ဘေးကင်းအောင် နေထိုင်ခြင်းဆိုရာဝယ်
အခု ကျွန်မတို့ အားလုံး နေ့စဉ် ၂၄ နာရီလုံး ပူပန် နေကြရ တာကတော့ COVID-19 ရောဂါ အကြောင်းပါပဲ။ သူဟာ ကျွန်မတို့ကို ဒုက္ခပေးနေတာ ၂၀၂၀ နှစ်ဦး ကတည်းကပါ။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသားအားလုံး ဆင်းရဲ၊ ချမ်းသာမရွေး၊ ရာထူးကြီး၊ ငယ်မရွေး၊ လူမျိုး ဘာသာမရွေးကို ဖြစ်ရတာပါ။ ဒီရောဂါဟာ ကပ်ရောဂါ အသွင် ဖြစ်နေတာ ဆိုတော့ ရောဂါကူးစက် နိုင်ခြေ အနည်းဆုံး ဖြစ်အောင်လုပ်ကြရတာပေါ့။ အတတ်နိုင်ဆုံး အိမ်ထဲမှာ နေကြဖို့၊ လုပ်ငန်းခွင် ကိုလည်း နားလို့ ရတာတွေ နားထားဖို့ အိမ်မှာနေပြီး လုပ်လို့ ရရင်လည်း လုပ်ကြဖို့၊ မဖြစ်မနေ အရေးကြီးကိစ္စ ပေါ်လာလို့ အိမ်အပြင် ထွက်ရင်လည်း အကာအကွယ်တွေ ၀တ်ဖို့တွေကို ကျန်းမာရေး အသိပညာ ပေးတဲ့ နည်းမျိုးစုံနဲ့ လုပ်ကြ ရတာလေ။ ပြည်သူတွေ အားလုံးပါဝင်မှ တစ်ဦးချင်း စီက လိုက်နာမှ ဖြစ်တာ မဟုတ်လား။ ဒီဆောင်းပါးမှာ ဘေးကင်းအောင် နေထိုင်ခြင်းနဲ့ ပတ်သက်ပြီး တင်ပြလို ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ကျွန်မရဲ့ သူငယ်ချင်း သားဖွား မီးယပ် ပါရဂူတစ်ဦးက ဖုန်းဆက် ပါတယ်။ သူက ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှာ တာဝန် ထမ်းဆောင် နေတာပါ။ သူက COVID-19 ပိုး တွေ့လို့တဲ့။ သူ့ကိုယ်သူလည်း အံ့သြနေတယ်။ သူက ဆေးရုံသွားရင်၊ လူနာကြည့်ရင် ၀တ်သင့် တာတွေ အားလုံး အကုန်ဝတ် တာလေ။ ၀တ်သင့်တာ တွေဆိုတာ ခေါင်းစွပ်၊ နှာခေါင်းစည်း၊ မျက်နှာဖုံး၊ အပေါ်ဝတ်ရုံ၊ ကိုယ်စည်း ပလတ်စတစ် အကာ၊ လက်အိတ်နဲ့ လိုအပ်ရင် ရှူးဖိနပ်တွေပေါ့။ ပြီးရင် လက်အိတ်နဲ့ လည်း လူနာ တစ်ဦးချင်း ကိစ္စပြီးတိုင်း လဲလှယ် တယ်လေ။ ပြီးတော့ လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးတယ်။ အရက်ပြန်ပါတဲ့ လက်သန့် ဆေးရည်လည်း သုံးတယ်။ ဒီလိုမျိုး ''ဘေးကင်းအောင် နေထိုင်ခြင်း'' အတွက် အမြဲတမ်း အသိရှိနေတဲ့ ပါရဂူကြီး တစ်ဦး ဘာကြောင့်များ COVID-19 ရောဂါဖြစ်သွား ပါလိမ့်ဆိုပြီး ကျွန်မကို အဖြေရှာပေးဖို့ ဖုန်းဆက်ပါတယ်။ သူဆေးရုံမှာ နေ့စဉ် လိုက်နာ ဆောင်ရွက် နေတာတွေက အားလုံး ဘေးကင်းနေ တာပဲလေ။ ဘယ်လိုများ ဖြစ်သွား ပါလိမ့်။
