Sunday, October 4, 2020

လူအများသတိမထားမိသော လက်ကိုင်ဖုန်းထက်က ပိုးမွှားအန္တရာယ်

 လူအများသတိမထားမိသော လက်ကိုင်ဖုန်းထက်က ပိုးမွှားအန္တရာယ်



မိမိတို့ ပတ်ဝန်းကျင် တွင်ရှိသော အများသုံးပစ္စည်း များ ဖြစ်ကြသည့် မီးခလုတ်များ ၊ တံခါးလက်ကိုင်ဘု များ ၊ ဓာတ်လှေကား အတွင်း အပြင် ခလုတ်များ ၊ ကွန်ပျူတာ လက်ကွက်များ ၊ လှေကား လက်တန်းများ ၊ တီဗွီရီမုခ်များ ၊ ရေခဲသေတ္တာ တံခါး လက်ကိုင်များ နှင့် ငွေကြေးစက္ကူများ စသည်တို့မှ ကူးစက်ရောဂါ ဗိုင်းရပ်စ် ပိုးမွှား အန္တရာယ် ဖြစ်စေနိုင်သည် ကို ကျန်းမာရေး အသိအမြင် ရှိသူတိုင်း သိထားကြပြီး ဖြစ်သည်။




လက်ကိုင်ဖုန်း ထက်က ပိုးမွှားအန္တရာယ်


သတိမမူ ဂူမမြင် ဆိုသကဲ့သို့ မိမိနှင့် လက်ပွန်းတတီး တွင်ရှိနေသော လက်ကိုင်ဖုန်း ထက်က ပိုးမွှား အန္တရာယ် ကို လူတိုင်းနီးပါး သတိမထား မိတတ်ကြပေ။ ကျန်းမာရေး သုတေသီ များ၏ လေ့လာဆန်းစစ် မှု မှတ်တမ်းများအရ လက်ကိုင်ဖုန်း (ဟန်းဖုန်း) နှင့် တယ်လီဖုန်း များပေါ်ရှိ ဗက်တီးရီးယား ပိုးမွှားများသည် မိလ္လာထိုင်ခုံထက် ၁၈ ဆမျှ ပိုများကြောင်း တွေ့ရှိရသည်။


ထို့ကြောင့် မကြာခဏ လက်ဆေးခြင်း အပြင် လက်ကိုင်ဖုန်း ကို မကြာခဏ သန့်ရှင်းရေး လုပ်ခြင်းကလည်း ပိုးမွှားများ နှင့် ထိတွေ့နိုင်မှု အလားအလာ ကို လျှော့ချပေး နိုင်ပါလိမ့်မည်။ ယနေ့ခေတ် အခါတွင် လူတိုင်းနီးပါး လက်ကိုင်ဖုန်း သုံးစွဲ လာကြပြီး မိမိ၏ တစ်နေ့တာ ကာလအတွင်း နံနက် အိပ်ရာထချိန် မှသည် ညအိပ်ရာဝင် သည်အထိ (ပထမဦးဆုံး နှင့် နောက်ဆုံး) တွေ့ထိရသော အရာ ၀တ္ထုပစ္စည်း ဖြစ်သည်။ လူ့ခန္ဓာကိုယ် တစ်ခုလုံး၏ အညစ်ပေဆုံး နေရာသည် လက်ဖ၀ါး ဖြစ်သည်။ (လက်ဖ၀ါး နှစ်ဖက်ဟု ဆိုရာတွင် ဘယ်ညာ လက်ဆယ်ချောင်း လုံး အကျုံးဝင်သည်) ထိုအခါ မိမိလက်နှင့် ထိတွေ့မှု အများဆုံး ဖြစ်သည့် သင့်ဖုန်းတွင် ဗက်တီးရီးယား များ ပေါက်ပွားရှင်သန် နေကြသည်။


ဖုန်းမျက်နှာပြင် မှ စေးကပ်မှု နှင့် အခြား အော်ဂဲနစ် ပစ္စည်းများ၏ ဘေးပယောဂ ကြောင့်အပြင် ၊ ဖုန်း၏ ပူနွေးမှု ကြောင့်လည်း ပိုးမွှားများ ပေါက်ပွားရန် လွယ်လူစေသည်။ ထို့ကြောင့် ဖုန်းတစ်လုံးတွင် မိလ္လာထိုင်ခုံထက် ပိုးမွှား ၁၈ ဆ မိုများကြောင်းကို သုတေသီ များက သတိပေး အကြံပြု ထားရခြင်း ဖြစ်သည်။


ယနေ့ ကမ္ဘာကို ခြောက်လှန့်နေသော လတ်တလော COVID-19 ရောဂါဖြစ်ပေါ် နေချိန်တွင် ဖုန်းသန့်ရှင်းမှုကို လျစ်လှူမရှု သင့်ပေ။ ၄င်း ဗိုင်းရပ်စ်သည် သတ္တု ၊ ဖန်သားပြင် ၊ မှန် နှင့် ကြွေပြားများ ပေါ်တွင် ရှင်သန် နေနိုင်ပြီး မြန်မာနိုင်ငံ ကဲ့သို့ အပူပိုင်းဇုန် ဒေသတွင် ပျမ်းမျှ ၃ ရက်ခန့် ရှင်သန် နေနိုင်သည်။ အလူမီနီယံ ပေါ်တွင် ထို့ထက် အတန်ငယ် လျော့ပါး သက်တမ်းရှိ နိုင်သည်ဟုလည်း သုတေသီ များက သုံးသပ်ထား ကြသည်။


လက်ကိုင်ဖုန်း သန့်စင်နည်း


သင့်ကျန်းမာရေး အတွက် လက်ကိုင်ဖုန်း ကို သန့်ရှင်ရေး လုပ်ဖို့ လိုပါပြီ။ လက်သန့်စင် ဆေးရည်သည် အယ်လ်ကိုဟော ၇၀ ရာခိုင်နှုန်း (အနည်းဆုံး ၆၀ ရာခိုင်နှုန်း) ပါဝင်နေ သဖြင့် ပိုးမွှားကို သုတ်သင်ရန် အကောင်းဆုံး ဆေးရည် ဖြစ်သည်။ သို့သော် အယ်လ်ကိုဟော ဓာတ်က ဖုန်းမျက်နှာပြင် ပေါ်မှ ဆီကျခြင်း ၊ ရေစိုခြင်း တို့ကို ခံနိုင်ရည် ရှိအောင်သာ လုပ်ထားသော အကာအကွယ် Coating (အကြည်လွှာ) ကို တိုက်စားသွား နိုင်သော အန္တရာယ် ရှိသည်။ ထို့ကြောင့် အယ်လ်ကိုဟော ပါသော ဆေးရည်တစ်ဆ နှင့် ရေတစ်ဆ ရောကာ (ဆေးရည် နှင့် ရေဆတူရောရန်) နူးညံ့သော အ၀တ်တွင် ဆွတ် ပြီး ဖုန်းကို သန့်ရှင်းရေး လုပ်ခြင်းသည် ဘေးထွက် ဆိုးကျိုး မရှိဘဲ ပိုးသတ်ရန် ကောင်းမွန်သော နည်းလမ်း တစ်ခုဖြစ်သည်။


နောက်တစ်နည်းမှာ Phone Soap ခေါ် Device တစ်ခုရှိပြီး ၄င်းမှာ ဖုန်းကို အားသွင်းထားစဉ် ခရမ်းလွန် ရောင်ခြည် သုံး၍ ဖုန်းကို ပိုးသတ်ပေးသော ပစ္စည်းဖြစ်သည်။ (သို့သော် ၄င်း ပစ္စည်းသည် အထက်တွေင် ဖော်ပြထားသော နည်းထက် ငွေကြေး ကုန်ကျမှု များသည်။)


သို့ပါ၍ ယခုလို COVID-19 ရောဂါ စိုးရိမ်ရသော အခြေအနေတွင် လူထူထပ်သော နေရာများသို့ မဖြစ်မနေ သွားရသောအခါ ပါးစပ် နှင့် နှာခေါင်းစည်း တပ်ထားခြင်း ၊ မကြာခဏ လက်ဆေးခြင်း ၊ အိပ်ရေး၀၀ အိပ်စက်ခြင်း ၊ တစ်ကိုယ်ရေ သန့်စင်ခြင်း ၊ အာဟာရ တန်ဖိုးမြင့် အစားအစာများ စားသုံးခြင်း စသည်ဖြင့် မလုံလောက် နိုင်ဘေးဘဲ လက်ကိုင်ဖုန်း များကိုလည်း သန့်စင် ပေးကြ စေလို့ကြောင်း အကြံပြု လိုက်ရပါသည်။


ပေါက်ပေါက်

ဓာတ်ပုံ - အင်တာနက်









No comments: