Wednesday, February 4, 2015

ဆရာ ၊ ဆရာမများ အတန်း လိုက်တက်ကြည့်ပါ



ဆရာ ၊ ဆရာမများ အတန်း လိုက်တက်ကြည့်ပါ

ဒီနေ့ အထက်တန်း ပညာရေး ကြီးကြပ်သူ ရာထူးနဲ့ ကျွန်တော် ပထမဆုံး အလုပ်ဆင်းတဲ့ နေ့။ ကျွန်တော့် အလုပ်က စာသင်ဖို့ မဟုတ်ဘူး။ သင်ကြားမှု၊ သင်ယူမှု အခြေအနေ တွေကို ကွင်းဆင်း လေ့လာ ဆန်းစစ် သုံးသပ်ပြီး အစီရင်ခံ တင်ပြဖို့ ဖြစ်တယ်။ ဒီတော့ ဆရာတွေ၊ ဆရာမတွေ၊ ကျောင်း အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ တစ်နှစ်ပတ်လုံး ထိတွေ့ပြီး သင်ကြားမှု၊ သင်ယူမှု ထိရောက် သည်ထက် ထိရောက် လာအောင် အထက်ကို လိုအပ်တာတွေ တင်ပြဖို့ တာဝန်နဲ့ ရောက်လာ တာပဲပေါ့။

ပထမဆုံးနေ့မှာ ကျွန်တော် လုပ်ရမဲ့ အလုပ်က ထူးထူးခြားခြား ပါပဲ။ အဲဒါကတော့ ကျောင်းသားတွေ နဲ့အတူ ကျောင်းကို အချိန်ပြည့် တက်ပြီး အိမ်စာတွေ၊ လက်တွေ့တွေ အကုန်လုံးကို လိုက်လုပ် ကြည့်ရမယ်။ ကျောင်းသားတွေ ဘယ်လိုခံစား ရတယ် ဆိုတာကို သိအောင် လုပ်ယူရမယ်။ ဒီတော့ ၁၂ တန်း ကျောင်းသား တစ်ယောက်နဲ့ ကျွန်တော် မိတ်ဆွေဖွဲ့ လိုက်တယ်။ ပြီးတော့ သူနဲ့ တစ်နေကုန် ကျောင်းတက် ရတာပေါ့။ လက်ချာရှိရင် လိုက်ကူးတယ်။ ဓာတု လက်တွေ့လုပ်ရမယ် ဆိုရင် လိုက်လုပ်တယ်။ ကျူတိုရီယယ် ဖြေစရာရှိလည်း ဖြေရတာ ပဲပေါ့။

ဒီမှာတင် ကျွန်တော်ဟာ ကျောင်းတွေ၊ စာသင်ခန်း တွေရဲ့ စိတ်ပျက်စရာ ကောင်းတဲ့ ဟာကွက်နဲ့ အားနည်းချက် တွေကို တွေ့ခဲ့တယ်။ ကျွန်တော် အထိတ်တလန့် ဖြစ်သွားတယ်။ တကယ်တော့ ဆရာတွေ၊ ဆရာမ တွေဟာ ကျောင်းသားတွေရဲ့ ခံစားချက်ကို သိလဲမသိ၊ သိအောင်လဲ မကြိုးစားကြ ပါလား။ ကျောင်းသား၊ ကျောင်းသူ တွေဟာ နေ့စဉ်နေ့တိုင်း လိုလို ကျောင်းသား တစ်ယောက် အနေနဲ့ရော လူသား တစ်ယောက်လိုပါ အဆင်မပြေမှု မြောက်မြားစွာနဲ့ ကျောင်းတက် နေရတယ် ဆိုတာ သူတို့ မသိကြ ပါလား။

ကျောင်းသားတွေဟာ တစ်နေကုန် ထိုင်နေရတယ်။ အဲဒီလို ထိုင်နေရတာ သိပ်ကို ပင်ပန်းစေ ပါတယ်။ ကျောင်းသား တစ်ယောက်လို တစ်နေကုန် ထိုင်ပြီး စာရေး၊ စာဖတ်တာ လုပ်ရမှ အဲဒီလို ထိုင်နေရတာ ဘယ်လောက်အထိ ပင်ပန်းသလဲ ဆိုတာကို ကျွန်တော် သိလာပါတယ်။ ဆရာတွေ ကတော့ မတ်တတ်ရပ်လိုက် ၊ စင်္ကြလျှောက်လိုက် ၊ စားပွဲကို မှီလိုက်၊ နည်းမျိုးစုံနဲ့ လှုပ်ရှားလို့ ရနေတဲ့အချိန်မှာ ကျောင်းသားတွေ ကို ကျတော့ ဘာတဲ့ ''လက်ပိုက်၊ ငြိမ်ငြိမ်ထိုင်'' ဆိုတာကြီးကို တစ်နေကုန် လုပ်ခိုင်းတာဟာ ကြီးမားတဲ့ ပြဿနာ တစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီတော့ စာသင်ခန်း တိုင်းမှာ ပြုပြင် ပြောင်းလဲသင့်တဲ့ သုံးချက်ကို ကျွန်တော် ချက်ချင်း ချရေး လိုက်ပါတယ်။

စာသင်ချိန် တစ်ဝက်လောက် ရောက်ရင် မည်သူမဆို ကိုယ်လက် ဆန့်တန်း လေ့ကျင့်ခန်း မလုပ်မနေ လုပ်ရန်၊ စာစမသင်ခင်နဲ့ စာသင်အပြီးမှာ ကျောင်းသား၊ ကျောင်းသူ တွေကို ဆော့ကစားခွင့် ပေးရန်၊ သင်ကြားမှု များကို ကျောင်းသား အချင်းချင်း ဆွေးနွေးချိန်တွင် လွပ်လပ်စွာ သွားလာ လှုပ်ရှားခွင့် ပေးရန်တို့ ဖြစ်ပါတယ်။

ကျောင်းသား တွေဟာ စာသင်ချိန်ရဲ့ ၉ဝ ရာခိုင်နှုန်း လောက်မှာ တိတ်ဆိတ်စွာ နေနေရ ပါတယ်။ ဆရာက စာသင်နေလို့ ဖြစ်စေ၊ တခြား ကျောင်းသား တွေက ရှင်းလင်း တင်ဆက်နေလို့ ဖြစ်စေ၊ ကျူတိုရီရယ် ဖြေနေလို့ ဖြစ်စေ ကျန်ကျောင်းသား တွေက ပါးစပ်ပိတ်၊ တိတ်တိတ် နေနေရပြီး စာသင်ခန်း တွေထဲမှာလဲ ရိုးရာ အစဉ်အလာ မပျက် ''အပိုစကား မပြောပါနဲ့'' ဆိုတဲ့ အမိန့်သံ က စိုးမိုး နေတတ်ပါတယ်။ တကယ်တော့ ကျောင်းသား၊ ကျောင်းသူ တွေကို စကားပြောခွင့် ပေးရပါမယ်။ ဒါပေမဲ့ သူတို့ အချင်းချင်း အာလူးဖုတ်ခွင့် ပြုရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်ကြားမှုကို ဘယ်လောက် နားလည်သလဲ ဆိုတာ သိသာအောင် သူတို့ကို တစ်လှည့်ပြောခွင့် ပေးရပါမယ်။ ဒါကြောင့် ဆရာ ဖြစ်သူက စာကို အချိန် အကြာကြီး ဆက်တိုက် မသင်ဘဲ စာသင်ချိန် တစ်ချိန်ကို သုံးပိုင်း ပိုင်းပြီး တစ်ပိုင်းစီ ရပ်ပြီးတော့ ဆွေးနွေးခွင့် ပေးရပါမယ်။ စာသင်ချိန် တိုင်းကို ကျောင်းသား တွေရဲ့ မေးခွန်းလေး တွေနဲ့ စသင့်ပါတယ်။

ကျောင်းသား တွေက တအားကို သည်းညည်းခံ နေရတာပါ။ တစ်နေကုန် ငုတ်တုတ်ထိုင်၊ မလှုပ်ဘဲ ထိုင်၊ စကားမပြော ဘဲ ထိုင်နေရတယ်။ ငြီးစီစီ ဖြစ်လာလို့၊ အာပုပ်နံ့ ထွက်လာလို့ ပီကေလေး ဝါးလိုက်မယ်။ မရဘူး။ ဆရာ တစ်ယောက် စီက ''တိတ်တိတ်နေပါ။ အာရုံစိုက်ပါ'' ဆိုတာကို ထပ်တလဲလဲ ပြောပုံများ ကျွန်တော်ဟာ မတ်တတ်ထ ရပ်ပြီး အသံကုန် အာခေါင်ခြစ် အော်လိုက် ချင်စိတ် ပေါက်အောင် စိတ်ဆိုးမိတယ်။ ကျွန်တော့် တွဲဖက် ကျောင်းသားကို ကြည့်လိုက်တော့ ခပ်အေးအေးလေး ပါပဲ။ သူရှေ့က စာသင် နေတာကို မြင်ပုံ၊ ကြားပုံလဲ မပေါ်ပါဘူး။ ဒါပေမဲ့ ဆရာတွေ ပြောသလို ငြိမ်ငြိမ်ထိုင် ပါတယ်။ စကားမပြောဘဲ ထိုင်ပါတယ်။ မလှုပ်ဘဲ ထိုင်ပါတယ်။

ဒီမေးခွန်းပဲ ထပ်မေးလဲ သေသေချာချာ ဖြေပေးပါ။ ကျူတိုရီရယ် ကိစ္စဆိုပါစို့။ မနက်ဖြန် ဘာကိုဖြင့် စစ်မယ်လို့ ကြေညာ လိုက်တယ်။ သူတို့အားလုံး နားလည်အောင် သေသေချာချာကို ရှင်းပြလိုက်တယ်။ ဘယ်လိုရှင်းရှင်း သူတို့က ပြန်မေးတာပဲ။ ဆရာဖြစ်သူ ကလဲ မျက်နှာကြီး မဲ့ရွဲ့ပြီး ''ဘယ်နှခါ ပြောရမလဲကွာ'' ဆိုပြီး ဆောင့်ကြီး အောင့်ကြီးနဲ့ ရှင်းရပြန် တာပေါ့။ ကျွန်တော် ကိုယ်တိုင် အတန်းတက် ကြည့်မှ သတိထား မိတယ်။ ကျူတို၊ စာမေးပွဲ ဆိုတာတွေ ကြားလိုက်ရင် ကျောင်းသားတွေက စိုးရိမ်သွားတယ်။ ရှေ့က ပြောတာတွေကို လိုက်နားထောင် မနေနိုင်ေ တာ့ဘဲ ကိုယ် အဆင်သင့် ဖြစ်ပြီလား ဆိုတာကို တွေးပူမိ တတ်တယ်။ အဲဒီအချိန်မှာ ဆရာမက ရှင်းပြီလားလို့ မေးနေ ပြီ။ ရိုးရာမပျက် '' ရှင်းပါတယ် ဆရာမ ..'' ပေါ့။ နားလည်ပြီလား လို့ မေးတော့လဲ ရိုးရာမပျက် ''နားလည်ပါပြီ ဆရာမ ... '' ပေါ့။ ဒါပေမဲ့ သေချာပါတယ်။ ကျွန်တော်တောင် ဘာမှန်း မသိလိုက်ပါဘူး။

ဒါကြောင့် ကျွန်တော့်တွဲဖက် ကျောင်းသားကို မေးဖို့ တိုက်တွန်းလို့ သူကထပြီး မေးတဲ့အခါ ဆရာမ ဖြစ်သူက မျက်လုံးကြီး လှန်တင်ပြီး စိတ်ပျက်ပျက်နဲ့ ထပ်ပြောပါတယ်။ တွဲဖက် ကျောင်းသားကလဲ စိတ်ဆိုးဆိုးနဲ့ ''တွေ့လား။ ဒါကြောင့် ကျွန်တော်တို့ ဘယ်တော့မှ စာမမေးတာ'' လို့ ကျွန်တော့်ကို ပြောပါတယ်။

နောက်တစ်နေ့ အစီရင်ခံစာ တင်ရမယ့် အချိန်မှာ ကျွန်တော် ဟာ ကျွန်တော့် အထက်အရာရှိ ကို ဖုန်းဆက်ပြီး ခွင့်တောင်း လိုက်ပါတယ်။ ''ကျွန်တော် နောက်တစ်ရက် လောက် ကျောင်းတက်ကြည့် လို့ရမလား'' ဆိုတာပါပဲ။ ကျောင်းသား၊ ကျောင်းသူတွေ ခံစားနေရတဲ့ အခြေအနေကို အမှန်အတိုင်း သိမြင်အောင် လုပ်ပြီးမှပဲ သူတို့ရဲ့ သင်ယူမှု စွမ်းရည်ကို မြှင့်တင် နိုင်လိမ့်မယ် ဆိုတာ ကျွန်တော် သဘောပေါက် သွားပြီ ဖြစ်ကြောင်း လေ့လာ ရေးသား တင်ပြ လိုက်ရပါတယ်။


No comments: