ပုဂံ သို့မဟုတ်
ကမ္ဘာ့အမွေအနှစ်ဒေသ
၂၀၁၉ခုနှစ်တွင် မြန်မာတို့၏အမွေ ပုဂံမြေကား
ဂုဏ်ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသော အခြေအနေသို့ ရောက်ခဲ့ပေပြီ။ အကြောင်းကား ကမ္ဘာ့ ကုလသမဂ္ဂ
ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း UNESCO က ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်ထိ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ကျင်းပသော ၄၃ ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ်
ကော်မတီ ညီလာခံ အစည်းအဝေးက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသအဖြစ် အတည်ပြုပေး
ခဲ့သောကြောင့် ဖြစ်သည်။
ကမ္ဘာ့အမွေအနှစ်ဆိုသည်မှာ
ကမ္ဘာ့အမွေအနှစ် ဆိုသည်မှာ လူသားတို့၏ ယဉ်ကျေးမှုသမိုင်း တစ်လျှောက် လူသားများက ဖန်တီး
ပြုလုပ်ထားသော စံပြုလောက်သည့် ဂန္ထ၀င်မြောက် အနုပညာလက်ရာများ၊ ဗိသုကာနှင့်
နည်းပညာ လက်ရာများ၊ မြို့ပြ တည်ဆောက်မှုနှင့် တိုးတက်
ပြောင်းလဲလာ မှုများ၊ သမိုင်းဝင် အရေးပါထင်ရှားသော အဖြစ်အပျက်များ၊ ရှင်သန်နေဆဲ
ဖြစ်သော ထုံးဓလေ့ အတွေးအခေါ် ယုံကြည်ချက် အနုပညာနှင့်
စာပေလက်ရာများ အကျုံးဝင်သည်။
အကဲဖြတ်သည့်စံ
ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် အောက်ပါစံပြုချက် သုံးရပ်ဖြင့် သတ်မှတ်ကြောင်း သိရသည်။
- (၁) ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ် (Cultural World Heritage)
- (၂) သဘာဝဆိုင်ရာအမွေအနှစ် (Natural World Heritage)
- (၃) ယဉ်ကျေးမှုနှင့် သဘာဝရောသော အမွေအနှစ် (Mixed World Heritage Site) တို့ဖြစ်သည်။
ပုဂံဟူသောဝေါဟာရ
ပုဂံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ ပုဂါမ၊ ပျူဂါမမှ လာပြီး ပျူရွာ
ဟုဆိုကြောင်း အစဉ်အလာ အမှတ်အသားရှိသည်။
“ ပုဂံဟာ ပျူတည်ထောင်တဲ့ရွာ ဒါမှမဟုတ် ခံမြို့ဖြစ်ဖို့များတယ်။ ခရစ်နှစ်ပေါ်ဦးစ
နဲ့ ဒါထက်ပိုစောတဲ့ အခါကပဲဖြစ်နိုင်တယ်။ “
(ဒေါက်တာသန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေးသမိုင်းစာ-၅)
ပုဏ္ဏဂါမ၊ ပုဏ္ဏ၊ ပုဂံ(ဝေါဟာရလိနတ္ထဒီပနီကျမ်း)
ကျောက်စာများတွင် ပုဂံအမည်ကို အေဒီ ၁၀၅၀ ပြည့်နှစ်ထိုး ဓမ္ပာ (ယခင် တောင်ဗီယက်နမ်) သက္ကတ ကျောက်စာတွင်
စတင်တွေ့ရှိရပြီး အေဒီ ၁၀၉၃ ခုနှစ် ထိုး ကျန်စစ်သားမင်း၏ မွန်ဘာသာဖြင့် ရေးထိုးသော
ကျောက်စာတွင် ပေါကါမ်၊ ပုကါမ်၊ ဗုကါမ် ဟုစာလုံး
ပေါင်းသည်။
သက္ကရာဇ် ၁၃၂၃ ပင်းယငါးစီးရှင် မယ်တော်၏ ပုဂံကျောင်း ကျောက်စာ၌ “ ၀တ္ထုကာမတို့နှင့်
ပြည့်စုံသည်ဖြစ်၍ ပုဏ္ဏကာမ (ပုဂံ) ဟူ၍ လည်းကောင်း၊ ရန်သူတို့ကို ချေမှုန်းလေ့ရှိသော၊ ရဲရင့်စွမ်းပကား
ရှိသူတို့၏ နေရာဌာန ဖြစ်ခြင်းကြောင့် အရိမဒ္ဒနာ
ဟူ၍ ခေါ်ဆိုကြောင်း” ရေးထိုးထားသည်။
ပုဂံ၏ခြေရာ
သက္ကရာဇ်တို ၂၉ မှာ သမုတိရာဇ်မင်း သည် ယုန်လွှတ်ကျွန်း အရပ်၌ ရွာပေါင်း
တစ်ဆယ့်ကိုးရွာကို စုစည်းပြီး ပထမပုဂံကို တည်ပါသည်။ အရိမဒ္ဒနာပူရ
ဟု အမည်တွင်သည်။ (ယုန်လွှတ်ကျွန်း ဆိုသည်မှာ မြစ်အလယ်၌ ပေါ်သောကျွန်း မဟုတ်။ ယုန်လွှတ်ကျွန်းမြို့ ဟောင်းရာသည် ဧရာဝတီမြစ်မှ ခုနစ်မိုင်ခန့်
ကွာဝေးသည်။) မင်းဆက် ခြောက်ဆက်ရှိသည်။ သက္ကရာဇ် ၂၆၆ သေဉ်လည်ကြောင်မင်း
လက်ထက်တွင် လောကနန္ဒာ အရပ်၌ ပုဂံမြို့ကို အသစ်တည်ပြန်သည်။ “ သီရိပစ္စယာ’’ ဟု သမုတ်သည်။ ဒုတိယတည်သော
ပုဂံဖြစ်ပြီး မင်းဆက်ငါးဆက် ရှိသည်။
သက္ကရာဇ် ၄၃၈ သိုက်တိုင်မင်း လက်ထက်တွင် သီရိပစ္စယာမြို့ ကိုပစ်၍ သမထီးအရပ်
တွင် မြို့သစ်တည်ပြီး တမ္ပ၀တီ ဟုသမုတ်သည်။ တတိယ တည်သော ပုဂံဖြစ်၍ မင်းဆက် ၂၂ ဆက်ရှိသည်။
ပုဂံမင်းဆက် ၃၄ ဆက်မြောက် ပျဉ်ပြားမင်း လက်ထက် သက္ကရာဇ် ၈၄၉ တွင် စတုတ္ထပုဂံ ဟုအမည်တွင်သော ယခုပုဂံမြို့ကို တည်ခဲ့သည်။ အုတ်မြို့ရိုးနှင့် တည်သော နန်းတော်ဖြစ်၍ တံခါး ၁၂ ရပ် ကျုံး၊ မြို့ရိုး
အစုံအလင်ဖြင့် ခံ့ညားထည်ဝါသော ရာဇဌာနီ မင်းနေပြည် ဖြစ်လာခဲ့သည်။ မင်းဆက် ၂၂ ဆက်ရှိခဲ့သည်။
ယခင်ကမင်းများ တည်ခဲ့သော ပထမ၊ ဒုတိယ၊ တတိယ ပုဂံနန်းတော်ရာ များသည် အထင်ကရ
မကျန်ရှိခဲ့၍ သစ်နန်းတော်များ ဖြစ်ဟန်တူသည်ဟု သုတေသီများ
ခန့်မှန်းကြသည်။
မင်းဆက် ၄၂ ဆက်မြောက် နန်းတက်သော အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇) လက်ထက်တွင် ပုဂံပြည်ကြီးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံ
စည်းလုံးညီညွတ်ရေး၊ အင်အား တောင့်တင်းသော တိုင်းကြီးပြည်ကြီး ဖြစ်ခဲ့သည်။ ထူးခြားသော ၀ိသေသမှာ
ရဟန်းတော် ရှင်အရဟံ ၏ လမ်းညွှန်မှု၊ အနော်ရထာ မင်းကြီး၏ စွမ်းဆောင်မှုကြောင့် ဗုဒ္ဓသာသနာ
သည် နေလို၊ လလိုထွန်းလင်းခဲ့သည်။
အနော်ရထာမင်း နန်းတက်စက ပုဂံနေပြည်တော် ၏ အကျယ်အ၀န်းမှာ ပုဂံ၊ မြင်းခြံ၊ စစ်ကိုင်း၊ မန္တလေး၊ ရမည်းသင်း၊ မကွေး၊ ပခုက္ကူ
တစ်ဝိုက်သာ ဖြစ်သည်။ အနော်ရထာမင်း နိုင်ငံ တည်ထောင်ပြီးသော အခါ ပုဂံ၏ ဧရိယာမှာ မြောက်ဘက်တွင် ဗန်းမော်ထိ၊ တောင်ဘက်တွင်
ထားဝယ်ထိ၊ အရှေ့ဘက်တွင် သံလွင်မြစ်ထိ၊ အနောက်ဘက်တွင် အနောက်ရိုးမ
ထိ ရှိသည်။
ပုဂံသည် ဧရာဝတီမြစ်မှ တစ်ဆင့် ပင်လယ်လမ်း
ပေါက်သည်။ ပင်လယ်ရပ်ခြား တိုင်းပြည်များ ဖြစ်သော သီဟိုဠ် (သီရိလင်္ကာ)၊ ယိုးဒယား၊ တရုတ်ပြည်၊ မလေးကျွန်းဆွယ်
တို့နှင့် ကုန်းလမ်းခရီး ရေလမ်းခရီး တို့ဖြင့် အဆက်အသွယ်များ ပြုခဲ့သည်။
အနော်ရထာမင်း လက်ထက်တွင် သီဟိုဠ်မင်း ၀ိဇယဗာဟု က ကျေးကုလား
တို့ကို နှိမ်နင်းရန် ပုဂံမှစစ်ကူ တောင်းခြင်း၊ သီဟိုဠ် သာသနာတော် ထွန်းကားအောင် ပုဂံမှ ရဟန်းသံဃာတော် များ၊ သီဟိုဠ်
နေပြည်တော်သို့ သံစေလွှတ်၍ ရာဇမဟာမိတ်
ဖွဲ့ခြင်း၊ မဇ္ဈိမဒေသ
ဂယာအရပ်ရှိ မဟာဗောဓိ
စေတီတော် ပျက်စီးနေသည် ကို ပုဂံမှရဟန်းရှင်လူ အဖွဲ့စေလွှတ်၍ ပြုပြင်ပေးခြင်း တို့ကြောင့် အနော်ရထာမင်း
လက်ထက် ပုဂံသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံခြားဆက်ဆံရေး တို့တွင် အင်အား
တောင့်တင်းသော တိုင်းကြီးပြည်ကြီး ဖြစ်ခဲ့သည်။
ပထမမြန်မာနိုင်ငံတော်သုံးသပ်ချက်
ပုဏ္ဏကာမ၊ အရိမဒ္ဒနာပူရ အမည်ရှိသော ပုဂံ နေပြည်တော်ကြီး သည် အနော်ရထာမင်း (အေဒီ ၁၀၄၄- ၁၀၇၇) မှ နရသီဟပတေ့မင်း (အေဒီ ၁၂၅၆-၁၂၈၇) ထိ နှစ်ပေါင်း ၂၅၀ကျော်တိုင်တိုင် ကြီးကျယ်ခမ်းနား
ခဲ့သည်။
အနော်ရထာမင်း လက်ထက်တွင် ထေရ၀ါဒဗုဒ္ဓ သာသနာ ထွန်းလင်း တောက်ပမှုသည် အထင်ကရ မှတ်တိုင် ဖြစ်သည်။
သာဓကအားဖြင့် ပုဂံရှိ ကောင်းမှုတော် ရွှေစည်းခုံ ကို တည်တော်မူခြင်းနှင့် အနော်ရထာမင်း၏ ကောင်းမှုတော် အုတ်ခွက်ဘုရား
များကို အထက် ကသာ မှ အောက်မြန်မာပြည် တွံတေးထိ တွေ့ရှိရခြင်းသည်
ခိုင်မာသော သာဓက ဖြစ်သည်။ အုတ်ခွက် ဘုရားများတွင် ဘူမိဖဿ
ပုံတော်အပြင် လောကနာထ ဘုရားလောင်း ကြာပန်းကိုင် ညာခြေတွဲလဲ “လိလာသန” ပုံတော် များကိုပါ တွေ့ရသဖြင့် ထေရ၀ါဒနှင့် မဟာယာန နှစ်ဂိုဏ်းလုံးကို အားပေးသည်ဟု
ဆိုနိုင်သည်။
အနော်ရထာမင်း သထုံပြည်ကို စစ်ပြုခြင်းသည် ထေရ၀ါဒဗုဒ္ဓ သာသနာတော် အတွက်ဖြစ်သည်။ ဟံသာဝတီ
(ပဲခူး)ကိုမူ သထုံသို့ စစ်ချီရာ၌ နန်းကျ၍ သိမ်းယူခြင်း ဖြစ်ဟန်ရှိသည် ဟု ဆရာကြီး
ဦးဘသန်း “ မြန်မာရာဇ၀င်” က ဆိုသည်။
ပုဂံ၏ ဗိသုကာနှင့် ပန်းဆယ်မျိုး အနုပညာသည် သရေခေတ္တရာ မှ ပျူအတတ် ပညာရှင်များ၊ သထုံမှမွန် အတတ်ပညာရှင် များနှင့် ပုဂံသား
မြန်မာတို့၏ ပူးပေါင်း ဆောင်ရွက်နိုင်မှု အသီးအပွင့်ပင် ဖြစ်သည်။
မြန်မာတို့သည် ဗိသုကာနှင့် အနုပညာတို့ကိုအိနိ္ဒယမှ နည်းယူ တတ်မြောက်ခဲ့ သည်မှာ မှန်သော်လည်း မြန်မာ့မြေ၌ ဗိသုကာ အဆောက်အအုံ တို့ကို တည်ဆောက်သည့် အခါ မြန်မာ့ဟန်နှင့် လိုက်လျော ညီထွေမှု ရှိအောင်
ပြုပြင်ယူနိုင် ခဲ့သည်။ သာဓကအားဖြင့် “ သပ်စီပေါင်းကူး နှင့်ခုံးကို
ပုဂံဗိသုကာတွင် ထိရောက်စွာ အသုံးပြုနိုင်
ခဲ့သည်။ ”
(သမိုင်းသုတေသန ဦးစီးဌာန၊ ပုဂံစေတီပုထိုးများ
နိဒါန်း)
တရုတ်ပြည်သို့ အနော်ရထာမင်း ချီသည်မှာ မြတ်စွာဘုရားရှင် စွယ်တော်ကို တောင်းလို၍ ချီခြင်းဖြစ်သည်။ ရှေးဦး၌ တရုတ်မင်း ဥတည်ဘွား
က မလေးမစား နေပြီး နောင်မှ ရွှေထမင်းအိုး၊ ငွေထမင်းအိုး
တို့ဖြင့်
သုံးလတိုင်တိုင် နေ့စဉ်ထွက် နပ်ပေးလာသည်။
(ဦးဘသန်း၊ မြန်မာရာဇ၀င် စာ-၃၀)
အနော်ရထာနှင့် သီဟိုဠ်ကျွန်း သင်္ခဗောဓိ ခေါ် ဓာတုသေနမင်း နှင့် နန်းပြိုင်ဖြစ်သည်။ ထို့ပြင် အနော်ရထာမင်း လက်ထက် သီဟိုဠ်နိုင်ငံ၊ တရုတ်နိုင်ငံ (ဆွန်မင်းဆက်)၊ မဇ္ဈိမဒေသ တို့နှင့် သံတမန် အဆက် အသွယ်များ ရှိခဲ့သည်။
အနော်ရထာသည် ကျောက်ဆည်နယ်ရှိ ဇော်ဂျီနှင့် ပန်းလောင်မြစ် တို့ကို အခြေခံ၍ ဆည်ကြီး ခုနစ်ဆည် တည်ဆောက် ခဲ့သည်။ ဆည်များကို
ထိန်းသိမ်း စောင့်ရှောက်ရန် လယ်တွင်းခရိုင် များနှင့် ရေလွှဲခရိုင်များကို ဖွဲ့စည်း တည်ထောင်
ခဲ့သည်။
ကမ္ဘာ့အမွေအနှစ်ဒေသ အဖြစ် ရွေးချယ်ခံရခြင်း
မျက်မှောက်ကာလတွင် ပုဂံဒေသသည် ထူးခြားသော ယဉ်ကျေးမှု အမွေအနှစ်များ စံနှုန်း
သတ်မှတ်ချက် များနှင့် ပြည့်စုံနေပါကြောင်း နိုင်ငံတကာ
အဆောက် အအုံနှင့် နေရာဒေသများ ကောင်စီ (ICOMOS) က အနှိုင်းမဲ့ ကမ္ဘာ့အမွေအနှစ်
ဒေသအဖြစ် ထောက်ခံ တင်ပြခဲ့သည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် ကမ္ဘာ့အမွေအနှစ်
စာရင်းဝင်အဖြစ် မြန်မာနိုင်ငံ ပုဂံဒေသ အပါအ၀င် ကမ္ဘာအနှံ့ တင်သွင်းလာမှု
များမှ ၂၉ ခုကို ယူနက်စကို အဖွဲ့ကြီးက အတည်ပြု
ရွေးချယ်ခဲ့သည်။
ပုဂံဒေသကိုရွေးချယ်ရသည့်အကြောင်း
ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသသည် ၄၃ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ရှေးဟောင်း
အဆောက်အအုံ ပေါင်း ၃၈၂၂ ခု တည်ရှိ နေသေးခြင်း၊ စစ်မှန်သော ထေရ၀ါဒ
ဗုဒ္ဓသာသနာ ထွန်းကားရာ အရပ်ဖြစ်ခြင်း၊ ဗုဒ္ဓသာသနာ ကိုအခြေပြုကာ ပျူ၊ မွန်၊ မြန်မာစာပေများ ထွန်းကားခဲ့ခြင်း၊ စေတီ၊ ပုထိုး၊ ကျောင်းများကို အရည်အသွေး
မြင့်မားသည့် ဗိသုကာ လက်ရာများနှင့် တည်ထား ကိုးကွယ်ခဲ့ခြင်း၊ သာသနိက
အဆောက်အအုံ များကို အခြေပြု၍ ဗုဒ္ဓဘုရားရှင်နှင့် သက်ဆိုင်သော နံရံဆေးရေး
ပန်းချီများရှိခြင်း၊ ပန်းဆယ်မျိုး အတတ်ပညာ အထူးသဖြင့် အင်္ဂတေ (ပန်းတော့) လက်ရာ၊ ကျောက်ဆစ်(ပန်းတမော့) လက်ရာ၊
စဥ့်ကွင်းများ၊ ဗုဒ္ဓ ဆင်းတုတော်များ၊ မြေမီးဖုတ် အုပ်ချပ်များ ရှိနေခြင်း၊ ထို့ပြင် ပျူခေတ်
ယဉ်ကျေးမှုနှင့် ပုဂံခေတ်နှောင်း ပင်းယ၊ အင်းဝခေတ် အနုပညာ လက်ရာများကိုပါ လေ့လာနိုင်ခြင်း စသည့် အချက်များက ပုဂံဒေသကို ကန့်ကွက်မဲ
မရှိဘဲအဖွဲ့ဝင် ၂၁ နိုင်ငံလုံးက ထောက်ခံ အတည်ပြုပေး ခဲ့သည်။
မျက်မှောက်ကာလ မူလတန်း အောက်ဆင့်တွင် ပထမ မြန်မာနိုင်ငံတော် နှင့် အနော်ရထာ
မင်းကြီး၏ တိုင်းပြုပြည်ပြု ဆောင်ရွက်မှုများကို အကျဉ်းနည်းဖြင့်
ပြဋ္ဌာန်းသင်ကြား
နေပြီဖြစ်သည်။ ကျန်သော အခြေခံ ပညာအတန်း များတွင်လည်း ပြောင်းလဲလာသော ပညာရေး စနစ်အရ၊ လူမှုရေးနှင့် သမိုင်းဘာသာရပ်
တွင် အသက်အရွယ်နှင့် အတန်း ကိုက်ညီအောင် သင်ကြားပေးရန် အကြံပြု
ရေးသား လိုက်ရပေသည်။
စာကိုး
(၁) မြန်မာ့သမိုင်းသုတေသနဦးစီးဌာန
= ပုဂံစေတီပုထိုးများ (၂၀၀၄)
(၂) ဦးဘသန်း
မြန်မာရာဇ၀င် ၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ၊ ပြန်ကြားရေးဝန်ကြီးဌာန (၁၉၉၁)
(၃) ဒေါက်တာသန်းထွန်း
“ပုဂံခေတ်နိုင်ငံရေးသမိုင်း” (၂၀၀၅)
(၄) မြန်မာမှူးမတ်ပညာရှိများ
၊ မှန်နန်းမဟာရာဇ၀င်တော်ကြီး (ပထမတွဲ)၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ ပြန်ကြားရေး
ဝန်ကြီးဌာန (၁၉၉၂)
သန်းစိုးအောင်
ဓာတ်ပုံ = အင်တာနက်
No comments:
Post a Comment