Saturday, October 31, 2020

ခေတ်သစ်ယဉ်ကျေးမှုကြောင့် ပျက်စီးသွားနိုင်တဲ့ အနာဂတ်လေးများ

 

ခေတ်သစ်ယဉ်ကျေးမှုကြောင့် ပျက်စီးသွားနိုင်တဲ့ အနာဂတ်လေးများ

 


ယနေ့ခေတ် လူငယ်များ အထူးသဖြင့် အမျိုးသမီးငယ် များမှာ ယောက်ျားသား များနှင့် တန်းတူ ရင်ပေါင်တန်းပြီး အရက်သေစာ သောက်စားခြင်း အမှုကို ပြုလာကြ ပါတယ်။ ယခင်က ကမ္ဘာ့ အရှေ့ခြမ်း ဖြစ်ဖြစ် ၊ အနောက်ခြမ်း ဖြစ်ဖြစ် ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ မဆို နေထိုင်တဲ့ အမျိုးသမီးငယ် ဖြစ်ဖြစ် ၊ အမျိုးသမီးကြီး ဖြစ်ဖြစ် အများစုဟာ အရက်သေစာ ကို သောက်စားခြင်း မရှိကြ ပါဘူး။

          ဒါပေမယ့် ဒီနေ့ခေတ် မှာတော့ အမျိုးသမီးငယ် များဟာ လူငယ် အများစ ပျော်စံရာ ကလပ်များ ထဲမှာသာမက အများပြည်သူ အပန်းဖြေရာ နေရာတွေ ဖြစ်တဲ့ ပန်းခြံလို နေရာမျိုး တွေမှာပါ အရက်သေစာ ကို ပေါ်ပေါ်တင်တင် သောက်စား လာကြပါတယ်။


          အရက်သေစာနဲ့ အတူ တွဲဖက် ပါလာတာက ဆေးလိပ် ဖြစ်ပါတယ်။ အခုခေတ် အမျိုးသမီးငယ် အများစုကို ကြည့်လိုက်ရင် ဆေးလိပ်ကို နေရာ ပေါင်းစုံမှာ သောက်လာတာကို တွေ့နိုင် ပါတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာရပ်တော့ မဟုတ်ပါဘူး

          ကမ္ဘာကြီးဟာ ရွာကြီးလို့ တင်စား ရလောက်အောင် အထိ ဖြစ်လာတာနဲ့ အမျှ ယဉ်ကျေးမှုများ မှာလည်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့ အလွယ်တကူ ရွေ့လျား ၀င်ရောက် လာပါတယ်။ တချို့ကလည်း ဒါကို ခေတ်သစ် ယဉ်ကျေးမှု လို့ ပြောကြ ပါသေးတယ်။

          မိမိတို့ တစ်တွေဟာ ကိုယ့်ရဲ့ ကလေးငယ် တွေကို အနာဂတ် အဖြစ် တင်စားကြ ပါတယ်။ ဒါဆိုရင် အမျိုးသမီးငယ် တွေဟာလည်း အနာဂတ် ကို ပဲ့ကိုင်သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးငယ် အများစုကတော့ ဒါကို မေ့လျော့ နေဟန် ရှိပါတယ်။

          သိပ္ပံ ပညာရှင်တွေ ကတော့ အမျိုးသမီးငယ် တွေ မေ့လျော့နေတဲ့ အချက်ကို ပြန်ပြီး သတိပေး လိုက်ပါပြီ။ အဲဒါကတော့ အရက်သေစာ နဲ့ ဆေးလိပ် သောက်သုံးတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး များနဲ့ မွေးကင်းစ ကလေးငယ်များ ရုတ်တရက် သေဆုံးနိုင်မှု နှုန်း မြင့်တက် လာခြင်းပဲ ဖြစ်ပါတယ်။ သိပ္ပံ ပညာရှင် တွေက ရှစ်နှစ်အတွင်း တောင်အာဖရိက နဲ့ အမေရိကန် နိုင်ငံတို့မှ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၂၀၀၀ ကျော်ကို လေ့လာမှုများ ပြုလုပ်ပြီး ရလဒ်တချို့ ကို ထုတ်ပြန် လိုက်ပါတယ်။

          အဲဒီရလဒ် ကတော့ ကိုယ်ဝန် ပထမ ၃ လအတွင်း အရက် ၊ ဆေးလိပ် သောက်တဲ့ မိခင်တွေက မွေးဖွားလာတဲ့ ကလေးငယ် တွေဟာ ရုတ်တရက် သေဆုံးမှုနှုန်း ၁၂ ဆအထိ မြင့်တက်လာခြင်း ပဲဖြစ်တယ်။ ဆေးလိပ်ပဲ သောက်ပြီး အရက်မသောက် တဲ့မိခင်တွေ ရဲ့ ကလေးငယ်တွေ ကတော့ ၅ ဆနှုန်း ၊ အရက်ပဲ သောက်ပြီး ဆေးလိပ် မသောက်တဲ့ မိခင် တွေရဲ့ ကလေးငယ် တွေက ၄ ဆနှုန်းစီ အသီးသီး ရှိပါတယ်။

          ဗြိတိန်နိုင်ငံ ဆိုရင် ဒီလိုမျိုးနည်းနဲ့ သေဆုံးတဲ့ ကလေးငယ် အရေအတွက် က နှစ်စဉ် ၂၃၀ ရှိပြီး အမေရိကန် နိုင်ငံမှာတော့ ၂၅၀၀ ရှိပါတယ်။ ကလေးငယ်တွေ ဘာကြောင့် ရုတ်တရက် သေဆုံးရလဲ ဆိုတာ ခိုင်မာတဲ့ သက်သေ အထောက်အထား မရှိသေး ပေမယ့်လည်း အရက် ၊ ဆေးလိပ် သောက်တဲ့ မိခင်တွေကြောင့် ဒီလို သေဆုံးမှုနှုန်း မြင့်တက် ရတယ် ဆိုတာကတော့ သေချာပါတယ်။

          ယခင်တုန်းက ပြုစုထားတဲ့ လေ့လာမှုတွေ မှာဆိုရင်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးလိပ် သောက်ခြင်းကြောင့် မွေးလာတဲ့ ကလေး ရုတ်တရက် သေဆုံးမှုကို မြင့်တက် စေတယ်ဆိုတာ ဖော်ပြထား ပါတယ်။ တချို့ အမျိုးသမီး တွေကတော့ ဆေးလိပ် မသောက်ပါဘူး။ ဒါပေမဲ့ ဆေးလိပ်ငွေ့ကို ရှူမိပါတယ်။ ဒါဆိုရင်လည်း တစ်ဆင့်ခံ ဆေးလိပ် သောက်ခြင်း ဖြစ်ပြီး ကိုယ်တိုင် ဆေးလိပ် သောက်ခြင်းနဲ့ အာနိသင် အတူတူပဲ ဖြစ်ပါတယ်။

          ဆေးလိပ်ထဲမှာ ပါဝင်တဲ့ နီကိုတင်း ဓာတ်က လျှာကို ထိန်းချုပ်တဲ့ ဦးနှောက် ကလာပ်စည်း ကို ပျက်စီးစေ ပါတယ်။ ဒီလို ပျက်စီးသွားတဲ့ အတွက် လျှာက ရွေ့လျားခြင်း နဲ့ အသက်ရှူ လမ်းကြောင်း ဖွင့်ပေးခြင်း တို့ကို မလုပ်ဆောင် နိုင်တော့ပါဘူး

          ဒါကြောင့် ဆေးလိပ် သောက်တဲ့ မိခင်ရဲ့ သားအိမ်ထဲမှာ ရှိတဲ့ သန္ဓေသားလေး ဟာ စက္ကန့်အနည်းငယ်ကြာ အသက်ရှူရပ်မှု မကြာခဏ ဆိုသလို ဖြစ်ပါတယ်။ ဒါဟာလည်း ကလေးငယ်များ အိပ်နေစဉ် ရုတ်တရက် အသက်ရှူရပ်ပြီး သေဆုံးခြင်းနဲ့ ဆက်စပ်နေတယ် လို့ သိပ္ပံပညာရှင် တွေက ဆိုပါတယ်။

          လူမမယ် ကလေးငယ်တွေ အနေနဲ့ ဒီလို အဖြစ်မျိုးနဲ့ မကြုံစေရစေဖို့ ပညာရှင်တွေ အကြံပြုထား တာကတော့ ကလေးကို မှောက်ခုံ မသိပါပါနဲ့ ၊ ကလေးရဲ့ ဦးခေါင်းကို ဘယ်အရာမှ မဖုံးမိပါစေနဲ့။ မိဘတွေ အနေနဲ့ ကလေး ၆ လအထိ သူတို့နဲ့အတူ အိပ်ပါ။ ဖြစ်နိုင်ပါက မိခင်နို့ကိုသာ တိုက်ပါ။

          ကိုယ်ဝန်ဆောင်စဉ် နဲ့ ကလေးငယ်နဲ့ တစ်ခန်းတည်း နေစဉ် ဆေးလိပ် မသောက်ပါနဲ့။ ကလေးငယ်ကို မွေ့ရာ သို့မဟုတ် ထိုင်ခုံပေါ် မှာ မသိပ်ပါနဲ့။ ကလေးငယ်တွေ အတွက် အပူချိန်က မပူလွန်း ၊ မအေးလွန်း ဖြစ်နေပါစေ။ ၁၆ မှ ၂၀ ဒီဂရီ စင်တီဂရိတ် က ကလေးငယ် များအတွက် သက်တောင့် သက်သာ အဖြစ်ဆုံး အပူချိန် ဖြစ်ပါတယ်။

          အကယ်၍ အရက် ၊ ဆေးလိပ် သောက်တဲ့မိခင် တွေရဲ့ ကလေးတွေဟာ ရုတ်တရက် သေဆုံးမှု မရှိဘူး ဆိုရင်တောင်မှ သူတို့လေး တွေဟာ ကျန်းမာသန်စွမ်း တဲ့ ကလေးငယ် များနဲ့ တန်းတူ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ဥာဏ်ရည်ပိုင်းမှာ သိသိသာသာ ကျဆင်းသွား မှာပါ။

          အထက်မှာ တင်ပြခဲ့တာကို ပြန်ပြီး ရည်ညွှန်းရရင် ကလေးငယ် တွေဟာ မိမိတို့ရဲ့ အနာဂတ် ဖြစ်ပြီး အမျိုးသမီး ငယ်တွေကတော့ အနာဂတ်ရဲ့ ပဲ့ကိုင်ရှင်တွေ ဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ခေတ်သစ် ယဉ်ကျေးမှု ဖြစ်တဲ့ အမျိုးသမီးငယ်တွေ အရက်သေစာ သောက်ခြင်းနဲ့ ဆေးလိပ် သောက်ခြင်း တွေကြောင့် မိမိတို့ရဲ့ အနာဂတ် ကလေးတွေ ပျက်စီး ဆုံးရှုံးသွား နိုင်တယ်ဆို တာကို သတိချပ် သင့်ပါတယ်။

ထက်မြက်

Ref : Mail Online

ဓာတ်ပုံ - အင်တာနက်

Crd : mwd daily

No comments: