တန်ဖိုးအရိပ်၌ ခိုလှုံခြင်း
လူအများစုသည် သက်ရှိသက်မဲ့များပေါ် တန်ဖိုးဖြတ်ကာ အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင် ပြုကြရင်း ဘ၀ရက်စွဲတွေကို ကုန်လွန်နေကြ လေသည်။ လူအများစုထဲတွင် ကလေးမှအစ ဘိုးဘွားရိပ်သာ မှ လူကြီးအရွယ်ထိ ပါဝင် နေပြန်သည်။ ငယ်စဉ် ကလေးဘ၀ ကျောင်းသား အရွယ်တွင်လည်း ပြိုင်ဆိုင်ကြသည်။ အချို့က ပညာချင်း ပြိုင်သည်။ ကိုယ်ပိုင် အစွမ်းအစချင်း ပြိုင်သည်။ အချို့က ဥစ္စာဓနချင်း ပြိုင်သည်။ မိဘကို အားကိုးပြီး မိဘချင်း ပြိုင်ကြသည်။ ကျောင်းတက်ရာတွင် မိဘများ၏ အခြေအနေပေါ် မူတည်ပြီး ခြေကျင်လာသူ ၊ စက်ဘီးနဲ့လာသူ ၊ ကိုယ်ပိုင်ကားနဲ့ လာသူ အမျိုးမျိုး ကွဲပြားကြသည်။ စက်ဘီးချင်း ကားချင်း တူနေလျှင်လည်း အမျိုးအစားချင်း ပြိုင်ဆိုင် ကြပြန်သည်။ အချို့တွေကျတော့လည်း ကျောင်းဝတ်စုံနှင့် ပတ်သက်ပြီး ကြွားဝါယှဉ်ပြိုင် ကြဦးမည်။ စာအုပ် အကောင်း ၊ အညံ့ချင်းလည်း ယှဉ်ပြိုင် ကြပြန်သည်။ မုန့်ဖိုး အနည်း အများလည်း ပြိုင်ကြ ပေဦးမည်။ အနည်းငယ်သော စာကြိုးစားသူ အချို့သာ အမှတ် အနည်းအများ ကို တန်ဖိုးထား ယှဉ်ပြိုင်ကြ ပါလိမ့်မည်။
အထက်တန်းကျောင်းသား ဘ၀မှ တက္ကသိုလ်သို့ ရောက်ကြသောအခါ ပို၍ဆိုးလာသည်။ ပြိုင်ဆိုင်စရာတွေ ပေါများလာသည်။ အကောင်းစား အဆောင်မှာ တည်းခိုနိုင်တာ ၊ ကျူရှင်များများ ယူနိုင်တာ ၊ စားသောက်ဆိုင် နေ့တိုင်းထိုင်နိုင်တာ ၊ တန်ဖိုးကြီး အသုံးအဆောင်များ သုံးစွဲနိုင်တာ ၊ နောက်ဆုံးပိတ် မကောင်းမှုကိစ္စတွေ ကိုတောင် ယှဉ်ပြိုင်စရာ တစ်ခုအဖြစ် သတ်မှတ်လာကြ လေသည်။ ရည်းစား ဘယ်နှစ်ယောက် ထားနိုင်တာက အစ ပြိုင်ကြပေလိမ့်မည်။ ယခုခေတ်ကား ပိုဆိုးပေသည်။ လူမှုကွန်ရက် ပေါ်မှာ အနှစ်သာရ မရှိတာတွေကို ပြိုင်ဆိုင်နေကြ ပြန်သည်။ အနည်းငယ်သော သူအချို့ကိုတော့ ပညာရေးအတွက် ယှဉ်ပြိုင်တာ တွေ့ကောင်း တွေ့နိုင် ပါသည်။
တက္ကသိုလ်မှ ဘွဲ့တွေရပြီး လုပ်ငန်းခွင်ထဲ ရောက်ကြပြန်သည်။ ပြိုင်လို့က မပြီးသေး။ သူက ထိုဖုန်းကိုင်လျှင် ကိုယ်က ဟိုဖုန်းကိုင်မည်။ ကွန်ပျူတာ ဆိုလည်း သူက i5 ကိုင်လျှင် ကိုယ်က i7 ကိုင်မည်။ ဆိုင်ကယ်ဆိုလည်း သူက တရုတ်ဘီးဆို ကိုယ်က ထိုင်းဘီး စီးမည်။ မိမိအတွက် တော်၏ ၊ မတော်၏။ အသုံးလိုတာ ၊ မလိုတာ မစဉ်းစား။ မဟုတ်တဲ့ နေရာတွေမှာ အဟုတ်ထင် မာနထားပြီးယှဉ်ပြိုင် တန်ဖိုးဖြတ်ဖို့ စဉ်းစားနေကြ လေသည်။ အနည်းငယ်သော ၀န်ထမ်း အချို့ကတော့ စိတ်ရင်းအမှန်ဖြင့် လုပ်ငန်းခွင် တိုးတက်ဖို့ အားစိုက် ကြိုးပမ်းနေကြ ပါလိမ့်မည်။ အချို့သော ၀န်ထမ်းတွေကလည်း လုပ်ငန်းခွင်ကို အကြောင်းပြရင်း မိမိတိုးတက်ဖို့ အတွက် ကြိုးစားချင် ယောင်ဆောင် ကြပေဦးမည်။ ယှဉ်ပြိုင်မှုတွေ ကြားထဲတွင် အဓိပ္ပာယ် ကောက်လွဲနေသော ယူဆချက်တစ်ခုကို သတိထားမိသည်။
ထိုအရာကား " တန်ဖိုး " ဟူသော စကားတစ်ခွန်းပင် ဖြစ်သည်။ အဖိုးတန် အသုံးအဆောင်များ သုံးနေရုံဖြင့် တန်ဖိုးရှိသောသူ ဖြစ်မလာနိုင်ပါ။ ထိုအရာတွေပေါ် တန်ဖိုးထား၍ လုပ်သင့်လုပ်ထိုက်သော တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါမှ တန်ဖိုးရှိသူ ဖြစ်နိုင်ပေမည်။
လုပ်ငန်းခွင်ထဲ ရောက်ပြန်တော့လည်း ပြိုင်ဆိုင်မှုတွေက ရပ်တန့်မသွားပေ။ မျိုးစုံသောအရာတွေ ပေါ်မှာ ယှဉ်ပြိုင်တန်ဖိုးဖြတ် နေကြဆဲပင်။ သူများတက အသစ်ဝယ်တော့ ကိုယ်က လိုက်ဝယ်ချင် ပြန်သည်။ ကိုယ်သုံးနေတာ မကြာသေးတဲ့ ပစ္စည်းကို တန်ဖိုး မထားတော့။ လျှော့ဈေးနဲ့ ပြန်ရောင်းကာ အသစ်ကို လိုက်ဝယ်ချင်သည်။ ဒီတော့ ထုတ်လုပ်သူ ဥာဏ်ကြီးရှင်တွေက သဘောကျတာ အမှန်။ ခြိုးခြံချွေတာမှုတွေ ပျောက်ပျက် ကုန်သည်။ နောက်ဆုံးပေါ် အရာတွေကို ကိုင်နိုင် သုံးနိုင်မှ တန်ဖိုးရှိ အဆင့်မီသည် ဟု မြင်နေကြတော့ သည်။ သုံးကုန်တစ်ခုသည် မိမိ အတွက်လည်း အဆင်ပြေမည်။ ထိုက်သင့်တဲ့ နှစ်ကာလ တစ်ခုထိ သုံးစွဲမည်ဆိုလျှင် မိမိ အတွက်လည်း အကျိုးရှိသလို လုပ်ငန်း အတွက်လည်း အသုံးတည့်ပါမည်။ တန်ဖိုး နည်းသည်များသည်က အဓိကကျသော အရာမဟုတ်သေး။ အချို့ကျတော့လည်း ဈေးနှုန်းနှင့် အမျိုးအစားကို ကြည့်ပြီး တန်ဖိုး မရှိဟု အကြမ်းဖျင်း ထင်မြင်ယူဆတတ် ကြသည်။ ဘယ်လို အဖိုးတန်ပစ္စည်းပဲ ဖြစ်ဖြစ် အသုံးမချတတ်သူ၏ လက်ထဲတွင် ဘာမှ ဖြစ်မြောက်လာမည် မဟုတ်ပေ။ အဖိုးမတန်သော်လည်း အကျိုးရှိ ရိုသေစွာ တန်ဖိုးထား သုံးစွဲတတ်လျှင် ဓားတစ်ချောင်း ဖြင့်ပင် လူနေတဲ့တစ်လုံး ဆောက်နိုင်သည်မှာ ကိုယ်တွေ့ ဖြစ်သည်။
လုပ်ငန်းခွင်မှာ ဘ၀ တိုးတက်ဖို့ မယှဉ်ပြိုင်ဘဲ ရုပ်ဝတ္ထုတွေပေါ်မှာ အကျိုးမဲ့ တန်ဖိုးဖြတ် ယှဉ်ပြိုင်နေကြသည်။ ပစ္စည်းဥစ္စာသည် အသုံးပြုသူပေါ် မူတည်၍ တန်ဖိုးနိမ့်မြင့် ကွာခြားသွားတတ်သည်။ လက်ထဲမှာ ရှိသော ဥစ္စာဓန ရာထူးစည်းစိမ် သည် စစ်မှန်သော တန်ဖိုးရှိခြင်း မဟုတ်။ အချို့အချို့သော ပညာတတ် လူကုံထံ များ၌ပင် အဖိုးမတန်သော အတွေးအခေါ် အယူအဆများ ရှိနေကြသည်။ ဘ၀ပေး အခြေအနေအရ ဥစ္စာဓန မပြည့်စုံ သော်လည်း ကိုယ်ကျင့်တရား ကောင်းမွန်သူတို့ အတွက် တန်ဖိုးက အလိုလို မြင့်တက် နေသည်။ မိမိကြောင့် မိမိလုပ်ငန်းခွင် တိုးတက်မှုကို ယှဉ်ပြိုင်၍ တန်ဖိုးကို ပြသသင့်သည်။ လူမှုကွန်ရက်မှာ အကျိုးမရှိ တာာတွေကို ယှဉ်ပြိုင်နေမည့် အစား မိမိကြောင့် လောက ပတ်ဝန်းကျင် မည်မျှ တိုးတက် ကောင်းမွန်လာသည်ကို ပြိုင်ဆိုင် တန်ဖိုးဖြတ် သင့်သည်။ ကိုယ်ပိုင် ကြိုးစားမှုကြောင့် မဟုတ်ဘဲ ရလာတဲ့ အောင်မြင်မှု တစ်ခုကို တန်ဖိုးရှိသည် ဟုမဆိုသာ။ ထို အောင်မြင်မှုအား မပျက်မယွင်းအောင် ထိန်းသိမ်းထား နိုင်မှသာ ဖန်ဖိုးရှိသောသူ ဖြစ်ပေမည်။ ခဲရာခဲဆစ် ရရှိခဲ့သော ကျွန်ုပ်တို့နိုင်ငံရဲ့ လွတ်လပ်ရေး ကိုလည်း တန်ဖိုးထား ထိန်းသိမ်းသင့် ပေသည်။ အမိ မြန်မာနိုင်ငံတော်ကြီး ကိုချစ်သည်။ တန်ဖိုးထားသည် ဟု လေလုံးထွားရုံနှင့် မပြီး။ လွတ်လပ်ရေးသည် ကျွန်ုပ်တို့ အစွမ်းကြောင့် ရရှိခဲ့ခြင်းမဟုတ်ပေ။ သို့သော် လက်ဝယ်ရှိထားပြီး ဖြစ်သော လွတ်လပ်ရေး ကိုတော့ အမြတ်တနိုး တန်ဖိုးထား ရမည်။
အမိမြန်မာနိုင်ငံတော် ကိုချစ်သည်ဆိုလျှင် မြန်မာ့ယဉ်ကျေးမှု နှင့် လျော်ညီသော အတွေးအခေါ် အယူအဆ တို့ကို နှလုံးသားထဲ အမြဲထည့်ထား ရမည်။ ဗုဒ္ဓဘုရား၏ အဆုံးအမများအတိုင်း ကျင့်ကြံနေထိုင် မှသာ တန်ဖိုးရှိသော လူ့ဘောင် တစ်ခုကို ထူထောင်နိုင် ပါလိမ့်မည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက် များသည် ကျွန်ုပ်တို့၏ တန်ဖိုးကို သွယ်ဝိုက်၍ ဖော်ပြနေသည်။ တန်ဖိုးဟူသော စကားလုံးကို လွဲမှားစွာ မပိုင်းဖြတ်သင့်။ လူတစ်ယောက် ၊ လူတစ်စု၏ တန်ဖိုးသည် ပစ္စည်းဥစ္စာ ပညာရာထူး ပြည့်စုံမှု ပေါ်တွင်သာ မှီခိုသည် မဟုတ်။ ကိုယ်ကျင့်တရား ၊ အတွေးအခေါ် ၊ အယူအဆကောင်းများ ရှိခြင်း-မရှိခြင်း နှင့်လည်း သက်ဆိုင်ပေသည်။
နွေကံ့ကော် (မြို့လှ)
မြဝတီနေ့စဉ်
No comments:
Post a Comment