ကိုကိုဒီမာ ခေါ် တားမြစ်ထားသော အသီး
အိန္ဒိယသမုဒ္ဒရာ ထဲတွင် တည်ရှိသော ဆေရှဲလ်စ်ကျွန်းစု များတွင်သာ ပေါက်ရောက်ပြီး ရှားပါးသော အုန်းပင်မျိုးစိတ် ဖြစ်သည့် ကိုကိုဒီမာ (
၎င်းအပင်ကို လိုဒိုစီးယား (Lodoicea) ဟုခေါ်ပြီး
မော်လ်ဒိုက်အုန်းသီး (Maldive coconut) ဟုလည်း လူသိများသည်။ ၄င်း၏ သိပ္ပံနည်းကျ အမည်မှာ
Lodoiceamaldivica ဖြစ်သည်။ ကိုကိုဒီမာ သည် အာဖရိကတိုက် အရှေ့ဘက် အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ
ဆေရှဲလ်စ် ကျွန်းစုများ ဖြစ်သော ပရစ္စလင် နှင့် တူရီယူးစ် ကျွန်းစုများတွင်သာ ပေါက်ရောက်
သော ရှေးအကျဆုံး အပင်ဖြစ်သည်။ ဆေရှဲလ်စ် ကျွန်းစုများကို လူတို့ ရှာဖွေတွေ့ရှိခြင်း
နှင့် အခြေချခြင်း မပြုမီက အဆိုပါ အပင်မျိုးစိတ် များ၏ အခွံမာသီး များကြောင့် သမုဒ္ဒရာ
ရေစီကြောင်း များကြောင့် ဝေးလံသော ပင်လယ်ကမ်းမြေ များသို့ ရောက်ရှိသွား ခဲ့သည်။
ကိုကိုဒီမာ အပင်သည် ကမ္ဘာပေါ်တွင် ထူးခြားသော
အရွယ်အစား ပုံစံနှင့် အရည်အသွေး များကြောင့် အဆိုပါ အပင်သည် ဒဏ္ဍာရီပုံပြင် များစွာကို
ဖြစ်ပေါ် စေသည်။ သို့သော် ၄င်း၏ ကျော်ကြားမှု သည် မျိုးစေ့ နှင့် အသီးများ၏ အရွယ် အစားကြောင့်
မဟုတ်ဘဲ အသီးသည် ထူးခြား အံ့သြဖွယ် ကောင်းသော ပုံသဏ္ဍာန် ကြောင့် ဖြစ်သည်။ အသီးတစ်ဖက်
တွင် အမျိုးသမီး တစ်ဦး၏ တင်ပါးပုံ ရှိကာ အခြားတစ်ဖက် တွင် အမျိုးသမီး တစ်ဦး၏ ၀မ်းပိုက်
၊ ပေါင်ပိုင်း တို့နှင့် ဆင်တူနေသည်။ ၄င်း၏ ရှေးက ရုက္ခဗေဒ အမည်မှာ
Lodoiceacallipyge ဖြစ်ပြီး ဂရိတွင် Callipyge သည်
လှပသောတင်ပါး ဟု အဓိပ္ပာယ် ရသည်။ ကိုကိုဒီမာ ဟူသော
စကားလုံးသည် ပြင်သစ်စကား ဖြစ်ပြီး ပင်လယ်အုန်းသီး ဟု အဓိပ္ပာယ် ရပြီး အချစ်အခွံမာသီး ၊ နှစ်ထပ်အုန်းသီး ၊ တင်ပါးအုန်းသီး
၊ ဆေရှဲလ် အခွံမာသီး ဟုလည်း ခေါ်ကြသည်။
ကိုကိုဒီမာ အပင်သည် ပင်စည်းလုံးဝန်း ရှည်လျားပြီး
မြေပြင်မှ အမြင့်ပေ ၁၀၀ နီးပါး ထိရှိသည်။ ၄င်းအပင်သည် အမြင့်ပေ ၈၀ မှ ပေ ၁၁၀ ထိ ကြီးထွားနိုင်ပြီး
အမြင့်ဆုံး စံချိန်မှာ ၁၈၆ ပေ ဖြစ်သည်။ အပင်၏ ထိပ်ပိုင်းတွင် အုန်းလက် ၊ ထန်းလက်များ
ကဲ့သို့ အရွက်အလက် များမှာ ပြွတ်သိပ်၍ ယပ်တောင်ပုံစံ ၁၆ ပေခန့်အထိ ဖြာထွက်နေသည်။ ထိုအသီး၏
အလေးချိန် သည် ၉၂ ပေါင်ခန့်ရှိပြီး ရင့်ကျက်သော မျိုးစေ့အဆန် ၏ အလေးချိန်သည် ၃၈ ပေါင်
ခန့် ရှိသဖြင့် ကမ္ဘာပေါ်တွင် အလေးဆုံး ဖြစ်သည်။ အဖိုပင် နှင့် အမပင်ဟူ၍ ရှိပြီး အဖိုပင်၏
ပန်းသည် ကြောင်မြီးပန်း နှင့်တူကာ သုံးပေကျော်ထိ ရှည်လျားပြီး ၁၀ နှစ်တာကာလ အတွင်း
ဝတ်မှုန်များကို ဆက်လက် ထုတ်လုပ်နိုင် သဖြင့် လူသိများသော သက်တမ်း အရှည်ဆုံး ၀တ်မှုန်ကူးမှု
ဖြစ်သည်။ အသီး ရင့်မှည့်ရန် ၆ နှစ်မှ ၇ နှစ်ထိ လိုအပ်ပြီး အပင်ပေါက်ရန် နောက်ထက် နှစ်နှစ်
လိုအပ်သည်။
ကိုကိုဒီမာ အသီးသည် အုန်းသီးနှင့် မတူဘဲ
သမုဒ္ဒရာ ရေပေါ်တွင် မျောပါသွား သော်လည်း သဘာဝ အလျောက် ပျံ့နှံ့သွားခြင်း မရှိချေ။ အသီးသည်
ပင်လယ်ထဲသို့ ကျသွားသော အခါ ၄င်း၏ အလေးချိန် သိပ်သည်းဆ များကြောင့် ရေပေါ်သို့ မတက်နိုင်ဘဲ
ရေအောက်ခြေသို့ နစ်မြုပ်သွားလေ့ ရှိသည်။ ထို့နောက် အသီးများသည် ပင်လယ် ကြမ်းပြင်ပေါ်တွင်
ကြာရှည်စွာ တည်ရှိပြီးနောက် အစေ့ခွံသည် ပြုတ်ထွက်သွားပြီး အသီး၏ အတွင်းပိုင်းသည် ပျက်စီးသွားသည်။
အသီးအတွင်းမှ ဖြစ်ပေါ်လာသော ဓာတ်ငွေ့များကြောင့် အသီး၏ အခွံသည် ရေမျက်နှာပြင် ပေါ်သို့
တက်လာသည်။ ထိုအချိန်တွင် အသီးသည် ပင်လယ် ရေစီးကြောင်း အတိုင်း ဝေးလံသော ကမ်းခြေသို့
မျောပါ ရောက်ရှိသွား သော်လည်း အသီးထဲတွင် အနှစ်မရှိတော့ သဖြင့် အပင်သစ် မပေါက်နိုင်
တော့ပေ။
မလေး သင်္ဘောသား များသည် ကိုကိုဒီမာ အသီးသည်
ပင်လယ် ကြမ်းပြင်မှ အထက်သို့ ပေါ်လာသည်ကို တွေ့ရှိခဲ့ကြ သဖြင့် ထို အခွံမာသီး များသည်
အိန္ဒိယသမုဒ္ဒရာ အောက်ခြေရှိ ရေအောက် သစ်ပင်များမှ ပေါက်ဖွားခြင်း ဖြစ်မည်ဟု တွေးခဲ့ကြသည်။
မလေး လူမျိုးတို့က ထိုအပင်သည် ကြီးမားသော ငှက် (သို့မဟုတ်) ငှက်ကဲ့သို့ ပုံသဏ္ဍာန် ရှိသည့်
ဂါယူဒါ သတ္တ၀ါ အိမ် ဖြစ်မည်ဟု ယုံကြည်ကြသည်။ အာဖရိက ယဇ်ပုရောဟိတ် များက ဂါယူဒါ သည် ဆင်နှင့်
ကျားတို့ကို အမဲလိုက်နိုင် သည်ဟု ယုံကြည်ကြပြီး တစ်ခါတစ်ရံ ကိုကိုဒီမာ အပင်များသည်
သမုဒ္ဒရာ မျက်နှာပြင် အထက်သို့ တက်လာသော အခါ သစ်ပင် များကြောင့် ဖြစ်ပေါ်လာသော လှိုင်းများသည်
အနီးအနားရှိ သင်္ဘောများကို ခရီးဆက်လက် သွားနိုင်ခြင်း မရှိတော့ဘဲ အကူအညီမဲ့ နေသည့် သင်္ဘောသား
များကို ဂါယူဒါ တို့က စားသုံးကြသည် ဟု ယုံကြည် ကြသည်။
သမိုင်းကြောင်းအရ ကိုကိုဒီမာ အသီးများကို
အာရေဗျ နှင့် ဥရောပ တို့တွင် ကံဇာတာ ကောင်းစေသည့် ပစ္စည်းအဖြစ် ရောင်းချခဲ့ ကြသည်။ မောလ်ဒိုက်
တွင် သမုဒ္ဒရာ အတွင်းတွင် သို့မဟုတ် ကမ်းခြေများတွင် တွေ့ရသော ကိုကိုဒီမာ အခွံမာသီးကို
ဘုရင်ထံသို့ ပေးအပ် ဆက်သရန် လိုအပ်သည်။ ထိုသို့ မဟုတ်ဘဲ အခွံမာသီးများကို သိမ်းဆည်း
ထားခြင်း သို့မဟုတ် ရောင်းချခြင်း တို့ ပြုလုပ်ပါက သေဒဏ် ချမှတ်နိုင်သည်။ သို့သော်
ရောမဧကရာဇ် ဘုရင် ရိုဒေါ့ဖ် -၂ သည် ရွေဒင်္ဂါး ၄၀၀၀ ပေးပြီး ကိုကိုဒီမာ အသီးကို ၀ယ်ယူနိုင်
ခဲ့သည်။
ပေါ်တူဂီ သမိုင်း ပညာရှင် ဖြစ်သော ဂျိုဝါးဒီဘားရို့စ်
က ကိုကိုဒီမာ သည် အံ့ဖွယ် ကုသနိုင်သော စွမ်းအားများ ရှိပြီး အဖိုးတန် ကျောက် အမြုတေ
ထက် သာလွန်သည် ဟု ယုံကြည်ကြသည်။ ဂျာမန် ရုက္ခဗေဒ ပညာရှင် ဒေါက်တာ ဘတ်သရိုကားလ် ဆီးမန်း
က ကိုကိုဒီမာ အသီးသည် အဆိပ် အားလုံးကို ချေဖျက်ပေး နိုင်သည်ဟု ယုံကြည်ကြောင်း ဖော်ပြ
ခဲ့သည်။ ၁၆ ရာစုတွင် ဥရောပမှ မှူးမတ်များသည် ၄င်းတို့ စုဆောင်းထားသည့် အဖိုးတန် ကျောက်မျက်
ရတနာများကို ကိုကိုဒီမာ အသီး၏ အခွံများဖြင့် ပွတ်တိုက်ပြီး အလှဆင် ကြသည်။ ၄င်းအသီးကို
အိန္ဒိယ နှင့် တရုတ်နိုင်ငံ တို့တွင် တိုင်းရင်းဆေးဝါး များဖော်စပ် ရာတွင် အသုံးပြုလေ့
ရှိသည်။ တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ် တွင် ဟင်းချိုများကို အရသာတိုးမြှင့်
ရာတွင် အသုံးပြုကြောင်း တွေ့ရှိရသည်။
ကိုကိုဒီမာ နှင့်ပတ်သက်သော ဒဏ္ဍာရီ အသစ်များသည်
၁၇၄၃ ခုနှစ် နောက်ပိုင်းတွင် ၄င်း သစ်ပင်များကို ရှာဖွေတွေ့ရှိပြီး နောက် ပေါ်ပေါက်
လာခဲ့သည်။ ကိုကိုဒီမာ အမပင် သာမက အသီးများ သီးလေ့ရှိပြီး အဖိုပင်များသည် အသီးမသီးဘဲ
ရှည်လျားသော အဖူးတံများသာ ရှိသည်။ အချို့လူများက အဆိုပါ သစ်ပင်များသည် မုန်းတိုင်ထန်သော
ညများတွင် အလွန် ချစ်ခင်တွယ်တာ တတ်ကြောင်း ယုံကြည် ကြသည်။ ဒဏ္ဍာရီအရ အဖိုပင်များသည် အမပင်များ
ရှိရာသို့ ချည်းကပ်ကြပြီး ချစ်ခြင်းမေတ္တာ ပြုလုပ်လေ့ ရှိသည်။ ၄င်းသစ်ပင် များသည် အလွန်ရှက်တတ်
သောကြောင့် သစ်ပင်ချင်း ချစ်နေကြသည် ကို မြင်သွားသူ ရှိပါက ထိုသူသည် သေသွားနိုင်သည်
သို့မဟုတ် မျက်စိကန်း သွားမည်ဟု ဒဏ္ဍာရီတွင် ဖော်ပြထားသည်။ ယခုအချိန်ထိ ကိုကိုဒီမာ ပင်များ၏
ဝတ်မှုန်ကူး မျိုးပွားမှုကို အပြည့်အ၀ နားမလည် သေးခြင်းသည် ဒဏ္ဍာရီ နောက်ကွယ်ရှိ အချက်များ
အနက်မှ တစ်ခု ဖြစ်သည်။
ဝိတိုရီယခေတ် ၁၈၈၁ ခုနှစ်တွင် ဆေရှဲလ်စ်ကျွန်း
များသို့ သွားရောက် လည်ပတ်ခဲ့သော ဗြိတိသျှ စစ်ဘက်မှ ဗိုလ်ချုပ် ချားလ်စ်ဂျော့ခ်ျ ဂေါ်ဒွန်
သည် ပရာစလင်ကျွန်း ပေါ်ရှိ ဗာလဲဒီပေး နေရာသည် သမ္မာကျမ်းစာ တွင် ဖော်ပြထားသည့် မူလဧဒင်
ဥယျာဉ် ဖြစ်သည်ဟု ယုံကြည်ခဲ့ပြီး ကိုကိုဒီမာ အပင်သည် အကောင်းနှင့် အဆိုးကို သိမြင်နိုင်သော
တားမြစ်ထားသည့် တပ်မက်စရာ အသီးဖြစ်သည် ဟု ယုံကြည်ခဲ့သည်။ ဗိုလ်ချုပ် ဂေါ်ဒွန် က ကိုကိုဒီမာ
အသီး၏ အပြင်ဘက်သည် ၀မ်းဗိုက်နှင့် ပေါင်တို့ကို ကိုယ်စားပြုပြီး သွေးသားဆန္ဒ များကို
ပေါ်ပေါက် စေသည်ဟု ဆိုခဲ့သည်။ ဗိုလ်ချုပ် ဂေါ်ဒွန် ၏ ရေးသားချက် အရ ကိုကိုဒီမာ အသီးသည်
ဘုရားသခင်က တားမြစ်ထားသော အသီးသာ အမှန်ဖြစ်ပါက အလေးချိန် ပေါင် ၃၀ မှ ၆၀ ခန့်ထိ ရှိသော
ကြီးမားသည့် အသီးကို အာဒံ အနေဖြင့် ဧ၀ကို ပေးအပ်ရန် အတွက် အလွန် ခက်ခဲသော အချိန်ဖြစ်လိမ့်မည်
ဟု ယူဆခဲ့သည်။ ယနေ့ အချိန်တွင် ကိုကိုဒီမာ အပင်များ ပေါက်ရောက်မှု ရှားပါးလာ သဖြင့်
၎င်းအပင်များကို ကာကွယ် ထိန်းသမ်း စောင့်ရှောက် ထားသော မျိုးစိတ်အဖြစ် သတ်မှတ် ထားရှိကြောင်း
ရေးသားလိုက်ရ ပါသည်။
ထက်ဝန်း
ဓာတ်ပုံ - အင်တာနက်
ခရက်ဒစ် - ydb
daily
No comments:
Post a Comment