဆောင်= ဆီမီး၊ မီးရှူး၊မီးတိုင်။ မှုန်း=ထွန်းလင်းခြင်း၊ တောက်ပခြင်းလို့  အဓိပ္ပာယ် ရပါတယ်။


ဒါကြောင့်လည်း မြန်မာ့ဆယ့်နှစ်လ ရာသီမှာ တန်ဆောင်မုန်းလ ဟာ အထွန်းလင်း၊ အတောက်ပဆုံးနှင့် အသာယာဆုံး လတစ်လ ဟုဆိုနိုင်ပါတယ်။ မြန်မာ့သမိုင်း မှတ်တမ်း များအရ ဗိဿနိုး နတ်မင်းကြီးသည် နှစ်စဉ် နှစ်တိုင်း   ၀ါဆိုလဆန်း ၁၂ ရက်ကနေ အိပ်စက်လိုက်ရာ တန်ဆောင်မုန်း လဆန်း ၁၂ ရက်မှ နိုးထ လာတာကြောင့် တန်ဆောင်မုန်း လကို ''နတ်နိုးလ'' လို့လည်း ခေါ်ဆို ကြပါတယ်။

တန်ဆောင်မုန်း လပြည့်နေ့မှာ မြတ်စွာ ဘုရားရှင်က  ရာဇဂြိဟ်ပြည့်ရှင်   အဇာတသတ်မင်း နဲ့ အပေါင်းအပါ တို့ကို သာမညဖလသုတ် ဟောကြားတဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်။ တန်ဆောင်မုန်း လပြည့်ညမှာ ဆီးနှင်း၊ မြူ  တိမ်၊  သူရိန်၊ မီးခိုး  ငါးမျိုး ကင်းစင် နေတာကြောင့် ထက်ကောင်းကင် တစ်ခွင်လုံး ကြည်လင်ကာ   နက္ခတ်တာရာ တစ်စုံထွန်းလင်း နေပါတယ်။    မပီဝိုးဝါး သေးမွှားတဲ့ ကြတ္တိကာကြယ် ခေါ် ဖျောက်ဆိပ်ကြယ်စု လေးလည်း လင်းလက်ခွင့် ရတဲ့ည ဖြစ်ပါတယ်။

မဲဇလီအစွမ်းကို ပြောရရင်ဖြင့် ၁၀၀ ဂရမ် အလေးချိန်ရှိတဲ့ မဲဇလီဖူးနှင့် အရွက်တို့ကို ဆေးသိပ္ပံ နည်းအရ ဓာတ်ခွဲ စမ်းသပ်ကြည့်ရာ ကယ်လိုရီ ၁၀၀၊ ပရိုတင်း ၇ ဒသမ ၁ ဂရမ်၊ အဆီဓာတ် ၁ ဂရမ်၊ ကစီဓာတ် ၁၇ ဒသမ ၉ ဂရမ်၊ ထုံးဓာတ် ၄၄ ဒသမ ၁ မီလီဂရမ်၊ သံဓာတ် ၁၇ မီလီဂရမ်၊ ဗီတာမင် အေ ၁၄၅၀၀ IU ၊ ဗီတာမင် ဘီဝမ်း သုည ဒသမ ၄ မီလီဂရမ်၊ ဗီတာမင် ဘီတူး သုည ဒသမ ၆၉ မီလီဂရမ်၊ နိုင်ယာစင် ၁ ဒသမ ၃ မီလီဂရမ်၊ ဗီတာမင်စီ ၁၀၁ မီလီဂရမ် တို့ အသီးသီးပါရှိ ကြပါတယ်။ ဒါ့ပြင် ဟင်းသီးဟင်းရွက် တွေမှာ ရှားရှားပါးပါး တွေ့ရခဲတဲ့ ဆေးဖက်ဝင် Glycosides, Terpenoids, Tannins, Saponins, Flavonoids နဲ့ Steroids တွေလည်း ပါရှိကြ ပါသေးတယ်။

(၁)ျို  ဆိမ့်၊  ဖန်   အရသာသုံးမျိုး ရောပြွန်း၍ ခါးသက်သက် အရသာလွှမ်းမိုးသော မဲဇလီပင်မှာ အာပေါဓာတ် ကြီးစိုးတာမို့ ၀ါယောဓာတ် ပူးတွဲ ပါရှိတာကြောင့် ရှေးတိုင်းရင်း သမားတော်ကြီး တွေက မြန်မာ့ ရိုးရာဆေးမြီးတို အဖြစ် အိပ်မပျော်ခြင်း၊ သွေးတက်ခြင်း၊ ရုပ်ရည် ခန်းခြောက်ခြင်း၊ အသက်ရှူပြွန်ချောင်း ရောင်ခြင်း၊ ချောင်းခြောက် ဆိုးခြင်း စတဲ့ရောဂါများ အတွက် ကုသပေးခဲ့ကြ ပါတယ်။

(၂)     အိန္ဒိယနိုင်ငံ မှာတော့  ကာလသား ရောဂါ  ရှန်ကာနာ ကို  မဲဇလီရွက်ဖြင့် ကုသလေ့ ရှိပါတယ်။

(၃)     သမ်းဝေပြီး အိပ်မပျော်ခြင်း အတွက်  မဲဇလီဖူးကိုသုပ်၍ စားက နှစ်နှစ်ခြိက်ခြိက် အိပ်ပျော်စေနိုင် ပါတယ်။

(၄)     ပါးစပ်အတွင်း အပူထွက်ခြင်း၊ သွားဖုံးရောင်ခြင်း တို့အတွက်     မဲဇလီရွက်နှင့် အပွင့်တို့ကို ခပ်ကျကျပြတ်၍ ငုံပေးပါက သက်သာ ပျောက်ကင်းနိုင် ပါတယ်။

(၅)     မျက်စိနာခြင်း အတွက် မဲဇလီမြစ်ကို သွေး၍ မျက်စိတစ်ဝိုက် ကွင်းပေးပါ။

(၆)     ကနခိုစေ့စား၍   ၀မ်းသွားလွန်ခြင်း အတွက် မဲဇလီမြစ်ကို ထန်းလျက်နှင့် ပြတ်၍ သောက်ပေးခြင်းဖြင့် ၀မ်းရပ်တန့် ပါလိမ့်မယ်။

(၇)     ချောင်းဆိုး၊ ရင်ကျပ်၊ လည်ချောင်းနာ ခြင်းတို့အတွက် မဲဇလီရွက်နှင့် မုရားကြီးရွက် တို့ကို ဆတူရော၍ သုံးခွက် တစ်ခွက်တင် ကြိုပြီးနောက် ငုံပေးခြင်းဖြင့် သက်သာ ပျောက်ကင်းနိုင်ပါတယ်။

(၈)     ကလေးများ သန်ထပါက  မဲဇလီရွက် လတ်လတ်ဆတ်ဆတ် ထောင်းရည် (သတ္တရည်) နှင့် သံပရာရည် ရောစပ်တိုက်ပေး ခြင်းဖြင့် သန်ကျစေနိုင် ပါတယ်။

(၉)     ၀မ်းချုပ်ပြီး စမြင်းခံခြင်း အတွက် မဲဇလီဖူးကိုပြတ်၍ တို့စရာအဖြစ် စားပေးပါက ၀မ်းမှန်၍ လေသက်စေနိုင် ပါတယ်။

(၁၀)   ကင်း၊  ပုရွက်ဆိတ်  စတဲ့အဆိပ်ရှိ အကောင်တွေ အကိုက်ခံရပါက မဲဇလီရွက် ကိုကြိတ်၍     ဒဏ်ရာပေါ် အုံပေးပါက  အဆိပ်ပြေစေ ပါတယ်။

(၁၁)   နှင်းခူအစိုအတွက် မဲဇလီရွက်ကို သံပရာရည်နဲ့ ကြိတ်ပြီး နှင်းခူနာပေါ် အုံခြင်း၊ မဲဇလီရွက် ပြတ်ရည်ဖြင့် ဖန်ရည်ဆေးပေး ခြင်းတို့ ပြလုပ်ပေးနိုင် ပါတယ်။

(၁၂)   အမျိုးသမီးတွေရဲ့ မျက်နှာပေါ်တွင် မီးယပ်ကွက် ထွက်ခြင်းအတွက် မဲဇလီပွင့် သို့မဟုတ် အရွက်ကို အခြောက်လှန်း အမှုန့်ကြိတ်၍ ရေဖြင့်ဖျော်ပြီး လိမ်းပေးနိုင် ပါတယ်။

(၁၃)   မဲဇလီရွက်ပြတ်ရည် ဖြစ်စေ၊ အရွက်ကို အခြောက်လှန်း     အမှုန့်ကြိတ်၍ ဖြစ်စေ ပျားရည်နှင့် ရောစပ်စားပေး ပါက သွေးသား သန့်စင်၍ အင်အားပြည့်ဖြိုး စေပါတယ်။

(၁၄)   မဲဇလီဖူးထဲတွင် ပါရှိသော သဘာဝ အခါးဓာတ်က အသည်းအား ကောင်းစေပါတယ်။

(၁၅)   အစာခြေစနစ်ကို ကောင်းမွန်စေရုံ သာမက ပျို့အန်ခြင်း၊ အက်စစ် ဆန်တက်၍ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း တို့ကို သက်သာ စေပါတယ်။

(၁၆)   ခန္ဓာကိုယ်အတွက် လိုအပ်သော ပရိုတင်းဓာတ် ကိုဖြည့်တင်း ပေးပြီး ကိုယ်ခန္ဓာ ကြီးထွားမှုကို အထောက်အပံ့ ပေးပါတယ်။

(၁၇)   အူမကြီးကို ကောင်းစွာ အလုပ်လုပ် စေလို့   ၀မ်းပျော့ပျော့ သွားစေပါတယ်။  ထို့ပြင် အူမကြီးနှင့် အူသိမ်အူမများ ထဲရှိ  တုတ်ကောင်၊ သန်ကောင် စတဲ့ ကပ်ပါးကောင် တွေကို ဖယ်ရှားပေးလို့ အူကိုသန့်စင် စေပါတယ်။

(၁၈) ကစီဓာတ် ကြွယ်ဝစွာ ပါရှိခြင်းကြောင့် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို ကောင်းကျိုး ပြပါတယ်။

(၁၉) သရက်ရွက်ထဲရှိ ကောင်းသောဆဲလ် အသစ်များကို     တိုးပွား စေတာကြောင့် သရက်ရွက်ကို ကျန်းမာ စေပါတယ်။

(၂၀)   မဲဇလီဖူးထဲတွင် ပါရှိသော သဘာဝ အဆီဓာတ်က   ခန္ဓာကိုယ်ထဲရှိ မကောင်းသော ဓာတ်များကို လောင်ကျွမ်း စေပါတယ်။

(၂၁)   အစွမ်းထက်ဓာတ်တိုး ဆန့်ကျင်ပစ္စည်း တွေအပြင် ပိုလီဖီနောဓာတ် များပါရှိသဖြင့် ခန္ဓာကိုယ်အတွက် မလိုလား အပ်သော  ဖရီးရယ်ဒီကယ် များကို သုတ်သင်ဖယ်ရှား ပေးတာကြောင့် အူမကြီးကင်ဆာ၊ အစာအိမ် ကင်ဆာရောဂါများ မဖြစ်စေနိုင်ပါ။

(၂၂)   မဲဇလီဖူးထဲ တွင်ပါရှိသော သတ္တဓာတ်ပေါင်း အများစုက သူငယ်နာ၊ အရိုးပျော့ရောဂါ ကို ကာကွယ်ပေး တာကြောင့် မွေးဖွားလာသော ကလေးများတွင် အရိုးပျော့ရောဂါ မဖြစ်စေရန် ကြိတင် ကာကွယ်တဲ့ အနေဖြင့်      ကိုယ်ဝန်ဆောင် မိခင်များ မဲဇလီဖူးကို မဖြစ်မနေ စားသုံးသင့် ပါတယ်။

(၂၃)   ဓာတ်ခွဲစမ်းသပ်ချက် များအရ မဲဇလီ ဖူး၊   အရွက်၊   အပွင့်ထဲတွင် ပါရှိသော  အာဟာရဓာတ် များက   ဟင်းနုနယ်တွင် ပါရှိသော     အာဟာရဓာတ် များနှင့်  အလားတူ တယ်လို့ ဆိုပါတယ်။

တန်ဆောင်မုန်း လပြည့်ရောက်ရင် ရေနွေးကြမ်းလေးနဲ့ မဲဇလီဖူးသုပ် စားပြီး ကပ်ရောဂါ ကြီးကို ကျော်လွှား နိုင်အောင် အားမွေးကြပါလို့ တိုက်တွန်းလိုက်ရ ပါတယ်။

 

ဇော်သစ်ကြည် ၂၇-၁၁-၂၀၂၀ (၆)

ဓာတ်ပုံ - အင်တာနက်

ခရက်ဒစ် - mwddaily


No comments: