Thursday, December 10, 2020

စက္ခုအာရုံ ကောင်းစေချင်

 

စက္ခုအာရုံ ကောင်းစေချင် 



သက်ရှိသတ္တ၀ါ အားလုံးအတွက် အရေးကြီးဆုံး အစိတ်အပိုင်း သည် မျက်လုံးတစ်စုံ ဖြစ်သည်ကို ယုံမှား သံသယ ဖြစ်ဖွယ် မရှိပါ။ ထို့ကြောင့်လည်း ရှေးလူကြီးများက မျက်စိအဆုံး အားအရှုံး ဟု မိန့်ဆို ခဲ့ကြလေသည်။ အတိတ်ကံ အကျိုးပေးကြောင့် မွေးရာပါ အမြင်ကွယ်ခြင်း ၊ မျက်စိ အားနည်းခြင်း ၊ သူငယ်အိမ် စောင်း၍ အမြင်ချို့တဲ့ ခြင်းကို မဆိုလို သော်လည်း ကျန်းမာရေး အခြေခံ ဗဟုသုတ အားနည်း၍ နေထိုင် စားသောက်မှု ပုံစံ မမှန်ခြင်း နှင့် ဘေးပယောဂ အမျိုးမျိုးကြောင့် စက္ခုအာရုံ ချို့ယွင်း သွားခြင်းသည် ကာယကံရှင် အတွက် သာမက နိုင်ငံတော် အတွက်ပါ ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်သည်။

          မျက်စိ အတွင်းတိမ် ၊ မျက်စိရေတိမ် ၊ မျက်ခမ်းစပ် ရောဂါ စသည့် မျက်စိရောဂါ အမျိုးမျိုး မတော်တဆ ထိခိုက်မိခြင်း သို့မဟုတ် လုပ်ငန်းခွင်မှ ထိုခိုက်မှု အန္တရာယ် ၊ အာဟာရ ချို့တဲ့ခြင်း ၊ ဆီးချို သို့မဟုတ် သွေးတိုး  သို့မဟုတ် ကျောက်ကပ်ရောဂါ တို့အတွက် သုံးစွဲလျက် ရှိသော ပဋိဇီဝဆေးဝါး များ၏ ဘေးထွက် ဆိုးကျိုးများ စသည် တို့ကြောင့်လည်း အမြင်အာရုံ ပျက်စီးနိုင် သကဲ့သို့ မျက်စိကို အလွန်အကျွံ သုံး၍ ဂိမ်းကစားခြင်း ၊ ကွန်ပျူတာ ကြည့်ခြင်း ၊ ဖုန်းကစားခြင်း ၊ စာကြည့်ခြင်း ၊ နေရောင်ခြည်အောက် ဦးထုပ် ၊ ထီး ၊ နေကာ မျက်မှန် စသည်ဖြင့် အကာအကွယ် မပါဘဲ သွားလာခြင်း ၊ ဆေးလိပ် ၊ အရက် သောက်ခြင်း ၊ အသားမှုန့် များနှင့် အချိုမှုန်ကဲ့သို့ ဓာတုပစ္စည်း များကို စားသောက်ခြင်း တို့ကလည်း အမြင်အာရုံ ချို့ယွင်းစေသော အကြောင်းများ ဖြစ်သည်။


ကွန်ပျူတာကြောင့် မျက်စိမထိခိုက်ရလေအောင်

          ကမ္ဘာတစ်ဝန်း အင်တာနက် ခေတ်ရေစီးကြောင်း နှင့်အညီ အလုပ်ကြောင့် ဖြစ်စေ ၊ အပျင်းပြေ ဖြစ်စေ ၊ ဂိမ်းကစားသူ များလည်း အင်တာနက် သုံးရင်း အချိန်ကုန်လွန် နေကြပြီး ကလေးများက ဂိမ်းစွဲ နေသကဲ့သို့ သက်လတ်ပိုင်း နှင့် အချို့ သက်ကြီးပိုင်း များလည်း အင်တာနက် စွဲလမ်းမှု ရောဂါစွဲကပ် နေကြသည်။ ကွန်ပျူတာ အသုံးများ၍ အမြင်အာရုံေ၀၀ါးခြင်း ၊ မျက်လုံးအိမ် ခြောက်သွေ့လာကာ မျက်ရိုးကိုက် ၊ မျက်ရည်ပူ ကျခြင်း ၊ လည်ပင် ၊ ပခုံး ၊ နောက်ကျော နာကျင်ခြင်း စသည်ဖြင့် မျက်စိကို ဒဏ်ပိစေသည်။ ထို့ပြင် နောက်ဆက်တွဲ ဝေဒနာများအဖြစ် ခေါင်းမူး ခေါင်းကိုက်၍ ဇက်ကြောတက် ခြင်းနှင့် အရိုး ကျီးပေါင်းရောဂါ များဖြစ်စေနိုင်သည်။

          ကွန်ပျူတာကြောင့် မျက်စိ ထိခိုက်ခြင်းမှ သက်သာစေရန်

(၁)     အလင်းလျှော့ချပေးသော Flat LCD Monitor ကိုသုံးပါ။

(၂)     ရောင်ပြန်ပါသော မျက်မှန်ကို အသုံးပြုပါ။

(၃)     ကွန်ပျူတာမသုံးခင် ကွန်ပျူတာ မျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့် လေးများကို အသေအချာ သန့်စင်ပါ။

(၄)     မျက်နှာနှင့် ကွန်ပျူတာကို ၂ ပေခန့်ကွာဝေး နေစေပြီး ၊ ကွန်ပျူတာ မျက်နှာပြင် သည် သင့်မျက်လုံး နေရာထက် နိမ့်နေရမည်။

(၅)     စာရိုက်မည် ဆိုပါလျှင် စာရွက်များကို ကွန်ပျူတာ ဘေးတွင် ထောင်ထားပါ။ ကွန်ပျူတာ လက်ကွက် အလွယ် မရပါက ဦးစွာ စာကိုသာ ကြည့်ရိုက်ပြီး စာလုံးပေါင်း သတ်ပုံ အမှန်စစ်ချိန်မှသာ ကွန်ပျူတာကို ကြည့်ပါ။

(၆)     ထိုင်ခုံပေါ်တွင် ကွန်ပျူတာ ရှေ့တည့်တည့် ခါးမတ်မတ် ထိုင်၍ ခြေဖ၀ါးကို အောက်သို့ အပြားလိုက် ချထားပါ။

(၇)     အခန်း အလင်းရောင်သည် ကွန်ပျူတာနီးပါး လင်းနေရမည်  ဖြစ်ပြီး ပြတင်းပေါက် နှင့် မျက်နှာချင်းဆိုင် မထိုင်မိ ပါစေနှင့်။

(၈)     မျက်စိ အညောင်းပြေ စေရန် ကွန်ပျူတာကို ၁၅ မိနစ် ကြည့်ပြီးတိုင်း အဝေး တစ်နေရာရာသို့ တစ်မိနစ်ခန့် ကြည့်ပါ။ နာရီဝက် ကြာတိုင်း အကြိမ် ၂၀ မျက်တောင်ခတ်ပါ။ တစ်နာရီ ကြာတိုင်း မျက်လုံးမှိတ်၍ ခေတ္တ အနားပေးပါ။

(၉)     လက်ဝါးနှစ်ဖက်ကို ပူနွေးလာသည် အထိ ပွတ်ပေးပြီး မျက်လုံးပေါ် ဖွဖွလေး တင်ပါ။ လက်ချောင်းများ ကြားမှ အလင်းရောင် ၀င်မလာအောင် လက်ချောင်း များကို ကပ်ထားရ ပါမည်။

ကြိုတင်ကာကွယ်နည်းလမ်းများ

          ကြိတင်ကာကွယ် ခြင်းသည် ကုသခြင်းထက် ကောင်း၏ ဟူသော ဆောင်ပုဒ်နှင့် အညီ ဖြစ်လာမှ ကုသခြင်းထက် မိမိ အသိစိတ်ဖြင့် အောက်ပါ နည်းလမ်း အသွယ်သွယ် တို့ဖြင့် ကြိုတင် ကာကွယ်နိုင် တတ်ပါစေ။

-                     အနည်းဆုံး ၆ လတစ်ကြိမ် ဆရာဝန်ဖြင့် မျက်စိစစ်ဆေးခံသင့် ပါသည်။

-                     မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး အမြင်အာရုံ ရုတ်တရက် မှုန်ဝါးသွားခြင်း၊ မီးအလင်းရောင် ကဲ့သို့ ရောင်စုံ အစက်အပြောက်များ သို့မဟုတ် အမည်းစက် များကို နေရာတိုင်းတွင် တွေ့နေရခြင်း၊ ရုပ်ဝတ္တုများကို နှစ်ထပ် မြင်နေရခြင်း၊ မျက်လုံးတစ်ဝိုက် နာကျင်ခြင်း စသည့် လက္ခဏာများ ပြလာပါက တတ်ကျွမ်း နားလည်သူ ဆရာဝန်နှင့် အမြန်ဆုံး စစ်ဆေးမှု ခံယူသင့်သည်။

-                     ဆရာဝန်နှင့် ပြသပြီးနောက် တိကျမှန်ကန်သော မျက်စဉ်းဆေးရည် ကို ညွှန်ကြားချက် အတိုင်း စနစ်တကျ ခတ်ပေးပြီး မျက်စဉ်းဘူးကို ရေခဲသေတ္တာ သို့မဟုတ် သန့်ရှင်း၍ အေးမြသော နေရာတွင် သိမ်းပါ။

-                     မျက်ကပ်မှန် တပ်ဆင်သူ များသည် သန့်ရှင်းသော လက်ဖြင့် ကိုင်တွယ် အသုံးပြုပါ။ တစ်နေ့လျှင် အများဆုံး ၈ နာရီထက်ပို၍ မတင်ဆင် သင့်ပါ။ မျက်ကပ်မှန် တပ်၍ အိပ်စက်ခြင်း ၊ မျက်လုံးကိုဖိ၍ လက်ဖြင့် ပွတ်တိုက်ခြင်း မပြုရ။

-                     ယခုအခါ ခရမ်းလွန် ရောင်ခြင် ပြင်းထန်သည့် အဆင့် ကျရောက်လျက် ရှိရာ အထူးသဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲ ထွက်သည့်အခါ UV ကာကွယ်သော ရောင်ပြန်ထီး သို့မဟုတ် မျက်လုံး ဖုံးအုပ်စေသော လျှာထိုး ဦးထုပ် ဆောင်းပါ။ အလင်းလှိုင်း ဖြာထွက်မှုကို ထိန်းပေးပြီး မျက်လုံးတ၀ိုက် လုံလောက်စွာ ကာကွယ်ပေးသည့် နေကာ မျက်မှန်ကြီးကြီး တပ်ဆင်ပါ။

-                     စက်ချုပ်ခြင်း၊ သိုးမွှေးထိုးခြင်း ၊ စာရေးစာဖတ်ခြင်း ၊ တီဗွီကြည့်ခြင်း စသည်ဖြင့် မျက်လုံး အာရုံစိုက်ရသော အလုပ်ကို အတတ်နိုင်ဆုံး လျှော့ချ၍ ၀န်မပိအောင် ဂရုစိုက်ပါ။ မျက်စိစွေစောင် မဖြစ်ရလေအောင် စာဖတ်သည့် အခါတွင်လည်း စာအုပ်ကို ဘေးတစ်စောင်း ဖတ်ခြင်း မပြုရ။

-              သစ်ခွဲစက် ၊ ကျောက်ခွဲစက် ၊ ဂဟေဆော်ခြင်း ၊ ရေကူးခြင်း ၊ ဆိုင်ကယ်စီးခြင်း ၊ ရေလွှာလျှောစီးခြင်း တို့အတွက် မျက်လုံးအကာ တပ်ဆင်ပါ။

-               အမြင်အာရုံ ကြည်လည် စေရန်အတွက် မြန်မာ့ ဆေးမြီးတိုများ ဖြစ်သော

o    ကွမ်းရွက်ကို လက်ဖြင့် အသာချေ၍ နားထင် ၊ မျက်ရိုးတစ်လျှောက် နှင့် မျက်ရည်အိတ် အောက်ဘက်သို့တွင် ကပ်ပါ။

o     သခွားသီးကို ပါးပါးလှီး၍ နားထင် ၊ မျက်ခွံ နှင့် မျက်စိတစ်ဝိုက် ကပ်ပါ။

o     ညအိပ်ခါနီး ဆားကြမ်းနင်းခြင်း သို့မဟုတ် ခြေဖ၀ါးကို ဆားဖြင့် ပွတ်ပြီးနောက် ဒူးခေါင်းမှ ရေလောင်းချပါ။

o     မျက်လုံး တစ်ဝိုက်တွင် မန်ကျည်းသီး အနှစ်ကို မျက်ကွင်းဆေး အဖြစ် လမ်းကျံပါ။

-                     ညအိပ်ရာ ၀င်ခါနီးတိုင်း ဒူးခေါင်းပေါ်မှ ရေလောင်းအိပ်ပါ။

-                     ရေချိုးသည့်အခါ ဒူးခေါင်း ၊ ပေါင် ၊ ခါး ၊ ပခုံး ၊ မျက်နှာ ၊ ဦးခေါင်း စသည်ဖြင့် အောက်ခြေမှစ၍ အထက်ပိုင်းသို့ တစ်ဆင့်ပြီး တစ်ဆင့် ရေလောင်းပါ။

အမြင်အာရုံပျက်စီးခြင်းနှင့် ဆက်နွယ်သောရောဂါများ

          မျက်စိပေါ်သို့ ခရမ်းလွန် ရောင်ခြင် တိုက်ရိုက်ကျခြင်း ၊ အိပ်ရေးပျက်ခြင်း ၊ စီးကရက် မီးခိုးငွေ့များ ၊ အလွန်အမင်း မောပန်း နွမ်းနယ်ခြင်း ၊ စိတ်ဓာတ်ကျခြင်း ၊ ဒေါသကြီးခြင်း ၊ သွေးတိုး၊ ကိုလက်စထရော များခြင်း တို့ကြောင့် မျက်စိအတွင်းတိမ် ဖြစ်စေသည်။

          ဟိုက်ပိုသိုင်းရွိုက် ၊ ဟိုက်ပါသိုင်းရွိုက် ၊ ဆီးချို ၊စိတ်မချမ်းမြေ့ခြင်း ၊ ထုံးနှင့် ပေါင်းသတ်ဆေး စသော ဓာတုဆေးတို့ မျက်လုံးထဲ မတော်တဆ ၀င်ခြင်း ၊ အဆီများသော အစားအစာ များနှင့် ကိုယ်လက် လှုပ်ရှားမှုနည်း၍ အညောင်းမိခြင်း တို့ကြောင့်လည်း မျက်စိရေတိမ် စွဲစေသည်။

          ရေဓာတ်ခန်းခြောက်ခြင်း ၊ အရက် ၊ ကဖိန်းဓာတ် များသော အစားအစာများ ၊ ဆားကဲသော အစားအစာ တို့ကြောင့် မျက်စိခြောက်၍ မျက်ရည်အိတ်ခန်း စေသည်။

          မိမိမျက်စိ နှင့် ပါဝါမကိုက်ညီသော မျက်မှန်ကို မှားယွင်းစွာ တပ်ဆင် အသုံးပြုခြင်း ကလည်း အမြင်အာရုံ ပျက်စီးစေသည်။

          ဆီးချို ၊ လေဖြတ်ခြင်း ၊ ခန္ဓာကိုယ် ရှိ တစ်သျှူးများ မာကျောခြင်း ၊ ရေယုန်နာ ပေါက်ခြင်း ၊ အေအိုင်ဒီအက်စ် ရောဂါ ဝေဒနာရှင်များ အတွက် ထိုရောဂါများ ပြင်းထန် နေချိန်တွင် မျက်စိပါဝါ စမ်းသပ်ပါက အဖြေမှန် မထွက်နိုင်ချေ။

အကောင်းဆုံးဖြည့်စွက်စာများ

          သင့်တင့်မျှတသော အစာ အာဟာရ တို့ကို ရွေးချယ်စားသုံးခြင်း ကလည်း သင့်မျက်စိ အတွက် အိမ်တွင်း သမားတော် အဖြစ် အားကိုးနိုင်သည်။ မျက်လုံးအတွက် သင့်လျော်သည့် အစားအစာများကို ဖြည့်စွက်စာ အဖြစ် စားသုံးပေးခြင်းဖြင့် မျက်စိ သွေးလည်ပတ်မှုကို အထောက်အကူ ပြုပေးကာ မျက်စိ အားကောင်းစေပြီး ကြက်မျက်သင့်ရောဂါ ၊ အတွင်းတိမ် နှင့် အသက်အရွယ် ကြီးရင့်၍ မျက်စိကွယ်ခြင်းမှ ထိထိရောက်ရောက် ကာကွယ်ပေး နိုင်သည်။

-              လူတိန်းဓာတ် နှင့် ဇီအာဇန်သင်းဓာတ် ကြွယ်ဝသော ဟင်းနုနယ်ရွက် ၊ ကိုက်လန် ၊ မုန်ညင်းထုပ် ၊ မြင်းခွာရွက် ၊ အစိမ်းရောင် ပဲသီးများ။

-              ဗီတာမင်အေ ကြွယ်ဝသော ပန်းငရုတ်ပွ ၊ စတော်ဘယ်ရီ ၊ပန်းဂေါ်ဖီစိမ်း ၊ လိမ္မော်သီး ၊ ပန်းသီး ၊ ကီဝီသီး ၊ ဆလတ်ရွက် ၊ ကန်စွန်းရွက် ၊ ခရမ်းချဉ်သီး ၊ သခွားမွေး။

-              ဘိုင်အိုဖလေဗိုနွိုက်ဓာတ် ကြွယ်ဝသော ရှောက်သီး ၊ သံပုရာသီး ၊ သံပရိုသီး ၊ ချယ်ရီသီး ၊ စပျစ်သီး ၊ ဗာဒံစေ့။

-             စီလီနီယမ်ဓာတ် ကြွယ်ဝသော ပုစွန် ၊ ကဏန်း ၊ ကင်းမွန် (ပြည်ကြီးငါး) ၊ ရေဘ၀ဲ ၊ ခုံးကောင် စသော ပင်လယ်စာများ။

-               Brazil Nuts ခေါ် သုံးမြှောင့်ခွံမာသီး တစ်မျိုး ၊ တစေးဖြင့် အချဉ်ဖောက် ထားသော နို့ချဉ် ၊ ဒိန်ချဉ်များ။

-                     ဇင့်ဓာတ် ပါရှိသော ကမာကောင် (မုတ်ကောင်) ၊ ဂျုံ ၊ အစေ့အဆန် အမျိုးမျိုး။

-               အိုမီဂါ-၃ ၊ ဖက်တီးအက်စစ် ကြွယ်ဝသော ဆယ်လ်မွန်ငါး ၊ ငါးသေတ္တာငါး ၊ တူနာငါး ၊ မက်ကရယ်ငါး ခေါ် ငါးသလောက် ယောက်ဖ ၊ ငါးမည်းလုံး စသည်တို့ ဖြစ်ကြသည်။

အမြင်အာရုံချို့ယွင်းစေသောာ အစားအစာများ

-               တညင်းသီး ၊ မျှစ် သို့မဟုတ် မျှစ်ချဉ် စသည့် အကြောတက်စေသော အစားအစာများ။

-             ဆားနှင့် သကြားကဲ ထားသော အာဟာရ လုံးဝ မမြောက်သော သရေစာများ ဖြစ်ကြသည့် ကွတ်ကီး မုန့်အမျိုးမျိုး

-               တိရစ္ဆာန်နို့ ၊ ပဲနို့ ၊ ဟင်းရွက်ဆီ တို့ကို ဟိုက်ဒရိုဂျင် ဓာတ်ဖြင့် ပြုပြင် ပြောင်းလဲ ထားသော မာဂျရင်း ခေါ် ထောပတ်တု များ။

-               အာလူး သို့မဟုတ် ကန်စွန်းဥ သို့မဟုတ် ငှက်ပျောသီး တို့၏ မူလ သဘာဝဓာတ် ပျောက်အောင် အကြွပ်ကြော် ထားသော ဆီကြော် အစားအစာများ

-               သကြား ၊ သကြားလုံး နှင့် အချိုဓာတ် များလွန်းသော သရေစာများ စသည်တို့ ဖြစ်ကြသည်။

ပေါက်ပေါက်

ဓာတ်ပုံ - အင်တာနက်

ခရက်ဒစ် - ydbdaily


No comments: