Monday, August 19, 2019

မှတ်ဥာဏ်ကောင်းစေတဲ့ အမူအကျင့်များ



မှတ်ဥာဏ်ကောင်းစေတဲ့ အမူအကျင့်များ

မှတ်ဥာဏ်ကောင်းစေတဲ့ ဆေးဝါးဆိုပြီး ရောင်းလာတဲ့ အပေါ် အကောင်းဆုံး အဖြေပေးရရင် “မဖြစ်နိုင်ဘူး” လို့ ဆိုရပါမယ်။ မှတ်ဥာဏ်ကောင်း စေတဲ့ အမူအကျင့် တွေတော့ ရှိပါတယ်။ မြန်မာ ဓလေ့ထုံးစံ နဲ့လည်း မမျှော်လင့်ဘဲ ကိုက်ညီနေတာ တွေ့ရတယ်။ မှတ်ဥာဏ်ဟာ မွေးရာပါ အရည်အချင်း ဖြစ်ကာ ဆေးဝါးလုပ်ပြီး ရောင်းချတဲ့ အပေါ် ဆရာဝန်များ မှတ်ချက် မပေးပါဘူး။ စာသင်လို့ မရအောင် မှတ်ဥာဏ်နည်းသူ ၊ မွေးရာပါ လှုပ်ရှားလွန် ကလေး ၊ အော်တစ်ဇင် ကလေးတွေရဲ့ ဦးနှောက်က လွဲရင် လူတစ်ယောက် နဲ့ တစ်ယောက် သိပ်မကွာ ကြပါဘူး။ မွေးရာပါ အရည်အချင်း လို့ ဆိုရပါမယ်။

(၁) နံနက်စာ ကောင်းကောင်းစားရပါမယ်
          နံနက်စာ မစားဘဲထားရင် ခန္ဓာကိုယ်တွင်း သကြားဓာတ် လျော့နည်းကာ ဦးနှောက်ကို အာဟာရ မပို့နိုင်လို့ ဥာဏ်ထိုင်း စေတယ်။ နံနက်စာ ကောင်းစွာ မစားတဲ့ ကျောင်းသားဟာ “ဝမ်းဟာ” နေတာကြောင့် ဆရာ သင်ကြားပို့ချမှု ကို အပြည့်အဝ မခံယူ ၊ မသင်ကြား ၊ မမှတ် နိုင်တော့ဘူး။ အနောက်တိုင်းသား တွေ နံနက်စာ ကောင်းစွာစားပြီး တစ်နေကုန် အလုပ်လုပ် နိုင်ကြတယ်။ မြန်မာလူမျိုး ကတော့ နံနက်စာ ဖြစ်သလို စားသောက်ပြီး ညစာကို တဝတပြဲ စားတတ်ကြတယ်။ အမှန်က ညဘက် အိပ်စက်နိုင်စေဖို့ သင့်တင့်ရုံသာ စားပြီး အချိန်မှန်စား ၊ အချိန်မှန်လုပ် ၊ အချိန်မှန်အိပ် ဖို့ လိုအပ်ပါတယ်။

(၂) ဆေးလိပ်မသောက်သင့်
          ဆေးလိပ် သောက်ခြင်းကြောင့် နီကိုတင်း အပါအ၀င် အဆိပ်ဓာတ် အများအပြား သွေးထဲ ရောက်သွားတယ်။ သွေးမှတစ်ဆင့် ဦးနှောက်ကို ရောက်ရှိနိုင်တယ်။ ဆွေးလိပ်ငွေ့ က သွေးကြောငယ် ကျုံ့စေကာ ဦးနှောက်အတွင်း အောက်ဆီဂျင် အရောက်နည်း စေတယ်။ ဆေးလိပ်သောက် သူတွေ သတိမေ့ တတ်ခြင်း ဖြစ်ပွားလွယ် ပါတယ်။

(၃) သကြားဓာတ်လျှော့ပြီးသုံးစွဲရမယ်
          သက်ကြီးပိုင်းမှာ သကြားဓာတ်ကို စွမ်းအင်အနေနဲ့ ပြောင်းလဲပေးနိုင်မှု အားနည်းတယ်။ သွေးထဲမှာ သကြားဓာတ် စုပုံလာလို့ ပရိုတိန်း အသားဓာတ် စုပ်ယူမှု အားနည်းလာတယ်။ (၂၁)ရာစု ဆေးပညာ တွေ့ရှိမှု အရ သကြားဓာတ် များရင် ကင်ဆာဆဲလ် ပိုမိုတိုးလာတယ်။

(၄) လေသန့်ရှင်းဖို့လိုတယ်
          သန့်ရှင်းလတ်ဆတ်တဲ့ လေကို ရှူရိုက်နိုင် ရမယ်။ လေသန့် မရှူရရင် ဦးနှောက်ဆီ အောက်ဆီဂျင်ဓာတ် အရောက်နည်း သွားလို့ မှတ်ဥာဏ်နည်းကာ ဥာဏ်ထိုင်းသလို ဖြစ်စေတယ်။

(၅) အအိပ်မများသင့်
          အိပ်ရင် အားရှိတယ် ထင်မှတ်ကာ အလွန်အကျွံ အိပ်ပါက ဦးနှောက် သေကျေပျက်စီး စေလို့ မှတ်ဥာဏ်စွမ်းရည် ကျဆင်းတတ်လို့ အလွန်အကျွံ မအိပ်မိဖို့ လိုအပ်ပါတယ်။

(၆) အိပ်ချိန်နည်းပါးလွန်းတာလည်း မဖြစ်သင့်ပါဘူး
          လူတစ်ယောက် အိပ်ချန် ၆ နာရီကနေ ၈ နာရီ ရှိသင့်ပါတယ်။ အိပ်ရေးပျက်လျှင် ဦးနှောက်အတွင်း သွေးစီးဆင်းမှု နှေးစေလို့ အောက်ဆီဂျင် အရောက်နည်းကာ မှတ်နိုင်စွမ်း ကျဆင်း စေပါတယ်။ အချို့ စာမေးပွဲညမှာ မအိပ်ဘဲ စာကျက်မှတ် တာတွေဟာ နောက်နေ့မှာ ဘာမှ မမှတ်မိတော့ဘူး။ စာမေးပွဲရက်တွေ မှာလည်း အနည်းဆုံး အိပ်ချိန် ၆ နာရီ ပြည့်ပြည့်ဝဝ အိပ်စက်ပေးမှသာ ကျက်သလောက် စာမှတ်နိုင်ပါမယ်။

(၇) အိပ်နေချိန် ခေါင်းကိုပါ စောင်ခြုံထားခြင်း မပြုသင့်
          အချို့လူတွေ ခေါင်းကိုစောင်ခြုံ အိပ်တတ်တယ်။ တကယ်က စောင်ကို ကိုယ်မှာ လုံအောင်ခြုံပြီး အိပ်သင့်ပါတယ်။ ခြင် ၊ ယင် ၊ အင်းဆက်ပိုးမွှားများ ကိုက်ခြင်းမှ ကာကွယ်နိုင်မယ်။ ရာသီဥတု ချမ်းအေးမှုကို ကာကွယ်နိုင်ပါတယ်။ အချို့က ခြင်ထောင် မသုံးဘူး။ မဖြစ်သင့်ပါဘူး။ မြန်မာနိုင်ငံမှာ “ခြင်” ကပေါများ တာကြောင့် ငှက်ဖျား ၊ သွေးလွန်တုတ်ကွေး ၊ ဆင်ခြေထောက် ရောဂါတွေ ဖြစ်နိုင်လို့ ခြင်ထောင် ထောင်ကာ နှစ်ခြိုက်စွာ အိပ်သင့်ပါတယ်။ လိုအပ်တဲ့ အောက်ဆီဂျင် ရရှိကာ ကာဗွန်ဒိုင်အောက်ဆိုက် မစုမိနိုင် တော့ပါဘူး။

(၈) ဖျားနေရင် အနားယူသင့်တယ်
          ဖျားနေရင် ကိုယ်ရောစိတ်ပါ အနားယူရ ပါမယ်။ ကျောင်းသင်ခန်းစာတွေ ဆန္ဒစောကာ မလေ့ကျင့်သင့် ပါဘူး။ ဦးနှောက်ဟာ မနိုင်ဝန် ထမ်းရလို့ စွမ်းဆောင်ရည် ကျဆင်းစေ ပါတယ်။ စိတ်ပညာရှင် တို့က အစာစားနေစဉ် စာဖတ်ခြင်းကို အားမပေး ကြပါဘူး။ စာဖတ်ခြင်း ၊ အလုပ်လုပ်ခြင်း စတဲ့ ဦးနှောက် စူးစိုက်ရတဲ့ လုပ်ငန်းတွေမှာ အစားတစ်ဖက်နဲ့ အလုပ်လုပ်ခြင်း ကို ရှောင်ရှားသင့်တယ်လို့ အကြံပြုထားပါတယ်။

(၉) စဉ်းစားတွေးခေါ်မှုများများ လုပ်ပေးသင့်ပါတယ်
          အချို့လူတွေက ဘာမှ နက်နက်နဲနဲ မစဉ်းစားခဲ့ ကြပါဘူး။ ဦးနှောက် အရည်အသွေး တိုးတက်အောင် လေ့ကျင့် မပေးရင် ဆုယုတ်ဖွယ် ရှိပါတယ်။ ကိစ္စ ကြီးငယ်မဆို ဆင်ခြင်တုံ တရားနဲ့ စဉ်းစားတွေးခေါ်တဲ့ အလေ့အထ ရှိသင့်ပါတယ်။

          စာဖတ်ခြင်းဟာ ဦးနှောက်ကို အာဟာရ ဖြည့်ပေးစေတာပဲ ဖြစ်တယ်။ သုတဖြစ်စေ ၊ သုတရသဖြစ်စေ ၊ ရုပ်ရှင်တစ်ကား ၊ ဗီဒီယိုဇာတ်လမ်း တစ်ပုဒ် ကြည့်တာပဲ လုပ်လုပ် ဦးနှောက်ကို မှတ်မိစေလို့ ကြည့်ပေးသင့်တယ်။ စာဖတ်ခြင်းနဲ့ ပတ်သက်လို့ မြန်မာလူထုမှာ လွဲမှားတဲ့ အယူအဆ တစ်ရပ်ရှိတယ်။ စာဖတ်များလို့ ဂေါက်သွား ကြောင်သွား တာတဲ့။ အမှန်က အိပ်ရေးပျက်တာ များလို့ စိတ်ရောဂါ ရကာ သတိလက်လွတ် ဖြစ်သွားတာ ဖြစ်တယ်။ အသက်ကြီးရင့် သူတွေ အမှတ်နည်းလာပြီး အယ်ဇိုင်းမား ရောဂါ ရလာတတ် ပါတယ်။

          စဉ်းစားတွေးခေါ်မှု ပြုရာမှာ အချက်အလက် များများ လေ့လာထားဖို့ လိုအပ်ပါတယ်။ ကိစ္စအလိုက် ဆက်စပ်တဲ့ အကြောင်းအရာ အလိုက် ဝေဖန်သုံးသပ် သင့်ပါတယ်။ ဝေဖန်ရေးသား ခြင်းက ဦးနှောက်ပိုမို ဖွံ့ဖြိုး တိုးတက်စေ ပါတယ်။

(၁၀) စကားများများပြောသင့်တယ်
          စကားနည်းခြင်းဟာ ဥာဏ်ထိုင်းစေတဲ့ အကြောင်းရင်း တစ်ရပ်လို့ ဆိုပါတယ်။ တောင်စဉ် ရေမရစကား ၊ အတင်းအဖျင်း များနဲ့ ဟောင်ဖွာဟောင်ဖွာ ပြောခြင်းတွေကို မဆိုလို ပါဘူး။ တစ်ဦးနဲ့တစ်ဦး ဝေဖန်စူးစမ်းမှု စကားများ ပြောဆိုခြင်း ၊ ဗဟုသုတ မျှဝေခြင်းနဲ့ အသိပညာ ဖလှယ်ခြင်း စတဲ့ ပညာရပ်တွေ ၊ စကားတွေ ပြောဆိုဖို့ လိုအပ်ပါတယ်။ စကား နည်းလွန်းရင် ဖော်ပြပါ အခွင့်အရေးတွေ လက်လွတ်သွား တတ်ရာ ဝေဖန်ဆန်းစစ် နိုင်တဲ့ အတွေးအခေါ် လည်း နည်းပါးသွား စေခဲ့ပါတယ်။

(၁၁) တရားရှုမှတ်သင့်တယ်
          ဗုဒ္ဓဘာသာဝင် တွေအနေနဲ့ တရားထိုင် ပေးခြင်းက မှတ်ဥာဏ်ရဲ့ အရည်အသွေး ထက်မြက်စေ ပါတယ်။ “ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်တဲ့ မှတ်ဥာဏ်” ကို တရား ဘာဝနာ ပွားများခြင်း ၊ တရားထိုင်ခြင်း တို့က များစွာ အထောက်အကူ ပေးကြောင်း ဆွေးနွေးမေးမြန်း ခဲ့ဖူးပါတယ်။ တရား ထိုင်ထိုင်ချင်း စိတ်က လွင့်မျောနေကာ ဝင်လေသိခြင်း ၊ ထွက်လေသိခြင်း နှစ်ခုမှာသာ အာရုံပြုရင် ခန္ဓာကိုယ်ရဲ့ “ဖြစ်ပျက်” မတည်မြဲခြင်းကို ဆင်ခြင်တတ် လာကာ တရားထူး တရားမြတ် တွေလည်း အဆင့်ဆင့် တက်လှမ်း လာနိုင်ပါတယ်။ ဆရာပြဖို့တော့ လိုအပ်ပါတယ်။ ဆရာမပါဘဲ တရားထိုင် ခြင်းက ဘာသာရေး ထက် “ယောဂကျင့်စဉ်” ဖြစ်စေတယ်။

အချမ်းသာဆုံး စည်းစိမ်မှာ ဥာဏ်ပညာ ဖြစ်တယ်။ ငွေကုန်ကြေးကျ မကုန်ဘဲ အနည်းငယ် လွဲနေတာမျိုးကို တည့်မတ်ပေးရုံနဲ့ အသိဥာဏ် ကောင်းစေတဲ့ နည်းလမ်းတွေ ဖော်ပြလိုက်ခြင်း ဖြစ်တယ်။ ပညာကို သင်ယူ တတ်မြောက် လွယ်ခြင်း ဆိုတာ ဦးနှောက် အသိဥာဏ် (IQ) ကောင်းရုံမက ပေါင်းသင်း ဆက်ဆံမှု (EQ) နဲ့ စိတ်ဓာတ်မြင့်မားမှု (SQ) တို့ ပါဝင်နေလို့ စိတ်ကောင်းထား ပေးဖို့လည်း လိုအပ်လှ ပါကြောင်း ရေးသားလိုက်ရ ပါတယ်။

ဒေါက်တာ လွင်သန့်
ဓာတ်ပုံ = အင်တာနက်



No comments: