Friday, October 2, 2020

အသားစားသုံးမှု နှင့် အစာအဆိပ်သင့်ခြင်း

 အသားစားသုံးမှု နှင့် အစာအဆိပ်သင့်ခြင်း



လူတို့သည် သက်ရှည် ကျန်းမာစေဖို့ အစာ အာဟာရများ မှီဝဲ သုံးဆောင် ကြရသည်။ အစာ အာဟာရများ မှီဝဲ သုံးဆောင်ခြင်း ဆိုရာတွင် အသား ၊ ငါး ၊ ဟင်းသီးဟင်းရွက် များ ၊ အစေ့အဆန် များ ၊ မုန့်ပဲသရေစာများကို မျှတစွာ သုံးဆောင် ကြရသည်။ ယခုနှစ်များ အတွင်းတွင် မြန်မာနိုင်ငံတွင် အသားစားသုံးမှုနှုန်း မြင့်တက်လျက် ရှိသည်ကို လေ့လာမှုများ အရ သိရသည်။


အသားစားခြင်းသည် လူတို့၏ ခန္ဓာကိုယ် အတွက် အရေးကြီးသော ပရိုတိန်းဓာတ် ရရှိရန် အတွက် အရေးကြီးသော အရင်းအမြစ် တစ်ခုဖြစ်သည်။ ထို့အတူ ဗီတာမင်ဘီ 12 နှင့် သံဓာတ်လိုမျိုး မရှိမဖြစ် လိုအပ်သော ဓာတ်များ ကိုလည်း ရရှိနိုင် ပါသေးသည်။ သို့သော် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်း အနီရောင် ရှိသော အသားများကိုမူ အလွန်အကျွံ မစားသုံးသင့်ပါ။


အနီရောင် ရှိသော အသားများ ဆိုရာတွင် အမဲသား ၊ ၀က်သား ၊ ဆိတ်သားတို့ အပါအ၀င် ဖြစ်သည်။ ယနေ့ခေတ် ရေစီးကြောင်း အရ အသင့် စားသုံးနိုင်သော အသားကင် ၊ အသားပြားများ ရောင်းချနေသော ဟော့ပေါ့ဆိုင် များသည်လည်း ပေါများ နေပြီ ဖြစ်သည်။ လူတစ်ယောက် သည် တစ်နေ့လျှင် အသား ၇၅ ဂရမ်သာ စားသုံးသင့် သည်ကို အသားစားများ သူများ အနေဖြင့် အထူး သတိချပ် စေလိုသည်။


အနီရောင်ရှိသော အသား ဆိုသည်ထက် အသားများကို ချက်ပြုတ်၍ ဖြစ်စေ ၊ ကင်၍ဖြစ်စေ စားသုံးရာတွင် ပထမဦးစွာ မိမိတို့ စားသုံးမည့် အသားသည် လတ်ဆတ်မှု ရှိ-မရှိကို ဦးစွာ စစ်ဆေးရန် လိုသည်။ လတ်ဆတ်သည်ရှိသော အသားများကို ရေစင်အောင် ဆေးကြောပြီးမှ ကျက်အောင် ချက်ပြုခြင်း ၊ ကင်ခြင်းများ ပြုလုပ်ပြီး စားသောက်ဖို့ လိုသည်။ အသားများကို ၁၄၅ ဒီဂရီဖာရင်ဟိုက် အပူချိန် နှင့် ကျက်အောင် ချက်ပြုတ်ရန် လိုကြောင်း ကိုလည်း သတိချပ် စေလိုသည်။ ထိုသို့ မပြုလုပ်ဘဲ မကျက်သော အသား သို့မဟုတ် အသားစိမ်း များကို စားသုံးမိမည် ဆိုလျှင် နောက်ဆက်တွဲ အနေဖြင့် အစာ အဆိပ်သင့်ခြင်း ဖြစ်ပွားနိုင်သည်။


အစာ အဆိပ်သင့်ခြင်း ဆိုသည်မှာ မသန့်ရှင်းသော ၊ မလတ်ဆတ်သော ၊ မကျက်သော အစားအစာ များကို စားသုံး မိသည့်အခါ ၀မ်းလျှောခြင်း ၊ အော့အန်ခြင်း ဝေဒနာများ ခံစားရခြင်း ဖြစ်နိုင်သည်။ သို့သော် တစယောက် နှင့် တစ်ယောက် ဖြစ်ပုံချင်းမှာ မတူညီနိုင်ပေ။ အစာ အဆိပ်သင့်ခြင်း ဖြစ်ပွားစေသော အကြောင်းများမှာ အသားစိမ်း ၊ ငါးစိမ်းများ ၊ ပိုးသတ်ထားခြင်း မရှိသော နို့ နှင့် နို့ထွက် ပစ္စည်းများ ၊ ကာလကြာရှည်စွာ သိမ်းထားသော လက်လုပ်ချဉ်များ ၊ ၀မ်းနူးစေသော အစားအစာများ ၊ သက်တန်းလွန် အစားအစာများ ဖြစ်သည်။


အစာ အဆိပ်သင့်ခြင်း ၏ လက္ခဏာ များကို နာရီပိုင်း အတွင်း တွေ့ရတတ်သည်။ လက္ခဏာများမှာ ခေါင်းမူးခြင်း ၊ ပျို့အန်ခြင်း ၊ ၀မ်းလျှောခြင်း ၊ ဗိုက်အောင့်ခြင်း ၊ အဖျားတက်ခြင်း ၊ ခံတွင်းပျက်ခြင်း တို့ဖြစ်သည်။ အချို့ အစာ အဆိပ်သင့်ခြင်းမှာ ပြင်းထန်ခြင်း မရှိသောကြောင့် ဆေးဝါး ကုသမှုခံယူရန် မလိုအပ် သော်လည်း ကိုယ်ခံအား နည်းသူ ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် သက်ကြီးရွယ်အို များတွင်မူ အောင်ဖော်ပြပါ အစာ အဆိပ်သင့်ခြင်း လက္ခဏာများ တွေ့သည် ဆိုပါက နီးစပ်ရာ  ဆေးရုံ ၊ ဆေးခန်းသို့ အလျင် အမြန် သွားသင့်သည်။


  • အဆက်မပြတ် ပျို့အန်ခြင်း၊ အရည်ဓာတ်များ ခန်းခြောက်လာခြင်း။
  • သုံးရက်ထက်ပို၍ ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း။
  • သွေးအန်ခြင်းနှင့် သွေးဝမ်းသွားခြင်း
  • မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်း
  • အလွန်အမင်းရေဆာခြင်း ၊ ဆီးနည်းခြင်း (ရေဓာတ်ခန်းခြင်း၏ လက္ခဏာများ)
  • အမြင်အာရုံမကြည်လင်ခြင်း ၊ ကြွက်သားများ အားနည်းခြင်း ၊ လက်မောင်းများ ကိုက်ခဲခြင်း ကဲ့သို့သော အာရုံကြော ဆိုရာ လက္ခဏာ တို့ ဖြစ်သည်။


အစာ အဆိပ်သင့် ခြင်းသည် ကုသခြင်းထက် ကြိုတင် ကာကွယ်လျှင် ပို၍ ထိရောက်မည် ဖြစ်သောကြောင့် ကြိုတင် ကာကွယ်ရမည့် အချက်များကို တင်ပြပေး လိုသည်။ အသားများကို မချက်ပြုတ်မီ မိမတို့၏ လက်များ ၊ အိုးခွက် ပန်းကန်များ ၊ စဉ်းတီတုံး များကို ရေနွှေးဖြင့် လည်းကောင်း ၊ ဆပ်ပြာဖြင့် လည်းကောင်း စင်ကြယ်အောင် ဆေးကြောထား ရမည်။ အသားများကို အခြား စားသောက်ကုန် များနှင့် ရောနှော သိမ်းဆည်းခြင်းကို ရှောင်ကြဉ် ရမည်။


အသားများကို သိမ်းဆည်းရာတွင် သတ်မှတ်ထားသော အခန်းအပူချိန်တွင် သိမ်းဆည်း သင့်သည်။ အသားများ ချက်ပြုတ် ရာတွင်လည်း သတ်မှတ် ထားသော အပူချိန်ထိ ချက်ပြုတ် စားဖို့ လိုအပ်သည်။ မိမိတို့ စားသုံးမည့် အသားများကို လတ်ဆတ်မှု ရှိ-မရှိ လည်း စစ်ဆေးပြီးမှသာ စားသုံးသင့်သည်။ ပုပ်သိုးသော အသားများကိုမူ လွှင့်မပစ်ဘဲ စားသုံးခြင်းမှ လုံးဝ ရှောင်ကြဉ် သင့်သည်။ အထက်ပါ အချက်များသည် အစာ အဆိပ်သင့်ခြင်းမှ ကင်းဝေး စေရန်အတွက် ဆောင်ရန် ၊ ရှောင်ရန် အချက်များပင် ဖြစ်သည်။


