Sunday, February 15, 2015

ညလုံးပေါက်တော့တယ် ဆိုရင် ...


ညလုံးပေါက်တော့တယ် ဆိုရင် ...
 
တစ်ချိန်တစ်ခါက ညလယ် သန်းခေါင်ယံ ကို မိုးချုပ်လှပြီ ဆိုပြီး ကဗျာတွေစပ်၊ စာတွေရေး၊ သီချင်းတွေဆိုခဲ့ကြပေမယ့် အခုချိန်မှာတော့ သန်းခေါင်ယံ ဆိုတာ စောသေးတယ်လို့ ဆိုသူတွေ အတော်များ လာပါပြီ။ အများစုက ညကို အိပ်ရာ စောစော မဝင်ကြတော့ ပါဘူး။

အလုပ်ရှိလို့ ဖြစ်စေ၊ အဲဒီအချိန်မှ နားရလို့ ဖြစ်စေ၊ ညကို တော်တော်နဲ့ မအိပ်ဘဲ နေနေတတ် ကြပါတယ်။ စာကျက်၊ စာရေး ဒါမှမဟုတ် တခြား အလုပ် လုပ်ကြမယ့် သူတွေအတွက် ညအချိန်မှာ အနှောင့်အယှက် နည်းသလို ပတ်ဝန်းကျင် ကလဲ တိတ်ဆိတ် နေတယ်။ နေရောင်လဲ မရှိတဲ့အတွက် အပူချိန် လျော့နည်း အေးမြနေချိန် ဆိုတော့ အာရုံစိုက်ပြီး အလုပ်လုပ်ရမယ့် သူတွေအတွက် အကြိုက် ဖြစ်နေတတ် ပါတယ်။

ဒါဟာ ညကိုမအိပ်၊ မနက်ကိုမထ တဲ့ လူ့ယဉ်ကျေးမှုကြီး ရဲ့ အစပဲ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူ အများစုဟာလဲ ညကို မအိပ်မနေ စာလုပ် ရသလို မနက်ကိုလဲ ဇိမ်နဲ့နှပ် မနေနိုင်ဘဲ အိပ်ရာထဲကနေ ကုန်းရုန်းထရ လေတော့ ညညကို ညဥ့်နက်မှ အိပ်ရာဝင်ရသူ တွေအဖို့ ဆောင်ရန်၊ ရှောင်ရန်တွေ ကို ဖော်ပြသွား ပါမယ်။

အိပ်ရေးပျက်ခံ ရသူတွေ ထဲမှာ ပညာရေး လောကထဲက ဆရာ၊ ဆရာမ နဲ့ ကျောင်းသား၊ ကျောင်းသူတွေ ထိပ်ဆုံးက ပါပါတယ်။ ကျောင်းသား တွေဟာ ကျူတိုရီရယ်၊ အဆိုင်းမင့်၊ ပရောဂျက်၊ စာမေးပွဲ တို့ရှိရင် မိုးလင်းပေါက် စာလုပ်တတ် ကြပြီး မေးခွန်းထုတ်၊ အဖြေလွှာစစ်၊ နောက်နေ့ သင်ခန်းစာ ပြင်ရတဲ့ ဆရာ၊ ဆရာမတွေ ဟာလဲ မကြာခဏ ဆိုသလို မျက်တွင်း ဟောက်ပက်ကြီးနဲ့ ကျောင်းကို ရောက်လာတတ် ကြပါတယ်။ ဒါဟာ ကမ္ဘာ့ တက္ကသိုလ် အများစုမှာ မဆန်းကျယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ချီကာဂို တက္ကသိုလ် စာကြည့်တိုက် နဲ့ ယူကေ ဘရစ်စတော တက္ကသိုလ်ရဲ့ ကွန်ပျူတာခန်း ၂၄ နာရီ ဖွင့်ထားပေး ရတာကိုက အကောင်းဆုံး သာဓက ဖြစ်နေ ပါတယ်။

ညမအိပ်တာဟာ ကျန်းမာရေးကို ရေတိုရော၊ ရေရှည်ပါ ဆိုးရွားစွာ ထိခိုက် စေနိုင်ပြီး ဉာဏ်ရည်၊ ဆုံးဖြတ်နိုင်စွမ်း၊ တွေးတော ဆင်ခြင်နိုင်စွမ်း တို့ ကို ကျဆင်းညံ့ဖျင်း စေနိုင်တဲ့ အတွက် အတတ်နိုင်ဆုံး ညအချိန်ကို အိပ်ပါ။ မလွဲသာ မရှောင်သာလို့ ညအိပ်ရေး ပျက်ရတော့ မယ်ဆိုရင် အောက်ပါ အချက်များကို လိုက်နာပါ။

အိပ်ရေးဝအောင် အိပ်ထားပါ
ဒါဆိုရင် မလွဲသာ မရှောင်သာလို့ ညလုံးပေါက် အလုပ် လုပ်ရတော့မယ် ဆိုရင်လဲ သိပ်မသိသာ နိုင်ပါဘူး။ ဘဏ်မှာ ငွေသွားသွား စုသလိုပဲ အိပ်ရေးကိုလဲ စုစု ထားပါ။ ဒီညကို မအိပ် ရတော့ဘူး ဒါမှမဟုတ် အိပ်ရေး ပျက်တော့မယ် ဆိုတာ သေချာရင်၊ ဘယ်အချိန်မှာပဲ သိသိ၊ တစ်ရေးအိပ် ဖြစ်အောင် အိပ်လိုက်ပါ။ လမ်းမှာ ထမင်း မသေချာတဲ့ ခရီးသည်ဟာ မုန့်ပဲ သရေစာကို အဝစား သွားတဲ့ သဘောပါပဲ။

အာဟာရဖြည့်တင်းပါ
ပရိုတိန်းက လူကို လန်းဆန်း တက်ကြွ စေပါတယ်။ ဒီညအဖို့ အိပ်ရေး ပျက်တော့မယ် ဆိုရင် ပရိုတိန်းကို လုံလောက်စွာ စားထား လိုက်ပါ။ အသား၊ ကြက်ဥ၊ ပဲ စသဖြင့်ပေါ့။ အဆီ၊ အဆိမ့်၊ အငန် အစရှိတဲ့ ကာဗို ဟိုက်ဒရိုတ်ေ တွ အစားများ ရင်တော့ အိပ်ငိုက် ပါလိမ့်မယ်။ ညလယ်လောက် ရောက်လို့ အား သိပ်မကျန် တော့ဘူးလို့ ထင်ရင် ပဲ၊ အစေ့ တစ်ခုခုကို စားပေးပါ။

အလင်းရောင် လုံလောက်အောင် လုပ်ထားပါ
ခန္ဓာကိုယ်ရဲ့ ဇီဝနာရီတွေက တောက်ပတဲ့ အလင်းကို မြင်ရင် ခန္ဓာကိုယ်ကို နိုးကြား နေစေပါတယ်။ ဒါကြောင့် ကိုယ်အလုပ် လုပ်တဲ့ အခန်းထဲ မှာပဲ မီးထွန်း ထားတာ မဟုတ်ဘဲ ကိုယ်မြင် နေရတဲ့ အခန်းတွေ၊ ဝင်းတွေ၊ ခြံတွေကိုလဲ မီးထွန်းညှိ ထားမယ် ဆိုရင် အဲဒီည အဖို့ သင်လုံးဝ အိပ်မငိုက်ဘဲ နေနိုင်တာကို သတိထား မိပါ လိမ့်မယ်။

ဦးစားပေးအဆင့်ကို စီစဉ်တတ်ပါစေ
သဘာဝကို ဆန့်ကျင်ပြီး ညမအိပ်ဘဲ အလုပ်လုပ် နေမိတဲ့ အတွက် ညဥ့်နက်လာတာနဲ့ အမျှ ကိုယ့်ဉာဏ်ရည် စွမ်းပကားလဲ ကျဆင်း လာတာကို သတိထား မိပါလိမ့်မယ်။ ဒါကြောင့် ညကို အလုပ်လုပ် တော့မယ်ဆိုရင် အခက်ဆုံး၊ အရှုပ်ဆုံး အလုပ်တွေကို အရင်လုပ်ပါ။ ညဥ့်နက် လာလေ၊ သင့်အလုပ် ကလဲ လွယ်လာလေ ဖြစ်အောင် စီစဉ်ထားဖို့ လိုအပ် ပါတယ်။ ဒီနေရာမှာ အလုပ်တွေကို ဉာဏ်သုံးရမယ့် အလုပ်နဲ့ အားစိုက်ထုတ် ရမယ့်အလုပ် ဆိုပြီး နှစ်မျိုးခွဲ ထားနိုင်ပါတယ်။ ဉာဏ်သုံးရမယ့် အလုပ်တွေကို သင် လန်းဆန်း နေသေးတဲ့ ညအစောပိုင်း မှာလုပ်ပါ။ ညဥ့်နက်လို့ သင် တစ်ယောက်တည်း ချောက်ချီး ချောက်ချက် အလုပ်လုပ် နေရပြီဆိုရင် ဉာဏ်သုံးဖို့ မလိုဘဲ အားပဲစိုက်ထုတ် ရတဲ့ အလုပ်မျိုးက ပိုပြီး သင့်တော် ပါတယ်။

ကော်ဖီသောက်ပါ
ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ လူကို မောပန်းစေတဲ့ အေဒီနိုဆင်းကို လျှော့ချပေး ပါတယ်။ တစ်နာရီကို ကော်ဖီတစ်ခွက် သောက်ပေးခြင်းဖြင့် ကိုယ်စိတ် ပင်ပန်းနွမ်းလျ စေတဲ့ အေဒီနိုဆင်း ထုတ်လုပ်မှုနှုန်းကို လျှော့ချနိုင်မှာ ဖြစ်ပြီး လန်းဆန်း တက်ကြွ နေမှာ ဖြစ်ပါတယ်။

နွေးနွေးထွေးထွေးနေပါ
လူ့ခန္ဓာကိုယ် အပူချိန်ဟာ မနက် ၃ နာရီကနေ ၄ နာရီ အကြားမှာ အနိမ့်ဆုံး ဖြစ်သွားလေ့ ရှိပါတယ်။ အအေးဒဏ်ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ပြီး အလုပ်တွေ မပြီးမစီး ဖြစ်နိုင်တဲ့ အတွက်ကိုယ့်ပတ်ဝန်းကျင် ကို နွေးထွေးအောင် ထားပါ။ ကိုယ့်ကိုယ်ကိုယ် လဲ နွေးထွေးအောင် ထားပါ။

မနက်ကို အိပ်ဖြစ်အောင် အိပ်ပါ
တစ်ညလုံး မိုးလင်းပေါက် အလုပ် လုပ်ပြီးလို့၊ ဘယ်အချိန်ပဲ ပြီးပြီးပေါ့၊ မနက် ၆ နာရီလား၊ ၇ နာရီလား၊ ၈ နာရီလား၊ ဘာမှ ဆက်မလုပ်ခင် အိပ်ဖြစ်အောင် အိပ်ပါ။ အိပ်တယ်ဆိုတာ ကလဲ အိပ်စက်မှု တစ်ကြိမ် ပြည့်အောင် မိနစ် ၉ဝ ကနေ ၁ဝဝ အထိ အိပ်ဖို့လို ပါလိမ့်မယ်။ လူတွေ တစ်ရေးနိုးတယ် ဆိုတာ ဒါကို ပြောတာပေါ့။ အိပ်ပျော်ပြီး မိနစ် ၉ဝ ဝန်းကျင်မှာ အားလုံးလိုလို တစ်ချက် တစ်ချက် နိုးတတ်ကြ ပါတယ်။ တစ်ညလုံး အလုပ်လုပ် ပြီးရင် အဲဒီလို အိပ်စက်မှု တစ်ကြိမ်ပြည့်ဖို့ အရေးကြီး ပါတယ်။ အိပ်မပျော် ရင်လဲ အိပ်ရာထဲ နေပါ။

နောက်နေ့ညကို စောစော အိပ်ပါ
မနေ့က ညလုံးပေါက် အလုပ်လုပ် ထားတယ် ဆိုရင် ဒီနေ့ညကို အိပ်ရာ စောစော ဝင်ပေးပါ။ မအိပ်ချင်လဲ အိပ်ရာဝင်ပါ။ ဒါမှ နဂိုမူလ အားအင် ပမာဏကို မြန်မြန် ဆန်ဆန် ပြန်ရပါမယ်။ တစ်ကြိမ် အိပ်ရေးပျက်ရင် အနည်းဆုံး သုံးရက် ပြန်အိပ်ပေးမှ အိပ်ရေးဝတာ ဖြစ်ပါတယ်။

အခု ဖော်ပြခဲ့ တာတွေဟာ တစ်ချက် တစ်ချက် ညလုံးပေါက် အလုပ်လုပ် ရတတ်သူတွေ အတွက် အကြံပြုချက် ဖြစ်ပါတယ်။ ညတိုင်းလိုလို ကိုယ့်ရွေးချယ်ချက် နဲ့  တမင်တကာ အိပ်ရေးအပျက်ခံ သူတွေ ဆိုရင်တော့ အဲဒီ အကျင့်ဆိုးကို ရပ်တန်းက ရပ်ပြီး ည ၁၁ နာရီ နောက်ဆုံးထားလို့ အိပ်ရာဝင်ကြဖို့ လေ့လာ ရေးသား လိုက်ပါတယ်။

Wednesday, February 4, 2015

ဆရာ ၊ ဆရာမများ အတန်း လိုက်တက်ကြည့်ပါ



ဆရာ ၊ ဆရာမများ အတန်း လိုက်တက်ကြည့်ပါ

ဒီနေ့ အထက်တန်း ပညာရေး ကြီးကြပ်သူ ရာထူးနဲ့ ကျွန်တော် ပထမဆုံး အလုပ်ဆင်းတဲ့ နေ့။ ကျွန်တော့် အလုပ်က စာသင်ဖို့ မဟုတ်ဘူး။ သင်ကြားမှု၊ သင်ယူမှု အခြေအနေ တွေကို ကွင်းဆင်း လေ့လာ ဆန်းစစ် သုံးသပ်ပြီး အစီရင်ခံ တင်ပြဖို့ ဖြစ်တယ်။ ဒီတော့ ဆရာတွေ၊ ဆရာမတွေ၊ ကျောင်း အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ တစ်နှစ်ပတ်လုံး ထိတွေ့ပြီး သင်ကြားမှု၊ သင်ယူမှု ထိရောက် သည်ထက် ထိရောက် လာအောင် အထက်ကို လိုအပ်တာတွေ တင်ပြဖို့ တာဝန်နဲ့ ရောက်လာ တာပဲပေါ့။

ပထမဆုံးနေ့မှာ ကျွန်တော် လုပ်ရမဲ့ အလုပ်က ထူးထူးခြားခြား ပါပဲ။ အဲဒါကတော့ ကျောင်းသားတွေ နဲ့အတူ ကျောင်းကို အချိန်ပြည့် တက်ပြီး အိမ်စာတွေ၊ လက်တွေ့တွေ အကုန်လုံးကို လိုက်လုပ် ကြည့်ရမယ်။ ကျောင်းသားတွေ ဘယ်လိုခံစား ရတယ် ဆိုတာကို သိအောင် လုပ်ယူရမယ်။ ဒီတော့ ၁၂ တန်း ကျောင်းသား တစ်ယောက်နဲ့ ကျွန်တော် မိတ်ဆွေဖွဲ့ လိုက်တယ်။ ပြီးတော့ သူနဲ့ တစ်နေကုန် ကျောင်းတက် ရတာပေါ့။ လက်ချာရှိရင် လိုက်ကူးတယ်။ ဓာတု လက်တွေ့လုပ်ရမယ် ဆိုရင် လိုက်လုပ်တယ်။ ကျူတိုရီယယ် ဖြေစရာရှိလည်း ဖြေရတာ ပဲပေါ့။

ဒီမှာတင် ကျွန်တော်ဟာ ကျောင်းတွေ၊ စာသင်ခန်း တွေရဲ့ စိတ်ပျက်စရာ ကောင်းတဲ့ ဟာကွက်နဲ့ အားနည်းချက် တွေကို တွေ့ခဲ့တယ်။ ကျွန်တော် အထိတ်တလန့် ဖြစ်သွားတယ်။ တကယ်တော့ ဆရာတွေ၊ ဆရာမ တွေဟာ ကျောင်းသားတွေရဲ့ ခံစားချက်ကို သိလဲမသိ၊ သိအောင်လဲ မကြိုးစားကြ ပါလား။ ကျောင်းသား၊ ကျောင်းသူ တွေဟာ နေ့စဉ်နေ့တိုင်း လိုလို ကျောင်းသား တစ်ယောက် အနေနဲ့ရော လူသား တစ်ယောက်လိုပါ အဆင်မပြေမှု မြောက်မြားစွာနဲ့ ကျောင်းတက် နေရတယ် ဆိုတာ သူတို့ မသိကြ ပါလား။

ကျောင်းသားတွေဟာ တစ်နေကုန် ထိုင်နေရတယ်။ အဲဒီလို ထိုင်နေရတာ သိပ်ကို ပင်ပန်းစေ ပါတယ်။ ကျောင်းသား တစ်ယောက်လို တစ်နေကုန် ထိုင်ပြီး စာရေး၊ စာဖတ်တာ လုပ်ရမှ အဲဒီလို ထိုင်နေရတာ ဘယ်လောက်အထိ ပင်ပန်းသလဲ ဆိုတာကို ကျွန်တော် သိလာပါတယ်။ ဆရာတွေ ကတော့ မတ်တတ်ရပ်လိုက် ၊ စင်္ကြလျှောက်လိုက် ၊ စားပွဲကို မှီလိုက်၊ နည်းမျိုးစုံနဲ့ လှုပ်ရှားလို့ ရနေတဲ့အချိန်မှာ ကျောင်းသားတွေ ကို ကျတော့ ဘာတဲ့ ''လက်ပိုက်၊ ငြိမ်ငြိမ်ထိုင်'' ဆိုတာကြီးကို တစ်နေကုန် လုပ်ခိုင်းတာဟာ ကြီးမားတဲ့ ပြဿနာ တစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီတော့ စာသင်ခန်း တိုင်းမှာ ပြုပြင် ပြောင်းလဲသင့်တဲ့ သုံးချက်ကို ကျွန်တော် ချက်ချင်း ချရေး လိုက်ပါတယ်။

စာသင်ချိန် တစ်ဝက်လောက် ရောက်ရင် မည်သူမဆို ကိုယ်လက် ဆန့်တန်း လေ့ကျင့်ခန်း မလုပ်မနေ လုပ်ရန်၊ စာစမသင်ခင်နဲ့ စာသင်အပြီးမှာ ကျောင်းသား၊ ကျောင်းသူ တွေကို ဆော့ကစားခွင့် ပေးရန်၊ သင်ကြားမှု များကို ကျောင်းသား အချင်းချင်း ဆွေးနွေးချိန်တွင် လွပ်လပ်စွာ သွားလာ လှုပ်ရှားခွင့် ပေးရန်တို့ ဖြစ်ပါတယ်။

ကျောင်းသား တွေဟာ စာသင်ချိန်ရဲ့ ၉ဝ ရာခိုင်နှုန်း လောက်မှာ တိတ်ဆိတ်စွာ နေနေရ ပါတယ်။ ဆရာက စာသင်နေလို့ ဖြစ်စေ၊ တခြား ကျောင်းသား တွေက ရှင်းလင်း တင်ဆက်နေလို့ ဖြစ်စေ၊ ကျူတိုရီရယ် ဖြေနေလို့ ဖြစ်စေ ကျန်ကျောင်းသား တွေက ပါးစပ်ပိတ်၊ တိတ်တိတ် နေနေရပြီး စာသင်ခန်း တွေထဲမှာလဲ ရိုးရာ အစဉ်အလာ မပျက် ''အပိုစကား မပြောပါနဲ့'' ဆိုတဲ့ အမိန့်သံ က စိုးမိုး နေတတ်ပါတယ်။ တကယ်တော့ ကျောင်းသား၊ ကျောင်းသူ တွေကို စကားပြောခွင့် ပေးရပါမယ်။ ဒါပေမဲ့ သူတို့ အချင်းချင်း အာလူးဖုတ်ခွင့် ပြုရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်ကြားမှုကို ဘယ်လောက် နားလည်သလဲ ဆိုတာ သိသာအောင် သူတို့ကို တစ်လှည့်ပြောခွင့် ပေးရပါမယ်။ ဒါကြောင့် ဆရာ ဖြစ်သူက စာကို အချိန် အကြာကြီး ဆက်တိုက် မသင်ဘဲ စာသင်ချိန် တစ်ချိန်ကို သုံးပိုင်း ပိုင်းပြီး တစ်ပိုင်းစီ ရပ်ပြီးတော့ ဆွေးနွေးခွင့် ပေးရပါမယ်။ စာသင်ချိန် တိုင်းကို ကျောင်းသား တွေရဲ့ မေးခွန်းလေး တွေနဲ့ စသင့်ပါတယ်။

ကျောင်းသား တွေက တအားကို သည်းညည်းခံ နေရတာပါ။ တစ်နေကုန် ငုတ်တုတ်ထိုင်၊ မလှုပ်ဘဲ ထိုင်၊ စကားမပြော ဘဲ ထိုင်နေရတယ်။ ငြီးစီစီ ဖြစ်လာလို့၊ အာပုပ်နံ့ ထွက်လာလို့ ပီကေလေး ဝါးလိုက်မယ်။ မရဘူး။ ဆရာ တစ်ယောက် စီက ''တိတ်တိတ်နေပါ။ အာရုံစိုက်ပါ'' ဆိုတာကို ထပ်တလဲလဲ ပြောပုံများ ကျွန်တော်ဟာ မတ်တတ်ထ ရပ်ပြီး အသံကုန် အာခေါင်ခြစ် အော်လိုက် ချင်စိတ် ပေါက်အောင် စိတ်ဆိုးမိတယ်။ ကျွန်တော့် တွဲဖက် ကျောင်းသားကို ကြည့်လိုက်တော့ ခပ်အေးအေးလေး ပါပဲ။ သူရှေ့က စာသင် နေတာကို မြင်ပုံ၊ ကြားပုံလဲ မပေါ်ပါဘူး။ ဒါပေမဲ့ ဆရာတွေ ပြောသလို ငြိမ်ငြိမ်ထိုင် ပါတယ်။ စကားမပြောဘဲ ထိုင်ပါတယ်။ မလှုပ်ဘဲ ထိုင်ပါတယ်။

ဒီမေးခွန်းပဲ ထပ်မေးလဲ သေသေချာချာ ဖြေပေးပါ။ ကျူတိုရီရယ် ကိစ္စဆိုပါစို့။ မနက်ဖြန် ဘာကိုဖြင့် စစ်မယ်လို့ ကြေညာ လိုက်တယ်။ သူတို့အားလုံး နားလည်အောင် သေသေချာချာကို ရှင်းပြလိုက်တယ်။ ဘယ်လိုရှင်းရှင်း သူတို့က ပြန်မေးတာပဲ။ ဆရာဖြစ်သူ ကလဲ မျက်နှာကြီး မဲ့ရွဲ့ပြီး ''ဘယ်နှခါ ပြောရမလဲကွာ'' ဆိုပြီး ဆောင့်ကြီး အောင့်ကြီးနဲ့ ရှင်းရပြန် တာပေါ့။ ကျွန်တော် ကိုယ်တိုင် အတန်းတက် ကြည့်မှ သတိထား မိတယ်။ ကျူတို၊ စာမေးပွဲ ဆိုတာတွေ ကြားလိုက်ရင် ကျောင်းသားတွေက စိုးရိမ်သွားတယ်။ ရှေ့က ပြောတာတွေကို လိုက်နားထောင် မနေနိုင်ေ တာ့ဘဲ ကိုယ် အဆင်သင့် ဖြစ်ပြီလား ဆိုတာကို တွေးပူမိ တတ်တယ်။ အဲဒီအချိန်မှာ ဆရာမက ရှင်းပြီလားလို့ မေးနေ ပြီ။ ရိုးရာမပျက် '' ရှင်းပါတယ် ဆရာမ ..'' ပေါ့။ နားလည်ပြီလား လို့ မေးတော့လဲ ရိုးရာမပျက် ''နားလည်ပါပြီ ဆရာမ ... '' ပေါ့။ ဒါပေမဲ့ သေချာပါတယ်။ ကျွန်တော်တောင် ဘာမှန်း မသိလိုက်ပါဘူး။

ဒါကြောင့် ကျွန်တော့်တွဲဖက် ကျောင်းသားကို မေးဖို့ တိုက်တွန်းလို့ သူကထပြီး မေးတဲ့အခါ ဆရာမ ဖြစ်သူက မျက်လုံးကြီး လှန်တင်ပြီး စိတ်ပျက်ပျက်နဲ့ ထပ်ပြောပါတယ်။ တွဲဖက် ကျောင်းသားကလဲ စိတ်ဆိုးဆိုးနဲ့ ''တွေ့လား။ ဒါကြောင့် ကျွန်တော်တို့ ဘယ်တော့မှ စာမမေးတာ'' လို့ ကျွန်တော့်ကို ပြောပါတယ်။

နောက်တစ်နေ့ အစီရင်ခံစာ တင်ရမယ့် အချိန်မှာ ကျွန်တော် ဟာ ကျွန်တော့် အထက်အရာရှိ ကို ဖုန်းဆက်ပြီး ခွင့်တောင်း လိုက်ပါတယ်။ ''ကျွန်တော် နောက်တစ်ရက် လောက် ကျောင်းတက်ကြည့် လို့ရမလား'' ဆိုတာပါပဲ။ ကျောင်းသား၊ ကျောင်းသူတွေ ခံစားနေရတဲ့ အခြေအနေကို အမှန်အတိုင်း သိမြင်အောင် လုပ်ပြီးမှပဲ သူတို့ရဲ့ သင်ယူမှု စွမ်းရည်ကို မြှင့်တင် နိုင်လိမ့်မယ် ဆိုတာ ကျွန်တော် သဘောပေါက် သွားပြီ ဖြစ်ကြောင်း လေ့လာ ရေးသား တင်ပြ လိုက်ရပါတယ်။


Friday, January 23, 2015

အရက်သောက်ခြင်းကြောင့် ဖြစ်တတ်သော ရောဂါများ



အရက်သောက်ခြင်းကြောင့် ဖြစ်တတ်သော ရောဂါများ

အရက်ကို နှစ်ခြိုက်စွဲလမ်း နေသူရှေ့မှာ ရေတစ်ခွက်နှင့် အရက်တစ်ခွက် ချထားပေးပါက အရက်ခွက်ကို ဦးအောင် မော့သောက် မည်မှာ မလွဲပေ။

အရက် သောက်ခြင်းသည် ရောဂါမျိုးစုံ ရနိုင် ပါသည်။ ငွေလည်း ကုန်ပါသည်။ အရက်သောက်ပြီး မူးလို့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လျှင် သင့်ကို ပတ်ဝန်းကျင် က ကဲ့ရဲ့ရှုတ်ချ လေမည်။ အရက်သည် သင့်ခန္ဓာကိုယ် သွေးလှည့်ပတ်မှု စနစ်ကို ပျက်စီးစေပြီး အာဟာရဓာတ် ကိုလည်း ချို့တဲ့စေ ပါသည်။ အရက် သောက်ခြင်းကြောင့် ဘာဆို ဘာမျှ အကျိုး ဖြစ်ထွန်းမှုကို ရရှိနိုင်မည်မ ဟုတ်ပါ။ သင် အသက်ရှည် ကျန်းမာဖို့ အတွက်၊ အရက်ဖြတ်မည်လား၊ ဆက်သောက် မည်လား ဟု မေးလျှင် ဆက်သောက် မည်ဟု ပြောမှာ သေချာပါသည်။ အဘယ့်ကြောင့် ဆိုသော် အရက်သောက်ပြီး မူးယစ်ရီဝေ နေတဲ့ အချိန်ဟာ အရက်သောက်သူအတွက် စိတ်ခံစားမှု အကောင်းဆုံး အချိန်ဖြစ်၍ နေသောကြောင့် ပေတည်း။

ထို မူးယစ်ရီဝေ ထုံထိုင်း စေတတ်သော ဓာတ်တစ်မျိုး ပါသည့် အရက်ကိုပင် ကမ္ဘာပေါ် ရှိ ယောက်ျား၊ မိန်းမ ဟူသမျှ တို့သည် အကြောင်းပြချက် အမျိုးမျိုးဖြင့် သောက်စားလျက် ရှိသည်ကို တွေ့ရ ပေမည်။ အရက်သည် လူမှု ဆက်ဆံရေး နယ်ပယ် တွင်လည်း အထင်ကရ အဖျော် ယမကာ အဖြစ် ရပ်တည် နေပေ၏။ ပျော်ပွဲရွှင်ပွဲများ၊ ဧည့်ခံပွဲများ၊ မိတ်သစ် ဆွေသစ် ဆက်ဆံရေး နယ်ပယ် များတွင်လည်း အရက်ကို အသုံးပြု ကြ၏။ ဂုဏ်သရေရှိ မိတ်သစ်၊ မိတ်ဟောင်း များကို အကောင်းစား ဟူသော အရက်များဖြင့် ဧည့်ခံတတ်ကြ ပေသည်။ အချို့က စိတ်ပျော်ရွှင် လို၍ သော် လည်းကောင်း၊ တစ်နေ့တာ ပင်ပန်းနွမ်းနယ် မှုကို ပြေပျောက်လို၍ သော် လည်းကောင်း၊ မိမိတို့၏ ရင်တွင်း ခံစားချက် များကို ကုစားရန် အတွက် သော် လည်းကောင်း အရက်ကို စမ်း၍ သောက်တတ်ကြ ပေသည်။ စမ်းရင်းက စွဲသွားသူ များလည်း ရှိပေသည်။ အောင်မြင် သောကြောင့် ပျော်ရွှင်၍ သောက်သည်။ ရှုံးနိမ့် သောကြောင့် စိတ်ညစ်၍ သောက်သည်။

တစ်ခါတစ်ရံတွင် လူမှုရေး နှင့် လုပ်ငန်းခွင်တွင် ဖိနှိပ်ချုပ်ခြယ် ခံရသောကြောင့် သောက်သည်။ စီးပွားရေး၊ အိမ်ထောင်ရေး၊ ပညာရေး၊ လူမှုရေး၊ နှလုံးသားရေး စသည့် မရေတွက် နိုင်သော အရေးကိစ္စ များတွင် အဆင်မပြေ သောကြောင့် လည်း သောက်သည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း များအရလည်း အရက်ကို သောက်တတ် ကြသည်ကို တွေ့ရပါသည်။ မည်သို့သော အကြောင်းရင်း များကြောင့် သောက်သည် ဖြစ်စေ အရက် သောက်ခြင်း ကြောင့် ရောဂါ ဝေဒနာများ ဖြစ်ပွား နိုင်ပါသည်။

အရက် သောက်ခြင်းကြောင့် ဖြစ်ပွား လာနိုင်သော ရောဂါများကို တင်ပြရလျှင် အစာအိမ် အတွင်း အနာဖြစ်ခြင်း ရောဂါ (အစာအိမ်နာ)၊ အစာအိမ်မှ သွေးယိုခြင်း ရောဂါ၊ အစာအိမ် ရောင်ရမ်းခြင်း ရောဂါ၊ အသည်းကျွမ်း ရောဂါ၊ အသည်း ကင်ဆာ ရောဂါ၊ အသံအိုး ကင်ဆာ ရောဂါ၊ အဆုတ် တီဘီ ရောဂါ၊ အဆုတ် အအေးမိ ရောဂါများ ရရှိ နိုင်ပါသည်။

အရက်သည် ဦးနှောက် မှတ်ဉာဏ်နှင့် စဉ်းစားဆင်ခြင်မှု၊ စကားပြောဆိုမှု၊ ခြေလက် လှုပ်ရှားမှု တို့ကို ထိန်းချုပ်သည့် ဗဟိုဌာန များကို ထုံထိုင်းစေပြီး ပျက်စီး ဆုံးရှုံးမှု များကို ဖြစ်ပေါ်စေ ပါသည်။ အရက်ပျော့ တစ်မျိုး ဖြစ်သည့် ဘီယာ တစ်ပုလင်း သောက်ရုံမျှ နှင့်ပင် ဦးနှောက် ကလာပ်စည်းပေါင်း ထောင်နှင့်ချီ၍ ပျက်စီးကြောင်း လေ့လာတွေ့ရှိ ရသည်ဟု ဆိုပါသည်။ ထို့အပြင် အရက်ကို အလွန်အကျွံ သောက်သုံး ခြင်းကြောင့် လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက် ဒဏ်ရာများ ရရှိနိုင်ခြင်း မှစ၍ အသက်သေဆုံး နိုင်ခြင်း၊ သတိလက်လွတ် ဖြစ်ခြင်း၊ ဒေါသ ထွက်လွယ်ခြင်း၊ ရန်လိုတတ်ခြင်း၊ ကိုယ်ကျင့်တရား ပျက်ပြား လာနိုင်ခြင်း၊ ဟီရိသြတ္တပ အရှက် အကြောက် နည်းလာခြင်း၊ ရာဇဝတ်မှု များကို လွယ်ကူစွာ ကျူးလွန် တတ်ခြင်းတို့ ဖြစ်ပေါ် စေနိုင်ပါသည်။

ဗုဒ္ဓဘုရားရှင် ကလည်း အရက် သောက်စားခြင်း အပြစ်(၆)ပါးကို အောက်ပါ အတိုင်း ဟောကြား တော်မူခဲ့ပါသည်-

(၁) ဥစ္စာ ဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် အပြစ်ဖြစ်၏။
(၂) ခိုက်ရန်ဖြစ်ပွားတတ်၏။
(၃) အနာရောဂါဖြစ်ကြောင်း ဖြစ်၏။
(၄) အရှိန်အစော်မဲ့တတ်၏။
(၅) လျှို့ဝှက်အပ်သည်ကို ဖော်ပြ တတ်၏။
(၆) ဉာဏ်ပညာ အားနည်းအောင် ပြုတတ်၏။ ဟု ဟောကြား တော်မူခဲ့ပေသည်။ လူမှု ဆက်ဆံရေး အရ မဖြစ်မနေ သောက်ရသည့် အခါတွင်မူ မလွန်ကြူး စေရန် သတိချပ်သင့် လှပါသည်။

လွန်ခဲ့သည့် အနှစ်နှစ်ဆယ် ဝန်းကျင်ကာလများ ဆီက အမေရိကန် ပြည်ထောင်စု တွင် အရက်စွဲသော အမျိုးသမီးပေါင်း ငါးသန်းခန့် ရှိသည်ဟု ဆိုပါသည်။ ယနေ့ ခေတ်အခါတွင် ရုပ်မြင်သံကြား များမှ လာသော ကိုရီးယား ဇာတ်လမ်းတွဲ များတွင် ကိုရီးယား ပျိုဖြူများ အရက်မူး လာသည့် ဇာတ်ဝင်ခန်း များကို ကားတိုင်း လိုလို တွေ့ရ၏။ ထို ကိုရီးယား ပျိုဖြူများကို မြန်မာပျိုဖြူ လေးများက အားကျ အတုခိုး လျှင်ဖြင့် ဟူသော အတွေးက မြန်မာပြည်သူ မိဘ မောင်ဖွားများကို စိုးရိမ်ထိတ်လန့် စေလေပြီဟု ထင်ရပေသည်။

အရက်သည် ယောက်ျား၊ မိန်းမ မဟူ သောက်သုံးသူ မှန်သမျှကို ရောဂါရရှိ စေပါသည်။ အရက်သေစာ လွန်လွန်ကြူးကြူး သောက်သုံးလျှင် ဖြစ်တတ်သော ရောဂါများ အကြောင်းကို တင်ပြခဲ့ပြီး ဖြစ်၍ ယခုတစ်ဖန် အမျိုးသမီးများ အရက်သေစာ သောက်သုံး ပါက ဖြစ်နိုင်သော ရောဂါ အခြေအနေ များကိုလည်း ဆက်လက် တင်ပြလို ပါသည်။

အရက်သေစာ သောက်သုံးသော အမျိုးသမီးများ (သို့မဟုတ်) အရက်စွဲသော အမျိုးသမီးများ ကိုယ်ဝန်ဆောင် ပါက သန္ဓေသားအား စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ များ ထိခိုက် စေနိုင်ခြင်း၊ အင်္ဂါမစုံသော ကလေးများ မွေးဖွားခြင်း၊ ဉာဏ်ထိုင်းသော ကလေးများ မွေးဖွား လာနိုင်ခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်း (သို့) စောမွေးခြင်း၊ ကလေး၏ ဦးခေါင်း လွန်စွာ သေးငယ်ခြင်း၊ ကလေး၏ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းများ ချို့ယွင်းနေခြင်း တို့ ဖြစ်ပေါ် စေနိုင်ပါသည်။

အရက်သည် သောက်သုံး သူတိုင်းကို စွဲလမ်းစေ ပါသည်။ မသောက်ရ မနေနိုင်လျှင် ထိုသူသည် အရက်စွဲ ရောဂါ ရရှိနေပြီ ဖြစ်ပေသည်။ ယခုအခါ ရာဇဝတ်မှုများ၊ ယာဉ် မတော်တဆမှု များတွင် အရက်သေစာ သောက်စား မူးယစ်ပြီး ဖြစ်ပွားသည်က ပို၍ များပြား နေပေသည်။ ထို့ကြောင့် ယာဉ်မောင်းသူ များကို အရက်မူးတိုင်း ကိရိယာ များဖြင့် မြို့ကြီးများတွင် တိုင်းတာ စစ်ဆေးနေပြီ ဖြစ်သည်။ လူ့ကိုယ်တွင်း၌ အရက် ပမာဏ ဝ.၁၅ ရာခိုင်နှုန်း ရှိပါက အရက်မူး နေပြီဟု သိနိုင်ပြီး ယင်း အခြေအနေ သည် ယာဉ်တိုက်မှု ဖြစ်နိုင်သော အဆင့်တွင်ရှိသည်ဟု ဆိုပါ သည်။

အချုပ်အားဖြင့် တင်ပြရသော် အရက် သည် ပြဿနာ မျိုးစုံကို ဖြစ်ပေါ်စေ သကဲ့သို့ ရောဂါမျိုးစုံ ကိုလည်း ရရှိနိုင် ပါသည်။ သို့ဖြစ်ပါ၍ အရက်သေစာ သောက်စားခြင်းကို အသိတရားဖြင့် သတိထား ရှောင်ကြဉ် နိုင်ကြပါစေဟု ရည်သန်၍ ရေးသား တင်ပြလိုက်ရ ပေသည်။

အောင်ကိုမြင့် (မြစ်ကြီးနား)

http://myawady-myawady.blogspot.com/2015/01/blog-post_863.html

Friday, December 26, 2014

တစ်နှစ်ပတ်လုံး လိုက်နာကျင့်သုံးမည့် ကိုယ်တိုင်ပေး ကတိများဖြင့် နှစ်သစ်ကို ကြိုဆိုပါမယ် ...



တစ်နှစ်ပတ်လုံး လိုက်နာကျင့်သုံးမည့် ကိုယ်တိုင်ပေး ကတိများဖြင့် နှစ်သစ်ကို ကြိုဆိုလေ့ရှိ

၂၀၁၄ နှစ်ကုန်ပိုင်းကို ရောက်ရှိလို့ လာပါပြီ။ နှစ်စဉ်လိုပဲ ဒီဇင်ဘာ ၃၁ ရက်နေ့ညမှာ နှစ်သစ်ကို ကြိုကြဦး မှာပါ။ အများရှေ့မှာ ကိုယ့်ရဲ့ နှစ်သစ် အဓိဋ္ဌာန် တွေကို ရွတ်ပြကြ ပါလိမ့်မယ်။ အများစု ကတော့ နှစ်သစ်မှာ ကျန်းမာရေးကို အထူး ဦးစားပေး ဆောင်ရွက် သွားမယ်လို့ ပြောတတ် ကြပါတယ်။ ကျွန်တော် ကတော့ ခန္ဓာကိုယ် ကျန်းမာရေး အပြင် စိတ်ကျန်းမာရေး ကိုလည်း ဦးစားပေး သွားမယ်လို့ နှစ်သစ် အဓိဋ္ဌာန်ပြု သွားမှာပါ။

တကယ်တော့ စိတ်ကျန်းမာရေးဟာ အလုံးစုံ ကျန်းမာရေးရဲ့ ဗဟိုချက် ပါပဲ။ စိတ် ကျန်းမာရေး မကောင်းဘဲ နဲ့တော့ ဘယ် ကျန်းမာရေး မှ ကောင်းလာနိုင်မှာ မဟုတ်ပါဘူး။ ရေရှည်မှာ နှလုံးနဲ့ ကင်ဆာရောဂါ တွေကို ဖြစ်ပွား စေနိုင်သလို ရေတိုမှာ ဆိုရင်လဲ ကျား-မ ခွဲခြား ဆက်ဆံခြင်း ၊ လူမှု အသိုင်းအ၀ိုင်း ကနေ ဖယ်ကြဉ်ခံ ရခြင်း ၊ ကြမ်းတမ်း ခက်ထန် လာခြင်း ၊ ပြစ်မှု ကျူးလွန်ခြင်း နဲ့ ကျန်းမာရေး ကို ထိခိုက်စေတဲ့ နေထိုင်မှု ပုံစံတွေကို ခံစားရနိုင် ပါသည်။

ဒါဖြစ်ရင် စိတ်ကျန်းမာရေး ကောင်းမွန်တယ် ဆိုတာကို ဘယ်လို အနက် အဓိပ္ပာယ် ဖွင့်ကြမလဲ။

လူတစ်ဦးက ကိုယ်စွမ်းကိုယ်စ ရှိသလောက် လုပ်နိုင်မယ်၊ မလုပ်နိုင်ဘူး ကို ခွဲခြား သိမြင်မယ်၊ ဘဝမှာ ကြုံတွေ့ရလေ့ ရှိတဲ့ စိတ်ဖိစီးစရာ တွေကို ကျော်လွှားနိုင်မယ်၊ အကျိုး သက်ရောက်မှု ကောင်းမွန်တဲ့ အလုပ်တွေကို လုပ်နိုင်မယ်၊ သူနဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ လူ့အသိုင်း အဝိုင်း ကိုလဲ အကျိုးပြု နေနိုင်မယ် ဆိုရင် ဒီလူရဲ့ စိတ်ကျန်းမာရေး ဟာလဲ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။

ဒါ့ပြင် ကိုယ်ဟာ အပြုသဘော၊ အပျက်သဘော ခံစားချက် နှစ်ရပ်လုံးကို မျှမျှတတ ခံစား သိမြင်ကိုင်တွယ် တတ်သလား၊ လူတွေဆီကနေ ကောင်းတာကို သင်ယူတတ်ပြီး မှားယွင်းတာကို သင်ခန်းစာ အဖြစ်  မှတ်သား တတ်သလား ဆိုတာကလဲ စိတ်ကျန်းမာရေး ကောင်းမွန်ခြင်း ရှိ၊မရှိ ဆင်ခြင်သုံးသပ် လို့ရတဲ့ ထင်ဟပ် ပုံရိပ်တွေ ဖြစ်ပါတယ်။ ဒီတော့ ၂ဝ၁၅ ခုနှစ်မှာ စိတ်ရောကိုယ်ပါ ကျန်းမာနိုင်ဖို့ ကျွန်တော် ကျင့်သုံးသွားမှာ လေးတွေကို ဖော်ပြ သွားပါမယ်။

ကျန်းမာရေးကို ကောင်းမွန်စေမယ့် အစားအစာတွေကို ရွေးချယ် စားသောက်ပါမယ်။ ခန္ဓာကိုယ်အတွက် ကောင်းမွန်သလို ကိုယ်အလေးချိန် ကိုလဲ ထိန်းထား ပေးနိုင်ပြီး ရာသီအလိုက် ဖြစ်ပေါ်တတ်တဲ့ ရောဂါ ဝေဒနာတွေ ဖြစ်ပွားနိုင်ခြေလဲ နည်းသွားမှာ ဖြစ်သလို နာတာရှည် နှလုံး၊ ကင်ဆာရောဂါ တွေရဲ့ ခြိမ်းခြောက်မှု ကိုလဲ လျော့ပါးစေ ပါတယ်။ ဒါ့ပြင် အာဟာရ ပြည့်ဝစုံလင်စွာ စားသောက် ပေးနိုင်မယ်ဆိုရင် ဦးနှောက် ကျန်းမာရေး ကိုလဲ အထောက်အကူ ပြုတာမို့ စိတ်ကျန်းမာရေး ကိုလဲ အကျိုး သက်ရောက် စေနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှား အားကစား မှန်မှန်လုပ် ပါ့မယ်။ ကိုယ်၊ စိတ် နှစ်ရပ်လုံးရဲ့ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှား အားကစားမှုက အရေးကြီး ပါတယ်။ အရွယ်ရောက် သူတွေ အနေနဲ့လဲ ခပ်ပျော့ပျော့ အားကစား ကို တစ်ပတ်ကို မိနစ် ၁၅ဝ လောက်ရအောင် ကစားပေး သင့်ပြီး နည်းနည်း ပြင်းတဲ့ အားကစားမျိုး ဆိုရင်တော့ ၇၅ မိနစ် အနည်းဆုံး ကစားပေးသင့် ပါတယ်။

မှန်မှန်ကန်ကန် အိပ်စက်ပါမယ်။ အိပ်ရေးဝတာနဲ့ မှန်မှန်ကန်ကန် အိပ်စက်တာနဲ့ မတူပါဘူး။ လူတစ်ဦးဟာ တစ်နေ့အိပ်ချိန် ၈နာရီ လိုတယ်ဆိုပြီး နံနက် ၂ နာရီကနေ ၁ဝ နာရီထိ အိပ်တယ်ဆိုရင် အိပ်ရေးဝ တယ်လို့ ဆိုနိုင်ပေမယ့် အိပ်စက်ပုံ မှန်ကန်တယ် လို့တော့ မဆိုနိုင်ပါဘူး။ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ရဲ့ သဘာဝ လိုအပ်ချက် ကိုက ညအချိန် အိပ်စက်ဖို့ ဖြစ်ပါတယ်။ ညသန်းခေါင် မတိုင်ခင် အိပ်ရာဝင်နိုင်မယ် ဆိုရင်အကောင်းဆုံးပါပဲ။ ဒီလို အိပ်နိုင်အောင် ကြိုးစားသွား ပါမယ်။

စိတ်ဖိစီးမှုနဲ့ အလိုက်သင့် လိုက်ပါ သွားပါမယ်။ စိတ်ဖိစီးမှု ဖြစ်ပြီဆိုရင် အဲဒီ စိတ်ဖိစီးမှုကို မေ့ပစ်ဖို့၊ ဖျောက်ပစ်ဖို့ ကြိုးစားနေတာ ကိုက စိတ်ဖိစီးမှု ထပ်ဖြစ်စေ ပါတယ်။ စိတ်ဖိစီးမှု ကို ဖြစ်စေတဲ့ အကြောင်းရင်းဟာ ပြင်လို့ ရနိုင်သလား၊ ပြင်လိုက်ပါ။ ပြင်လို့ မရဘူးလား၊ အလိုက်သင့် လိုက်ပါ သွားလိုက်ပါ။ အရှိန်နဲ့ ပြေးနေတဲ့ ကားပေါ်က ခုန်ဆင်းပြီး အလိုက်သင့် လိုက်သလိုပါပဲ။ တစ်ချိန်ချိန်မှာ ရပ်လိုက် နိုင်မှာပါ။ ချက်ချင်းရပ်ဖို့ ကြိုးစားမယ် ဆိုရင်တော့ ကိုယ်ပဲ ကျွမ်းထိုးမှောက်ခုံ ပြုတ်ကျ မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ဒါတွေက နေ့တိုင်းကြုံ နေရတဲ့ကိစ္စ တွေပဲ။ အထွေအထူး အဓိဋ္ဌာန်ပြုပြီး လုပ်နေဖို့ လိုလို့လားလို့ တွေးမိ နေတယ်ဆိုရင် သင်ဟာ ဒါတွေကို အမြဲမှားယွင်း ဖောက်ဖျက် နေသူပဲ ဖြစ်ပါတယ်။ အလုပ်လုပ်တယ် ဆိုတာ ကောင်းကောင်း နေရဖို့ပါ။ ဒီအလုပ်ကြောင့် အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ ဖြစ်နေတယ်ဆိုရင် တစ်ခုခုတော့ မှားနေပါပြီ။ ဒါကြောင့် ၂ဝ၁၅ နှစ်သစ်ကို ထူးဆန်းတဲ့ အဓိဋ္ဌာန်တွေနဲ့ မဖွင့်ဘဲ ရိုးရှင်းပြီး ကိုယ်တကယ် ပြုပြင်ဖို့ လိုအပ်တဲ့ အစားမှန်၊ အအိပ်မှန်၊ ကစားနည်းမှန် တွေကို လေ့ကျင့်ပြီး စိတ်ဖိစီးမှုကိုလဲ ကိုင်တွယ်တတ် လာအောင် ကြိုးပမ်းတာ ကပဲ အကောင်းဆုံး ဖြစ်ပါလိမ့်မယ် လို့ လေ့လာ ရေးသားတင်ပြ လိုက်ရပါ တယ်။(TMK)

Tuesday, September 23, 2014

လှပလိုသူတို့ သတိပြုစေချင်




လှပလိုသူတို့ သတိပြုစေချင်

ခေတ်စနစ်များ ပြောင်းလဲ လာသည်နှင့် အမျှ ယနေ့ခေတ် လူငယ်များသည် လှပမှု မျိုးစုံတို့ကို မက်မော လာခဲ့သည်။ လူငယ်တို့ သဘာဝအလျှောက် လှပလို ခြင်းသည် ဓမ္မာတာပင် ဖြစ်သော်လည်း လိုသည်ထက် ကျော်လွန်ပြီး လှပအောင် ဖန်တီးယူမှု များသည် ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် အကောင်းထက် အဆိုးများ ဖြစ်လာနိုင်သည် သတိပြု ဆင်ခြင် ရမည် ဖြစ်သည်။

တချို့ လူငယ် အမျိုးသား ၊ အမျိုးသမီးငယ် များသည် ဆံပင်၏ ပြုပြင်မှုများ ဖြစ်သော အဖြောင့်ကို ကောက်သည်။ အကောက်ကို ဖြောင့်သည်။ မူလ ဆံပင် အနက်ရောင် ကို အနီ ၊ အ၀ါ ၊ ကြောင် တောင်တောင် အရောင်များ ဆိုးသည်။ ထိုကဲ့သို့ ပြုပြင် သောကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ အဖြစ် ဆံပင် ဆိုးဆေးတွင် ပါဝင်သော ဓာတုပစ္စည်း များကြောင့် ဆံပင်ကျွတ်ခြင်း ၊ ဆံပင် ဦးရေများ ပျက်စီးခြင်း ၊ ဆံပင်ဆဲလ်များ ပျက်စီးခြင်း စတဲ့ ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ကျန်းမာရေး သုတေသီ များက သတိပေး ထားသည်ကို သိရသည်။

ထို့အတူ အသားအရေ လှပမှု အတွက် မိတ်ကပ် အမျိုးမျိုး ၊ နှုတ်ခမ်းနီ အမျိုးမျိုး ၊ အလှဆီ အမျိုးမျိုး ၊ ကာနေရှင်း အမျိုးမျိုး စသည်တို့ကို လိမ်းကြ ၊ ဆိုးကြ ၊ ခြယ်သကြ သည်။ အဆိုပါ အလှကုန် ပစ္စည်း များတွင်လည်း ဓာတု ပစ္စည်းများ ပါဝင် သောကြောင့် လူတို့၏ အရေပြား များကို ထိခိုက် ပျက်စီးစေသည်။ တချို့သော မိန်းကလေး များမှာ မိတ်ကပ်တွင် ပါဝင်သော ဓာတုပစ္စည်း များနှင့် ဓာတ်မတည့် သဖြင့် မျက်နှာ အရေပြားတွင် အဖုအပိန့်များ ထွက်ခြင်း ၊ နီမြန်းသော အကွက်များ ဖြစ်ခြင်း တို့ကို ဖြစ်ပေါ် စေသည်။ ဒါကြောင့် လှပမှုထက် အရုပ်ဆိုး အကျည်းတန်မှု ကို ဖြစ်စေ နိုင်သည်။

ကနေ့ ဈေးကွက်တွင် ရောင်းချနေသော အလှကန် ပစ္စည်းများတွင် အစစ်အမှန်များ ရှိသော်လည်း အတုအပများလည်း များစွာ ရှိသည်။ အစစ်အမှန် ကို သုံးစွဲပါက အရေပြား ထိခိုက် ပျက်စီးမှု မရှိဟု ဆိုနိုင်သော်လည်း အတုအပ များကြောင့် အရေးပြားများ ထိခိုက် ပျက်စီးပြီး အရုပ်ဆိုး အကျည်းတန် မှုကို ဖြစ်စေမှာ အသေအချာ ပင် ဖြစ်သည်။

အရေပြား လှပ စေဖို့အတွက် လူ့ခန္ဓာကိုယ် မွှေးညှင်းပေါက် များမှ ချွေးထွက် ၊ ချွေးစို့ နေရန် လိုသည်။ ချွေးထွက်စေရန် အတွက် နေ့စဉ် ရေများများ သောက်ပေး ရမည်။ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း တစ်ခုခု လုပ်ပေး ရမည်။ မိမိ၏ မျက်နှာတွင် လိမ်းခြယ် ထားသော မိတ်ကပ် များကို အိပ်ရာ မ၀င်ခင် ဆပ်ပြာဖြင့် စင်ကြယ်အောင် မျက်နှာသစ် ပေးရမည်။ မျက်နှာတွင် မိတ်ကပ်များဖြင့် အိပ်ခြင်းသည် မျက်နှာရှိ မွှေးညှင်းပေါက်များ ပိတ်၍ မျက်နှာ၏ လှပမှုကို ပျက်စီး စေသည့် တင်းတိပ် ၊ ၀က်ခြံ နှင့် မှဲ့ခြောက် စသည်တို့ကို ဖြစ်ပေါ် စေသည်။

ဒါကြောင့် ကနေ့ခေတ် လူငယ် အမျိုးသား ၊ အမျိုးသမီး ငယ်လေးများ အလှအပ ကို အကောင်းဆုံး ဖြစ်အောင် ခြယ်မှုန်း ကြရာတွင် ကျန်းမာရေး နှင့် လိုက်လျော ညီထွေစွာ ပြုပြင်တတ် စေရန် နှင့် ဘေးထွက် ဆိုးကျိုးများ မကြုံရအောင် သတိပြု ဆောင်ရွက်ကြရန် အကြံပြု ရေးသား လိုက်ရ ပါသည်။

Tuesday, September 16, 2014

ကော်ဖီ ဒဿန


ကော်ဖီ ဒဿန

မိုးနှင်းဝေ

ဘဝမှာ အကြိုက်ဆုံး တစ်ခုကို ဖော်ပြပါ ဆိုလျှင် ''ကော်ဖီတစ်ခွက်'' ဟု ကျွန်မ ဖြေမိ ပါလိမ့်မည်။ ဟုတ်ပါသည်။ ကျွန်မ ကော်ဖီကို သိပ်ကြိုက် ပါသည်။ ဖြစ်နိုင်လျှင် နံနက်ကော်ဖီ၊ နေ့လယ်ကော်ဖီ၊ ညကော်ဖီ ကော်ဖီချည်း ကိုသာ အချိန်တိုင်း သောက်ချင် ပါသည်။ သို့ရာတွင် ''တန်ဆေး လွန်ဘေး'' ဟူသော သတိချပ် ရမည် ဖြစ်သဖြင့် မည်မျှပင် ကြိုက်သည် ဖြစ်စေ..... ကျွန်မ အနေနှင့် နံနက်တစ်ကြိမ် တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်သာ ဘရိတ်ထား၍ သောက်ပါသည်။ တစ်ခါတလေ အခွင့်ကြုံ အလျဉ်းသင့် သလို စိတ်အလို လိုက်၍ သောက်မိ ပါကလည်း အများဆုံး သုံးကြိမ်လောက် ဖြစ်သည်။ ထို့ကြောင့် ကျွန်မသည် အကြိုက်ဆုံး ဖြစ်သော ကော်ဖီကြောင့် လည်း ဥပါဒ် မဖြစ်နိုင်ချေ။

ကျွန်မ ငယ်ငယ် ကတည်းက ကော်ဖီကို ကြိုက်ခဲ့ ပါသည်။ ငယ်စဉ်က မေမေ ဖျော်ပေးသော ကော်ဖီကို ကျွန်မ တရှိုက်မက်မက် သောက်ခဲ့သည်။ ထို့ပြင် ဖေဖေ (သို့မဟုတ်) အိမ်မှ မိသားစု ဘယ်သူ ဖျော်သည့် ဘယ်လို ကော်ဖီ ဖြစ်ပါစေ၊ သူများအိမ်တွင် ဧည့်သည် လုပ်ရသည့်အခါ ... ထိုအိမ်ရှင်မှ ဧည့်ခံသော မည်သည့် ကော်ဖီ အမျိုးအစား ဖြစ်ပါစေ၊ အပြင်ဆိုင်တွင် မှာယူ သောက်သုံး ရသော ကောင်းမည်၊ မကောင်းမည် မှန်းဆ မရသည့် ဘယ်လို ကော်ဖီမျိုးပင် ဖြစ်ပါစေ.. ကျွန်မကတော့ ကော်ဖီဆိုလျှင် ကြည်နူး ရင်ခုန်စွာပင် နှစ်ခြိုက်တတ် ပါသည်။ ကိုယ်ပိုင် လုပ်ကိုင် တတ်သည့် အရွယ်ရောက် လာတော့လည်း ကျွန်မ ပထမဆုံး စိတ်ပါ ဝင်စားစွာ လုပ်ခဲ့သည့် အရာမှာ ကော်ဖီဖျော်ခြင်း ဖြစ်သည်။ ထိုအချိန်မှ စ၍ ကျွန်မ ကော်ဖီများကို ဒဿန ဖွင့်ပါ တော့သည်။

ကျွန်မ မေမေ၏ လက်ရာ ကော်ဖီကတော့ အဘယ်သို့မှ ပြုပြင်စရာ မလိုအောင် အရသာ ရှိလှပါသည်။ မေမေ့ထက် ပို၍ တော်သော ဖျော်ဆရာ ကတော့ ကျွန်မ၏ ဖေဖေ ဖြစ်ပါသည်။ ဖေဖေက အကောင်း ကြိုက်သူပီပီ နက်စ်ကော်ဖီ ကိုပင် အရသာ ရှိရှိ ဖျော်တိုက်လေ့ ရှိသည်။ ဖေဖေ့ လက်ဆက မေမေ့ထက် သာသည်ဟု ကျွန်မ ထင်သည်။ သို့သော် မေမေက အမြဲ ဖျော်တိုက်သူ ဖြစ်၍ ဖေဖေက ရံဖန်ရံခါမှသာ ဖျော်တိုက်ခြင်း ဖြစ်သောကြောင့် ဖေဖေနှင့် မေမေ နှစ်ဦးလုံး၏ လက်ရာ ကော်ဖီကို ကျွန်မ ဘဝတွင် တန်ဖိုးထား ခဲ့ပါသည်။ ဘဝ၏ ထုံးတမ်းစဉ်လာ များအရ ကျွန်မ တန်ဖိုးထားသော ဖေဖေနှင့် မေမေ၏ ကော်ဖီများကို ကျွန်မ သက်ဆုံးတိုင် ထာဝရ သောက်ခွင့် ရချင် ပါသော်လည်း စောစီးစွာပင် ကျွန်မနှင့် ခွဲခွာသွားကြ ရသော ကျွန်မ မိဘနှစ်ပါး၏ ကော်ဖီ တို့သည် ကျွန်မ ၁၆ နှစ်အရွယ် အထိသာ သောက်ခွင့် ကြုံခဲ့သည်။ ဤတွင် ကျွန်မဘဝ၌ ''မတည်မြဲခြင်း'' ဟူသည့် ကော်ဖီမှ ပေးသော ဒဿန ကို သိရှိခံစားခဲ့ ရသည်။

ဆက်လက်၍ ကျွန်မ ဖွင့်ခဲ့သော ကော်ဖီ ဒဿနမှ ''ကိုယ်တိုင် ကိုယ်ကျ ဖျော်စပ်သော ကော်ဖီသည် အရသာ ရှိစွာ သုံးဆောင်ခွင့် ရရမည် '' ဟု ကျွန်မ ယုံကြည်သည်။ ထို့ကြောင့်ပင် ကော်ဖီဖျော် လေတိုင်း စိတ်အား
ထက်သန်စွာ၊ ပျော်ရွှင် ကြည်နူးစွာ ကျွန်မ ဖျော်လေ့ ရှိသည်။ သူများ ဖျော်ပေးသော ကော်ဖီသည် ပေါ့နေသည် ဖြစ်စေ (သို့မဟုတ်) ခါးလွန်း နေသည်ဖြစ်စေ၊ ကျဲနေသည် ဖြစ်စေ... ကျွန်မ စိတ်မဆိုးပါ။ ထိုသို့သော ကော်ဖီများကို ကျွန်မ ဘယ်လို ပြုပြင်ရင် ကောင်းမလဲ ဟုသာ အမြဲ စဉ်းစားပြီး အရသာ ရှိသော ကော်ဖီတစ်ခွက် ဖြစ်လေအောင် ကျွန်မ ပြုပြင် စွမ်းဆောင်လေ့ ရှိသည်။ ထို့ကြောင့် ကျွန်မ သောက်သော ကော်ဖီ များသည် အမြဲ အရသာရှိရှိ သောက်ခွင့် ရတတ်သည်။

ထိုမျှ ကော်ဖီ ကြိုက်သော ကျွန်မသည် ကော်ဖီ၏ လွှမ်းမိုးခြင်းကို ခံစား နေသည်ဟုပင် ထင်ရသည်။ ဘယ်အရာကိုပဲ လုပ်လုပ် ကော်ဖီတစ်ခွက် ကို ထည့်သွင်း စဉ်းစား နေတတ် သကဲ့သို့ပင်။ သို့သော် ကျွန်မ ကျေနပ်မိသည်။ ကျွန်မ ကြိုက်သော ကော်ဖီကပင် ကျွန်မကို သတိပေး သွန်သင်မှုများ ရှိကြသည်။ အဘယ်ကြောင့် ဆိုသော် ရှုပ်ထွေးပွေလီ လှသော လူ့ဘဝမှာ... လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသကဲ့သို့ပင်... လူအမျိုးမျိုး တို့နှင့် ဆက်ဆံကြ ရာတွင် အဖုအထစ်များ၊ မညီညာမှုများ၊ မပြေလည်မှုများ၊ မကျေလည်မှုများ... များစွာ ကြုံရ တတ်သည်။ ထိုသို့သော အခါမျိုးတွင် လူပီပီ မခံချင်စိတ်များ၊ တွန်းလှန် လိုမှုများ၊ မနှစ်ခြိုက်မှုများ နှင့် ပြန်လည် တုံ့ပြန်ချင်သည့် အခါ၊ အလိုဆန္ဒ မပြည့်မှုများ၊ ဒေါသ၊ မောဟ များ ဆူဝေ လာသည့်အခါ... ဘဝသည်... အရသာ မရှိသော ကော်ဖီ တစ်ခွက်ကို ရရှိ နေသကဲ့သို့ပင်။ သို့သော်လည်း ကော်ဖီ တစ်ခွက်ကို ပြုပြင်ပါမှ အရသာ ရှိမည်ကို ကျွန်မသိ သကဲ့သို့...ဘဝကိုလည်း အတတ်နိုင်ဆုံး အကောင်းမွန်ဆုံး ဖြစ်အောင် ကျွန်မ ကြိုးစား ပြင်ဆင် ကြည့်လိုက် ပါသည်။ စိတ်ရှည် သည်းခံမှုများ၊ နှိမ့်ချ ကျိုးနွံမှုများ နှင့် ညှိနှိုင်း ဖျော်စပ် လိုက်သော အခါတွင် ဘဝသည် အရသာ ရှိသော ကော်ဖီတစ်ခွက် ပမာ ထင်လိုက် ရသည်။ ပုထုဇဉ် လူသားတစ်ဦး ပီပီ အတ္တ၊ လောဘ နှင့် မာန ဟူသည့် အရာများသည် တစ်ခါတစ်ရံ တွင် အချိုကဲ၍ အခါးပို သွားသော ကော်ဖီတစ်ခွက် ပမာ ဖြစ်တတ် ပါသေးသည်။ ထိုအခါတွင် အရသာ ဆိုးသော ကော်ဖီပမာ ကျွန်မ ခံစားရသည်။ ထို ကော်ဖီတစ်ခွက် ကို ပြင်ဆင်၍ သောက်သုံး သကဲ့သို့ ကျွန်မ၏ အတ္တ၊ လောဘ၊ မာန တို့ကို ''သတိ'' ဟူသော ရေနွေးပူပူဖြင့် အခါခါ ရောစပ်သမ ခဲ့ရပါသည်။ ထိုအခါ ဘဝသည် သတိတရားဖြင့် ငြိမ်းအေးကာ အရသာ ပြည့်စုံသော ကော်ဖီတစ်ခွက် ဖြစ်ခဲ့ရသည်။

ခွဲခွာမှုများနှင့် ကြုံဆုံရတိုင်း၊ အလိုဆန္ဒ များကို လက်လွှတ်လိုက် ရတိုင်း ပင်ပန်း ဆင်းရဲသည့် ခံစားမှု တစ်ခုသည် အလွန် အရသာဆိုးသော ကော်ဖီ တစ်ခွက်ပင်။ သို့သော်... လိုအပ်သော ပြင်ဆင်မှု များဖြင့် ဖျော်စပ်ထားသော ကော်ဖီသည် ပြီးပြည့်စုံသည့် အရသာရှိ သကဲ့သို့ပင်... ဘဝခရီး နေဝင်ချိန် အတွက် လိုအပ်သော ပြင်ဆင် ထုပ်ပိုးမှု များဖြင့် သံသရာကို ထည့်သွင်း စဉ်းစား ခြင်းသည် ရှင်သန် နေဆဲတွင် အလှပဆုံး၊ အရသာ အရှိဆုံး ကော်ဖီ တစ်ခွက်နှင့် ပမာ တူညီလိမ့်မည် ဟု ကျွန်မ ကြိုက်သော ကော်ဖီနှင့် ဘဝဒဿန များကို တူယှဉ် စဉ်းစား နေမိ ပါတော့သည်။

http://myawady-myawady.blogspot.com/2014/09/blog-post_97.html

------

ကျွန်တော်လည်း ကော်ဖီနှစ်သက်သူ ဖြစ်တယ်။

ဒါပေမယ့် ယခု စာရေးသူလိုတော့ အစပ် အဟပ် မတည့်တဲ့ ကော်ဖီ တစ်ခွက်ရဲ့ အရသာကို အကောင်းဆုံး ကော်ဖီတစ်ခွက် ဖြစ်အောင် ပြုပြင်တဲ့ နေရာက ရလာတဲ့ အတွေ့အကြုံကို နိစ္စဓူဝ ကြုံတွေ့ ရင်ဆိုင်ရမယ့် ဘ၀ သင်ခန်းစာ နဲ့ နှိုင်းယှဉ် ချင့်ချိန် နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

ဘာလို့လဲ ဆိုတော့ ကော်ဖီကို ကျွန်တော်ကိုယ်တိုင် ဖျော်သောက်တာထက် သူများ ဖျော်ပြီးသား ကိုပဲ သောက်လေ့ ရှိလို့ပါ။

ဒါပေမယ့် ဒီပို့စ်လေးက ၀ါသနာ ကနေ ရလာတဲ့ အမြတ်ကို ကိုယ့်ဘ၀ အတွက် အကျိုးရှိအောင် အသုံးချနိုင်တယ် ဆိုတဲ့ အတွေးသစ်ကို ရရှိစေပါတယ်။

welcome

Monday, September 15, 2014

ပုလင်းအတွင်း ၅၄ နှစ်ကြာ ရှင်သန်နေဆဲ သစ်ပင်


ပုလင်းအတွင်း ၅၄ နှစ်ကြာ ရှင်သန်နေဆဲ သစ်ပင်

၁၉၆ဝ ပြည့်နှစ် ကတည်းက ပုလင်း တစ်ခုအတွင်း စိုက်ပျိုးခဲ့သည့် အပင်ငယ်လေးသည် နှစ်ပေါင်း ၅၄ နှစ်ကြာ ယခုအချိန် အထိ ရှင်သန်နေဆဲ ဖြစ်သည်။ ၄င်းအပင် လေးကို စိုက်ပျိုးခဲ့သူမှာ သစ်ပင် စိုက်ရာတွင် ထူးချွန်သော ပါရမီရှင် ဒေးဗစ် လာတီမာ ဖြစ်ပြီး အပင်ငယ် လေးကို နောက်ဆုံး အကြိမ် ရေလောင်း ခဲ့သည်မှာ ၁၉၇၂ ခုနှစ်က လို့ သိရသည်။

၁၉၇၂ ခုနှစ်မှာ နောက်ဆုံး အကြိမ် ရေလောင်း ခဲ့ပြီးနောက် အဆိုပါ ပုလင်းကို ပြင်ပ ဂေဟစနစ် နှင့် အဆက်အသွယ် ဖြတ်၍ ထားခဲ့သည်မှာ နှစ်ပေါင်း ၄ဝ ကျော် ကြာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မိုးလုံလေလုံ အတွင်း၌ စိုက်ပျိုး နိုင်သည့်  Spiderworts အမျိုးအစား အပင်သည် သေဆုံး သွားခြင်း မရှိဘဲ ပုလင်းအတွင်း ၌ ဆက်လက် ကြီးထွား လာခဲ့သည်။

သစ်ပင်ငယ်သည် ပုလင်းအတွင်း ဆက်လက် ကြီးထွားလာပြီး နေရောင်ခြည် ရရှိစေရန် ပုလင်းအား ပြတင်းပေါက်နှင့် ၆ ပေ အကွာတွင် ထားရှိသည်။ အချိန်ကြာ လာသည်နှင့် အမျှ အပင်ငယ် သည် ၁ဝ ဂါလန် ဆံ့သော ပုလင်းအတွင်း ၌ အကိုင်းအခက် များဖြင့် ပြည့်နှက် နေသည်ကို တွေ့ရပေသည်။

၎င်းအပင်ကို ပြင်ပလောက နှင့် အဆက်အသွယ် ဖြတ်ပြီးနောက် ပြတင်းပေါက် အနီးတွင် အစဉ်တစိုက်  ထားရှိ ခဲ့ကြောင်း ၊ ပုလင်းအတွင်း ရှိ အပင်သည် အလင်းရောင် ရှိရာသို့ ဦးတည်ပြီး ကြီးထွား ခဲ့ကြောင်း၊ သို့သော်လည်း အပင်၏ ကြီးထွားမှုသည် ပုလင်းအတွင်း ၌ ဘောင် ကန့်သတ် ထားခြင်းကြောင့် အနည်းငယ်သာ ကြီးထွားခြင်း ဖြစ်နိုင်သည်ဟု လာတီမာ က ပြောကြားသည်။

ပုလင်း အတွင်း၌ အပင်စိုက်လျှင် အလင်းရောင်ကို အဓိက ပေးရမည် ဖြစ်သည်။ အပင်များသည် အလင်းရရှိမှ သာလျှင် ၄င်းတို့အတွက် လိုအပ်သည့် အာဟာရကို အလင်းမှီစု အစာ စုဆောင်းခြင်း နည်းဖြင့် ၄င်းတို့၏ ကိုယ်ပိုင် ဂေဟစနစ် အသေးစားကို ဖန်တီးနိုင်မည် ဖြစ်သည်။

ပုလင်းအတွင်း ဂေဟစနစ် တွင် သစ်ပင်များက ထုတ်လွှတ် လိုက်သော အောက်ဆီဂျင် ကို ပုလင်း အတွင်းရှိ မြေကြီးတွင် နေထိုင်သော ဘက်တီးရီးယား များက အသုံးပြု၍ ကာဗွန်ဒိုင် အောက်ဆိုက် ကို ပြန်လည် ထုတ်လွှတ်သည်။ ၄င်း ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ကို သစ်ပင်များ စုပ်ယူပြီး အလင်းမှီ စုဖွဲ့နည်းဖြင့် အစာချက် လုပ်သည်။

ဖန်ပုလင်း အတွင်း မြေကြီးမှ ရေကို သစ်မြစ်များက စုပ်ယူပြီး သစ်ပင်များရှိ သစ်ရွက်များက ရေငွေ့များ ပြန်လည် လွှတ်ထုတ်ပြီး ဖန်ပုလင်း အတွင်း စုစည်းကာ အပင်များ ပေါ်သို့ မိုးအဖြစ် ပြန်လည် ကျဆင်းခြင်းဖြင့် ရေသံသရာ လည်လျက် ရှိသည်ကို တွေ့ရသည်။ အလင်းမှီ စုဖွဲ့မှုကြောင့် အောက်ဆီဂျင်များ ထွက်ပေါ်ပြီး ကြွေကျသော သစ်ရွက်များ ပုပ်ဆွေးရာမှ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ ထွက်ပေါ် လာသည့် အပြင် အပင်အတွက် အာဟာရများ ဖြစ်ပေါ်စေ ပါသည်။ ဤနည်းဖြင့် ဖန်ပုလင်း အတွင်း သစ်ပင်များကာလ ကြာရှည် အသက်ရှင် နေခြင်း ဖြစ်ကြောင်း လာတီမာ က ပြောကြား သည်။ ။

Saturday, September 13, 2014

အထီးကျန်ဆန်သူတွေ နှလုံးရောဂါနဲ့ အသက်တိုနိုင်




အထီးကျန်ဆန်သူတွေ နှလုံးရောဂါနဲ့ အသက်တိုနိုင်

သီးခြား နေတတ်သူများ၊ အရွယ်လွန်သည် အထိ အိမ်ထောင်မပြု ကြသူများ၊ အကြောင်းကြောင်း ကြောင့် လူ့ အသိုင်းအဝိုင်း က ပယ်ထားခြင်း ခံရသူများတွင် နှလုံးလေဖြတ် ရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်လို့ Self-help မဂ္ဂဇင်း မှာ ရေးသား ထားတာကို ပြန်လည် မျှဝေလိုက် ပါတယ်။

နှလုံးရောဂါ ဝေဒနာရှင် လူနာ ၁၃၆၈ ဦးကို လေ့လာခဲ့ရာ အလွန် အထီးကျန် သူများ၊ လူပျို၊ အပျိုကြီး များမှာ နှလုံးလေဖြတ်ခြင်း ကို မကြာခဏ ခံစားရလေ့ရှိပြီး (၅ဝ) ရာခိုင်နှုန်း ခန့်တွင် တိုင်ပင်ဖော် တိုင်ပင်ဖက်၊ ရင်ဖွင့်ဖော်၊ ရင်ဖွင့်ဖက် မရှိသဖြင့် နှလုံးရောဂါ စတင် ခံစားရချိန်မှ ငါးနှစ်အတွင်း အသက်ဆုံးရှုံးလေ့ ရှိပြီး အိမ်ထောင်ဖက် ရှိသူများ၊ ယုံကြည်စွာ ရင်ဖွင့်ရမည့်သူ ရှိသူများတွင် (၁၇) ရာခိုင်နှုန်း သာ သေဆုံး ခဲ့တယ်လို့ သိရသည်။

လူတွေဟာ ကိုယ့်ကို ကြမ်းတမ်းစွာ ဆက်ဆံသူ တွေနဲ့ နီးနီးကပ်ကပ် မနေချင်ကြတာ သဘာဝပါ။ စိတ်ဓာတ်ကျ နေတဲ့အခါ ကျပြန်တော့လည်း လူတွေနဲ့ အဝေးမှာပဲ နေချင်ကြ ပြန်တယ်။ လုပ်ငန်းခွင် မှာလည်း ကိုယ်လုပ်ရတဲ့ အလုပ် ပမာဏနဲ့ ရရှိတဲ့အချိန်၊ အကျိုးခံစားခွင့် တို့ ကွာဟလွန်း နေပြန် ရင်လည်း စိတ်ဓာတ် ကျလာလေ့ ရှိသလို မကျေနပ်မှုတွေ ကြီးထွားလာပြီး ကြမ်းတမ်း ခက်ထန် လာကြ ပြန်တယ်။ အဲဒီလို လူတွေနဲ့ မပတ်သက် တော့ဘဲ တစ်ယောက်တည်း အထီးကျန် နေခြင်းပင်လျှင် နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အချက်တစ်ခု ဖြစ်တယ်လို့ ရေးသားထား ပါတယ်။

လူမှု ဆက်ဆံရေး အဆင် မပြေခြင်း၊ အများက ဝိုင်းပယ်သည်ကို ခံရခြင်း၊ ယုံကြည်စွာ ရင်ဖွင့် ရမည့်သူ မရှိခြင်း တို့ကြောင့် နှလုံးလေဖြတ် ရောဂါ ခံစားရနိုင်ခြေ မြင့်မား သောကြောင့် အဆိုပါ နှလုံးရောဂါေ ဝဒနာရှင် များကို အသင်းအဖွဲ့ တစ်ခုခုက ထိတွေ့ ဆက်ဆံပေးခြင်း၊ ဒေါသစိတ်ကို ကွပ်ကဲ ထိန်းချုပ် တတ်ရန် သင်ကြား ပေးခြင်း၊ လူ့အသိုင်းအဝိုင်း နှင့် အဆင်ပြေစွာ နေတတ်ရန် ပြန်လည် လေ့ကျင့်ပေးခြင်း စသည့် အကူအညီများ ပေးနိုင်ပါက အကျိုးရှိမည် ဖြစ်ကြောင်း၊ စိတ်ဖိစီးမှုကို လျှော့ချနိုင်လျှင် နှလုံးလေဖြတ် နိုင်ခြေကိုလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာ ရွှင်လန်းစွာ နေထိုင်ဖို့ လူသား အချင်းချင်း ဖေးမ ကူညီရန် လိုအပ်တယ်လို့ စိတ်ပညာရှင် တစ်ဦးက ပြောထား ပါတယ်။

သင့်ခန္ဓာကိုယ် သည် သင် နှလုံးလေဖြတ် တော့မည်ကို တစ်လခန့်ကပင် ကြိုတင် သတိပေး နေလေ့  ရှိသည်။ ထို သတိပေးချက်ကို မသိလိုက် သဖြင့် နှလုံးလေဖြတ် ခြင်းကို မကာကွယ် နိုင်တော့ဘဲ နှလုံးပြင်းထန်စွာ ပျက်စီးခြင်း၊ သို့မဟုတ် အသက် ဆုံးရှုံးရခြင်း တို့ ဖြစ်ပေါ်ရခြင်း ဖြစ်သည်။ နှလုံးလေ ဖြတ်ခြင်းကို ခံစားရတော့မည့် လက္ခဏာများကို Society of Cardiovascular Patient Care တွင် အောက်ပါ အတိုင်း ဖော်ပြထား တာကို ပြန်မျှဝေ လိုက်ပါတယ်။
  • ၁။ ကိုယ်အလေးအချိန် ရုတ်တရက် တိုးလာခြင်း။ အချို့လူနာများ သည် တစ်ရက်တည်း တွင် ကိုယ်အလေးချိန် (၃)ပေါင်ခန့် တိုးလာလေ့ ရှိသည်။ ထို အလေးချိန်သည် ခန္ဓာကိုယ် အတွင်း လှောင်ပိတ်မိနေသော ရေဓာတ် များကြောင့် ဖြစ်သည်။
  • ၂။ အသက်ရှူမဝဘဲ မောနေခြင်း။
  • ၃။ ခြေသလုံး၊ ခြေမျက်စိများ ရောင်ရမ်းခြင်း။
  • ၄။ ဝမ်းဗိုက် ဖောရောင်ခြင်း၊ နာကျင်ခြင်း။
  • ၅။ ညည အမောဖောက်ပြီး နိုးလာခြင်း၊ ခေါင်းအုံး မြင့်မြင့်အုံးမှ သက်သာရာရခြင်း။
  • ၆။ နှလုံးခုန်နှုန်း နှေးလိုက်၊ မြန်လိုက် ဖြစ်ခြင်း။
  • ၇။ ချောင်းခြောက်ဆိုးခြင်း။
  • ၈။ အလိုလို မောပန်းနွမ်းနယ် နေခြင်း။
  • ၉။ အပင်ပန်း မခံနိုင်ခြင်း။
  • ၁ဝ။ မူးဝေပြီး အစားအသောက် ပျက်ခြင်း။
  • ၁၁။ ချောင်းဆက်တိုက် ဆိုးခြင်း၊ အသက်ရှူလျှင် လေပြွန်ထဲမှ အသံမြည်ခြင်း၊ ချွဲတွင်သွေးပါခြင်း
  • ၁၂။ အာရုံ မစိုက်နိုင်ခြင်း။

အထက်ပါ လက္ခဏာများကို ခံစားရပါက နားလည် တတ်ကျွမ်းသော ဆရာဝန်များ နှင့် စနစ်တကျ ပြသ ကုသမှု ခံယူသင့်ပြီး မိသားစု အသိုင်းအဝိုင်းကလည်း နွေးထွေးစွာ ဆက်ဆံ ပေးသင့်ကာ နှလုံးရောဂါ ဝေဒနာ ရှင်များ၏ စိတ်ကို ရွှင်လန်းစေမည့် အောက်ပါ ဝါသနာများကိုလည်း ကူညီ တည်ဆောက် ပေးသင့်ကြောင်း သိရပါတယ်။ အဲဒါတွေ ကတော့

ခရီးတိုထွက်ခြင်း။ တစ်လလျှင် အနည်းဆုံး တစ်ကြိမ်ခန့် ခရီးတို ထွက်ခြင်း၊ ကင်မရာ ဆောင်သွားကာ မိမိစိတ်ကြိုက် ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်ခြင်း ပန်းပင် စိုက်ပျိုးခြင်း။ ပန်း စိုက်ပျိုးခြင်း၊ ရေလောင်းခြင်း၊ ပွင့်လာသော ပန်းများအား တစိမ့်စိမ့် ကြည့်ခြင်း ၊ ချက်ပြုတ်ခြင်း။ တစ်အိမ်လုံး အတွက် ပင်ပန်းစွာ ချက်ပြုတ်ရခြင်း မဟုတ်ဘဲ မိမိ လေ့လာမိသော ဟင်းချက် နည်းအသစ် တစ်ခုအား လက်တည့်စမ်း ချက်ကြည့်ခြင်း၊ မိသားစု မှလည်း တပျော်တပါး စားသောက်ခြင်း ၊ ကခုန်ခြင်း။ အိမ်တွင် မိမိခင်ပွန်း၊ ဇနီး၊ မောင်နှမများ နှင့် ကခုန်ခြင်းသည် မိမိ စိတ်အစဉ်ကို ပေါ့ပါးသွက်လက် စေပြီး ကိုယ်လက် လှုပ်ရှားရာ ရောက်ပါတယ်။

ပန်းချီဆွဲခြင်း။ မိမိ ခံစားရသည် များကို ပန်းချီဆွဲခြင်းဖြင့် ဖွင့်ဟ ဖော်ထုတ်ခြင်းသည် နှလုံး ဝေဒနာရှင်များ အတွက် အလွန် ထိရောက်သည်။ တေးဂီတ။ သီချင်း နားထောင်ခြင်း၊ တူရိယာ တီးခတ်ခြင်း သည် စိတ်အာရုံကို ကြည်လင်စေပြီး ကိုယ်လက် ပေါ့ပါးစေတယ်လို့ ရေသား ထားတာကို ပြန်လည် မျှဝေ လိုက်ပါတယ်။

Friday, September 12, 2014

အဟောင်း နှင့် အသစ်


အဟောင်း နှင့် အသစ်

ကျွန်တော် မူလတန်း ကျောင်းသား အရွယ်တုန်း က ဖြစ်သည်။ အဖေက မြို့မှ အင်္ကျီ၊ လုံချည် အသစ် ဝယ်လာခဲ့သည်။ အမေက ဝတ်ပေးသည်။ ကျွန်တော့် အစ်မ၏ ကိုယ်လုံးပေါ် မှန်ရှေ့မှာ ရပ်၍ ကြည့်သည်။ ရှေ့နောက် ဘေးလှည့်၍ ကြည့်သည်။ ကျွန်တော် လွန်စွာ နှစ်သက်ပီတိ ဖြစ်သွားသည်။ သူငယ်ချင်းများ ရှေ့မှာ ဝင့်ကြွားချင် လာသည်။ ထင်မိသည့် အတိုင်းပင် သူငယ်ချင်း အားလုံးက အားကျ ကြသည်။ ထိုအခါ ကျွန်တော့် လောက် ပျော်မည့်သူ ဘယ်သူ ရှိပါတော့ မလဲလို့ တွေးမိသည်။

လအနည်းငယ် သို့ ပြောင်းသွား သည်။ သီတင်းကျွတ် ကျောင်း ပိတ်ရက် ရောက်တော့မည်။ ပိတ်ရက် မတိုင်မီ နေ့ချင်းပြန် လေ့လာရေး ခရီးတိုလေး တစ်ခု ထွက်ကြမည် ဟု ဆရာမ က ပြောသည်။ ကိုယ်စီ ထမင်းထုပ် ယူခဲ့ကြဖို့ လည်း ပြောသည်။ သွားကြမည့် နေရာက စစ်ကိုင်း တံတားကြီး နှင့် သပြေတန်း ခံတပ် ဖြစ်သည်။

ကုက္ကို အလက နှင့် သိပ်မဝေး လှပါ။ ချောင်းခွ တိမ်ပြာ လယ်ကွင်းများ ကို ကန်သင်းရိုး မှ ဖြတ်သန်းရင်း လယ်သမား၊ ကိုင်းသမား၊ တောင်သူ တို့၏ လုပ်ငန်းခွင်ကို လေ့လာမည်။ တံတားဖြူကို ရောက်မည်။ စစ်ကိုင်း - မန္တလေး ကားလမ်း ဘေးမှ ဆက်လျှောက် သွားလျှင် ရွှေလေးရွာ၊ ရွှေကြက်ယက် ရွာများကို လှမ်းမြင် ရလျက် စစ်ကိုင်းတံတား နှင့် သပြေတန်း ခံတပ်သို့ ရောက်မည်။

ကျွန်တော့် ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာခဲ့ ပါသည်။ ကျောင်း သွားလျှင် ဝတ်ဆင် နေကျ ကျောင်းဝတ်စုံ က ဟောင်းနေပြီဟု ထင်သည်။ လွန်ခဲ့သော လ အနည်းငယ် တုန်းက အဖေ ဝယ်ပေးခဲ့ပြီး အမေက ဝတ်ပေး ခဲ့သော ကျွန်တော် ကိုယ်တိုင် မှန်ရှေ့မှာ ကြည့်မဝ ခဲ့သော မော်ကြွား ၍လည်း မဆုံးနိုင် ခဲ့သော ခေတ်မီ ဝတ်စုံကလည်း နည်းနည်း ဟောင်းနေပြီ။ ထို့အတူ ဆင်တူ ကျောင်းဝတ်စုံ မှတစ်ပါး ဖြူနီ ကြောင်ကျား မဝတ်ခဲ့ရန် ဆရာမ က စည်းကမ်း သတ်မှတ် ထားသည်။

အတန်းပိုင် ဆရာမ ဒေါ်စိန်ပု နှင့် အတူ လိုက်ပါ လာမည့် ဆရာများ ဖြစ်သော ဆရာကြီး ဦးမြမောင်၊ ဆရာ ဦးဝင်းမောင် နှင့် ဆရာ ဦးစိန်ဝါ တို့က စစ်ကိုင်း တံတား၊ သပြေတန်း ခံတပ် သမိုင်းကြောင်း များကို ရှင်းပြ ကြသည်။ ထို ဆရာကြီး များသည် အသင်အပြ ကောင်းသလောက် စည်းကမ်း ကောင်းသည်။ ထို့ကြောင့် ကျောင်းသားများ ပါမက ရပ်ရွာသားများ၊ မိဘများ ကပါ ချစ်ကြောက်ရိုသေကြ ပါသည်။ ကျွန်တော်တို့ မည်သို့မျှ စည်းကမ်း ပျက်၍ မရကြပါ။

အဖေနှင့် အမေ ကိုသာ ကျွန်တော် ပူဆာမိ ပြန်တော့သည်။ ကျွန်တော့ကို ပြုံး၍ ကြည့်နေ ကြသော အဖေနှင့် အမေကို အစ်မက ဝင်ကူ ပြောပေးသည်။ ''အသစ်တစ်စုံ ဝယ်ပေး လိုက်ပါ ဖေဖေရယ်... သမီး ရက်ကန်းကို ပိုကြိုးစားပြီး ခတ်ပါ့မယ် .. တဲ့။ အလိုလိုက် တတ်သော အဖေနှင့် အမေက ကျောင်းဝတ်စုံ အသစ်တွင် မကပါ။ ဖိနပ်အသစ်၊ လွယ်အိတ အသစ်၊ မှတ်စုစာအုပ် အသစ်၊ ခဲတံ၊ ပေတံ အသစ်တွေပါ ဝယ်ပေးတော့ ပူဆာ တာထက် များစွာ ပိုနေလို့ ပျော်မဆုံး ဖြစ်ရသူက ကျွန်တော်ပါ။

ထိုစဉ်တုန်းက ဖေဖေနှင့် မေမေ ပြောခဲ့သော စကားတစ်ခွန်း။ ယခု ကျွန်တော် အသက် သုံးဆယ်ငါး ပြည့်တော့မည်။ အတိတ်ကို ပြန်တွေး မိတော့ ယခုပင် လတ်လတ် ဆတ်ဆတ်ကြီး ပြန်လည် ကြားယောင် လာပါသည်။

''သားရယ်...မင်းရဲ့အင်္ကျီ၊ လုံချည်တွေ က သိပ်မဟောင်း သေးပါဘူး။ စုတ်လဲ မစုတ်သေးဘူး။ ဖွပ်လျှော် မီးပူတိုက် လိုက်ရင် အသစ်အတိုင်း ပါပဲ။ ဒါပေမဲ့ သားလေးက ငြီးငွေ့ လာလို့ ပါကွယ်။ ဒါကြောင့် မင်းလေး ကိုယ်ရော စိတ်ပါ လန်းဆန်း သစ်လွင် သွားအောင် 'အသစ်' တွေချည်း ဝယ်ပေး လိုက်တာ''တဲ့။

ပြန်လည် ကြားယောင် ရင်းက အဖေနဲ့ အမေ ချန်ခဲ့သော နောက်ဆက်တွဲ စကားတွေကို ကျွန်တော့် ရင်ဘက်နဲ့ ရော ဦးနှောက်နဲ့ ရော တစ်ကိုယ်လုံး နဲ့ပါ ခံစားဖြည့်စွက် ကြားလိုက် မိပါပြီ...လေ။

အဲဒီ စကားလေး ကတော့...

''မစုတ်ပြဲ သေးခင်၊ လက်နှီး မဖြစ်ခင်၊ လွှင့်မပစ် ရသေးခင်၊ နည်းနည်း ဟောင်းလာရုံနဲ့ အဝတ်ဟောင်း လေးတွေကို ငြီးငွေ့လာရင် အသစ်ဝယ်ပြီး သားသမီး တို့ရဲ့စိတ်ကို လန်းဆန်းအောင် ပြုနိုင်တယ်..နော်။ ဒါပေမဲ့ ဇရာထောင်းပြီး တရွေ့ရွေ့ အခါပြောင်း လာတဲ့ အဖေ၊ အမေ၊ ဆရာသမား တွေကို ဘယ်ကမ္ဘာမှာ ဘယ်နည်း ပညာတွေ ဘယ်တန်ဖိုး တွေနဲ့ အသစ်လဲကြ မလဲကွယ်... အဖေအို၊ အမေအို၊ ဆရာအို တွေကို မင်းတို့လေးတွေ မငြီးငွေ့ လိုက်ကြပါနဲ့... ကျောမခိုင်း လိုက်ကြပါနဲ့... မိအို၊ ဖအို၊ ဆရာအို တွေရဲ့အစား အသစ်လဲဖို့ရာ ဘယ် စကြာဝဠာ မှာမှ ရှာလို့တွေ့မှာ မဟုတ်ဘူး။ နိဗ္ဗာန်ဘုံသို့ သွားရာလမ်း က မိဘဆရာ တွေရဲ့ ခြေဖဝါး အောက်က လမ်းပါပဲ...။


Thursday, September 11, 2014

လပြည့်ညသည် လူတို့၏ စိတ်ကို ဖောက်ပြန် စေပါသလား



လပြည့်ညသည် လူတို့၏ စိတ်ကို ဖောက်ပြန် စေပါသလား

ကမ္ဘာတစ်ဝန်း တွင် လပြည့်ည၌ မတော်တဆ မှုများ၊ ဒုစရိုက် မှုများ၊ ထူးခြား ဆန်းကြယ်သော ဖြစ်စဉ်များ ဖြစ်ပွားလေ့ ရှိရာ လပြည့်ညသည် လူ၏စိတ်ကို ပြောင်းလဲ စေသလား ဟူသော သံသယ မေးခွန်းများ ယခုနှစ်ပိုင်း အတွင်း နိုင်ငံအနှံ့တွင် ထွက်ပေါ် လာခဲ့သည်။

ရဲအရာရှိများ၊ ဆေးရုံ အရေးပေါ် ဌာနဝန်ထမ်း များလည်း လပြည့်ည များတွင် ရုန်းရင်း ဆန်ခတ်မှုများ ပိုမို ဖြစ်ပွားလေ့ ရှိပြီး ရဲတပ်ဖွဲ့ ကလည်း အင်အား တိုးမြှင့်ကာ လုံခြုံရေး ယူရသလို အရေးပေါ် ဌာနတွင်လည်း လူနာဦးရေ ပိုများလေ့ ရှိကြောင်း ပြောသံ ကြားရသည်။

လူအများက ယုံကြည် လက်ခံကြသော လပြည့်ညတွင် လူသားတို့၏ အမူအကျင့် ပြောင်းလဲ တတ်ပုံကို လေ့လာ ဆန်းစစ်မှု အကြိမ်တစ်ရာ ထက်မနည်း ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယခုနှစ် နွေရာသီ တွင်လည်း လပြည့်ည၌ လူတို့၏ အိပ်စက်ပုံ ပြောင်းလဲမှု ရှိ - မရှိ ကို လူ(၃၃) ဦးအား စမ်းသပ်ခဲ့ရာ ထိုသူများသည် လရောင်ကို မြင်ရသည် ဖြစ်စေ၊ မမြင်ရသည် ဖြစ်စေ၊ လပြည့်ည ဖြစ်သည်ကို သိသည် ဖြစ်စေ၊ မသိသည် ဖြစ်စေ အဆိုပါ လပြည့်ညတွင် သာမန် ညများထက် အိပ်ပျော်ရန် ငါးမိနစ်ခန့် ပိုကြာမြင့်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ခြင်း ရာခိုင်နှုန်း (၁၅) ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း တွေ့ရသည်။ သို့သော် ဤအချက် တစ်ခုတည်းက လပြည့်ည ကြောင့် လူသား စိတ်မူ မမှန်ခြင်းမှာ မှန်ကန်ကြောင်း ကောက်ချက် ချရန် ပြည့်စုံမှု မရှိပေ။

၁၉၈၅ ခုနှစ်တွင် အမေရိကန် စိတ်ပညာရှင် များ ဖြစ်ကြသော ဂျိမ်းရောတန် နှင့် အိုင်ဗင်ကယ်လီ တို့က လပြည့်ညနှင့် လူသား အမူအကျင့် ဆက်နွယ်ပုံ လေ့လာ စမ်းသပ်မှု (၃၇)ခုမှ ရလဒ်များကို ပူးပေါင်း၍ အဖြေရှာ ခဲ့ရာလပြည့်ညနှင့် စိတ်ဖောက်ပြန်မှု၊ လူသတ်မှု၊ ကား မတော်တဆ ဖြစ်မှု၊ သေကြောင်း ကြံစည်မှု နှင့် ပြစ်မှု ကျူးလွန်မှု တို့ကို တိုက်ရိုက် မပတ်သက်ကြောင်း တွေ့ရှိခဲ့သည်။ သို့သော် အဆိုပါ စမ်းသပ်မှု (၃၇)ခုကို တစ်ခုချင်း စစ်ဆေးကြည့် သောအခါ လပြည့်ည များသည် အများပြည်သူ ရုံးပိတ်ရက် ဖြစ်နေတတ်သည့် အတွက် လမ်းမပေါ်တွင် လူ၊ ကား ပိုများ နေတတ်ပြီး ပိတ်ရက် ဖြစ်သည်နှင့် အညီ မူးယစ် သောက်စား ထားမှု ရှိတတ်သောကြောင့် မတော်တဆ မှုများ ပို၍ ဖြစ်ရဖွယ် ရှိကြောင်း သုံးသပ် ကြသည်။ သို့သော် လပြည့်ည တိုင်းတွင် ထိုကဲ့သို့ ပြဿနာများ ပိုဖြစ်လေ့ မရှိဘဲ အချို့ လပြည့်ည များတွင် ပြဿနာ ပိုနည်း နေလေ့ ရှိကြောင်း တွေ့ရှိခဲ့ပြန်သည်။ ထိုနောက်ပိုင်း တွင် ဆက်လက် လေ့လာခဲ့မှု မှန်သမျှတွင် တိကျ သေချာသော အဖြေကို မရရှိခဲ့ပေ။

၁၉၉၂ ခုနှစ်တွင် မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်မှု(၂ဝ) မှုအား လေ့လာခဲ့ရာ လပြည့်ညနှင့် အထွေအထူး ပတ်သက်ခြင်း မရှိကြောင်း တွေ့ရသည်။

လပြည့်ညသည် လူတို့၏ စိတ်ကို တစ်နည်းနည်းဖြင့် ဖောက်ပြန် စေတတ်ကြောင်း လူအများ ယုံကြည် လာရသည်မှာ လပြည့်ည နှင့် တိုက်ဆိုင် သယောင် ရေးသား ထုတ်ဝေလေ့ ရှိသော ဂျာနယ် များကြောင့်ဟု အချို့က ယူဆပြန်သည်။

ဤသို့ဆိုလျှင် လ က လူသား အမူအကျင့်ကို မည်ကဲ့သို့ ပြောင်းလဲ စေသနည်း။ လဆွဲအားသည် ပင်လယ်ဒီရေ တို့ကို မြင့်တက် စေသည်။ လူ့ခန္ဓာကိုယ်တွင် ရေဓာတ်ရှိသည်။ ပင်လယ်ဒီရေ တက်စေ သကဲ့သို့ လူ့ခန္ဓာကိုယ် အတွင်းရှိ ရေဓာတ်ကိုလည်း ကြွတက် စေခြင်းကြောင့် လူသားများတွင် စိတ်မူမမှန်သည့် လက္ခဏာများ ပေါ်ပေါက် လာရခြင်း ဖြစ်ကြောင်း အချို့ လေ့လာသူ များက ပြောရာ ပြန်လည်ချေပ သူများက လပြည့်သည် ဖြစ်စေ၊ လကွယ်သည် ဖြစ်စေ ပင်လယ်ဒီရေ သည် တက်မြဲသာလျှင် ဖြစ်ကြောင်း၊ လူ့ခန္ဓာကိုယ် ၏ ရေဓာတ်ကို ဆွဲငင်မည် ဆိုလျှင် လပြည့် ညမှသာ ဆွဲငင်ခြင်းမှာ သဘာဝ မကျကြောင်း ပြောဆိုခဲ့သည်။ ထိုအခါ လရောင်ကြောင့် လူတို့၏ စိတ် မငြိမ်မသက် ဖြစ်ခြင်းဟု ပြောဆို လာပြန်သော်လည်း ပယ်ချခံခဲ့ ရသည်။

ထိုအခါ ယုံကြည်သူ များက လူသားများ ဘက်မှ တိရစ္ဆာန်များ ဘက်သို့ လှည့်သွား ပြန်သည်။ လပြည့်ညတွင် ခွေး၊ ကြောင်၊ ကြွက်၊ မြင်း များပို၍ သောင်းကျန်းလေ့ ရှိပြီး လူကို ကိုက်ခြင်း၊ ပစ္စည်းများကို ကိုက်ဆွဲ ဖျက်ဆီးခြင်းများ ပိုလုပ်လေ့ ရှိကြောင်း ပြောလာ ပြန်သည်။ ခွေး၊ ကြောင် စသည်တို့သည် လပြည့်ညမှ မဟုတ်ဘဲ နေ့တိုင်း၊ ညတိုင်း ထိုကဲ့သို့ နေသည်ပင်။ လပြည့်ည တွင် ပိုကိုက်ရခြင်းမှာ လရောင်ကြောင့် ပိုးကောင်များ ပိုများလာကာ ခွေး၊ ကြောင် စသည်တို့အား အနှောင့်အယှက် ပေးသောကြောင့် လပြည့် ညတွင် ခွေးများ ပိုဟောင်၍ ကြောင်များ ပိုသောင်းကျန်းခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

ဤမျှ အကြောင်းပြချက် မခိုင်လုံသော အချက်ကို လူသားများက အဘယ်ကြောင့် ယုံကြည် သက်ဝင် နေသနည်း။ လူသား များသည် သည်းထိတ်ရင်ဖို ကိစ္စများကို စိတ်ဝင်စား လေ့ရှိ၏။ ရုပ်ရှင်များ ကလည်း လပြည့်ညတွင် လူစင်စစ်မှ ဝံပုလွေ ပြောင်းသွားပုံ၊ လပြည့်ညတွင် သွေးစုပ် ဖုတ်ကောင်များ အားပြန်ပြည့် လာပုံ၊ စာအုပ်စာပေ များတွင်လည်း လပြည့်ညတွင် တော်လှန်ရေး ဆင်နွှဲပုံတို့ကို ဖော်ပြထားရာ လူ့စိတ် သဘာဝတွင် လပြည့်ညတိုင်း ၌ တစ်ခုခု ထူးခြား လိမ့်မည်ဟု တစ်ထစ်ချ ယုံကြည် ထားလေ့ ရှိပြန်သည်။

လပြည့်ညတွင် တော်လှန်ရေး အချို့ စတင်ခဲ့သည်မှာ မှန်ပါသည်။ အခြားည များတွင် အလင်းရောင် မရှိသောကြောင့် လပြည့်ညကို ရွေးချယ်ခြင်း သာလျှင် ဖြစ်တန်ရာ ပါသည်။

လပြည့်ညသည် သာယာ၏။ သာယာ သဖြင့် လူအများ လမ်းပေါ် ထွက်ကြ၏။ လူအများ အပြင်ထွက်ထိုင် ကြခြင်း၊ လမ်းပေါ် ထွက်ခြင်း၊ အုပ်စုဖွဲ့ စကားစမြည် ပြောဆိုခြင်း တို့ ပြုလုပ်လေ့ ရှိသောကြောင့် မတော်တဆမှု ပိုများလေ့ ရှိသည်။ ထို မတော်တဆ မှုသည် လပြည့်ည ဖြစ်နေခြင်းနှင့် မသက်ဆိုင်ဘဲ လူအများ လမ်းပေါ် ထွက်ခြင်းနှင့်သာ တိုက်ရိုက် သက်ဆိုင်ကြောင်း၊ လပြည့်ညတွင် ပိုးကောင်ငယ်များ ပို၍မြူးကာ ခွေး၊ ကြောင် ကဲ့သို့ တိရစ္ဆာ န်ငယ် များအား နှောင့်ယှက် သောကြောင့် ခွေး၊ ကြောင် တို့ ပို၍ ဂနာမငြိမ် ဖြစ်တတ်ကြောင်း၊ လပြည့်ည နှင့် ရုံး၊ ကျောင်း ပိတ်ရက်များ တိုက်ဆိုင် နေတတ် သောကြောင့် မူးယစ် သောက်စားမှု များရှိကာ ယာဉ် မတော်တဆ မှုများ ဖြစ်တတ်ကြောင်း ရေးသား လိုက်ရပါသည်။