ဆောင်းကြို ဧကရာဇ် နှင့် ဆေးဖက်ဝင်ပုံ
ဆောင်းအ၀င် ရောက်လာပြီ ဖြစ်သည့်အတွက် ဧကရာဇ်ပန်း များက ဖြူဖွေးစွာ ကြိုဆို နေကြသည်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းလ တို့တွင် ဧကရာဇ်ပန်းများ ပွင့်လေ့ရှိသည်။ ဧကရာဇ်ပင်သည် အပင်ကြီးမျိုး ဖြစ်ကာ ပင်စည်မှာ ဖြောင့်မတ်နေသည်။ အရွက်များမှာ ရွက်မြွှာမစုံ နှစ်ဆင့် သို့မဟုတ် သုံးဆင့် ငှက်မွေးရွက်ပေါင်းများ ဖြစ်ကြသည်။ အရွက်များသည် ထောင့်မှန်ရွက်ဆိုင် ထွက်လေ့ရှိသည်။ ရွက်မြွှာများသည် ဘဲဥပုံ၊ လှံသွားပုံ ရှိကာ ရွက်နားမှာ လွှသွားပုံစံ ရှိသည်။ ပန်းပွင့်သည် အဖြူရောင်လိင်စုံ ဖြစ်ပြီး နှစ်ခြမ်းညီ ပန်းဖြစ်သည်။ နှစ်လိုဖွယ်ရာ သင်းပံျ့သော အနံ့လည်း ရှိသည်။ အသီးများမှာ ရှည်လျားပြီး ပြား၍ အက်ကွဲသော အသီးများရှိသည်။
အလွန်အေးသော အရပ်ဒေသများမှ အပ အခြားဒေသ များတွင်
အနှံ့အပြား တွေ့နိုင်သည်။ ဧကရာဇ်ပင် ၏ ရေသောက်မြစ်မှာ မြေတွင်းသို့ နက်ရှိုင်းစွာ ထိုးဆင်းသော်လည်း ဘေးအမြစ် များမှတစ်ဆင့်
အပင်များ ထပ်ထွက်လေ့ ရှိသည်။ အခေါက်မှာ ညိုဝါရောင်ရှိပြီး ကြမ်းသည်။
ဧကရာဇ်ပင်၏ Indian Cork Tree ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ
Millingtonia Hortensis Linn.f
ဖြစ်သည်။ မျိုးရင်းအမည်မှာ Bignoniaceae ဖြစ်သည်။
ဧကရာဇ်ကို အကိုင်းဖြတ်၍ ဖြစ်စေ၊ အစေ့ကိုဖြစ်စေ
စိုက်ပျိုးနိုင်သည်။ ဧကရာဇ်ပင် သည်
အကြီးမြန်ပြီး သန်မာသည်။ သို့သော် ဧကရာဇ်သား သည် ဆတ်သဖြင့် အလွယ်တကူ ကျိုးပဲ့နိုင်သည်။ ဧကရာဇ်သည် မည်သည့် မြေမျိုးတွင်မဆို
ပေါက်ရောက်နိုင် သော်လည်း စိုထိုင်းသော ဒေသကို
ပိုမိုနှစ်ခြိုက်သည်။ အိန္ဒိယနိုင်ငံ တွင်မူ ဧကရာဇ်ကို နေရာ အနှံ့အပြား
စိုက်ပျိုး ထားကြသည်။
ဧကရာဇ်ပွင့် သည် အနံ့မွှေးရုံ၊ လှရုံသာမက ဆေးဖက်လည်း ၀င်သည်။ စင်စစ်အားဖြင့် ဧကရာဇ်ပင်ကို အသုံးပြု နိုင်သော ဆေးဖက်ဝင် အစိတ်အပိုင်း များမှာ အရွက်၊ အပွင့်၊ အညွန့်၊ အမြစ် တို့ဖြစ်သည်။ မြန်မာ တိုင်းရင်းဆေးကျမ်း များတွင် ဧကရာဇ်သည် အေး၊ ခါးသော အရသာ ရှိ၏။ သွေးကိုတက်ကြွ စေ၏။ ငြိမ်းလည်း ငြိမ်းစေ၏။ လေကိုလည်း ငြိမ်စေ တတ်၏။ ဧကရာဇ်ကို သွေးတိုးရောဂါ ကျဆေးများ ဖော်စပ်ရာတွင် အထူးသဖြင့် အသိများ ကြသည်။ ဧကရာဇ် အရွက်နှင့်အမြစ် သည် သွေးကို ကြွစေသည်။ သွေးဆိုးပွားခြင်း မှလည်း ငြိမ်စေသည်။ အရက်မူးခြင်းနှင့် အခြားသော အမူးရောဂါ များနှင့် အထူး သင့်လျော်သည်။ သွေးတိုးရောဂါ ဝေဒနာသည်များ အနေဖြင့် ဧကရာဇ်အရွက်ကို မကြာခဏ ဟင်းချိုချက် သောက်ပေး နိုင်သည်။
ဧကရာဇ် အမြစ်ကို ဆန်ဆေးရည် နှင့်သွေးပြီး
အရက်မူးသူ များနှင့် အခြားအမူးသည် များကို တိုက်ကျွေးပါက အမူးရောဂါ ကို သက်သာ ပျောက်ကင်း
စေသည်။ ၀မ်းကြော၊ ရင်ကြောများ တင်းမာခြင်း အတွက် အမြစ်ကို ဆန်ဆေးရည်နှင့် သွေးလိမ်းလျှင်
ပျောက်၏။ အမြစ်နှင့် အခေါက်ကိုသွေး၍ လျှာကိုပွတ်ပေး ပါက အရက်မူးလွန်ခြင်း ကိုပြေစေ၏။
အမြစ်ကို ဆန်ဆေးရည်နှင့် သွေးပြီး သကြား၊ ဆားပါ ထည့်သောက် ပေးပါက နှလုံးတုန်၊
ရင်ခုန်၊ ခေါင်းမူး ပျောက်စေသည်။ အမြစ်နှင့် အခေါက်ကို သွေး၍ မျက်စိတွင် ကွင်းပေးလျှင်
မျက်စိနာ ပျောက်စေ၏။ အမြစ်အစိုကို ထန်းလျက် နှင့်ကျိုသောက် ပေးခြင်းဖြင့် ခရုသင်းရောဂါ ကို ပျောက်ကင်း စေ၏။
အရွက်ကို ပြုတ်၍သုပ်စားခြင်း၊ ကြော်စားခြင်း များဖြင့် မီးယပ်ငုပ်ခြင်း နှင့် သွေးတိုးရောဂါ ကို သက်သာစေသည်။ အပွင့်ကို ဟင်းချိုအဖြစ် ချက်သောက်ခြင်း၊ အညွန့်ကို တို့စရာအဖြစ် တို့စားခြင်းဖြင့် သွေးတိုးနှင့် နှလုံးတုန် ရောဂါတို့ကို ပျောက်ကင်း စေသည်။ အပွင့်၏ အနံ့ကို ရှူပေးခြင်းဖြင့် ခေါင်းမူးခြင်းကို သက်သာစေ၏။ အမျိုးသမီးထု တို့ကြုံရသည့် မီးယပ်ထိမ်ခြင်း တွင်လည်း အရွက်ကို ပြုတ်ပြီး သုပ်စားပေး ခြင်းဖြင့် သက်သာစေသည်။
သွေးတိုးနှင့် ဧကရာဇ် ဆိုသော စာသားလေးနှင့်
အညီ ဧကရာဇ်ရွက် ဖော်စပ်ပုံလေး ကိုလည်း ဝေမျှပေး လိုသည်။ ပါဝင်သော ဆေးပစ္စည်း များမှာ
ဧကရာဇ်ရွက်၊ ရေသန့်၊ ရှောက်ရည်နှင့် ပျားရည်တို့ ဖြစ်သည်။ အရွက်များကို သေချာ ဆေးကြောပြီး
သောအခါ ဧကရာဇ်ရွက် ၂၅ ကျပ်သားကို ထုထောင်းခြေမွကာ ရေ ၅၀ သားနှင့်ပြုတ် ရမည်။ ထိုသို့ရေဖြင့် ပြုတ်ပြီး ဆေးပြုတ်ရည် ၁၂ ကျပ်သားမျှ
ကျန်ရှိနေချိန်တွင် ရှောက်ချဉ်သီး ညှစ်ရည် ၁၀ သား၊ သဘာဝပျားရည် စစ်စစ် ၁၀
သားရောစပ်ပြီး လေလုံသော ပုလင်းတွင် ထည့်ထားရမည်။ ဆေးသောက်ချိန် တွင် ပုလင်းကို လှုပ်ပြီး
တစ်ကြိမ်သောက်လျှင် ဟင်းစားဇွန်း တစ်ဝက်ခန့်
လေးနာရီခြား တစ်ခါ သောက်ပေးရမည်။ ထိုသို့ သောက်ပေးခြင်းဖြင့်
သွေးတိုးရောဂါကို သက်သာ ပျောက်ကင်း စေကြောင်း အရှင်နာဂသိန် ပုံပြ ဆေးအဘိဓာန် ထဲတွင်
ဖော်ပြ ထားသည်။
ဓာတ်မတည့်မှု ကြောင့် သွေးယားခြင်း၊
အရေးပြားတွင် အဖုအပိမ့်များ ထွက်ခြင်းအတွက် ကရမက်၊ ဆီးစေ့အဆန်၊ သကြားတို့ကို ဆတူစပ်ကာ
အမှုန့်ပြုပြီး ကော်ဖီစားဇွန်း တစ်ဇွန်း
တစ်နေ့နှစ်ကြိမ် ရေကျက်အေးနှင့် သောက်ပေးပါက သက်သာ ပျောက်ကင်း စေသည်။
ဧကရာဇ်မြစ်ကို လေနိုင်ဆေးများ ဖော်စပ်ရာတွင်လည်း ထည့်သွင်း အသုံးပြု နိုင်သည်။ ဧကရာဇ်မြစ်ကို တိုင်းရင်း ဆေးခန်းသုံး ဆေးနံပါတ် ၃၂ နန်းတွင်း ဆေးတော်ကြီး
ဟုခေါ်သော လျှာပွတ်ဆေး ထဲတွင်လည်း ထည့်သွင်း ဖော်စပ်ထား သည်ကို တွေ့ရသည်။
ဤသို့ဖြင့် ဆေးဖက်ဝင်သော ဆောင်းကြို ဧကရာဇ်အကြောင်း ဝေမျှလိုက်ရ
ပါသည်။ ။
မုဒိတာ (တောင်သာ)
ဓာတ်ပုံ - အင်တာနက်
ခရက်ဒစ် - mwddaily
No comments:
Post a Comment