ကျွန်မလည်း သူ့ရဲ့နေ့စဉ် လုပ်ငန်း ဆောင်တာတွေ ကို လိုက်ပြီး သေသေချာချာ စဉ်းစားကြည့်တော့ ဟာကွက် လေးတွေ တွေ့ရပါတယ်။ ပထမ တစ်ခုကတော့ ဆေးရုံမှာ လုပ်တဲ့ အစည်းအဝေး ခန်းမမှာပေါ့။ အစည်းအဝေး မှာ တစ်ဦးနဲ့ တစ်ဦး ၃ ပေ-၆ ပေကွာမှာ ထိုင်နေ ပေမယ့် ရေနွေးကြမ်း သောက်တဲ့အခါ၊ ကော်ဖီသောက် တဲ့အခါမှာ နှာခေါင်းစည်း ချွတ်ရတယ်လေ။ အဲဒီ အချိန်မှာ အနားမှာ COVID-19 ပိုးရှိနေရင် ရှူမိ သွားမှာပေါ့။
နောက် တစ်နေရာ ကတော့ သူ့ရဲ့ ကားထဲမှာပေါ့။ သူက ကိုယ်တိုင် ကားမောင်းတာ ဆိုတော့ ယာဉ်မောင်းသူ ဆီကတော့ ကူးနိုင်ခြေ မရှိဘူးပေါ့။ ကျွန်မတို့က လက်ဆေးဖို့ကို အမြဲ သတိပေးပေမယ့် မျက်နှာဖုံးရဲ့ အပြင်အလွှာကို ဆပ်ပြာရည်နဲ့ သို့မဟုတ် အရက်ပြန်နဲ့ ဆေးကြောဖို့ကို မေ့နေတတ် ပါတယ်။ လူနာနဲ့ တွေ့တဲ့အချိန် တပ်ခဲ့တဲ့မျက်နှာဖုံးကို ကိုယ့်ရဲ့ ကားပေါ်မှာ ဒီအတိုင်း ချွတ်ထားတယ်။ အဲဒီတော့ မျက်နှာဖုံး အပြင်လွှာမှာ ကပ်ပါလာတဲ့ COVID-19 ပိုးက ကားထဲက Air Conditioner လေပျံ့နှံ့တဲ့ အတိုင်း လည်ပတ်ပြီး အဲဒါကိုရှူမိတော့ ကူးတာ ဖြစ်နိုင်ခြေ အများဆုံးပေါ့။ နှာခေါင်းစည်း ကလည်း ကားထဲမှာ ချွတ်ထားလိုက်ရင် ဒီသဘောတရား အတိုင်းပဲ ဖြစ်တော့ မှာပေါ့။
ဒါကြောင့်မိုလို့ မျက်နှာဖုံးတွေကို တစ်ကြိမ် အသုံးပြု ပြီးတိုင်း ဆပ်ပြာရည်နဲ့ ဆေးကြောသန့်စင် ရပါမယ်။ နှာခေါင်းစည်း ကိုလည်း တစ်ကြိမ် သုံးပြီးတိုင်း စွန့်ပစ် သင့်ပါတယ်။ အကြောင်း တစ်စုံတစ်ရာ ကြောင့် မဆေးရသေးဘူး ဆိုရင် သူတို့ကို ပလတ်စတစ် အိတ်နဲ့ လုံခြုံစွာ ထုပ်ထား ရပါမယ်။ မိမိကားထဲမှာ အလွတ်အတိုင်း ထားလိုက်မယ် ဆိုရင် သူတို့ဆီမှာ ကပ်ပါလာတဲ့ ပိုးတွေကို တစ်ချိန်လုံး ရှူမိပြီး ရောဂါကူးမှာ ကြိမ်းသေပါပဲ။
ဒါ့အပြင် ကျွန်မတို့ အစည်းအဝေး ခန်းမတွေကို ပိုးသတ်ဆေးရည် ဖျန်းခြင်း၊ UV ရောင်ခြည်နဲ့ ပိုးသတ်ခြင်းများ လုပ်ပေးခြင်းဖြင့် ဗိုင်းရပ်ပိုးကို နှိမ်နင်းနိုင် ပါတယ်။ အစည်းအဝေး တွေကို ဖြစ်နိုင်ပါက ''၀က်ဘီနာ'' နဲ့ပဲ လုပ်တာ အကောင်းဆုံးပါပဲ။ အစည်းအဝေးကို လူကိုယ်တိုင် ပါရမယ်ဆိုရင် လူမှုရေး အကွာအဝေး ၃ပေ- ၆ပေနဲ့ ထိုင်ကြရမှာ ပေါ့။ အစည်းအဝေး ခန်းမထဲမှာ နှာခေါင်းစည်းနဲ့ မျက်နှာဖုံး ကိုလည်း တစ်ချိန်လုံး တပ်ထားကြ ရမှာပေါ့။ ရေနွေးကြမ်း သောက်ဖို့ပဲ ဖြစ်ဖြစ်၊ ကော်ဖီ သောက်ဖို့ပဲ ဖြစ်ဖြစ်၊ မုန့်စားဖို့ပဲ ဖြစ်ဖြစ် နှာခေါင်းစည်း၊ မျက်နှာဖုံးကို မချွတ်သင့်ပါ။ ဗိုက်ဆာမှာ စိတ်ပူရင် ချိုချဉ်လေးကို အစည်းအဝေး ခန်းထဲမ၀င်ခင် ကတည်းက ပါးစပ်ထဲမှာ ငုံထားပေါ့။
ဒါ့အပြင် ကိုယ့်ပတ်ဝန်းကျင် မှာတွေ့တဲ့ လူတိုင်းကို COVID-19 အမြင်နဲ့ ကြည့်ပါ။ တစ်နည်းအားဖြင့် ကိုယ်နဲ့တွေ့တဲ့ လူတိုင်းက COVID-19 ရောဂါပိုးကို သယ်ဆောင် လာသူတွေလို့ သတ်မှတ် ရပါမယ်။ စောစောက ပြောသလိုပဲ ရှင်ဘုရင် ဆိုရင်လည်း COVID-19 ရောဂါပိုး သယ်လာသူ ဖြစ်နိုင်တယ်။ ဆိုက်ကား သမားလည်း ဒီလိုပါပဲ။ ပဲပြုတ်သည်လည်း ပါလာမှာပဲ။ အဲဒါကြောင့် သူတို့မှာ မျက်နှာဖုံး တပ်မထားဘူး၊ နှာခေါင်းစည်း တပ်မထားဘူး ဆိုရင် အဲဒီလူနဲ့ မျက်နှာချင်းဆိုင် စကားမပြော ပါနဲ့။ တယ်လီဖုန်း နဲ့ပဲ စကားပြောတာ ဘေးအကင်းဆုံး ဖြစ်ပါတယ်။
တယ်လီဖုန်းနဲ့ ဆိုလို့ ကျွန်မရဲ့ မိတ်ဆွေ COVID-19 ဖြစ်ရင် ပိုးသယ် လာသူဟာ လက်ကိုင်ဖုန်း ဖြစ်နိုင်ခြေ များပါတယ်။ ကျွန်မတို့ရဲ့ လက်ကိုင်ဖုန်း တွေပေါ်မှာ COVID-19 ပိုးတွေ အများကြီး ကပ်နေနိုင် ပါတယ်။ အဲဒါကြောင့် လက်ကိုင်ဖုန်း အပြင်ဘက် မျက်နှာပြင်ကို အရက်ပြန် ပါတဲ့ လက်သန့် ဆေးရည်နဲ့ အမြဲတမ်း သန့်စင် နေရပါမယ်။
ကျွန်မတောင် နန္ဒ၀န်ဈေး သွားရင် နှာခေါင်းစည်း၊ မျက်နှာဖုံးတို့ တပ်တဲ့အပြင် လက်ကိုင်ဖုန်း နဲ့ကားသော့ကို ပလတ်စတစ် အိတ်နဲ့ သက်သက် ထည့်ထားရတယ်။ သူတို့ကိုလည်း အရက်ပြန်နဲ့ သန့်စင်ပေးဖို့ သတိထား နေရပါတယ်။ ဒီလက်ကိုင်ဖုန်းတွေ မျက်နှာပြင်မှာ ဗက်တီးရီးယား ပိုးပေါင်းသန်းချီပြီး ကပ်နေနိုင်တယ် ဆိုတာ ကျွန်မတို့ရဲ့ သုတေသန တွေက လက်တွေ့ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီမျက်နှာပြင် တွေပေါ်မှာ COVID-19 ပိုးတွေလည်း သန်းချီပြီး ကပ်တွယ် နေမှာပေါ့။
ဒီဆောင်းပါးလေး ဖတ်ပြီးတဲ့အခါမှာ ကျွန်မပြောခဲ့တဲ့ အသေးအမွှား လေးတွေကို ပိုပြီး သတိပြု ကြမယ်ဆိုရင် ဘေးကင်းအောင် နေထိုင်ခြင်းဆိုတာ ပိုပြီး အဓိပ္ပာယ် ရှိသွားမယ်လို့ ထင်ပါတယ်။ ကျွန်မတို့ အားလုံး COVID-19 ပိုးကို အောင်မြင်စွာ အနိုင်ရအောင် ဆုတောင်း လိုက်ပါတယ်။
ပါမောက္ခ ဒေါက်တာ
ခင်ဖြူပြာ
ဓာတ်ပုံ - အင်တာနက်
No comments:
Post a Comment