ဝက်သက်လိုလား . . . တုပ်ကွေးလိုလား
ဝက်သက်ရောဂါလို့ ပြောလိုက်ရင် ကျွန်မတို့ လူကြီးတွေရော၊ ကလေးတွေရော အားလုံး အကျွမ်းတဝင် သိကြပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်မှာ ကျွန်မတို့ မောင်နှမတွေ တစ်နေကုန် ဆော့ကစား ကြတယ်။ အဲဒါ ဖျားရင် အတူတူ ဖြစ်ကြတယ်။ ဝက်သက် ပေါက်တာ ရေယုန်ပေါက်တာ၊ ရေကျောက် ပေါက်တာတွေ ဖြစ်ရင် အားလုံး ဖြစ်ကြတယ်။
မှတ်မှတ်ရရ ဝက်သက်ပေါက်တဲ့ နှစ်ကဆိုရင်
အစပိုင်းဖျားပြီး အနီပိမ့်လေးတွေ ထွက်လာတယ်။
မျက်လုံးကလည်း နည်းနည်းနီ တယ်လေ။ အနီပိမ့်လေးတွေ
တစ်ကိုယ်လုံး ထွက်ပြီး နောက်နေ့မှာ အဖျားကျ သွားတယ်။ ပုံမှန် ပြန်ဖြစ်သွား တာပေါ့။ ဝက်သက် ဆိုတာ
တစ်ခါပေါက် ပြီးရင် ဝက်သက် ပြီးသွားပြီလို့
ဆိုပါတယ်။
ဟုတ်ပါတယ်။ ဝက်သက်ရောဂါဟာ တစ်ခါဖြစ်ပြီးရင် နောက်ထပ် ဘယ်တော့မှ ထပ်မဖြစ်တော့ ပါဘူး။
ကျွန်မတို့မှာရှိတဲ့ ကိုယ်ခံစွမ်းအားက ဝက်သက်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်ပိုးကို ထာဝရ
အနိုင်ယူ လိုက်ပြီဖြစ်ပါတယ်။ အင်္ဂလိပ်လို ကတော့ ဘဝတစ်သက်စာ ကာကွယ် စွမ်းအား ( Life Long Immunity ) ရရှိတယ်လို့ ဆိုပါတယ်။ ဝက်သက်ရောဂါ
ကာကွယ်ဆေး ထိုးရင်လည်း ဒီသဘောတရား အတိုင်းဖြစ်မယ်လို့
ဆိုလိုပါတယ်။
ဒီနေရာမှာ ကိုယ်ခံစွမ်းအား အကြောင်းကို အနည်းငယ် ရှင်းပြလို ပါတယ်။ ကိုယ်ခံစွမ်းအား
ဆိုတာ ကျွန်မတို့ အားလုံးမှာ ရှိပါတယ်။ ဘာနဲ့တူလဲ ဆိုတော့ ကျွန်မတို့ တစ်ဦးချင်းစီမှာ ရှိတဲ့ ကိုယ်ပိုင် တပ်မတော်ပဲ ဖြစ်ပါတယ်။ ဒီ ကိုယ်ပိုင်
တပ်မတော်မှာ ရှိတဲ့ တပ်မတော်သား တွေဟာ ကျွန်မတို့
ခန္ဓာကိုယ် ထဲကို ရန်သူတွေ ကျူးကျော် လာပြီဆိုရင် သူတို့က တိုက်ထုတ်ပြီး အနိုင် ယူလိုက်မှာ
ဖြစ်ပါတယ်။ ရန်သူဆိုတာ ရောဂါပိုးတွေ ပေါ့။
ဗက်တီးရီးယား ပဲဖြစ်ဖြစ်၊ ဗိုင်းရပ်ပဲ
ဖြစ်ဖြစ် ဘယ်လိုပိုးပဲ လာလာ ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ
ရှိတဲ့ တပ်မတော်သား တွေက အတတ်နိုင်ဆုံး ခုခံကာကွယ် ကြမယ်ပေါ့။
တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင် ကိုယ်ခံစွမ်းအား ကောင်းရင် (တပ်မတော် သားတွေ အင်အားရှိရင်) ဝင်လာတဲ့ ရောဂါပိုးတွေ အကုန် သေကုန်မယ်။
ကျွန်မတို့ ရောဂါမဖြစ်တော့ ဘူးပေါ့။ ဒါ့အပြင် ကျွန်မတို့ရဲ့ ကိုယ်ခံ စွမ်းအားစနစ်ရဲ့ ထူးခြားတဲ့ အချက် ရှိပါသေးတယ်။ ဒီစနစ်မှာ ပါတဲ့
တပ်မတော်သား တွေဟာ ကိုယ်ထဲကို ဝင်လာတဲ့ ရောဂါပိုး တစ်ခုချင်းစီ အတွက် လက်နက် တွေကို
တီထွင်ပြီး အဆင်သင့် လုပ်ထားကြ ရပါတယ်။ ဆေးပညာ အရတော့ တုံ့ပြန်မှု လက်နက်လို့ ခေါ်ပါတယ်။ ဒီတုံ့ပြန်မှု လက်နက်တွေရဲ့ သက်တမ်းကာလ
ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။
ဝက်သက်ရောဂါ မှာဆိုရင် သူ့အတွက် တုံ့ပြန်မှု လက်နက်ရဲ့ သက်တမ်း
ကာလဟာ ရာသက်ပန် ဖြစ်ပါတယ်။ ဒီလိုဆိုရင် တုပ်ကွေးရောဂါ ကရော။ တုပ်ကွေး ဗိုင်းရပ်ပိုးဟာ
တော်တော်ကို ပါးနပ်ပါတယ်။ သူဟာ အမြဲတမ်း ရုပ်ဖျက်ပြီး လာလေ့ရှိပါတယ်။ ဥပမာ- ဒီနှစ်ဝတ်ရုံအနီ ဝတ်တယ်ဆိုရင် နောင်နှစ်ကျရင်
ဝတ်ရုံ အစိမ်း ပြောင်းပြီး ဝတ်လာတယ်။ နောက်တစ်နှစ် ကျရင် ဝတ်ရုံအပြာ ဝတ်တယ်ပေါ့။ အဲဒါ
ကျွန်မတို့ ကိုယ်ပိုင် တပ်မတော်မှာ ရှိတဲ့ တပ်မတော်သား တွေက မျက်စိမှား ကုန်ကြတာပေါ့။ တစ်နှစ်တစ်ခါ ပြောင်းနေတော့ မျက်စိ မှောက်ကုန်ကြ
တာပေါ့။ ဘယ်လောက်များ ဥာဏ်များလိုက်တဲ့ တုပ်ကွေးပိုးလဲ
လို့လေ။ အဲဒါကြောင့် လည်း တုပ်ကွေး ကာကွယ်ဆေးက တစ်နှစ်တစ်ခါ ပြောင်းပြောင်းပြီး တီထွင်ပြီး ထိုးနေကြတာပါ။
တုပ်ကွေး ပိုးဝင်လာတဲ့ ကုတ်အင်္ကျီ အရောင်နဲ့ လိုက်လျော ညီထွေရှိ အောင် တီထွင်မှ သူရုပ်ပြောင်း
တာကို အမိအရ ဖမ်းနိုင်မှာပေါ့။
ဒီလိုဆိုရင် အခု ကိုဗစ်ပိုးကရော ဘယ်လိုများ ပါလိမ့်။ ဝက်သက် လိုလည်း မဟုတ်ပါ၊ တုပ်ကွေး လိုလည်း မဟုတ်ပါလို့ ဖြေရပါမယ်။ တုပ်ကွေးရောဂါ
ပိုးက တစ်နှစ်တစ်ခါ ပုံစံပြောင်းလဲ ပေမယ့် သူ့အတွက် ထုတ်ထားတဲ့ လက်နက် (ကိုယ်ခံစွမ်းအား ပြီးမြောက်ခြင်း)
က တစ်နှစ်တော့ ခံသေးတယ်။ နောင်နှစ်မှ လက်နက်ပုံစံ ပြောင်းထုတ်ရမှာ။ ဒီ ကိုဗစ် -၁၉ ကတော့ တစ်နှစ်တောင်
မခံဘူးလို့ ပြောရပါမယ်။ ဒီလိုပြောဖို့ အတွက်
အထောက်အထား တွေကဒီလိုပါ။ ဟောင်ကောင်က ကိုဗစ်ရောဂါ
ဖြစ်တဲ့ ၃၃ နှစ်အရွယ် အမျိုးသား တစ်ဦးဟာ ယခုနှစ် မတ်လမှာ တစ်ခါဖြစ်တယ်။ ကိုဗစ်ရောဂါ
လက္ခဏာတွေ ဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ မောတာ အစုံပဲဖြစ်တယ်။ သူ့ရဲ့ အာခေါင်
တို့ဖတ်မှာလည်း ပိုးတွေ့တယ်။ နှစ်ပတ် သုံးပတ်ကြာတော့ သူလည်း နာလန်ထ ပြန်ကောင်း
သွားတယ်ပေါ့။ တစ်လ လောက်ကြာတော့ သူက နိုင်ငံခြား ခရီးသွားတယ်။ စပိန် လည်း ရောက်တယ်။
အင်္ဂလန်လည်း ရောက်တယ်ပေါ့။ သူ့တိုင်းပြည် ဟောင်ကောင် ပြန်ရောက်ပြီးနောက် သြဂုတ်လမှာ
ပြန်ဖျားတယ်။ ချောင်းဆိုးတယ်။ ဒီတစ်ခါ အာခေါင်တို့ဖတ် ယူတော့လည်း ပိုးတွေ့ပြန်တယ်။
မတ်လက တွေ့တဲ့ပိုးနဲ့ ယခု သြဂုတ်လမှာ တွေ့တဲ့
ပိုးနှစ်ခုက ကွာခြားလား၊ ထပ်တူပဲလား ဆိုတာ ထပ်ပြီး စစ်ကြည့်တယ်။ ကိုဗစ်ရောဂါ ပိုးမှာလည်း
ဂျင်းမျိုးကွဲ အသေးစား လေးတွေ ရှိတယ်လေ။ ဒီလူနာမှာ ပိုးနှစ်ခုက ကွာခြားတယ်။ ဂျင်းမျိုးကွဲ
နှစ်မျိုး ဖြစ်နေတာကို တွေ့ရ တယ်။ ဒီမှာ ကောက်ချက်ချနိုင်တာကတော့ ကိုဗစ် ရောဂါဟာ ပြန်ဖြစ်နိုင်တယ်။
သူ့အတွက် ထုတ်ထားတဲ့ လက်နက် (ကိုယ်ခံစွမ်းအား
ပြီးမြောက်ခြင်း) ဟာ ဂျင်းမျိုးကွဲတွေကို မူတည်ပြီး ပြောင်းတာပါ။ မတ်လမှာ ဖြစ်တဲ့ ကိုဗစ်ရောဂါပိုး
ဂျင်းမျိုးကွဲဟာ အမေရိကန် နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံက ကိုဗစ်ပိုးမျိုး ဖြစ်ပြီး ဒုတိယ
အကြိမ် ဖြစ်တဲ့ ဂျင်းမျိုးကွဲ ကတော့ ဆွစ်ဇာလန်နဲ့ အင်္ဂလန်နိုင်ငံ တို့က ကိုဗစ်ပိုးမျိုး
ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ် အလားတူဖြစ်ရပ် တစ်ခုကတော့ အမေရိကန်နိုင်ငံ
မှာတွေ့ခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် အမျိုးသား တစ်ဦးဟာ ၂ဝ၂ဝ ဧပြီလဆန်း မှာ ကိုဗစ်ရောဂါ
ဖြစ်တယ်။ ပြန်ကောင်း သွားတယ်။ ပြီးတော့ ဇွန်လမှာ ကိုဗစ်ရောဂါ လက္ခဏာတွေ ပြန်ဖြစ်တယ်။
ဒုတိယ အကြိမ်ဖြစ်တာ ပိုဆိုးတယ်လို့ ဆိုပါတယ်။
သူ့ရဲ့အာခေါင် တို့ဖတ်မှာ တွေ့တဲ့ ကိုဗစ်ရောဂါပိုး နှစ်ခုဟာ ဂျင်းမျိုးကွဲတွေ ဖြစ်တယ်လို့
ဆိုပါတယ်။ သူက ပြည်ပ ခရီးသွားထားခြင်း မရှိပါဘူး။ အဲတော့ သူ့တိုင်းပြည်ထဲ မှာနေရင်း
ပြန်ဖြစ်တာပေါ့။ တစ်နည်းအားဖြင့် သူ့တိုင်းပြည် ထဲမှာ ကိုဗစ်ရောဂါ ဂျင်းမျိုးကွဲ တစ်မျိုးထက်
ပိုပြီး ရှိတယ်လို့ သုံးသပ်လို့ ရပါတယ်။ ဒါ့အပြင် နယ်သာလန် နိုင်ငံမှာလည်း အလားတူ ဖြစ်ရပ်ဖြစ်ခဲ့
ပါတယ်။ အသက် ၈ဝ ကျော် အဘွား တစ်ဦးဟာ ပထမအကြိမ် ကိုဗစ် ဖြစ်တာနဲ့ ဒုတိယအကြိမ် ဖြစ်တာဟာ
နှစ်လပဲကွာ ပါတယ်။ သူဟာ ကင်ဆာရောဂါ ခံစားနေရတာ ဖြစ်ပါတယ်။ အသက်အရွယ် ကြောင့်ရော၊ ကင်ဆာ
ရောဂါပါ ဖြစ်နေတာကြောင့် ဒီအဘွားဟာ ဒုတိယအကြိမ် ဖြစ်တဲ့ ကိုဗစ်ရောဂါ ဆိုတဲ့ တောင်ကြီးကို
မကျော်လွှားနိုင်ခဲ့ ပါဘူး။ ဒီအဘွားမှာ ဖြစ်တဲ့ ကိုဗစ်ရောဂါ ပိုးနှစ်ခုဟာ ဂျင်းမျိုးကွဲတွေ
ဖြစ်တယ်လို့ တွေ့ရှိရ ပါတယ်။
ဒါတင်မကသေး ပါဘူး။ ဘယ်လ်ဂျီယံ နိုင်ငံ၊
နယ်သာလန် နိုင်ငံ၊ အီကွေဒေါနိုင်ငံ တို့မှာလည်း
လူတစ်ဦးထဲမှာ ကိုဗစ်ရောဂါပိုး ပြန်ဖြစ်တာ တွေ့ရပါတယ် လို့ဆိုပါတယ်။ စုစုပေါင်း ၂၃ ဦးရှိပါပြီတဲ့။ အဲဒီတော့ အခု ၂ဝ၂ဝ
နှစ်ဦး ကတည်းက အခုဆိုရင် ၁ဝ လလောက် ရှိပြီပေါ့။ ကိုဗစ်ရောဂါ ဖြစ်တဲ့ လူနာပေါင်း ကုဋေနဲ့ချီပြီး
ရှိနေတာ ထဲမှာ ပြန်ပြီးဖြစ်တာ၊ ထပ်ပြီး ဖြစ်တာက ဆယ်ဂဏန်းပေါ့။ ၂၃ ဦးလောက် ရှိတာပေါ့။
ဖြစ်နိုင်ခြေ အင်မတန် နည်းပါးတယ်လို့ ပြောလို့တော့ ရပါတယ်။ ဒီလိုမျိုး ကိုဗစ်ပိုးကို
ဂျင်းမျိုးကွဲ ခွဲခြားတာကို လုပ်နိုင်တဲ့ တိုင်းပြည်ကလည်း နည်းပါးတယ်လေ။ ဈေးလည်းကြီး၊ နည်းပညာလည်း
ခက်ခဲနက်နဲ မှာပေါ့။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မတို့ သင်ခန်းစာ ယူရမှာ ကတော့ ကိုဗစ်ရောဂါ တစ်ခါဖြစ်ပြီးရင်
ငါတော့ဖြစ်ပြီးပြီ၊ ပြန်ကောင်းသွားပြီ၊ စိတ်မပူ ရတော့ဘူး၊ ထပ်မဖြစ် နိုင်တော့ဘူး ဆိုတဲ့
အသိဟာ မှားပါတယ်။ ကျွန်မတို့ တိုင်းပြည်မှာ
အခုဖြစ်နေတဲ့ ကိုဗစ်ပိုး ဂျင်းမျိုးကွဲနဲ့ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံ တွေမှာ
ဖြစ်တဲ့ ဂျင်းမျိုးကွဲဟာ တူချင်လည်း တူမယ်။ ကွာခြားတာလည်း ဖြစ်နိုင်တယ်။ ဒါ့အပြင်
လေယာဉ်ပျံ စီးပြီး ပါလာမယ့် ကိုဗစ်ပိုးတွေ ဟာလည်း
ဂျင်းမျိုးကွဲတွေ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
ဒါကြောင့်မို့လို့ ကိုဗစ်ရောဂါပိုး မဖြစ်အောင်
ကာကွယ်ရမယ့် နည်းလမ်းတွေကို အမြဲလုပ်ဆောင် နေကြရပါမယ်။ အများသိတဲ့ အတိုင်း နှာခေါင်းစည်း
တပ်တာ၊ မျက်နှာအကာ တပ်တာ၊ ခေါင်းစွပ်ဝတ်တာ၊ လက်ဆေးတာ၊ တတ်နိုင်သရွေ့ အိမ်ထဲမှာပဲ နေတာ၊
မဖြစ်မနေ အကြောင်းများ ကြောင့် အပြင်ထွက် ရင်လည်း လူမှုရေး အကွာအဝေးကို ဂရုပြုတာ၊ ကိုယ်ခံအား
ကောင်းအောင် ဂရုစိုက်တာ တွေကို ထာဝရ လုပ်ဆောင်ကြ
ရပါမယ်။ ကိုဗစ်ရောဂါ တစ်ခါဖြစ်ပြီး ရင်လည်း ကိုဗစ်ပိုးကို အောင်သွားပြီလို့ အရမ်းပျော်
မနေပါနဲ့။ ထပ်ပြီး ဖြစ်နိုင်ခြေ ရှိလို့ ကိုဗစ်အမြင် ကိုဗစ်သတိ ထာဝရ ရှိကြပါ။ ကာကွယ်ရေး
လုပ်ငန်းတွေကို အမြဲသတိရှိကြ ပါလို့ တိုက်တွန်း လိုပါတယ်။ ။
ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ
ဓာတ်ပုံ - အင်တာနက်
No comments:
Post a Comment