Monday, December 14, 2020

အီးစီးကရက်များ နှင့် ကျန်းမာရေးပြဿနာ

 

အီးစီးကရက်များ နှင့် ကျန်းမာရေးပြဿနာ

 


တစ်ကမ္ဘာလုံးတွင် အရွယ်ရောက်ပြီး ဆေးလိပ် သောက်သူပေါင်း ၁ ဒသမ ၁ သန်းခန့်ရှိပြီး ၄င်းတို့အနက် ၆၀ ရာခိုင်နှုန်း ခန့်မှာ ဆေးလိပ်ဖြတ်ရန် ကြိုးစားဖူးသူ ၊ ကြိုးစာနေသူ များဖြစ်သည်။ ထိုသို့ ဆေးလိပ်ဖြတ်ရန် ကြိုးစား နေသူများ အနက် ရာခိုင်နှုန်း အတော်များများ သည် အီးစီးကရက် e-Cigarette ဟုခေါ်သည့် လျှပ်စစ်အားကို သုံးပြီး နီကိုတင်း ကို အငွေ့ထုတ်ပေးသည့် စက်ကို စမ်းကြည့်ဖူး သူများ ၊ သုံးကြည့် နေသူများ ရှိနေသည်။ အီးစီးကရက် သည် အမှန်တကယ် ကူညီ ပေးနိုင်သည်ဟု ထင်ပါသလား။ အီးစီးကရက် သည် သောက်သုံးသူ နှင့် သောက်သုံးသူ ပတ်ဝန်းကျင်ရှိ လူများအတွက် အန္တရာယ် ကင်းပါသလား။ ကျန်းမာရေး ထိခိုက်မှု မရှိစေဘဲ ဆေးလိပ် ဖြတ်နိုင်စေ သလား စသော မေးခွန်းများကို သိချင်သူများ ရှိပါလိမ့်မည်။ ထို့ကြောင့် စာဖတ်သူများ အတွက် ဆေးလိပ် အစားသုံး နီကိုတင်း အငွေ့ ထုတ်ပေးနိုင်သည့် အီးစီးကရက် များ အပါအ၀င် အခြားသော ထုတ်ကုန်များနှင့် ၄င်းတို့၏ ကျန်းမာရေး ဆိုင်ရာ ကောင်းကျိုး ၊ ဆိုးကျိုးများကို ရေးသား လိုပါသည်။





အီးစီးကရက်

          အီးစီးကရက် ကို အင်္ဂလိပ် ဘာသာဖြင့် e-Cigarettes , e-Ciga, Vape Pens သို့မဟုတ် Vapor Cigarettes ဟုခေါ်ပြီး အီးစီးကရက် သောက်သုံးခြင်း ကို Vaping ဟု ခေါ်သည်။ အဆိုပါ ကိရိယာ များသည် ဓာတ်ခဲဖြင့် သုံးစွဲခြင်း ၊ ဖုန်းအားသွင်း သကဲ့သို့ အားသွင်း၍ သုံးစွဲခြင်း စသည်ဖြင့် ပြုလုပ်နိုင်သည်။ အီးစီးကရက် များသည် ဆေးလိပ်ကဲ့သို့ ဆေးရွက်ကြီး ထုတ်ကုန်များကို တိုက်ရိုက် မီးရှို့ခြင်း မဟုတ်ဘဲ ဆေးရည်ဘူးလေး များကို အီးစီးကရက် အတွင်း ထည့်သွင်းကာ အရည်ကို အငွေ့ အဖြစ် ပြောင်းပေးသည်။ ထို အငွေ့ကို ဆေးလိပ်ငွေ့ ကဲ့သို့ပငိ Vaping ရှူရှိုက်ခြင်း ပြုလုပ်နိုင်သည်။

