Monday, October 5, 2020

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ပြောင်းလဲပေးနိုင်တဲ့ လူသားတွေရဲ့ သွားလာမှု အမူအကျင့်များ

 သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ပြောင်းလဲပေးနိုင်တဲ့ လူသားတွေရဲ့ သွားလာမှု အမူအကျင့်များ


ယနေ့ အချိန်အခါမှာ မော်တော်ယာဉ် တွေဆိုတာ လေထု ညစ်ညမ်းမှုနဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို အများဆုံး ဖြစ်ပေါ်စေတဲ့ အရာဖြစ်သည်။ ကားတစ်စီး ကနေ လောင်စာဆီ ၁ ဂါလန် လောင်ကျွမ်းသွားတိုင်း ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ ၁၉ ပေါင် ကျော် ထွက်ရှိသည်။

 

တစ်နေ့ တစ်နေ့ ကမ္ဘာတစ်ဝန်း မှာရှိတဲ့ လမ်းတွေပေါ်မှာ သွားလာနေတဲ့ မော်တော်ယာဉ် အရေအတွက်က မရေမတွက် နိုင်အောင်ပါပဲ။ အထူးသဖြင့် ခရီးဝေး သွားခြင်းထက် ရုံးတက် ၊ ရုံးဆင်း သွားလာမှုက ပိုများသည်။ ဒါကြောင့် မိမိတို့ရဲ့ သဘာဝ ပတ်ဝန်းကျင် ကို ထိန်းသိမ်း ကာကွယ်ဖို့ ဆိုရင် မိမိတို့ရဲ့ နေ့စဉ် လှုပ်ရှား သွားလာမှု ပုံစံကို ပြောင်းလဲဖို့ လိုသည်။ ဘယ်လို နည်းလမ်းတွေနဲ့ နေ့စဉ် သွားလာ လှုပ်ရှားမှု ပုံစံကို ပြောင်းလဲပြီး မိမိတို့ရဲ့ ဘဘာဝ ပတ်ဝန်းကျင် ကြီးကို ကာကွယ်နိုင်လဲ ဆိုတာ အောက်မှာ ဆက်လက် ဖော်ပြ လိုက်ပါတယ်-          


စက်ဘီးစီးပါ


အမေရိကန်နိုင်ငံမှာ အလုပ်လုပ်နေသူ စုစုပေါင်းရဲ့ သုည ဒသမ ၆ ရာခိုင်နှုန်း ဖြစ်တဲ့ လူအယောက် ၈၇၂၀၀၀ ခန့်ဟာ အလုပ်ကို နေ့စဉ် စက်ဘီးစီးပြီး သွားတယ်လို့ ဆိုပါတယ်။ စက်ဘီးစီးတာကို အကြိုက်ဆုံး အရွယ်တွေက ၁၆ နှစ်ကနေ ၂၄ နှစ်ကြား ဖြစ်တယ်လို့ အကြမ်းဖျဉ်း ဆိုနိုင်ပေမယ့် အသက် ၄၅ နှစ်နဲ့ အထက် အလုပ်သမား တွေကလည်း အလုပ်ကို စက်ဘီးနဲ့ သွားတာ ပိုမို နှစ်သက်ကြပါတယ်။ စက်ဘီးစီးခြင်းဟာ မိမိရဲ့ တစ်ကိုယ်ရေ ကျန်းမာရေး အတွက် သိပ်ကောင်းတဲ့ လေ့ကျင့်ခန်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် စက်ဘီးစီးခြင်းဟာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို ထိန်းသိမ်း ကာကွယ်နိုင်ရုံ သာမက လူကိုလည်း ကျန်းမာစေလို့ မိမိတို့ ပြောင်းလဲတဲ့ နေ့စဉ် သွားလာမှု ပုံစံတစ်ခု ဖြစ်ပါတယ်။


လမ်းလျှောက်ပါ


အိမ်နဲ့ အလုပ်နဲ့ နီးသူတွေ အတွက်ကတော့ အလုပ်ကို လမ်းလျှောက်သွားတက သိပ်ကို အကုန်အကျ နည်းတဲ့ အတွက် ကံကောင်းတဲ့ လူသားတစ်ဦး ဖြစ်ပါလိမ့်မယ်။ အမေရိကန် နိုင်ငံမှာတော့ စက်ဘီးစီးပြီး အလုပ်သွားတဲ့သူ သုည ဒသမ ၆ ရာခိုင်နှုန်း သာ ရှိပေမယ့် လမ်းလျှောက် သွားတဲ့ သူကတော့ ၂ ဒသမ ၉ ရာခိုင်နှုန်း ရှိပါတယ်။  လမ်းလျှောက် ခြင်းကြောင့် ရရှိမယ့် အားသာချက် တွေက အဓိက အားဖြင့် ကျန်းမာရေး ကောင်းလာခြင်း ပါပဲ။ အမေရိကန် နှလုံးရောဂါ အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက် အရဆိုရင် တစ်နေ့ကိ နာရီဝက် လောက် လမ်းလျှောက်ပေး ခြင်းဟာ လေဖြတ်ခြင်း ၊ အရိုးပွရောဂါ ဖြစ်ခြင်း နဲ့ နှလုံးရောဂါ များဖြစ်ခြင်း အပါအ၀င် ဆိုးဝါးလှတဲ့ ကျန်းမာရေး ပြဿနာ တွေ ဖြစ်ပွားမှုကို လျော့နည်း စေလိမ့်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် အလုပ်ကို လမ်းလျှောက် သွားမယ်ဆိုရင် တစ်ဖက်က ကိုယ့် ကျန်းမာရေး ကို လိုက်စားပြီး ဖြစ်သလို တစ်ဖက်မှာလည်း ပျက်စီးရမယ့် သဘာဝ ပတ်ဝန်းကျင် ကို ကာကွယ်ပြီးသား ဖြစ်သွား ပါလိမ့်မယ်။

ဘတ်စ်ကားစီးပါ

 

တချို့ကတော့ အလုပ်နဲ့ အိမ်နဲ့ ကြားကလည်း နည်းနည်းဝေးတယ်။ စက်ဘီးလည်း မစီးချင်ဘူး ဆိုရင်တော့ အကောင်းဆုံးက ဘတ်စ်ကား စီးခြင်းပါပဲ။ ဘတ်စ်ကား တစ်စီးဟာ လူအယောက် ၇၀ လောက်ကို တင်ဆောင် နိုင်ပါတယ်။ ဘတ်စ်ကား တစ်စီးကနေ ထွက်ရှိတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ ပမာဏ က ခရီးသည် တစ်ဦးစာအတွက် သုည ဒသမ ၁၄ ပေါင် ရှိပါတယ်။ လူတစ်ဦးတည်းက ကားတစ်စီးတည်းကို မောင်းပြီး သွားမယ်ဆိုရင် ထွက်ရှိမယ့် ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့က သုည ဒသမ ၈၉ ပေါင် ပါ။ ဒါကြောင့် လူတစ်ဦးချင်း က ကားတစ်စီး ချင်းစီကို စီးနင်းမယ့် အစား ဘတ်စ်ကား စီးခြင်းဟာ သဘာဝ ပတ်ဝန်းကျင် ကို ထိခိုက်စေမယ့် ကာဗွန်ဓာတ်ငွေ့ ထွက်ရှိမှုကို များစွာ လျှော့ချပေး နိုင်ပါတယ်။

 

လျှပ်စစ်ကားကိုစီးပါ


တကယ်လို့ ကိုယ်က ကိုယ့်ကားနဲ့ ကိုယ်သွားမှ ရတော့မယ့် အခြေအနေ ဆိုရင် အကောင်းဆုံး ကတော့ လျှပ်စစ်ကား ကို စီးတာ အကောင်းဆုံး ပါပဲ။ လျှပ်စစ်ကား တွေဟာ ရုပ်ကြွင်း လောင်စာ တွေကို အသုံးပြုတာ မဟုတ်တဲ့ အတွက် သူတို့ဆို ကနေ ကာဗွန်ဓာတ်ငွေ့ ထွက်ရှိခြင်း မရှိပါဘူး။ လျှပ်စစ်ကားကို စီးခြင်းဟာ သဘာဝ ပတ်ဝန်းကျင် ကို လုံးဝ မထိခိုက် စေတာတော့ မဟုတ်ပါဘူး။ ယနေ့ခေတ် လျှပ်စစ်ကား အများအပြား က လီသီယံအိုင်းယွန်း ဘက်ထရီ အပေါ် မှီခို နေပါတယ်။ ဒါပေမယ့်လည်း လျှပ်စစ်ကား ဟာ ရုပ်ကြွင်း လောင်စာသုံး ကားတွေနဲ့ နှိုင်းယှဉ်ရင်တော့ လေထဲကို ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု အနည်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ်ကား စီးခြင်းဟာ မတတ်သာတဲ့ အဆုံး လုပ်ဆောင်ရတဲ့ ရွေးချယ်မှု ဖြစ်ပေမယ့်လည်း ကာဗွန်ဓာတ်ငွေ့ ထွက်ရှိမှု အနည်းငယ်သာ ရှိတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး မထိခိက် စေတာတော့ အမှန်ပါ။


ကားကိုတစ်နေရာမှာရပ်ပြီး အလုပ်ကိုလမ်းလျှောက်ပါ


ဒီလို လုပ်ရတာဟာ နည်းနည်းတော့ ရူးကြောင်ကြောင် ဆန်ချင်ဆန် နေပါလိမ့်မယ်။ ဒါပေမယ့် ဒီလို လုပ်ခြင်း အားဖြင့် ကိုယ့်အတွက်သာ ကောင်းကျိး ရမှာပါ။ တကယ်လို့ ကိုယ်က တော်တော် လှမ်းတဲ့နေရာ မှာရှိတဲ့ အလုပ်ကိုလည်း သွားရမယ်။ နေ့စဉ် လေ့ကျင့်ခန်း လည်း လုပ်ချင်တယ် ဆိုရင်တော့ ဒီနည်းလမ်းက အကောင်းဆုံး ပါပဲ။ တစ်ဖက် ကားကနေ ထွက်ရှိမယ့် ကာဗွန်ဓာတ်ငွေ့ ပမာဏကို အနည်းငယ် လျှော့ချနိုင်ပြီး တစ်ဖက်ကလည်း လမ်းလျှောက် ခြင်းကြောင့် ကျန်းမာရေး ကို ကောင်းစေပါတယ်။ ဒီလို အမူအကျင့် ကို ပြောင်းလဲ လိုက်ခြင်း အားဖြင့် အားကစားကို တစ်သီးတစ်သန့် သွားလုပ်စရာ မလိုဘဲ အလုပ်တက်ရင်း နဲ့ လုပ်နိုင် ပါလိမ့်မယ်။ ဒါ့အပြင် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချလိုက် တာကြောင့် သဘာဝ ပတ်ဝန်းကျင်ကို လည်း ကာကွယ်ပြီးသား ဖြစ်ပွားမှာ ဖြစ်ပါတယ်။

 

နွေဦး

No comments: