သီတင်းကျွတ်လပြည့် အဘိဓမ္စာအခါတော်နေ့
''ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊ လူတော်အများ၊ စိတ်ကောင်းထားလည်း၊ ဤကား ကုသိုလ်၊ အကုသိုလ် ဟု၊ ထိုထိုဘဝ၊ မသိရ၊ များလှအပြစ်တွေ။'' ''ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်မိန့်ကြား၊ မြတ်တရားကြောင့်၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထို ဘုံဘဝ၊သိကြားရ၊ များလှ ကျေးဇူးပေ။'' ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး ဤသို့ဖွဲ့ဆိုခဲ့သည်ကို လူတိုင်းသိရှိပြီး ဖြစ်သည်။ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာသုံးဖြာ သည် ကမ္ဘာ့လူသားတို့ အကျိုးငှာ ပွင့်ထွန်းခဲ့သည့် အနက် အဘိဓမ္မာ တရားတော်သည် အဖိုးမဖြတ် နိုင်သော အမိကျေးဇူးဆပ် တရား ဖြစ်ပါ၏။
အဘိဓမ္မာဟူသော ဝေါဟာရမှာ
မူရင်းပါဠိစကား အဘိဓမ္မ ကို အာသရ ပေါင်းခြင်းဖြင့် အဘိဓမ္မာဟု သုံးနှုန်းလာပါသည်။
အဘိဓမ္မာ တရားတော်သည် ပါဠိ၏ နက်နဲခြင်း၊ သဘော အဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံ အစီအစဉ်၏
နက်နဲခြင်း၊ ဥာဏ်တော်၏ နက်နဲခြင်းဟူသော
ဂမ္ဘီရလေးမျိုး နှင့်ပြည့်စုံ၏။ သဘောတရား အနေဖြင့် မည်မျှခက်ခဲ သနည်းဟူမူ
သာမန်ပုဂ္ဂိုလ် မဆိုထားဘိ။ အဋ္ဌကထာ ကျမ်းပြု ရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ် သည်ပင် ဝိဘင်းပါဠိတော်လာ ပဋိစ္စသမုပ္ပါဒ် ဒေသနာ အဖွင့်ရေးသားရာ၌ ''ဆောက်တည်ရာမရ
အလွန်ခက်ခဲလှပေစွတကား'' ဟု ညည်းတွား တော်မူရ၏။