Sunday, August 18, 2019

ထောင့်သန်းရောဂါအကြောင်း သိကောင်းစရာ


ထောင့်သန်းရောဂါအကြောင်း သိကောင်းစရာ

ထောင့်သန်းရောဂါ ဆိုသည်မှာ မြေကြီးထဲရှိ Bacillus Antharcis (ခေါ်) ဗက်တီးရီးယား ရောဂါပိုး ကြောင့် ဖြစ်လာရသော အန္တရာယ်ရှိ ဗက်တီးရီးယား ကူးစက်ရောဂါ တစ်မျိုးဖြစ်သည်။ ပုံမှန်အားဖြင့် ၄င်း ဗက်တီးရီးယားပိုး က အသက်မ၀င် သေးသော Spore လေးတွေကိုသာ ထုတ်ပေးပြီး ၄င်း spore များက မြေဆီလွှာထဲတွင် သဘာဝအလျှောက် နေထိုင်ကြသည်။ ထို spore များသည် တိရစ္ဆာန် သို့မဟုတ် လူ့ခန္ဓာကိုယ်ထဲ ၀င်ရောက်သွား သောအခါ စတင် အသက်ဝင် လာသည်။ သက်ဝင် လှုပ်ရှားလာပြီ ဖြစ်သော spore တွေ ပွားများလာ ပြီးနောက် အဆိပ်အတောက်တွေ ထုတ်လွှတ်လိုက် သဖြင့် ခန္ဓာကိုယ် အနှံ့ပျံ့နှံ့ သွားကာ ဆိုးဝါးသော ရောဂါတွေကို ဖြစ်ပေါ် စေနိုင်သည်။

          မှတ်တမ်းများအရ ၂၀၀၁ ခုနှစ်တွင် ရောဂါပိုးမွှား လက်နက်အဖြစ် အမေရိကန်နိုင်ငံ ကို စာအိတ်ကတစ်ဆင့် ပေးပို့ခြင်း ခံခဲ့ရပြီး လူ ၅ ဦး သေဆုံးကာ ၁၇ ဦး နာမကျန်း ဖြစ်ခဲ့ရ တာကြောင့် ပိုပြီး သတိထားမိ လာကြခြင်း ဖြစ်ကြောင်း လေ့လာ သိရှိရသည်။

          ထောင့်သန်းရောဂါသည် လူတွေထက် တိရစ္ဆာန်တွေမှာ ပိုဖြစ်တတ်သည်။ ထောင့်သန်း ရှိသော တိရစ္ဆာန်တွေနှင့် ထိတွေ့မိခြင်း ၊ ပိုးကိုရှူရှိုက်မိခြင်း ၊ ပိုးပါသော အသားကို မကျက်တကျက် စားမိခြင်း ၊ ထောင့်သန်းရောဂါ ဖြစ်နေသူ၏ အနာနှင့် မိမိ၏ ပေါက်ပြဲပွန်းရှ ထားသည့် အရေပြားကို တိုက်ရိုက် ထိတွေ့မိခြင်း စသည်တို့ကြောင့် ထောင့်သန်းရောဂါ ဟာ တိရစ္ဆာန် မှတစ်ဆင့် လူသို့ ကူးစက်လာနိုင်သည်။

          ထောင့်သန်းရောဂါ ပိုးကို လယ်သမားများ ၊ တိရစ္ဆာန် မွေးမြူရေး သမားများ ၊ ၄င်းပိုးကို ဓာတ်ခွဲစမ်းသပ် လေ့လာသူ ပညာရှင်များ ၊ တိရစ္ဆာန် ဆေးကု ဆရာဝန်များ ၊ ထောင့်သန်းရောဂါ အဖြစ်များသော နေရာဒေသက တိရစ္ဆာန် နှင့် အထိအတွေ့ များသူ ၊ ထောင့်သန်းအဖြစ်များသည့် နေရာဒေသတွင် တာဝန်ကျနေသော ၀န်ထမ်းများတွင် ရောဂါ ကူးစက်ခြင်း အလားအလာ များသည်။

ရောဂါလက္ခဏာများ ထောင့်သန်းရောဂါကို (၁) အရေပြား ထောင့်သန်းရောဂါ ၊ (၂) အစာအိမ် အူလမ်းကြောင်း ထောင့်သန်းရောဂါ ၊ (၃) အသက်ရှူလမ်းကြောင်း ထောင့်သန်းရောဂါ ဟူ၍ သုံးမျိုးခွဲခြား ထားသည်။ ထိတွေ့မိသည့် ပုံစံပေါ် မူတည်၍ ရောဂါလက္ခဏာ မှာလည်း ကွဲပြား သွားနိုင်သည်။

  • (၁) အရေပြား ထောင့်သန်းရောဂါ  ။ ထောင့်သန်းပိုး နှင့် ထိတွေ့မိပါက အနာဖု တက်လာပြီး ယားယံလာ သဖြင့် အင်းဆက်ပိုး ကိုက်ခံရခြင်း နှင့် ဆင်တူသည်။ ၄င်း အနာက အရည်ကြည်ဖု ထွက်လာပြီး အဖု၏ အလယ်ပိုင်းတွင် မည်းနေသော အနာကြီး ဖြစ်လာသည်။ နာကျင်မှု မရှိပေ။ ထောင့်သန်းရောဂါပိုး နှင့် ထိတွေ့ပြီးနောက် ၁ ရက်မှ ၅ ရက်အတွင်း ထိုအနာများ ဖြစ်ပေါ်နိုင်သည်။ များသောအားဖြင့် မျက်နှာ ၊ လည်ပင်း ၊ လက်မောင်း ၊ လက်တွေမှာ အနာဖြစ်တတ်သည်။ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း ၊ ချွေးထွက်ခြင်း ၊ အသက်ရှူမ၀ ခြင်းများ ခံစားရသည်။
  • (၂) အစာအိမ်အူလမ်းကြောင်း ထောင့်သန်းရောဂါ   ။ ထောင့်သန်းရောဂါပိုး ပါသော တိရစ္ဆာန် အသားနှင့် ကလီစာ တို့ကို မကျက်တကျက် စားမိပြီးနောက် တစ်ပတ်အတွင်း ခေါင်းကိုက်ခြင်း ၊ ပျို့အန်ခြင်း ၊ အစားအသောက် ပျက်ခြင်း ၊ အစာမျိုချလျှင် လည်ချောင်း နာခြင်း ၊ ဖျားခြင်း ၊ လည်ပင်း အကျိတ်ထွက်ခြင်း ၊ သွေးဝမ်းသွားခြင်း ၊ မခံမရပ် နိုင်အောင် ဗိုက်အောင့်ခြင်း စသည့် လက္ခဏာများ ပြတတ်သည်။
  • (၃) အသက်ရှူလမ်းကြောင်း ထောင့်သန်းရောဂါ ။ ထောင့်သန်းပိုးကို ရှူရှိုက်မိပြီးနောက် ပျမ်းမျှ ၂ ရက်မှ တစ်ပတ်အတွင်း မှာပင် လည်ချောင်းနာခြင်း ၊ အအေးမိ သကဲ့သို့ ဖျားနာခြင်း ၊ ကြွက်သားနာခြင်း ၊ ချောင်းဆိုးခြင်း ၊ မောပန်းခြင်း ၊ နုံးချည့်ခြင်း ၊ ချမ်းတုန်နေခြင်း ၊ အန်ခြင်း စသည့် လက္ခဏာများ ပြတတ်သည်။ စောစောသိပါက ပိုးသတ်ဆေး များနှင့် ကုသနိုင်ပြီး မကုသဘဲ ထားပါက အရေပြား ထောင့်သန်းရောဂါ ကြောင့် သေဆုံးနှုန်း ၂၀ ရာခိုင်နှုန်း ၊ အစာအိမ်အူလမ်းကြောင်း ထောင့်သန်းရောဂါ ကြောင့် သေဆုံးနှုန်း ၂၆ မှ ၆၀ ရာခိုင်နှုန်း ၊ အသက်ရှူ လမ်းကြောင်း ထောင့်သန်းကြောင့် သေဆုံးနှုန်း ၇၅ ရာခိုင်နှုန်း ရှိသည်။


ရောဂါကုသပုံ

          အထက်ပါ လက္ခဏာ ဖြစ်နေသော လူနာအား သွေးစစ်ခြင်း ၊ အရေပြား စစ်ဆေးခြင်း ၊ ဝမ်းစစ်ဆေးခြင်း ၊ အူမှန်ပြောင်း ကြည့်ခြင်း ၊ ဓာတ်မှန်ရိုက်ခြင်း နည်းတို့ဖြင့် ထောင့်သန်းရောဂါ ပိုးကူးစက် ခံရခြင်း ဟုတ်-မဟုတ် ကို စစ်ဆေး အတည်ပြု နိုင်သည်။ လိုအပ်ပါက ခါးဆစ်ရိုး ဖောက်ပြီး ဦးနှောက် နှင့် ကျောရိုး အာရုံကြောမ ကို ၀န်းရံထားသည့် အရည် အနည်းငယ်ကို စစ်ဆေးနိုင်သည်။

          အတည်ပြုပြီး ပါက လူနာအား ပိုးသတ်ဆေး နှင့် ထောင့်သန်းရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်း ၊ ဆေးသောက်ခြင်း တို့ဖြင့် ကုသမှုခံယူ ရမည်။ ပိုးသတ်ဆေး ကို ရက်ပေါင်း ၆၀ တိုင်အောင် သောက်ရမည် ဖြစ်၍ ရောဂါ အနည်းငယ် သက်သာ လာပါက မိမိ သဘောဖြင့် ဆေးဖြတ်ခြင်း မပြုသင့်ပေ။

ကြိုတင်ကာကွယ်ခြင်း

          ထောင့်သန်းရောဂါ ကာကွယ်ဆေးကို အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြား လူများအား ထိုးပေးနိုင်ပြီး ဆေးဓာတ် မတည့်သူများ နှင့် ကိုယ်ဝန်ဆောင် မိခင်များကို မထိုးသင့်ပေ။ ရောဂါပိုး ကူးစက်ခံရသော ကျွဲ ၊ နွား ၊ တိရစ္ဆာန် များက မိနစ်ပိုင်းအတွင်း သေစေနိုင်သည်။ ထို့ကြောင့်လည်း ကျန်းမာရေး ၀န်ကြီးဌာနက ဦးစီး၍ ကျေးလက်ဒေသ များတွင် စဉ်ဆက်မပြတ် အသိပညာပေး ဟောပြောကာ ကျွဲ ၊ နွား ၊ ဆိတ် ၊ သိုး များကို ကူးစက်ရောဂါ ကာကွယ်ဆေးများ ပုံမှန်ထိုးနှံရန် အပြင်းအထန် တိုက်တွန်းနှိုးဆော် လေ့ရှိသည်။ ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက် သဖြင့် မွေးမြူရေးသမား များအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေး ဦးစီးဌာန က လမ်းညွှန်မှု အတိုင်း လိုက်နာကြဖို့ အထူး လိုအပ်သည်။ ထောင့်သန်းရောဂါ ဖြစ်ပြီး သေသွားသော တိရစ္ဆာန် များကို အမဲဖျက်၍ အသားစိမ်းများ အဖြစ် မရောင်းချ သင့်ပေ။ စားသုံးသူများ အနေဖြင့်လည်း အသားများကို သေချာရွေးချယ်ကာ လုံလောက်သော မီးအပူရှိန်ဖြင့် နူးနပ်သွားသည် အထိ ချက်ပြုတ် စားသုံးသင့် ပါကြောင်း ရေးသားလိုက်ရပါသည်။

ပေါက်ပေါက်
ဓာတ်ပုံ = အင်တာနက်


No comments: