ကလေးငယ်များ
ပရိုတိန်းချို့တဲ့ ရောဂါ
ပရိုတန်းအင်အား
ချို့တဲ့ရောဂါဟာ အသားဓာတ် နဲ့ ကယ်လိုရီ အင်အားဓာတ် ချို့တဲ့လို့ ဖြစ်ပွားတဲ့ အာဟာရ
ချို့တဲ့ခြင်း ဖြစ်ပြီး Protein Energy Malnutrition လို့ခေါ်တယ်။ အာဟာရ ချို့တဲ့လွယ်တဲ့
အသက်အုပ်စုက ၅ နှစ်အောက် ကလေးငယ်များ ၊ ကိုယ်ဝန်ဆောင် နို့တိုက် မိခင်များ ၊ ကလေး နီးလွန်းတဲ့
မိခင်များ ၊ သက်ကြီးရွယ်အိုများ ၊ မွေးရာပါ ရောဂါရှိသူများ ဖြစ်နိုင်ပါတယ်။ စီးပွားရေး
အဆင်မပြေခြင်း ၊ အာဟာရ အသိပညာ နည်းပါးခြင်း ၊ ဖြည့်စွက်စာ စတင် ကျွေးမွေးမှု နောက်ကျခြင်း
၊ ကျွေးတဲ့ ပမာဏရဲ့ အကြိမ်ရေ မလုံလောက်ခြင်း ၊ ကူးစက်ရောဂါ မကြာခဏ ဖြစ်ပွားခြင်း ၊
ဝက်သက် ၊ တီဘီ ၊ ၀မ်းပျက် ၀မ်းလျှော ၊ ၀မ်းကိုက်ရောဂါ ၊ သန်ကောင်ရောဂါ အမျိုးမျိုး
တို့ကြောင့် ဖြစ်သည်။
ကလေးရဲ့ အသက်အရွယ်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန်
မရှိခြင်း ၊ ကြုံလှီခြင်း ၊ ပုညှက်ခြင်း တို့ ဖြစ်ပွားနိုင်ပြီး ရောဂါ အလွယ်တကူ ၀င်ရောက်နိုင်တယ်။
အပြင်းအထန် အာဟာရ ချို့တဲ့ရင် အသက်သေဆုံး သည်အထိ ဖြစ်နိုင်တယ်။ ဥာဏ်ရည် ဖွံ့ဖြိုးမှု
နိမ့်ကျခြင်းကြောင့် ပညာရည် နိမ့်ကျမှု ဖြစ်ပေါ်နိုင် ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ
အသက် ၆ လမှ ၅ နှစ်အတွင်း သေဆုံးတဲ့ ကလေးရဲ့ ထက်ဝက်ကျော်ဟာ အာဟာရ ချို့တဲ့မှုနဲ့ ဆက်နွယ်နေတယ်။
ကျန်းမာတဲ့ ကလေးနဲ့ နှိုင်းယှဉ်ရင် အပြင်းအထန် အာဟာရ ချို့တဲ့တဲ့ ကလေးဟာ ရှစ်ဆ ၊ အနည်းငယ်
အတော်အသင့် အာဟာရ ချို့တဲ့တဲ့ ကလေးဟာ နှစ်ဆခွဲပိုပြီး ရောဂါပိုး ၀င်ရောက် သေဆုံးနိုင်ပါတယ်။
အာဟာရ ချို့တဲ့မှုကို လတ်တလော အာဟာရ ချို့တဲ့ခြင်း
(ပိန်လှီခြင်း) နဲ့ နာတာရှည် အာဟာရ ချို့တဲ့မှု (ပုညှက်ခြင်း) ဆိုပြီး ၂ မျိုးခွဲ နိုင်တယ်။
လက်တလော အာဟာရ ချို့တဲ့မှုဟာ ငွေကြေး တတ်နိုင်မှု ၊ ပညာတတ်မှု နဲ့ အဓိက မဆိုင်ဘဲ အာဟာရ
အသိပညာနဲ့ ကျွေးမွေး စောင့်ရှောက်မှု တို့နဲ့ အဓိက သက်ဆိုင် ပါတယ်။
အနည်းငယ်သာ အာဟာရ ချို့တဲ့မှုအဆင့်မှာ ခန္ဓာကိုယ်
ကြီးထွားမှု နှေးကွေးလို့ သေးညှပ်ခြင်း ၊ အသက်တူ ကလေးထက် ပိုပြီးသေးခြင်း ၊ ပိန်ခြင်း
၊ အသက်အလိုက် ကိုယ်အလေးချိန်ဟာ စံမီ အလေးချိန်ထက် လျော့နည်းကာ မှတ်တမ်းမှာ အ၀ါရောင်မျဉ်း
အပေါ်ပိုင်းမှာ ရှိခြင်း ၊ ရောဂါ ဖြစ်လွယ်ကာ ချူချာခြင်းတို့ ဖြစ်တတ်တယ်။
ပြင်းထန်စွာ အာဟာရ ချို့တဲ့အဆင့်မှာ ပိန်ချုံး
ခြောက်ကပ်ခြင်း နဲ့ ဖောရောင်ခြင်း အစိုမျိုး ၂ မျိုးရှိတယ်။ ပိန်ချုံး ခြောက်ကပ်ခြင်းမှာ
အသက်အလိုက် ကိုယ်အလေးချိန် ဟာ စံမီ အလေးချိန် ထက် လျော့နည်းကာ မှတ်တမ်းမှာ အနီရောင်
ရှိခြင်း ၊ ပိန်ချုံးခြောက်ကပ် ၊ အရိုးပေါ် အရေတင်ရှိ အဘိုးအို မျက်နှာ ၊ ပူပင် စိုးရိမ်တဲ့
မျက်နှာ ၊ ဗိုက်ပူနံကား ၊ နံရိုးပေါ်နေကာ ၊ ဆာလောင် မွတ်သိပ်လို့ အစာတောင်း လေ့ရှိပါတယ်။
ဖောရောင်ခြင်း အစိုမျိုးမှာ အသားများပါ ရောင်ပြီး
ဖောနေကာ ခြေဖမိုးက စဖောပြီး မျက်နှာနဲ့ ကိုယ်ပါ ဖောလာတယ်။ လက်မောင်းသေးကာ ပိန်ချုံးနေတယ်။
အရေပြားမှာ နီညိုကွက်များ ပေါ်လာပြီး ကွဲအက်ကာ အနာတွေ ဖြစ်တတ်တယ်။ ဆံပင် နီကြောင်ကြောင်
ဖြစ်ကာ ကျဲနေတယ်။ အစားပျက်တယ်။ အစားကျွေးလို့ မရဘူး။ ငိုင်မှိုင်ကာ ပတ်ဝန်းကျင်ကို စိတ်မ၀င်စားဘူး။
အသက်အလိုက် ကိုယ်အလေးချိန်ဟာ စံမီ အလေးချိန်ထက် လျော့နည်းတတ်တယ်။ ရောဂါပိုး ၀င်လွယ်ကာ
အလွယ်တကူ အသက်ဆုံးရှုံး နိုင်ပါတယ်။
အာဟာရ ချို့တဲ့ခြင်းကို အသက် ၆ လမှ ၅ နှစ်အောက်မှာ
လက်မောင်းလုံး ပတ်တိုင်းကာ ဆုံးဖြတ်နိုင်တယ်။ ကလေးရဲ့ ဘယ်ဘက် လက်မောင်းကို တံတောင်ဆစ်
မှ ၉၀ ဒီဂရီ ကွေးစေကာ ပုခုံးစွန်းအရိုးနဲ့ တံတောင်ဆစ် အစွန်းနှစ်ခုရဲ့ အလယ်မှတ်ကို
ဘောပင်နဲ့ သေချာစွာ မှတ်ကာ လက်ကို ပြန်ဆန့်ပြီး လက်မောင်း ပတ်ကြိုးနဲ့ အလယ်မှတ်ကို
ရစ်ပတ် တိုင်းခြင်း ဖြစ်ပါတယ်။ မြားတည့်တည့် အမှတ်ကို ဖတ်ရပါမယ်။ ပုံမှန် ၁၁ ဒသမ ၅
၊ ၁၃ ဒသမ ၅ ရှိရမယ်။
အနီရောင် အမှတ်အသားဟာ လက်မောင်းလုံးပတ် ၁၁
ဒသမ ၅ စင်တီမီတာ ထက် နည်းကာ ပြင်းထန်တဲ့ အာဟာရ ချို့တဲ့မှု ပြင်းထန်တဲ့ အာဟာရ ချို့တဲ့မှု
အ၀ါရောင် အမှတ်အသားက ၁၁ ဒသမ ၅ မှ ၁၂ ဒသမ ၅ ကို အသင့်အတင့် အာဟာရ ချို့တဲ့မှု အာဟာရ ပညာပေးဖို့လည်း
လိုတယ်။ အ၀ါရောင် အမှတ်အသား ၁၂ ဒသမ ၅ မှ ၁၃ ဒသမ ၅ ကို အာဟာရ ချို့တဲ့မှု ရှိလာနိုင်လို့
စောင့်ကြည့် လူနာဖြစ်တယ်။ အစိမ်းရောင် အမှတ်အသား ၁၃ ဒသမ ၅ ထက်များတဲ့အဆင့်ကို အာဟာရ
ပြည့်ဝ အဆင့်သတ်မှတ်ကာ ချီးမွှမ်းသင့်တယ်။ အာဟာရ ပညာပေးသင့်ပါတယ်။ အနီရောင် အမှတ်အသားကို
ဆေးရုံဆေးခန်း ကို ညွှန်းပို့ဖို့ လိုပါတယ်။
အာဟာရပြည့်ဝကာ ကျန်းမာတဲ့ ကလေးတွေဟာ ပုံမှန်
ဖွံ့ဖြိုးမှုရှိကာ ကိုယ်အလေးချိန် မှန်မှန် တိုးရမယ်။ မွေးစမှ တစ်နှစ်အထိ ကလေးကို တစ်လလျှင်
တစ်ကြိမ် ၊ တစ်နှစ်မှ သုံးနှစ်အထိ ကလေးကို သုံးလျှင် တစ်ကြိမ် ၊ သုံးနှစ်မှ ငါးနှစ်အထိ
ကလေးကို ခြောက်လလျှင် တစ်ကြိမ် ကိုယ်အလေးချိန် ချိန်ဖို့ လိုတယ်။ အလွယ်ကူဆုံး အထိရောက်ဆုံး
ဖြစ်တယ်။ ငါးနှစ်အောက် ကလေး ကြီးထွားမှု မှတ်တမ်းဟာ ကလေး အလေးချိန် ဖွံ့ဖြိုးမှု ပြောင်းလဲပုံကို
မှတ်တမ်းတင်တဲ့ ဇယားကတ်ပြား ဖြစ်ကာ လုပ်ဆောင်ရ လွယ်ကူ သက်သာပါတယ်။
အတော်အသင့် အာဟာရချို့တဲ့တဲ့ ငါးနှစ်အောက်
ကလေးကို ရပ်ရွာ ဒေသန္တရဆေးခန်း မှာ ပြုစုကုသပေးကာ ကြီးထွားမှုနဲ့ အာဟာရ အခြေအနေ စောင့်ကြည့်ခြင်း
၊ နေ့လယ်တစ်နပ် အာဟာရ ဖြည့်စွက်ပေးခြင်း ၊ မိခင်ကို လက်တွေ့ ပြသပညာပေးခြင်း ၊ သာမန်ရောဂါ
ကုသပေးခြင်း ၊ မိခင်ကို ချက်ပြုတ် စေခြင်းနည်းနဲ့ ပညာပေးနိုင်တယ်။
အပြင်းအထန် အာဟာရချို့တဲ့တဲ့ ငါးနှစ်အောက်
ကလေးကို ရပ်ရွာအတွင်းမှာ ပြုစုကုသကာ အပတ်စဉ် ကြီးထွားမှုနဲ့ အာဟာရ အခြေအနေ စောင့်ကြပ်ခြင်း
၊ အနည်းဆုံး နေ့လယ်စာ တစ်နပ်နဲ့ အခြား အာဟာရဓာတ်များ ဖြည့်တင်းခြင်း ၊ ဆေးဝါး ကုသပေးခြင်း
၊ မိခင်နဲ့ ပြည်သူတို့ကို အာဟာရ ပညာပေးခြင်း ဆောင်ရွက်နိုင် ပါတယ်။ မိခင်မှာ အာဟာရ
ချို့တဲ့ခြင်းရှိရင် ပုံမှန်ထက် စားသောက်စေ ခြင်း ၊ သားဆက်ခြား ပေးခြင်း ၊ အားဆေး ကူပေးခြင်း
၊ ချက်ပြုတ်နည်း သရုပ်ပြ ပေးခြင်းတို့ လိုအပ်ပါတယ်။
ပိန်ချုံး ခြောက်ကပ်ခြင်းမှာ ဖောရောင်ခြင်း
မရှိဘဲ ပိန်ချုံးကြုံလှီခြင်း ရှိကာ အရေပြားအောက် အဆီပြင် မရှိဘဲ အရိုးပေါ် အရေတင် ဖြစ်တတ်တယ်။
ကြွက်သား သေးသိမ်ကာ ပြင်းထန်စွာ ရှိတတ်တယ်။ ကြီးထွားမှု နှေးကွေးကာ စိတ်ဓာတ် မပြောင်းလဲတတ်ဘူး။
ဖောရောင်ခြင်း မှာ ခြေထောက် သို့မဟုတ် မျက်နှာ သို့မဟုတ် တစ်ကိုယ်လုံး ၀နေသလို ရှိကာ
ပိန်ချုံးကြုံလှီမှု တစ်ခုခု ရှိတယ်။ ကြီးထွားမှု နှေးကွေးတတ်တယ်။ ရွှင်လန်းမှုမရှိ ၊ ပတ်ဝန်းကျင်ကို
စိတ်ဝင်စားမှု မရှိ ၊ စိတ်ဆိုးလွယ် ၊ စိတ်ကောက်လွယ်တယ်။
အခြား ပြောင်းလဲမှု အနေနဲ့ ခြောက်ကပ်ခြင်းမှာ
စားချင် သောက်ချင်စိတ် ရှိတယ်။ ဝမ်းပျက်ခြင်း ရှိတယ်။ အရေပြား ပြောင်းလဲမှု မရှိဘူး။
ဆံပင် ပြောင်းလဲမှု အနည်းငယ်နဲ့ သွေးအားနည်းခြင်း ရှိကာ ကျီးကန်း ပါးစပ်နာ ဗီတာမင်အေ
ချို့တဲ့ လက္ခဏာ ရှိတယ်။ ဖောရောင်ခြင်း မှာ စားချင် သောက်ချင်စိတ် မရှိ၊ ၀မ်းပျက်ခြင်း
မရှိ ၊ ဆံပင်ကျိုးကြေနေကာ သံဓာတ်ချို့တဲ့ခြင်း ၊ ဖောလစ်အက်စစ် ချို့တဲ့ သွေးအားနည်း
ရောဂါ ရှိတတ်ပါတယ်။
ဒေါက်တာ
လွင်သန့်
ဓာတ်ပုံ
= မောင်ပြည့်မင်းသိမ်း
No comments:
Post a Comment