အစာ အဆိပ်သင့်သူကို အရေးပေါ် ပြုစုနိုင်သည့် နည်းမှာ ရေဓာတ်ကို ထိန်းသိမ်းရမည့် နည်းလမ်းပင် ဖြစ်သည်။ ရေသည် ကာဗိုဟိုက်ဒရိတ် နှင့် ပင်ပန်း နွမ်းနယ်မှု များကို ထိန်းသိမ်း စေနိုင်ခြင်း ကြောင့် ဖြစ်သည်။ ရေ ဆိုသည်တွင် ကျိုချက်ထားသော ရေကို သောက်ပေး သင့်သည်။ ရေသောက်သည့် အခါ နည်းနည်းစီ သောက်ပေး သင့်သည်။ အစာ အဆိပ်သင့်ခြင်း ဖြစ်နေချိန်တွင် လုံလောက်စွာ အနားယူဖို့ လိုအပ်လှသည်။ အစာ အဆိပ်သင့်ချိန် တွင် အရက် ၊ ကော်ဖီ ၊ အငန် ၊ အစပ်များ လွန်ကဲစွာ စားသုံးခြင်းကို ရှောင်ကြဉ် ရမည်။


အစာ အဆိပ်သင့်ခြင်းကို သက်သာစေသော အိမ်တွင်းကုထုံး အချို့ကိုလည်း တင်ပြပေး  လိုသည်။ အစာဆိပ်သင့်ခြင်းြ ဖစ်သည့်အခါ ပန်းသီးရှလကာရည် ကို သောက်ပေး ခြင်းဖြင့် သက်သာစေမည် ဖြစ်သည်။ အကြောင်းမှာ ပန်းသီး ရှာလကာရည် သည် အစာအိမ် အတွင်းရှိ ကောင်းမွန်သော ဘက်တီးရီးယား များကို ရှင်သန်နိုင်အောင် ပြုလုပ်ပေး နိုင်ခြင်းကြောင့် ဖြစ်သည်။ အိမ်တွင်းတွင် ရှိနိုင်သော ငှက်ပျောသီး စားပေးခြင်း သည်လည်း အစာ အဆိပ်သင့် ခြင်းကို သက်သာစေမည် ဖြစ်သည်။ ထိုနည်းတူ သံပရိုသီး တွင် ပါဝင်သော အက်စစ်ဓာတ် သည် ဘက်တီးရီးယား များကို ချေမှုန်း ပေးနိုင်ပြီး အစာ အဆိပ်သင့်မှု ကို အမြန် သက်သာ စေမည် ဖြစ်သည်။ သို့ဖြစ် ပါသောကြောင့် သံပရိုသီး ကို ရေနွေးကြမ်းထဲ ထည့်ကာ သောက်ပေးနိုင်သည်။ အထက်ပါ အချက်များသည် အစာ အဆိပ်သင့် ခြင်းနှင့် ပတ်သက်သော အိမ်တွင်း ကုထုံးများ ဖြစ်သည်။ သို့သော အထက်တွင် ဖော်ပြခဲ့သော အဆက်မပြတ် ပျို့အန်ခြင်း စသော အချက် ၆ ချက်အနက် တစ်ချက်ချက် နှင့် သော်လည်းကောင်း ဖြစ်ပွားလာပြီ ဆိုပါက အချိန်မဆိုင်းဘဲ နီးစပ်ရာ ဆေးရုံ ဆေးခန်းသို့ ပြသသင့် ပေသည်။


သို့ဖြစ်ပါသော ကြောင့် ကျွန်ုပ်တို့သည် အသားများကို စားသုံးရာတွင် လတ်ဆတ်သော အသားများကိုသာ ရွေးချယ် စားသုံးသင့် သကဲ့သို့ ကျက်အောင် ချက်ပြုတ် စားသုံးသင့်သည်။ အထူးအားဖြင့် ချက်ပြုတ်ရာတွင် လက်ကို ပြောင်စင်အောင် ဆေးကြောရမည် ဖြစ်သကဲ့သို့ အိုးခွက်ပန်းကန် များနှင့် စဉ်းတီးတုံး များကိုလည်း ပြောင်စင်အောင် ဆေးကြော ကြပါစို့ ဟု တိုက်တွန်း လိုက်ရပါသည်။


မုဒိတာ (တောင်သာ)

ဓာတ်ပုံ - အင်တာနက်








No comments: