လူကြီး သူမတွေ အမြဲပြောဆို ဆုံးမတဲ့ စကားလေး တစ်ခွန်းရှိတယ်။ ဘယ်ကိစ္စ ဘယ်အရာမဆို ဘာကိုပဲလုပ်လုပ် " သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ " ဆိုတဲ့ စကားလေး တစ်ခွန်းဟာ ပေါ့ပေါ့တန်တန် ထားမယ်ဆိုရင် တန်ဖိုးမရှိပေမယ့်၊ အရေးတယူ စဉ်းစားကြည့်ရင်တော့ အလွန်တန်ဖိုးကြီးတဲ့ စကားလေး တစ်ခွန်းဖြစ်ပါတယ်။ စေတနာအရင်းခံပြီး ပြောတဲ့ စကားလေးမို့ ပိုတန်ဖိုး ကြီးတာအမှန် ဖြစ်ပါတယ်။ ကမ္ဘာနဲ့ယှဉ်ပြီး စီးပွားရေး ပြဿနာတွေ သူသူငါငါ ရင်ဆိုင်နေကြရတာ လူတိုင်းအသိပါ။ တိုင်းပြည်ကြီးရင် ကြီးသလို၊ တိုင်းပြည် ငယ်ရင် ငယ်သလို များများနဲ့ နည်းနည်း ရိုက်ခတ်ခံရတာ ငြင်းနိုင်စရာမရှိပါဘူး။
လွန်ခဲ့တဲ့ ရှစ်လခန့်က ဖြစ်ပါတယ်။ ဦးလေးရဲ့သား၊ ကျွန်နော်ရဲ့ တစ်ဦးတည်းသော ညီဝမ်းကွဲတစ်ယောက် သူ့သူငယ်ချင်းရဲ့ အဆွယ်ကောင်း မှုကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ အပူကပ်ခဲ့တယ်။ မိုးတလုံး လေတလုံး အပြောတွေကြောင့် လူကြီးတွေကလည်း မဖြစ်ဖြစ်အောင် လုပ်ဆောင် ပေးခဲ့ရတယ်။ မင်္ဂလာဒုံလေဆိပ်က ထွက်သွားချိန်ထိ ကကြီး ကနေ အ, အားလုံး ၁၀၀ ၀န်းကျင် ကုန်ကျခဲ့သည်။ နိုင်ငံခြားမှာ ၄ လအတွင်း ကြိတ်ပြီး ငွေပို့ခဲ့တာ ဒီစာရင်းထဲ မပါသေးဘူး ဆိုတာ သိရတယ်။ ခုတော့ မယောင်မလည်နဲ့ ကိုယ့်မွေးရပ်ကို ပြန်ရောက်လာပါပြီ။ ရရှိတဲ့ အကျိုးအမြတ်ကတော့ ငွေကုန်ခဲ့တယ်၊ အချိန်တွေ အလဟဿ ဖြစ်ခဲ့တယ်၊ ဗဟုသုတ မရခဲ့ဘူး။ ဆုံးရှုံးသွားတယ်ဆိုတဲ့ သင်ခန်းစာ တစ်ခုပဲ အသားတင် ကျန်ရစ်ခဲ့တယ်။
ခုချိန်မှာ နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်ရင် ကောင်းမလားလို့ မေးလာရင်တော့ မသွားပါနဲ့လို့တော့ မတားချင်ပါဘူး။ ဒါပေမယ့် မသွားခင် သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ လို့တော့ အမှာစကား ချွေချင်ပါတယ်။ တားချင်တဲ့ အကြောင်းရင်းက စီးပွားရေးပြဿနာကို တိုင်းပြည်ကြီးငယ်တိုင်း ကြုံတွေ့နေရတာကြောင့် ကံသေကံမ အလုပ်အကိုင် ရရှိလိမ့်မယ်လို့ မပြောနိုင်သလို၊ အလွယ်တကူ ရရှိဖို့လည်း မလွယ်ကူပါဘူး။ CNA သတင်းရဲ့ Scroller Bar မှာ ဘယ်ကုမ္ပဏီက အလုပ်သမား ၀န်ထမ်း အရေအတွက် ဘယ်လောက်ကို လျော့ချ လိုက်တယ်ဆိုတာကို စဉ်ဆက်မပြတ် ဖတ်နေရလို့ ဖြစ်ပါတယ်။ လက်ရှိ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေကိုတောင် ညှိနှိုင်းလစာနဲ့ လုပ်အားခလျော့ခံပြီး လုပ်ကိုင်နေရတယ်။ ၀န်ထမ်းအင်အား လျော့ချနေတာကြောင့် သူတို့တတွေလည်း ဘယ်အချိန် အလုပ်ဖြုတ်ခံရမလဲ ဆိုပြီး ရင်တထိတ်ထိတ်နဲ့ စောင့်နေကြရတာမို့ စွန့်စွန့်စားစားနဲ့ သွားဖို့ မတိုက်တွန်းလိုတာ အမှန်ဖြစ်ပါတယ်။ လုပ်အားခတွေ လျော့ချလိုက် တာကြောင့် လူနေမှုစရိတ် ကြီးမြင့်တဲ့ နိုင်ငံရပ်ခြား တိုင်းပြည်မှာ ရေရှည် ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ နေထိုင်စားသောက်စရိတ်၊ ခရီးစရိတ်တွေ မကာမိတာကြောင့် ပြည်တော်ပြန် လာကြတာ တော်တော်များ လာပါတယ်။ အိမ်ကထောက်ပံ့ ပေးနိုင်တယ်ထားအုန်း။ အလုပ်အကိုင် အတည်တကျ မရှိရင် ရေရှည်နေထိုင်ဖို့ မဖြစ်နိုင် ပါဘူး။ ဒါကြောင့် နိုင်ငံခြားသွား အလုပ်လုပ်မှ ချမ်းသာနိုင်မယ် ဆိုတဲ့ တွေးထင်ထားတဲ့ အယူအဆကို ခဏတော့ မေ့ထားလိုက် စေချင်ပါတယ်။
ခေတ်မီတိုးတက်လာတဲ့ ကမ္ဘာ့ရွာလို လူနေမှု အဖွဲ့အစည်း၊ ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ အတူ ကိုယ့်ဘ၀ တိုးတက်မှုအတွက် ကြိုးစားစွန့်ထွင် လိုတဲ့ လူငယ်တွေရဲ့ မြင့်မားတဲ့ဆန္ဒရှိလို့ တိုင်းတစ်ပါးမှာ အလုပ်လုပ်ကြ၊ ပညာတော်သင်ကြတာကို အားပေးတယ်။ သူများတိုင်းပြည်မှာ အလုပ်သွားလုပ်၊ ပညာသွားသင်တာ ဖြစ်လို့ သူများအိမ်မှာ သွားနေနေရသလို ဖြစ်ပါမယ်။ ကိုယ့်အိမ်မှာလို လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် နေလို့မရနိုင် တော့ပါဘူး။ သူတို့အိမ်မို့ သူတို့ဓလေ့ထုံးစံ အတိုင်းလိုက်နာ နေထိုင်ရမှာ ဖြစ်ပါတယ်။ ခဏတာဧည့်သည် အဖြစ်နဲ့ သွားရောက်နေထိုင် ကြတာကြောင့် အိမ်ရှင်လိုတော့ နေထိုင်သွားလာလို့ ရမှာ မဟုတ်ပါဘူး။ အချိန်အခါနဲ့ အခွင့်အရေး ဆိုတာ ကြုံနိုင်ပါသေးတယ်။ တိုင်းတစ်ပါးကို စွန့်ထွင်ပြီး အလုပ်လုပ်ဖို့ မလုပ်ဖို့ကိုတော့ " သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ " လို့ ပြောချင်ပါတယ်။ ယနေ့ခေတ် လူငယ်နဲ့ အနာဂတ် လူငယ်တွေ အတွက် စေတနာ အမှာစကားလေးပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။