          အဆိုပါ ဆေးရည်ဘူးလေး များကို Cartridges ဟုခေါ်ပြီး Flavorants (ရနံ့ဖြစ်စေ သောဓာတ်) ၊ Nicotine (နီကိုတင်း) ၊ Tetra-hydrocannabino (THC) သို့မဟုတ် Cannabinoid (CBD) oils (ဆေးခြောက်မှ ရသောဓာတ်) နှင့် အခြေားသော ဓာတုပစ္စည်းများ ပါဝင်သည်။ အဆိုပါ ပါဝင်ပစ္စည်း များနှင့် အချိုးအစားမှာ ထုတ်ကုန်တစ်မျိုး နှင့်တစ်မျိုး တူညီမည် မဟုတ်သော်လည်း အဆိုပါ ထုတ်ကုန် အားလုံးတွင် လူကို အန္တရာယ် ပေးနိုင်သော ပစ္စည်းများ ပါဝင်နေမည်သာ ဖြစ်သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ အတွင်း အမေရိကန် တွင် အဆုတ် ဆိုးဆိုးရွားရွား ထိခိုက်မှုကြောင့် လူပေါင်း ၈၀၀ ခန့် ဆေးရုံတက် ကုသမှု ခံယူခဲ့ ရပြီး ၁၂ ဦး သေဆုံးခဲ့မှုတွင် အီးစီးကရက် သုံးစွဲမှုနှင့် အဓိက သက်ဆိုင် နေကြောင်း တွေ့ရှိ ထားသည်။ သို့သော်လည်း မည်သည့် ထုတ်ကုန်ကြောင့် ထိုကဲ့သို့ အဆုတ်ပျက်စီး သေဆုံးစေမှုများ ဖြစ်ပွားခဲ့သည်ကို အတိအကျ သိရှိခြင်း မရှိခဲ့ပါ။

          ထိုကဲ့သို့ အဆုတ် ထိခိုက်ခြင်း၏ ရောဂါ လက္ခဏာ အများစုမှာ ချောင်းဆိုးခြင်း ၊ အသက်ရှူ ကျပ်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ မောပန်းခြင်း ၊ ဗိုက်အောင့်ခြင်း စသည်တို့ ဖြစ်သည်။ အီးစီးကရက် သောက်သုံးနေစဉ် အဆိုပါ လက္ခဏာများ ဖြစ်ပေါ် လာပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသစစ်ဆေးရန် လိုအပ်သည်။

          အီးစီးကရက်မှ ထွက်လာသော အငွေ့တွင် အောက်ပါ ပစ္စည်းများ ပါဝင်သည်-

          ၁။      နီကိုတင်း။

          ၂။      အဆုတ်အတွင်းထဲထိ ရောက်ရှိနိုင်သော အမှုန်အမွှားများ။

          ၃။      အနံ့မွှေးစေသော Diacetyl (အဆုတ်ကို ထိခိုက်စေနိုင်)

          ၄။      ကင်ဆာဖြစ်စေနိုင်သော ပစ္စည်းများ။

          သတိပြုရန် အချက်တစ်ခုမှာ နီကိုတင်း ဓာတ်လုံးဝ ပါဝင်ခြင်း မရှိဟု ရေးထားသော ထုတ်ကုန်များ ပင်လျှင် နီကိုတင်း များ ပါဝင်နေခြင်း ဖြစ်သည်။

အီးစီးကရက် နှင့် ဆေးလိပ်ဖြတ်ခြင်း

          ဆေးလိပ်ဖြတ်ရန် အတွက် အီးစီးကရက် များကို အသုံးပြု ခြင်းသည် ဖြတ်ချင်သူ များကို ကူညီပေးနိုင် သည်ဟု ဆိုသော်လည်း ဆေးလိပ် ဖြတ်ချင်သူ တိုင်းတွင် အီးစီးကရက် အစားထိုးခြင်းကို ပထမ ဦးစားပေး အနေဖြင့် မစဉ်းစားသင့်ပါ။ အမေရိကန် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှု ဌာနကလည်း ဆေးလိပ်ဖြတ်ချင် သူတိုင်းကို အီးစီးကရက် ဖြင့် အစားထိုး သုံးစွဲစေခြင်းကို မထောက်ခံ ထားပါ။ ဆေးလိပ် နှင့် နှိုင်းယှဉ်ပါက အီးစီးကရက် သုံးစွဲခြင်းသည် ဓာတုပစ္စည်းများ ပါဝင်မှု နည်းပါးသည်ဟု ဆိုနိုင်သော်လည်း ပါဝင်သော ဓာတု ပစ္စည်းများမှာ ကျန်းမာရေးကို ထိခိုက်စေ နိုင်သော ပစ္စည်းများ ဖြစ်သည်။

          ထို့ပြင် အီးစီးကရက် သုံးစွဲခြင်းသည် ဆေးလိပ် သောက်ခြင်း ကဲ့သို့ပင် ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးများ ရှိနေသောကြောင့် ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးလိပ်ဖြတ်ရန် လိုအပ် နေသူသည် အီးစီးကရက် ကို မသုံးစွဲသင့်ပါ။ ဆေးလိပ်ဖြတ်ရန် အတွက် အီးစီးကရက်ကို အစားထိုး သုံးစွဲပြီး ပါကလည်း ဆေးလိပ်ကို လုံးဝပြန် မသောက် သင့်ပါ။ မဟုတ်ပါက နှစ်မျိုးစလုံး သုံးစွဲလျက်သား ဖြစ်သွားတတ်ပြီး ဆိုးကျိုးကို ၂ ဆ ခံရတတ်သည်။ ထို့ပြင် အီးစီးကရက် သောက်သုံးမှုကြောင့် အဆုတ် ရုတ်တရက် ပြင်းထန်စွာ ပျက်စီးခြင်းလည်း ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဆေးလိပ်ဖြတ်ရန် အတွက် နီကိုတင်း အစားထိုး ပစ္စည်း တစ်မျိုးမျိုး သုံးစွဲလိုပါက နီကိုတင်း ကပ်ခွာများ ၊ ပီကေများ ၊ ငုံဆေးများ နှင့် နှာခေါင်းတွင်း ဖျန်းဆေးများကို သုံးစွဲနိုင်သည်။

အီးစီးကရက် နှင့် ကျန်းမာရေးထိခိုက်စေနိုင်ခြင်း

          အီးစီးကရက် များသည် အောက်ပါ အချက်များကြောင့် ကျန်းမာရေးကို ထိခိုက် စေနိုင် ပါသည်။

၁။      အီးစီးကရက်များတွင် နီကိုတင်း ပမာဏ များစွာ ပါဝင်သည်။ ထို့ကြောင့် အဆိုပါ အငွေ့ကို ရှူရှိုက်မိပါက သန္ဓေသားများ ၊ ကလေးများ နှင့် ဆယ်ကျော်သက် များတွင် ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် မိခင်များ ၊ နို့တိုက် မိခင်များ အနေဖြင့် အီးစီးကရ်က ကို မသောက်သုံးသင့် သကဲ့သို့ ၄င်းတို့ အနီးတွင်လည်း မသောက်သုံး သင့်ပါ။ ထို့ပြင် ဆယ်ကျော်သက် များသည်လည်း အီးစီးကရက် ကို မသောက်သုံး သင့်ပါ။

၂။      အီးစီးကရက်တွင် ထည့်သွင်း အသုံးပြုရသော ဆေးရည်များကို မတော်တဆ သောက်မိခြင်း ၊ အရေပြားနှင့် တိုက်ရိုက် ထိတွေ့မိခြင်း သည် အန္တရာယ် ဖြစ်စေနိုင်သည်။

၃။      အီးစီးကရက် သောက်သုံးရာမှ အန္တရာယ် ဖြစ်စေနိုင်သော ဒိုင်အစီတိုင်း Diacetyl ၊ ကင်ဆာ ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ ၊ သတ္တုများ နှင့် အငွေ့ပြန် နိုင်သော ဇီဝဒြပ်ပေါင်းများ (Volatile organic compounds) များကို ရှူသွင်းမိနိုင်သည်။

၎။      အီးစီးကရက်တွင် အယ်ဒီဟိုက် ဒြပ်ပေါင်းများ ဖြစ်သော Acetaldebyde , Acrolein နှင့် Formaldehyd များ ပါဝင်သည်။ အဆိုပါ ဒြပ်ပေါင်း များသည် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများနှင့် အဆုတ်ရောဂါ များကို ဖြစ်စေနိုင်သည်။

၅။      အီးစီးကရက်တွင် ပေါင်းပင်သတ် ဆေးတစ်မျိုး ဖြစ်သော Acrolein ပါဝင်ခြင်းကြောင့် ပန်းနာရင်ကျပ် ရောဂါ ၊ အဆုတ်ကင်ဆာ ရောဂါများ ဖြစ်ပွားစေနိုင်သည်။

၆။      အီးစီးကရက် ကို သောက်သုံးပြီး နောက် ဆေးလိပ် မပြတ်ဘဲ ၂ မျိုးစလုံးကို သုံးစွဲ မိသည်။

          အီးစီးကရက် သောက်သုံး ခြင်းကြောင့် ရေရှည်တွင် ဖြစ်လာနိုင်သော ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးများမှာ အဆုတ်ကို ထိခိုက်စေခြင်း ၊ ခန္ဓာကိုယ် တွင်းတွင် ကက်ဆာ ဖြစ်နိုင်သော ဖရီးရယ်ဒီကယ် free radicals များ များပြား လာခြင်းနှင့် ကိုယ်ခံအား ကျဆင်း ခြင်းများ ဖြစ်နိုင်သည်။ ထို့ပြင် အလုံခန်း များတွင် အီးစီးကရက်ကို သောက်သုံးခြင်းကြောင့် ဆေးငွေ့ကို ရှူမိသော အခြားသူများ၏ ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်သည်။

ဆေးလိပ်နှင့် အီးစီးကရက်

၁။      အီးစီးကရက် သောက်သုံးခြင်းသည် ဆေးလိပ် သောက်သုံးခြင်းထက် ဆိုးကျိုး နည်းပါးသည်ဟု ဆိုသော်လည်း လုံးဝ အန္တရာယ် မရှိသည် မဟုတ်ပါ။

၂။      အီးစီးကရက် များကို သောက်သုံးခြင်း သည် ဆေးလိပ် သောက်သုံးခြင်း ကဲ့သို့ပင် နှလုံးကို ထိခိုက် စေနိုင်သည်။

၃။      အီးစီးကရက် များသည် ဆေးလိပ် ကဲ့သို့ပင် လူကို စွဲလမ်း စေနိုင်သည်။

၎။      အီးစီးကရက် များသည် တစ်ခုတည်းသော ဆေးလိပ် ပြတ်စေနိုင်သည့် ပစ္စည်း မဟုတ်ပါ။

၅။      အသက် ငယ်စဉ်က အီးစီးကရက် သောက်သုံးခဲ့ ဖူးသူသည် နောင်တစ်ချိန်တွင် ပုံမှန် လူများထက် ဆေးလိပ် သောက်သုံးနိုင်ခြေ ၂ ဆပိုများသည်။

၆။      ဆေးလိပ် လုံးဝ မသောက်သုံးဘဲ အီးစီးကရက် သီးသန့် သောက်သုံးခြင်း သည် အနောက်နိုင်ငံ များတွင် မြင့်တက်လျက် ရှိသည်။

          နိဂုံးချုပ် ရသော် အီးစီးကရက် သည် ဆေးလိပ် နှင့် နှိုင်းဆပါက အန္တရာယ်ပို၍ နည်းပါး သည်ဟု ဆိုနိုင်သော်လည်း စိတ်ချရသော (သုံးသင့်သော) အရာတစ်ခု မဟုတ်ပါ။ ထို့ပြင် ဆေးလိပ် ဖြတ်ရန်အတွက် အီးစီးကရက် သုံးစွဲခြင်း တစ်မျိုးတည်း ရှိသည် မဟုတ်ပါ။ ယနေ့ခေတ်တွင် ရှူရှိုက် သောက်သုံး နေကြသော ရှိုရှား ဟု ခေါ်သည့် အငွေ့ကို ရေတွင် ဖြတ်စေပြီး ရှူရှိုက်ခြင်း သည်လည်း အီးစီးကရက် များနည်းတူ အန္တရာယ် ဖြစ်စေနိုင်သည်။ အမေရိကန် တွင် ၂၀၁၅ ခုနှစ်က ပြုလုပ်သော လေ့လာမှု တစ်ခုအရ အထက်တန်း ကျောင်းသားများ အီးစီးကရက် သောက်သုံးမှု နှုန်းသည် ၉ ဆ မြင့်တက် လာသည်ဟု ဆိုသည်။ ထို့ကြောင့် မိမိတို့၏ နောက်မျိုးဆက်များ အီးစီးကရက် သောက်သုံး နေပါက အန္တရာယ် ကင်းပြီး စိုးရိမ်ရန် မလိုဟု မယူဆသင့်ကြောင့် ရေးသားလိုက်ရ ပါသည်။

 

ဒေါက်တာလင်း

ဓာတ်ပုံ - အင်တာနက်

ခရက်ဒစ် - ydbdaily


No comments: