Wednesday, December 23, 2020

အရမ်းမဲ့မသုံးသင့်သော တိုင်းရင်းဆေးများ

 

အရမ်းမဲ့မသုံးသင့်သော တိုင်းရင်းဆေးများ

 


မည်သည့် ဆေးဝါးမဆို ဘေးဥပဒ်နှင့် မကင်းပါ။ အနောက်တိုင်း ဆေးဝါးများတွင် ကောင်းကျိုးနှင့် ယှဉ်တွဲ၍ မလိုလား အပ်သော ဘေးဥပဒ် များရှိကြောင်း လူအတော်များများ သိပြီးဖြစ်ကြသည်။ ဥပမာ အားဖြင့် အကိုက်အခဲ ပျောက်ဆေးများ သုံးစွဲခြင်း လွန်ကဲလျှင်  အစာအိမ် သွေးကြောများ ပေါက်တတ်ကြောင်းကို ဆေးပညာရှင် များက အမြဲသတိပေး နေကြ သည်။

တိုင်းရင်းဆေးဝါး များသည်လည်း ထိုကဲ့သို့ ကောင်းကျိုးနှင့် ယှဉ်တွဲ၍ မလိုလားအပ်သော ဘေးဥပဒ်များ ရှိကြောင်းကိုမူ သိသူ အလွန်နည်းပါး လှသည်။ မြန်မာဆေးပဲ  ဘာမှအန္တရာယ် မရှိပါဘူးဟု  ပြောကြကာ ထင်သလို စားသုံးကြ၊ ထင်သလို ကြော်ငြာရောင်းချ တတ်ကြသည်။


အမှန်မှာ တိုင်းရင်းဆေး တွင်လည်း တတ်ကျွမ်းသည့် ဆရာပညာရှင် များနှင့် မတိုင်ပင်ဘဲ  သုံးစွဲလျှင်  ဒုက္ခပေးတတ်သော ဘေးဥပဒ်များ ရှိသည်။ ထို့ကြောင့်ပင် တိုင်းရင်းဆေး သိပ္ပံ(မန္တလေး) တွင် သင်ကြားပေး နေသော ပညာရပ်များ ထဲမှ ''ဆေးပညာ ဥပဒေသ'' ပညာရပ်တွင် ရောဂါ တစ်ခုကို ပျောက်ကင်းစေပြီး အခြားရောဂါ တစ်ခုကို ဆင့်ပွား မဖြစ်စေမည့် ကုထုံးကိုသာ မှန်ကန် ကောင်းမွန်သောကုထုံးအဖြစ် ဆရာလောင်း များကို သင်ကြားပေးလျက် ရှိသည်။

ရောဂါတစ်ခု ပျောက်ကင်းပြီး ပေးသော ဆေးကြောင့် အခြားရောဂါ တစ်ခုပြောင်းလဲ ဆင့်ပွားပေါ်ပေါက် လာလျှင် ၎င်းကုထုံးကို မစင်ကြယ်သော ကုထုံးဟု ခေါ်ဆိုပါသည်။ စာရေးသူ၏ ဆေးကုသက်တမ်း အတွင်း တွေ့ကြံရဖူးသော အတွေ့အကြံများမှ အချို့ကို ဖော်ပြလိုသည်။ တစ်နေ့တွင် အမြတ်ခွန် ဦးစီးဌာနမှ ပုဂ္ဂိလ်တစ်ဦး တိုင်းရင်းဆေးခန်းသို့ ရောက်လာသည်။ ထိုသူလာရောက် ပြသသော ရောဂါမှာ လေပွပြီး အစာမစားချင်သော ရောဂါဖြစ်သည်။ မကြာခဏလည်း ကြို့ထိုးတတ်သည်ဟု ဆိုသည်။ သူသည် အသက် လေးဆယ်ကျော်ရုံ မျှရှိသေး သော်လည်း ဆံပင်များ ကွက်ကျားဖြလျက် ရှိနေသည်။ တိုင်းရင်းနည်းဖြင့် သူ့လက်ကို သွေးစမ်း ကြည့်သောအခါ ''လေပူသွေး'' ရှိနေကြောင်း တွေ့ရသည်။ ထို့ကြောင့် သူ၏ရောဂါဖြစ်ပုံ နောက်ကြောင်း ကိုပါ စစ်တမ်း ထုတ်ကြည့်သော အခါ အောက်ပါအတိုင်း သိရှိရသည်။

သူသည် လွန်ခဲ့သော ခြောက်လခန့်မှစ၍ နနွင်းခါးဆေးလုံး များကို နေ့စဉ်စားသုံး ခဲ့သည်ဟု ဆိုသည်။ သွေးတိုးနှင့် လေငန်းရောဂါများ ကာကွယ်သည် ဆိုသဖြင့် သူတို့မျိုးရိုးတွင် ၎င်းရောဂါများ ဖြစ်ခဲ့ဖူးသူများ ရှိသဖြင့် စိုးရိမ်ပြီး ကာကွယ်သည့် အနေဖြင့် နနွင်းခါးဆေးလုံး များကို နေ့စဉ် စားသုံးခဲ့သည်ဟု ပြောပြသည်။

ထိုသို့စားသုံးပြီး သုံးလကျော် အကြာမှစပြီး သူ့ဆံပင်များ စ၍ဖြလာ ခဲ့သည်။ အစားပျက်၍ လေပွလာသည်။ ရုံး၌ အလုပ်လုပ်ရာတွင် နေ့လယ် ချိန်ရောက်လျှင် ဇက်ကြောတက်ပြီး မျက်စိများ မှုန်လာသည်။ ထိုအချိန် အထိ နနွင်းခါးစားသုံးမှု မတည့်သောကြောင့် ဖြစ်သည်ဟု သူကမထင်။ ရုံးအလုပ်များ၍ ဖြစ်သည်ဟုသာ ထင်ပြီး ဆက်လက်စားသုံး ခဲ့သည်ဟု ဆိုသည်။

တိုင်းရင်းဆေးပညာ အလိုအားဖြင့် နနွင်းခါးသည် ပူခါးအရသာ ရှိပြီး ဓာတ်လောင်ကျွမ်းမှု အားကောင်းစေသော ''တေဇောဝါယောဂိုဏ်း'' ဆေးမျိုး ဖြစ်သည်။ ၎င်းသည် ဓာတ်လောင်ကျွမ်းမှု ပေးသော ဆေးမျိုး ဖြစ်သဖြင့် ခန္ဓာကိုယ်တွင်းရှိ မကြေညက်ခြင်းနှင့် ပိတ်ဆို့မှုများကို ရှင်းလင်းစေနိုင်သည်။ သွေးတွင်းရှိ အဆီဓာတ်များ ကိုလည်း ကြေစေနိုင် သဖြင့် သွေးတိုးလည်း ကျစေနိုင်သည်။ သို့သော် စနစ်တကျ စားသုံးရန် လိုအပ်သည်။ လိုသည်ထက် ပိုလျှင် ဘေးဥပဒ် ဖြစ်စေနိုင်သည်။

ခန္ဓာကိုယ်တွင်  တေဇောဝါယော ဓာတ်ခံ အားကောင်းနေသူများ တစ်နည်းအားဖြင့်  အပူနှင့်လေပူဓာတ် လွန်ကဲနေသူ များသည် နနွင်းခါး နှင့်မတည့်ပါ။ သူများပြောသံ ကြားနှင့် စားသုံးမိရာမှ များလာသောအခါ မူလဓာတ်ခံ အပူဓာတ်နှင့် နနွင်းခါးမှ တေဇောဝါယော ဓာတ်တို့ ပေါင်းမိကာ မီးလောင်ရာတွင် လေပင့်သကဲ့သို့ ဖြစ်ပြီး ဓာတ်လောင်ကျွမ်း မှုလွန်ကဲ၍ အပူခိုးများ အထက်သို့ ရိုက်သဖြင့် မျက်စိမှုန်ခြင်း၊ ဇက်ကြောတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဖြခြင်း စသော တေဇောဓာတ် လောင်ကျွမ်းသော လက္ခဏာများ ပေါ်ပေါက်လာ ပါလိမ့်မည်။

အမှန်အားဖြင့် နနွင်းခါး စားသုံးရန်သင့်သူ များမှာ အဆီဓာတ် များပြီး လူဝဖြိးမှု လွန်ကဲလာသူများ၊ သီတ အအေးဓာတ် အဖွဲ့လွန်ကဲပြီး အကြောတွင် ပိတ်ဆို့မှု ရှိသူများ၊ သွေးအတွင်း အဆီဓာတ် ပိတ်ဆို့ပြီး သွေးတိုး လက္ခဏာ ပြလာသူများ၊ မွေးညင်းပေါက် များအာကာသ ပိတ်၍ ချွေးမထွက် သူများသာ စားသုံးသင့်သော ဆေးမျိုးဖြစ်သည်။

ပိန်ဆေးဟု ကြော်ငြာရောင်းချ နေကြသော ဆေးများမှာ နနွင်းခါးကို အဓိကထား၍ ဖော်စပ်ထားသော ဆေးကများသည်။ အရမ်းမဲ့ မစားသုံး သင့်ပါ။ စားသုံးလို လျှင်လည်း ကျွမ်းကျင်သော တိုင်းရင်းဆေး ပညာရှင် များနှင့်သာ တိုင်ပင်၍ အချိန်ကာလ အတိုင်းအတာဖြင့် သာ စားသုံးသင့်သည်။

အခြား တိုင်းရင်းဆေး ပစ္စည်းဆေးဝါးများ တွင်လည်း ဤနည်းအတိုင်း ပင်ဖြစ်သည်။ ကြက်သွန်ဖြနှင့် ပျားရည် အစားများ၍ ဒုက္ခရောက်သူ များလည်း တွေ့ဖူးပါသည်။ ဆီးကောင်းသည်၊ ကျောက်ကျသည် ဟုဆိုကာ မလိုအပ်ဘဲ သံမနိုင် ကျောက်မနိုင်ရွက် များကို နေ့စဉ် ကျိုသောက်ရာမှ  ဆီးသွားလွန်ကဲပြီး ကျောက်ကပ် ထိခိုက်ရောဂါ ရသူများလည်း ကြံတွေ့ဖူးသည်။ အစွမ်းထက်သော ဆေးပင်ဆေးမြစ် များကို မလိုအပ်ဘဲ မသောက်သင့်ပါ။ ကျောက်ကပ်သည် လိုသည်ထက်ပို၍ အလုပ်လုပ် ရလျှင် ပျက်စီး တတ်သည်။

အချို့ လူများသည် ရောင်းတမ်း ဆေးများက ကြော်ငြာ ထားသည်များကို အကောင်းထင်ကာ ၀ယ်ယူစားသုံးရာမှ မပျောက်ကင်းဘဲ ရောဂါကုသချိန် နောက်ကျပြီးမှ သက်ဆိုင်ရာ ဆေးရုံသို့ ရောက်သဖြင့် ကုမရတော့ဘဲ ဆုံးရှုံးသွားသည် များလည်း ရှိသည်။ တိုင်းရင်းဆေး၏ ပညာရပ်များမှာ များစွာ ကျယ်ဝန်း နက်ရှိုင်းသည်။ လူတစ်ဦးနှင့် တစ်ဦး မူလဓာတ်ခံချင်း မတူကြပါ။ ဆေးတစ်မျိုးသည် လူတစ်ဦး၏ ရောဂါကို ပျောက်ကင်း စေသော်လည်း အခြားတစ်ဦး၏  အမျိုးတူ ရောဂါကို မပျောက်စေ နိုင်သော ဘုတ်သဘောတရား များရှိသည်။

ဆေးပင်နှင့် ဆေးပစ္စည်း အာနိသင် ပညာရပ်များ မှာလည်း များစွာ နက်နဲ ကျယ်ဝန်းသည်။ ဆေးတစ်မည် တည်းနှင့် ပျောက်နိုင်သော ရောဂါ များရှိသလို ဆေးအမည် များစွာနှင့် ပေါင်းစပ်ကုမှ ပျောက်ကင်း နိုင်သည် များလည်းရှိသည်။ ရောဂါသိ ဆေးရှိပြီးသည့် တိုင်အောင် ရောဂါရောက်ကြောင်း ဖြစ်သည့် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့နှင့် ညှိနှိုင်းဆန်းစစ် ကုသပေးနိုင်သည့် ဆရာမှသာ ရောဂါကို စင်ကြယ်အောင် ကုသနိုင်သည်။

ထို့ကြောင့် ရောဂါဖြစ်လာလျှင် မိမိထင်ရာ ဆေးမြီးတိုများ၊ ရောင်းတမ်း ဆေးများဖြင့် လက်တည့်စမ်း၍ ပျောက်နိုးနိုး ကုသခြင်းမျိုး မပြလုပ်သင့် ကြပေ။ တိုင်းရင်းဆေးဝါး များနှင့် ပတ်သက်၍ အချုပ်အားဖြင့် တင်ပြလိုသည်မှာ မည်သည့် တိုင်းရင်းဆေး မဆို သူများပြောသံ ကြားနှင့် လည်းကောင်း၊ ကြော်ငြာဖတ်၍ လည်းကောင်း အရမ်းမဲ့ မသုံးစွဲကြပါနှင့်။ ယခုအခါ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် တိုင်းရင်းဆေးရုံ နှစ်ရုံနှင့် မြို့နယ်များစွာ တွင်လည်း ကျန်းမာရေး ဦးစီးဌာန တိုင်းရင်း ဆေးပေးခန်းများ ရှိနေပြီ ဖြစ်ရာ တိုင်းရင်းဆေး ပညာတတ်ကျွမ်း နားလည်သည့် သမားတော်များ၊ ဆရာများနှင့် တိုင်ပင်ကုသ ခြင်းသာ အကောင်းဆုံး ဖြစ်သည်။

''သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး'' ''တန်ဆေး၊ လွန်ဘေး'' ဟူသော ဆိုရိုးများ ကိုလည်း အမြဲမမေ့ကြ ပါနှင့်ဟု သတိပေး ရေးသား လိုက်ရပါသည်။  

 

ကြည်လွင်မြင့် (မုဒြာ)

ဓာတ်ပုံ - အင်တာနက်

ခရက်ဒစ် - mwddaily


No comments: