ခြေဖနောင့်နာခြင်း
အရွယ်ရောက်ပြီးသော သူတိုင်းသည် ပုံမှန်အားဖြင့် တစ်နေ့မှာ ပျမ်းမျှခြေလှမ်း ၅၀၀၀ မှ ၁၀၀၀၀ အထိ လမ်းလျှောက်ကြလေ့ ရှိသည်။ ယင်းသို့ ပြုလုပ်နိုင် စေရန် ခြေဖ၀ါး နှစ်ဖက်တွင် ကျန်းမာကြံ့ခိုင်သော အရိုး ၊ အကြော ၊ အဆစ် နှင့် အရွတ်များ ရှိရပေမည်။ အကြောင်းမှာ ခြေဖ၀ါးများသည် မတ်တတ်ရပ် နေစဉ်မှာဖြစ်ဖြစ် လမ်းလျှောက် နေစဉ်မှာ ဖြစ်ဖြစ် ၊ ပြေးလွှားနေစဉ်မှာ ဖြစ်ဖြစ် ခန္ဓာကိုယ် တစ်ခုလုံး၏ အလေးချိန်ကို အချိန်ပြည့် ထမ်းပိုးပေး ထားနေရသောကြောင့် ဖြစ်သည်။ ခြေဖနောင့် နာခြင်းသည် များသောအားဖြင့် ဖ၀ါးအတွင်းရှိ အရွတ်ပြားအား ၀န်ပိသဖြင့် ဖြစ်ရသည်။
ခြေဖနောင့် နာခြင်းသည် လူအတော်များများ အား မကြာမကြာ ဒုက္ခပေး တတ်သော အဖြစ်များသည့် ဝေဒနာတစ်ခု ဖြစ်သည်။ အင်္ဂလိပ်လို ရိုးရိုးအရပ်စကားဖြင့် Heel pain ဟု ခေါ်ကြလေ့ရှိပြီး ဆေးပညာ ဝေါဟာရမှာ Plantar fasciitis ဖြစ်သည်။ အချို့ကမူ ခြေဖနောင့်ရိုး ကျီးပေါင်းတက် ဝေဒနာ Heel spur syndrome ဟုလည်းကောင်း ၊ အပြေး အားကစားသမား များတွင် ဖြစ်တတ်သော ဖနောင့်နာ Runner's heel ဟုလည်းကောင်း အမျိုးမျိုး ခေါ်ကြပါ သေးသည်။ မြန်မာများက အသားကြေခြင်း ဟု ပြောကြသည်။
အစပိုင်းတွင် တစ်ခါတရံသာ နာတတ်သော်လည်း ကြာလာသည့် အခါတွင် ခြေဖနောင့် ၊ ခြေဖ၀ါးအောက်ဘက် ၊ ဘေးဘက်နှင့် ခြေချင်းဝတ် တစ်ဝိုက်တို့တွင် ခံစားရသော နာတာရှည် ဝေဒနာတစ်ခု ဖြစ်လာတတ် လေသည်။
လူလတ်ပိုင်း အသက်အရွယ်တွင် အဖြစ်များသည်။ ခြေဖနောင့်နာခြင်း သည် ခြေဖ၀ါးတွင် ခံစားရတတ်သော နာကျင်မှုဝေဒနာ အမျိုးအစား အားလုံး၏ ၁၁ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိရှိပြီး အချို့သော သူတို့သည် ဆေးကုသမှုခံယူရန် လိုအပ်တတ်သည်။ ခြေဖနောင့်နာခြင်း ဝေဒနာကို လူ ၁၀ ဦးလျှင် တစ်ဦးကျ တစ်သက်တွင် တစ်ကြိမ်မျှ အနည်းဆုံး ခံစားရဖွယ် ရှိသည်ဟု ဆိုသည်။
အထူးသဖြင့် အ၀လွန်သော လူလတ်ပိုင်း အရွယ် အမျိုးသမီးများ နှင့် လူငယ် အမျိုးသား အားကစားသမား များတွင် ပိုမို၍ ဖြစ်နိုင်ခြေရှိကြောင်း သိရသည်။ သုတေသနပြု လေ့လာတွေ့ရှိချက် များအရ ခြေဖနောင့်နာသူ အားလုံး၏ ၇၀ ရာခိုင်နှုန်း သော အရေအတွက်မှာ အ၀လွန်သူများ ဖြစ်ကြပြီး အားကစားသမား မဟုတ်သူများ ထဲတွင် အ၀လွန်ကဲခြင်း နှင့် ခြေဖနောင့်နာခြင်း တို့မှာ များစွာ ဆက်နွှယ် ပတ်သက်လျက် ရှိကြောင်း သက်သေ အထောက်အထား များလည်း ရှိနေသည်။
ထို့ပြင် ခြေဖ၀ါး ကျသူများ ၊ ခြေဖမိုး ခုံးတက်နေသူများ ၊ ဖနောင့်ကြော တင်းသူများ ၊ သင့်လျော်သော ဖိနပ်ကို မစီးကြသူများ ၊ အပြေး အားကစား သမားများနှင့် အချိန်ကြာကြာ မတ်တတ်ရပ်ကြရ သူများသည် ခြေဖနောင့်နာခြင်း ဖြစ်ရန် အခွင့်အလမ်း များနေသည်။
နာတာရှည် ခြေဖနောင့် နာခြင်းသည် များသောအားဖြင့် ရုတ်တရက် ဖြစ်လာခြင်းမျိုး မဟုတ်ဘဲ နည်းနည်း နှင့် တဖြည်းဖြည်းချင်း အချိန်ယူကာ ဒဏ်သဘော ဖြစ်လာခြင်းဖြစ်ရာ အချိန်တိုတို အတွင်း လုံးဝ ပျောက်ကင်းရန် မလွယ်ကူပေ။ သို့သော် စနစ်တကျ ကုသမှု ခံယူပါက ရက်သတ္တပတ် အနည်းငယ်အတွင်း သက်သာမှု ရှိနိုင်လေသည်။
အထက်တွင် ဆိုခဲ့သည့်အတိုင်း ခြေဖ၀ါးများသည် ခန္ဓာကိုယ်တစ်ခုလုံး၏ အလေးချိန်အား ထမ်းပိုးပေးထား ကြလေရာ လုံးဝနီးပါး ပျောက်ကင်းရန် အတွက် လအနည်းငယ်မှ တစ်နှစ်ခန့်အထိ ကြာတတ်သည်။ သို့ဖြစ်ရာ ခြေဖနောင့် နာသူများသည် ဆရာဝန် ၊ အရိုးခွဲစိတ် အထူးကုဆရာဝန် သို့မဟုတ် အကြောအဆစ်ကု ပညာရှင်များနှင့် ပြသသင့် လေသည်။
ခြေဖနောင့် နာခြင်းသည် ခြေဖနောင့်ရိုး နှင့် ခြေချောင်းများအား တွယ်ဆက် ပေးထားသော အရွတ်ပြားကြီး ရောင်ရမ်းလာသဖြင့် ဖြစ်ရသည်။ စူးစူးရှရှ နာတတ်သည်။ အထူးသဖြင့် မနက်ခင်းတွင် အိပ်ရာက နိုးလာသော အချိန်နှင့် ကြာကြာထိုင်ပြီးနောက် ပြန်ထရပ်သော အခါတို့တွင် သိသိသာသာ နာခြင်းကို ခံစားရလေ့ ရှိသည်။ သို့သော် ခြေလှမ်း အနည်းငယ်လျှောက်ပြီး သွေးပူသွားသော အခါတွင် သက်သာသွား တတ်သည်။ လှေကားတက်သော အခါနှင့် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ပြီးစ တို့တွင်လည်း ခြေဖနောင့် ပိုပြီးနာနိုင်သည်။
အချို့သော ခြေဖနောင့်နာသည့် လူနာများသည် ဆရာဝန် ညွှန်ကြားသည့် အတိုင်း အနားယူခြင်း ၊ အကိုက်အခဲ ပျောက်ဆေး နှင့် အရောင်ကျဆေးများ သောက်ခြင်းဖြင့် လအနည်းငယ် အတွင်း သက်သာ ပျောက်ကင်းသွား တတ်ကြသည်။ အချို့မှာ ဆေးများသုံးစွဲသည့် အပြင် အကြောအဆစ် ဆိုင်ရာကုသမှု များဖြင့်လည်း တွဲဖက် ပြုလုပ်ကြ ရသည်။
အကြောအဆစ် ကုသမှုတွင် သွေးအသွားအလာ ကောင်းစေသော တင်းနေသည့် ကြွက်သားများကို ဖြေလျှော့ပေးနိုင်သော နာကျင်မှု ဝေဒနာကို သက်သာစေသော ကုသစက်များ အသုံးပြုလျက် လည်းကောင်း ၊ ခြေထောက် နှင့် ခြေဖ၀ါးများအား လှုပ်ရှား လေ့ကျင့်မှု အမျိုးမျိုး ပြုလုပ်စေခြင်း ဖြင့်လည်းကောင်း ၊ ဆောင်ရန် ရှောင်ရန် များကို ရှင်းပြမှာကြား ခြင်းဖြင့် လည်းကောင်း စနစ်တကျ ကုသပေးသည်။
အောက်ပါ အကြောအဆစ် လေ့ကျင့်ခန်းများသည် တင်းနေသော ကြွက်သားများ နှင့် အရွတ်ပြား တို့အား ဖြေလျှော့ပေးခြင်းဖြင့် ဝေဒနာမှ သက်သာမှု ရစေနိုင်သည်။ လေ့ကျင့်ခန်း မပြုလုပ်မီတွင် နာသည့်နေရာများကို ရေခဲ သို့မဟုတ် ရေနွေးဖြင့် ၁၅ မိနစ်ခန့် ကပ်ပေးပါ။
လေ့ကျင့်ခန်း (၁) ။ ။ လုံချည်ကို လက်ငါးလုံးခန့် ခေါက်ပြီး ခြေဖ၀ါး (ခြေချောင်းများ၏ အောက်ဘက်နေရာ ) တွင် ရစ်ပတ်လျက် အပေါ်သို့ ညင်သာစွာ တဖြည်းဖြည်း ဆွဲတင်ပေးပါ။ ဖ၀ါးနှင့် ဖနောင့်ကြော တို့ ခပ်တင်းတင်းလေး ဖြစ်လာသည်အထိ (မနာကျင်စေရ) ဆွဲတင်ပေးရင်း ၅ စက္ကန့်မှ ၇ စက္ကန့်ခန့် ထိန်းထားပြီး ပြန်လျှော့ချပေးပါ။ ဒူးလုံးဝ မကွေးရ။ ယင်းသို့ ၃ ၊ ၄ ကြိမ် ဆက်တိုက် ပြုလုပ်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ် လုပ်ပေးပါ။
လေ့ကျင့်ခန်း (၂) ။ ။ နံရံကို လက်ထောက်ရပ်လျက် ခြေဖနောင့်ကြော ဖြေလိုသည့်ဘက်မှ ဒူးအားဆန့်ထားပါ။ ထို့နောက် ဖနောင့်ကြော တင်းလာသည်အထိ ချြေင်းဝတ်ကို အရှေ့ဘက်သို့ ညင်သာစွာ ကွေးညွတ်ပေးပါ။ ထိုသို့ ၅ စက္ကန့် မှ ၇ စက္ကန့်ခန့် ထိန်းထားပြီးနောက် မူလ အနေအထားသို့ ပြန်သွားလျက် ၃ ၊ ၄ ကြိမ် ဆက်တိုက် လုပ်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ် လုပ်ပေးနိုင် ပါသည်။
ဆေးသောက်ခြင်း နှင့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့ အပြင် ခြေဖ၀ါးအား ၀န်ပိစေသော ကြာကြာ မတ်တတ်ရပ်ခြင်း ၊ ခရီးဝေးနှင့် ပြေးလွှားခြင်းတို့ မပြုလုပ်ပါက ဝေဒနာ သက်သာ ပျောက်ကင်းမှု မြန်ဆန်နိုင် ပါသည်။ ။
တင်မောင်အေး (ကန့်ဘလူ)
မြ၀တီနေ့စဉ်
No comments:
Post a Comment