ဖိုးရှမ်းငယ်ငယ်က ၀၀ကစ်ကစ်လေးမို့ ရပ်ကွက်ထဲကို လမ်းသလားပြီးလို့ အိမ်ပြန်ရောက်ရင် ပါးနှစ်ဖက်လုံး ရောင်သွားသလား အောင့်မေ့ရတယ်။ တွေ့သမျှ ကိုကို မမတွေက ပါးဖောင်းဖောင်း နှစ်ဖက်ကို အားမလို အားမရနဲ့ ဆွဲဆွဲသွားကြလို့ပါ။ ၁၀ နှစ်ပြည့်လို့ ကိုရင်ဝတ်ပြီးမှပဲ အရပ်က ရှည်ထွက်ပြီး လူကြီး တစ်ယောက်လို ကလန်ကလား ဖြစ်သွားတယ်။ ငယ်က ဖိုးရှမ်းလို့ ခေါ်ရာကနေ ကြီးတော့ ရှမ်းကြီးလို့ ချစ်စနိုး ပြောင်းခေါ်ကြတယ်။ ဖိုးရှမ်း ဖေဖေက ရှမ်း-တရုတ်စပ်တယ်။ အလုပ်ကတော့ ကုန်တင်ကားကြီးတွေ ထောင်ပြီး ကုန်တွေ ခရီးသည်တွေ ပို့တဲ့အလုပ် လုပ်တယ်။ သူ့ဝါသနာနဲ့ သူ့ကျွမ်းကျင်ရာက ဒီကားအလုပ်ပါပဲ။ မှန်တာ ၀န်ခံရင် ကားသမားဆိုတော့ အသောက်အစားတော့ မကင်းပါဘူး။ ဒါပေမယ့် မေမေနဲ့ မိသားစုကိုတော့ ဒုက္ခမပေးခဲ့ပါဘူး။ မေမေကတော့ ချက်တယ် ပြုတ်တယ် လျှော်တယ် ဖွတ်တယ်။ နေ့ခင်းဖက်ဆို တစ်လမ်းကျော်က သူငယ်ချင်းအိမ်မှာ တစ်နေကုန် သွားနေတယ်။ (အမှန်တော့ အပျင်းပြေ ဖဲသွားကစားတာပါ) မေမေနဲ့အတူ ဖိုးရှမ်းလည်း အမြဲလိုက်သွားလေ့ရှိတဲ့ အိမ်ဖြစ်တယ်။ အဲဒီအိမ်မှာ ဖိုးရှမ်းထက် ၂ နှစ်ငယ်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ နာမည်က နန်းလောဝ်ခမ်း လို့ခေါ်တယ်။ ဖိုးရှမ်းတို့ ဖေဖေလိုမျိုးပဲ ကုန်ကားထောင်တယ်။ လုပ်ငန်းတူလည်းဖြစ်၊ တစ်မြို့တည်းသား တွေလည်းဖြစ်။ စားအိမ် သောက်အိမ်လည်း ဖြစ်တော့ ငယ်ကတည်းက ဖိုးရှမ်းလေးနဲ့ လောဝ်ခမ်းတို့ နှစ်ယောက်ကိုစေ့စပ် ထားလိုက်ကြတယ်။ တစ်ဦးတည်းသောသားနဲ့ တစ်ဦးတည်းသော သမီးမို့ ဆွေမျိုးစပ်ပြီး သွေးချင်းနီးအောင် လူကြီးတွေက စီမံခဲ့တာပါ။
ဖေဖေက အမြဲခရီးထွက်တော့ ဖိုးရှမ်းလေးကို မေမေရဲ့အချစ်ကပဲ အလေးပိုခဲ့ပြီး အရမ်းပဲ အလိုလိုက်တယ်။ တစ်ဦးတည်းရှိတဲ့ ဖိုးရှမ်းကို မျက်နှာမငယ်ရအောင် လိုလေသေးမရှိ ဖြည့်ဆည်းပေး ခဲ့တယ်။ ဖိုးရှမ်းလေး ၁၀ တန်းအောင်တော့ အိမ်ကို တစ်ခါမှ မခွဲစဖူးခွဲပြီး တစ်နယ်တကျေးကို ကျောင်းသွားတက်တယ်။ လှောင်အိမ်က လွှတ်လိုက်တဲ့ ငှက်ကလေးလို လွတ်လပ်သွားတယ်။ ပြင်ပဗဟုသုတကို နီးနီးကပ်ကပ် လေ့လာခွင့်ရတော့ အမြင်ကျယ်တာ ရှိခဲ့သလို။ လောကအတွေ့အကြုံ မရှိလို့ ဆုံးရှုံးနစ်နာ တာတွေလည်း မနည်းပါဘူး။ တောင်ကြီးမှာ နေတုန်းကတော့ အိမ်ကို မကြာမကြာ ပြန်ရောက်ခဲ့ပေမယ့်။ မန်းလေးကို ကျောင်းပြောင်း တက်တော့ အကြောင်းပြချက် အမျိုးမျိုးနဲ့ အိမ်မပြန်ဖြစ်တာ နှစ်နဲ့ချီခဲ့တယ်။ ကျောင်းပြီးသွားပေမယ့် ရန်ကုန်မှာ ဟိုလိုလို ဒီလိုလိုနဲ့ အကြာကြီးပဲ သောင်တင်နေမိတယ်။ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ်ဌာနကို မေ့လျော့လွယ် စေတာကတော့ မကုန်ဆုံးနိုင်တဲ့ အတတ်ပညာတွေ နည်းပညာတွေကို ဆည်းပူးနေလို့ပါ။ ဘွဲ့ယူတဲ့နှစ်မှာပဲ မေမေနေမကောင်းလို့ ဖိုးရှမ်း အိမ်ပြန်ဖြစ်ခဲ့တယ်။ မေမေ့ကို နောက်ဆုံးတွေ့ဖို့ ပြန်ခဲ့တယ် ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ မွေးမေမေကို ဘာမှ မယ်မယ်ရရ ကျေးဇူးခွင့်မရခဲ့တဲ့ ဖိုးရှမ်းလေးဟာ မေမေ မရှိတော့မှ နောင်တ ရခဲ့တယ်။
မေမေက ဖိုးရှမ်းလေးကို ကတိတစ်ခွန်းပဲ တောင်းသွားတယ်။ အိမ်က စီးပွားရေးကို ဦးစီးပြီး ၃၀ ပြည့်တဲ့နှစ်မှာ လူကြီးတွေ သဘောတူထားတဲ့ လောဝ်ခမ်းနဲ့ လက်ထပ်ယူဖို့ပဲ ဖြစ်ပါတယ်။ ဖိုးရှမ်းလေးခမျာ မိဘနှစ်ပါးလုံး မရှိတော့တဲ့ နယ်ကိုစွန့်ပြီး မြို့ပေါ် ပြောင်းလာတယ်။ အဖေရဲ့ လက်ငုတ်လက်ရင်း အလုပ်ကို ဦးစီးလုပ်ကိုင်တယ်။ တိုးတက်အောင် လုပ်တယ်။ မေမေမှာထားတဲ့အတိုင်း နန်းလောဝ်ခမ်းကို ဆက်သွယ်တယ်။ အထက်တန်း အောင်တဲ့အထိ အတူတူ ကျောင်းတက်ခဲ့တဲ့ ငယ်သူငယ်ချင်း ဖြစ်ပေမယ့် ခုချိန်မှာ ပြန်တွေ့တော့ နှစ်ယောက်လုံး အိုးတိုး အန်းတန်းနဲ့ရယ်ပါ။ စကားပြောတော့လည်း အယောင်အယောင် အမှားမှားတွေပါပဲ။ လောဝ်ခမ်းက ကွန်ပျူတာတက္ကသိုလ် ကျောင်းပြီးတာနဲ့ နယ်မှာပဲ မိဘတွေနဲ့အတူ အခြေချနေတယ်။ မိန်းကလေးဆိုတော့ တကူးတက အပြင်အလုပ်ထွက်လုပ်တာ မရှိခဲ့ပါဘူး။ ဖိုးရှမ်းနဲ့ လောဝ်ခမ်းတို့ နှစ်ယောက်ပြန်တွေ့ပြီး နောက်ပိုင်း တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မပြတ်ခဲ့ပါဘူး။
လုပ်ငန်းခွင်ထဲရောက်တော့ ဖိုးရှမ်းခမျာ လူငယ်တို့ သဘာဝ အပျော်အပါးတွေနောက် မလိုက်နိုင်ရှာ ခဲ့ပါဘူး။ မြားမြှောင်လှတဲ့ အလုပ်ထဲမှာပဲ နစ်နေရတော့ နှလုံးသားရေးကို ရှေ့တန်း မတင်နိုင်ခဲ့တာ အမှန်ပါ။ တစ်နှစ်ကို ၈ လလောက် ခရီးထွက်နေရသူ တစ်ယောက်အတွက် အလုပ်အပေါ်မှာပဲ သံယောဇဉ်တွယ် နေမိတယ်။ (အမှန်တော့ လောဘဇော ကပ်နေတာပါ။) မှတ်မှတ်ရရ ပြီးခဲ့တဲ့နှစ် သင်္ကြန်လောက်ကစပြီး အလုပ်က ပါးလာတယ်။ ခရီးကို ကြိုကြားကြိုကြား လောက်ပဲ သွားရတော့တယ်။ ဒါနဲ့ ဖိုးရှမ်း ၀ါသနာပါတဲ့ အင်တာနက်နဲ့ အချိန်ကုန်စေခဲ့တယ်။ အင်တာနက်ပေါ်မှာ ဟိုလူနဲ့တွေ့လည်း သံယောဇဉ်တွယ်မိ၊ ဒီတစ်ယောက်နဲ့ တွေ့လည်း သံယောဇဉ်တွယ်မိနဲ့ ကိုယ့်ကိုယ်ကို ဘယ်ဟာက အမှားအမှန်၊ ဘယ်ဟာက အတုအယောင် ဆိုတာကို မဆန်းစစ်မိခဲ့တာ အမှန်ပါ။ အမှားသံဝေဂတွေ တော်တော်လေး ရပြီးမှပဲ ဖိုးရှမ်းခမျာ တည်တည်ငြိမ်ငြိမ် ဖြစ်လာပါတယ်။ ဒီလိုနဲ့ ဖိုးရှမ်းရဲ့ နှလုံးသွေးကို သံစဉ်မမှန်အောင် ခုန်စေတဲ့ အချစ်ဆိုတာကို စတင်တွေ့ခဲ့တယ်။ အချစ်ကို မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျ တပ်အပ် မမြင်ဖူးသေးပေမယ့် ကြားနေရတဲ့ အသံလွင်လွင်လေးကပဲ ဖိုးရှမ်းလေးရဲ့ နှလုံးစည်းချက်ကို လှုပ်ခတ်စေတယ်ဆိုတာ ၀န်ခံပါတယ်။ လေလိုင်းထဲက ပို့လိုက်တဲ့ ပုံလေးတွေကိုကြည့်ပြီး သံယောဇဉ်ပိုတွယ်စေတယ် ဆိုရင်လည်း မမှားပါဘူး။
အချိန်ဆိုတဲ့ ယန္တယားကို ရှေ့ဆက်မရအောင် တားထားလို့ မရသလို၊ ကိုယ့်စိတ်ကြိုက် ပြုပြင် ဖန်တီးယူလို့ ရကောင်းတဲ့ အရာမဟုတ်ပါဘူး။ ဖိုးရှမ်းတစ်ယောက်ရဲ့ နှလုံးသားရေးရာ လွန်ဆွဲတိုက်ပွဲဟာ မကြာမတင်မှာ အဆုံးအဖြတ် ပေးရမဲ့ ပန်းတိုင်ကို ရောက်တော့မှာ ဖြစ်ပါတယ်။ ဖိုးရှမ်းအဖို့ မိဘတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ငယ်သူငယ်ချင်း ကိုပဲ အချစ်မပါတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်နိုင်မလား၊ ထူထောင်သင့်ပါသလား။ ဒါမှမဟုတ်ပါပဲ မိဘစကားကို ဖယ်ရှားပြီး ဖိုးရှမ်းရင်ထဲမှာ နေရာအပြည့် ယူထားတဲ့ 21 Vs Me နဲ့ စိတ်ယိုင်ပြီး အနှစ်သာရပြည့်တဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ထူထောင် သင့်ပါလား။ 2010 Elections ထက်ပိုအရေးကြီးတဲ့ ဖိုးရှမ်းလေးရဲ့ ရင်ထဲက လွန်ဆွဲပွဲလေးမှာ ဘယ်သူ့ကို အလေးသာစေချင်တယ်၊ ဘယ်သူ့ကို အလေးထားရမယ် ဆိုတဲ့ အားပေးစကားလေးကို ဖိုးရှမ်းကို ခင်မင်တဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းအားလုံးက မဖြစ်မနေ အကြံဥာဏ် ပေးကြပါအုန်းလို့ တောင်းဆိုချင်ပါတယ်။ မပျက်မကွက်နဲ့ပါ။

32 comments:
အမယ်..သူကလိုက်ဦးမလားတဲ့၊ သူတောင် ဘယ်သူ့ဆီသွား ရမှန်းမသိ ဖြစ်နေပြီးတော့၊အကြံတော့ ပေးချင်သား၊ မှားသွားမှာ စိုးရိမ်လို့ ဒီတိုင်းပြန်လာတာကို လိုက်ခေါ်တယ်:)
ရင်ထဲက လွန်ဆွဲပွဲ။
မိဘစကားနားထောင်ဖို့ သူငယ်ချင်းကောင်မလေးရဲ့ စိတ်ကိုလည်း မေးကြည့်သင့်မယ်ထင်တယ်။
လေလှိုင်းပေါ်ကအချစ်အတွက် နီးစပ်အောင်ကြိုးစားဖို့ အခွင့်ရှိမလား စဉ်းစားသင့်တယ်။
သူငယ်ချင်းမလေးက သဘောတူတယ်၊ နီးစပ်ဖို့လည်း ကြိုးစားနိုင်မယ်ဆိုရင် လေလှိုင်းကိုရွေး။
ကျန်တဲ့ စဉ်းစားစရာတွေတော့ အရမ်းတွေးမပေးရဲဘူး။ တစ်ဖက်ကိုအားပေးရင် တစ်ဖက်နစ်နာမှာဆိုးလို့ပါ။
ဘယ်သူနဲ့ဖြစ်ဖြစ် ပျော်ရွှင်အဆင်ပြေပါစေလား ကိုဝင်းဇော်ရေ။
သုခမိန်(E-Journal)
ဟိုလိုလုပ်ပါလား
ဒီလိုလုပ်ပါလား
နာလည်း မလုပ်တတ်ဘူး ... အဟား ..
ကိုယ့်ရဲ့ရွှေးချယ်မှုက အတည်ဖြစ်တာမို့
ကိုယ်တိုင်ဆုံးဖြတ်တာ မကောင်းဘူးလား
နာကတော့ နာကတော့ .. ..
မိဘစကား နားထောင်တယ်ဆိုတာ လေးစားလောက်စရာ ကိစ္စမို့ အားကျမိပါတယ် ဒါပေမယ့် ခုခေတ် ကော ဒါမျိုး ရှိလို့လား အစ်ကိုး) ရုပ်ရှင်ထဲကလိုဆိုရင်တော့ မင်းသားက ဆုံးဖြတ်ရခက်မှာပဲ ။ ကိုယ့်လိုပဲ သူမှာလည်း
“...Vs Me” ရှိ ကောင်းရှိနေပါလိမ့်မယ် တိုင်ပင်ကြည့်ပေါ့ ဖိုးရှမ်းလေး ရယ် ။ အကြံပေးကြပါအုံးဆိုပေမယ့် စိတ်ထဲမှာတော့ ဆုံးဖြတ်ပြီးသား ကိစ္စလို့ ကျနော်တော့ထင်တယ် အဖြေညှိတဲ့ သဘောလားလို့ အကြံပေးရမယ်ဆိုရင်တော့ သူလည်းချစ် ကိုယ်လည်းချစ်မယ် 21 လေးကိုပဲ ရွေးလိုက်ပါလား ပျော်စရာကောင်းပြီး အချစ်နဲ့ တည်ဆောက်မယ့် အိမ်ကလေးကသာ အခိုင်မြဲ ဆုံးပါ ။ လွန်ဆွဲံပွဲလေးမှာ အနိုင်ရပါစေ ။လေလှိုင်းမှာလည်း အချစ်စစ်တွေ ရှိနိုင်ပါတယ် သေချာတာ အပြင်မှာ ၂ ဦးစလုံးနဲ့ အရင်တွေ့ကြည့်ပါလား ...အဲ့ သိတော့ဘူး ခေါင်းစားတယ် :P
ပြန်စဉ်းစားကြည့်တော့
တစ်ယောက်ယောက်က
ကျန်ရစ်ဖြစ်ခဲ့ရင်
နစ်နာတာတွေ ဖြစ်တတ်တယ်
ဒီတော့ အကောင်းဆုံးအနေနဲ့
နှစ်ယောက်လုံးမနှစ်နာအောင်
မင်းလုပ်တတ်ပါတယ် ...
လွယ်ကူပေမယ့်
သိမ်မွေ့ပြီး နက်နဲတဲ့ ကိစ္စဖြစ်တယ်နော်။
မိဘကျေးဇူးကို သိတတ်တဲ့ ကလေးဖြစ်တယ်။
မိဘကျေးဇူးကို မဖြစ်မနေ ဆပ်သင့်တယ် ဆိုရင်တော့ မိဘစကားကို နားထောင်ရမှာပေါ့နော်
အကြံပေးကြည့်တာပါ။
မိဘစကားနားထောင်တာကိုတော့ လေးစားပါတယ်အကိုရေ။ မိဘကျေးဇူးသိတတ်တာလည်းပဲကောင်းပါတယ်အကို အဆင်ပြေပျော်ရွှင်နိုင်ပါစေဗျာ။
လူပျိုပဲလုပ်တော့ အကိုရာ...
နှစ်ဖက်လုံး မနစ်နာရအောင်... :P
ဒီလိုပြောပြန်ရင်လည်း အကိုက ခံစားနေရတော့မယ်။ ဘာပဲဖြစ်ဖြစ် အကျိုးအကြာင်းကို စဉ်းစားပြီး ရွေးချယ်တာက ပိုကောင်းတာပေါ့နော်။ တစ်ဘ၀လုံးနဲ့ ဆိုင်တဲ့ ကိစ္စလေ... အဓိက ကိုယ့်ကို ရေရှည်ချစ်နိုင်မယ့်သူ၊ ကိုယ့်ကို ထာဝရ နားလည်ပေးနိုင်တဲ့သူက ဘယ်သူလဲ ဆိုတာပဲဗျ... ဘာပဲဖြစ်ဖြစ် အကို ပျော်ရွှင်နိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်... ညီမရဲ့စကားတွေ မှားခဲ့သည်ရှိ တောင်းပန်ပါ၏...း))
နောက်ဆုံးတော့ ဒီဘူတာကို ဆိုက်လာတာပဲ မဟုတ်လား။ အရပ်ကူပါ လူဝိုင်းပါ လုပ်လို့ ရတဲ့ ကိစ္စမှ မဟုတ်တာ။ အိမ်ထောင်ရေးကို နှလုံးသားနဲ့ ဆုံးဖြတ်မှာလား ဦးနှောက်နဲ့ ဆုံးဖြတ်မှာလား ဆိုတာ ကိုယ့်ဖာသာကိုယ် ချင့်ချိန် လုပ်ရမှာ ဖြစ်တယ်။ တစ်ယောက်ကတော့ နစ်နာရမှာ အမှန်ပါ။ အပေါ်က မေဒီဇာ ပြောသလို ကိုဝင်းဇော်ပဲ လူပျိုသိုးပဲ လုပ်ပါတော့ .. အဟီး
သင်္ချာတစ်ပုဒ်လို တွက်ရင်တော့ အဖြေက အကြွင်း (၁)ဖြစ်မှာပါ။ ဒါပေမယ့် နှလုံးနာနေစေတဲ့ အကြွင်း ပါပဲ။
စာရေးထားတာ ကောင်းတယ်။ ပျော်ရွှင်တဲ့ ရွေးကောက်ပွဲလေး ဖြစ်ပါစေလို့ ဆုတောင်းတယ်။
သံယောဇဉ် နဲ့ အချစ် ဆိုတဲ့ ၂ ထဲက ဘယ်ဟာကို ဦးစားပေးသင့်သလဲ..........
သေချာတာတစ်ခုကတော့ တစ်ယောက်သောသူက ကျန်ရစ်သူပဲလေ။
ကိုယ့်နဲ့ဖူးစာမှန်ရာက ကိုယ့်ဆီကိုလာမှာပါ ....... :P
အချစ်ကြောင့် ငယ်သံယောဇဉ်ကို ထားခဲ့တဲ့သူရှိသလို.... ငယ်သံယောဇဉ်ကြောင့် အချစ်ကို ကြောခိုင်းသွားခဲ့သူတွေ တစ်ပုံကြီးပါ......
လောကက ချစ်တိုင်းလည်းမညား....... ညားတိုင်းလည်းမချစ် ...
ညားတိုင်းသာ...... ချစ်ကြတဲ့သူတွေဆိုရင်တော့ လောကကြီးက ပျော်ရွင်စရာအတိပေါ့
မပေးချင်ပဲ ပေးရပြန်ပြီ ဒီလို အကြံတွေ ဟီးးးးးးး...
အကိုရေ မိဘစကားနားထောင်တာ ကောင်းမွန်တဲ့ လုပ်ရပ်တခုပါ။ ဒါပေမဲ့ အကိုက မိဘပေးစားမဲ့ကောင်မလေးနဲ့ကော သေချာ စဉ်းစားတိုင်ပင်ပြီး ပြီလား အကိုတို့က အဆက်အသွယ်တော့ ရှိတယ်လေ ဒါပေမဲ့ အပြင်မှ တွေ့ဖြစ်နေတာမဟုတ်တော့ သံယောဇဉ်ကို ဘယ်လောက်ထိ ရှိမလဲ သေချာစဉ်းစားကြည့်ဖူးလား မသိ။ 21 VS Me လေးကကော အားလုံး အိုကေနိုင်မလား အကောင်းဆုံးကတော့ အကို လူပျိုကြီး လုပ်လိုက်လေ ဒါဆို နှစ်ယောက်လုံးအေးဆေး ဟီးးးးးးးးးးးး
လေးစားလျက်
တောင်ပေါ်သား
အိမ်ကသဘောတူတာယူလိုက်
ကိုမောင်မျိုး ထင်မိသလိုပဲ ဒီကိစ္စကို အကို့ရဲ့စိတ်မှာ ဆုံးဖြတ်ပြီး ဖြစ်မယ် ထင်မိပါတယ်။ ကိုယ့်ကိုကိုယ် မလှည့်စားပဲ အနာဂတ် အိမ်ထောင်ရေးမှာ သာယာပျော်ရွှင်နိုင်မယ်(ယေဘုယျ အားဖြင့်ပေါ့။) ယုံကြည်ထားတဲ့ သူကို ရွေးချယ်ဗျာ။ နောက်ပြီး ချန်ထား ကျန်ရစ်ခဲ့မယ့် သူလဲ နားလည် လက်ခံနိုင်အောင် ကြိုးစားဖို့တော့ တာဝန် ရှိတယ် ထင်မိတယ်။ လွယ်မယောင်နဲ့ ခက်ခဲတဲ့ ကိစ္စပဲ။ မှန်ကန်ပျော်ရွှင်စွာ ရွေးချယ်မှု ပြုနိုင်ပါစေ။
အချိန်အတိုင်းအတာတစ်ခုလေး စောင့်ပါ။ ရုတ်တရက်ဖြစ်ပေါ်နေတဲ့ စိတ်ဟာ ဘယ်သူ့ဘက်အားသာနေတယ်ဆိုတာ စာဖတ်တဲ့သူတိုင်း သိနေပါတယ်။ ဒါကြောင့် အရာခပ်သိမ်းအဆင်ပြေစေချင်ရင် အချိန်လေးတစ်ခု စောင့်လိုက်ပါ (အဟဲ.. သိပ်အရေးမကြီးသေးဘူးဆိုရင်ပေါ့လေ).
အဟဲ ဖိုးချမ်းလေး ရေ လွတ်တဲ့ ငါးက ကြီးတတ်တယ်တဲ့ဗျာ.
ဒီတော့ အရင် ကိုယ့်လက်ထဲမှာ ငါးရံ့နှစ်ကောင် လုံးက ရောက်နေပြီလား ဆိုတာ သေချာစိစစ် ပါအုံး..
သေချာပြီဆိုမှ ကိုယ်ကြိုက်တဲ့ အကောင် ကိုယ်ချက်စား အဲလေ ရှုပ်ကုန်ပြီ..
ကိုယ်ကြိုက်တာ ကိုယ်ရွေးပြောတာ ဟိ ဟိ..
ကျွန်တော် ဆိုရင်တော့ ကိုယ်နဲ့ချစ်နေတဲ့ ဟာပဲ ရွေးမယ်
မိဘပေးစားမယ့်သူ က
မချစ်ခဲ့ပေမယ့်
ငယ်ငယ်တည်းက ဆိုတဲ့ သံယောဇဉ် ကြိုးလေးတစ်ချောင်းကိုမြင်နေရတယ်..
ဖိုးရှမ်းရင်ထဲမှာ နေရာ အပြည့်ယူထားတဲ့သူကတော့
အချစ်တွေသာ ရှိမယ်..
ရှိတဲ့ သံယောဇဉ် က စိတ်ကူးထဲက ပုံရိပ်ပါ..
အနှစ်သာရပြည့်ဝတဲ့ အိမ်ထောင်ကိုထူထောင်မယ်ဆိုရင်တော့
ငယ်သူငယ်ချင်း ကိုပဲ လက်ခံလိုက်ပါ...
မချစ်ခဲ့ကျတော့ရင်တောင် သူငယ်ချင်းဆိုတဲ့ လက်ကျန်သံယောဇဉ်လေးတော့ကျန်မှာပါ..
ညီမ အမြင်ကတော့ ကိုလင်းထက်ပြောသလို နှစ်ယောက်စလုံးက ကိုယ့်ကိုလက်ခံမှာ သေချာလား ဆန်းစစ်ပါဦး။ နှစ်ယောက်စလုံးက ကိုယ့်ကိုလက်ခံတယ် ရွေးချယ်မှုကို ကိုယ်ကလုပ်ရတော့မယ်ဆိုရင်တော့ကိုယ့် အတွက် ဘယ်တစ်ယောက်က အရေးအကြီးဆုံးလဲဆိုတာကိုမူတည်ပြီးဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်။ အမေက ကတိတောင်းခဲ့တာမှန် ပေမယ့် ဘယ်အမေမှကိုယ့်သားသမီးရင်ကွဲခံတာကို မြင်ချင်မှာမဟုတ်ပါဘူး။ အမေသာသက်ရှိထင်ရှားရှိခဲ့ရင် ကိုဖိုးရှမ်းအချစ်ကို အသိအမှတ်ပြုမှာပါ။ ညီမအမြင် အမေက ဒီကတိတောင်းခဲ့တယ်ဆိုတာ စီးပွားရေးကိုဇောက်ချ လုပ်ပြီး မပွေမရှုပ်ပဲ တည်ငြိမ်စေချင်လို့ အိမ်ထောင်ပြုဖို့မှာခဲ့တာဖြစ်မှာပါ။ ညီမ ၀တ္ထုတစ်ပုဒ် ဖတ်ဖူးတယ်။ အဲဒီအထဲမှာ မင်းသမီးက၂ယောက်ကို ယှဉ်ရွေးရတော့မယ့်အခါ သူ့ကိုယ်သူမေးခွန်း ၂ခုမေးတယ်။
Should I marry someone with whom I can live?
Or should I marry someone without whom I cannot live?
ကိုယ်အတူနေနိုင်နဲ့တူ ဒါမှမဟုတ် သူမရှိရင်ကိုယ်အသက်မရှင်နိုင်တဲ့သူ။ ကွန်မန့်ကရှည်သွားပြီ။ ဆရာကြီးလုပ်သလိုဖြစ်ရင် ဆောရီးနော်။ အဆင်ပြေပါစေ။
ဝင်းဇော်ရေ အဟမ်း အဟမ်း ပြန်တော့မယ်နော်။
အဲ့ဒါကြောင့်ပြောတာပေါ့.... Internet မသုံးပါနဲ့လို့... ဟီး
ရွေးစရာများနေရင်
မခေါ်ချင်တော့ဘူး။
ဘ၀တစ်သက်လုံးအတွက်
ရွေးချယ်မှုမှန်ကန်ပါစေလို့ပဲ ပြောချင်ပါတယ်။
ပျော်ရွှင်ပါစေ
တိုင်ပြောမယ်
(သင်္ကြန်သီချင်းမဟုတ်ဘူးနော်
အမှန်အကန်ပြောတာ)
ရှမ်းလေးရေ ...
ရှမ်းလေးနေရာမှာ ကိုယ်တိုင်ဝင်ခံစားကြည့်တယ် ... ငယ်သူငယ်ချင်းက ကိုယ်နဲ့အဆက်အသွယ်ရှိတာဟုတ်ပါရဲ့ .. သူမှာရော ရှမ်းလေးလို သံယောဇဉ်တစ်ခုခုများရှိနိုင်မလား ... ပွင့်ပွင့်လင်းလင်းမေးဖို့လိုမယ်ထင်ပါတယ် ... သေချာဆွေးနွေးကြည့်ပေါ့ ... လေလှိုင်းပေါ်ကသူလေးကျ တော့ရော ...သေချာယုံကြည်ရပါ့မလား(နစ်နာလိုစိတ်မရှိပါဘူးနော်) ဘယ်လောက်ထိ ဆွေးနွေးပြီးပြီလဲ ကိုယ့်ဘက်ကပဲ စိတ်ပါနေသလား ... သူ့ဘက်ကစိတ်ပါတာကရော ကိုယ်လိုရာဆွဲတွေးထားတဲ့ ကိုယ့်အထင်လား သေချာဆန်းစစ်စေချင်ပါတယ် ... အဲ့ဒါတွေလုပ်ပြီးလို့ ကိုယ်ရွေးချင်တဲ့သူကို ဆုံးဖြတ်ချက်ချပြီးရင်တော့ နောက်လှည့်မကြည့်တမ်းပေါ့ ... ဆိုးဆိုးကောင်းကောင်း ကိုယ့်ရွေးချယ်မှု့ရဲ့ရလဒ်ကို ကိုယ်ပဲခံရမှာလေ ... ပြင်ဆင်ပြီးရင်တော့ ကြိုက်တာသာရွေးလိုက်ပေတော့လို့ပဲပြောချင်ပါတယ် ...
ကာယကံရှင်ကိုယ်တိုင်ဆုံးဖြတ်ပေါ့
အကောင်းဆုံးက လူပျိုကြီးလုပ်လိုက်ပါ
အဟီး
အဟမ်း အဟမ်း ပြန်ပြီနော် ( သိနေတယ် ) အဟေးးး
စာနာနားလည်ပါတယ်
ရှိတဲ့သူတွေ ကျတော့လည်း
ခွဲတမ်းနဲ့ကို ကြွားနေပြန်တယ်
မနာလိုတော့ဘူး။
ဒီလိုကိစ္စကျတော့ ပြောရခက်တယ်လေ
ကိုယ့်ခံစားချက် မဟုတ်တဲ့အခါကျတော့လေ
ဒါပေမယ့် ပြောနိုင်တာကတော့
အကို့ ရွေးချယ်မှုက အရေးကြီးပါတယ်။
ဘ၀တသက်တာနဲ့ဆိုင်တာမို့လို့ပါ။
နောင်နှစ်မှ အဖြေသိရမဲ့သဘောပဲ။
အမြန် ကေကေ ပါစေ။
ဘယ်လိုပြောပြရမှန်းမသိလို့ ပြန်ပြီကွာ
ဒါမျိုးကလဲ ကိုယ်တိုင်ဆုံးဖြတ်ရမဲ့ အရာဆိုတော့
......း)
ပြောရရင်တော့ အစ်ကိုရေ။ ကျနော်က ဗေဒင်လိုင်းဘက်က လူသာဖြစ်တဲ့အတွက် အဲဒီနှစ်ယောက်ဇာတာနဲ့ အစ်ကို့ဇာတာကိုသာ တိုက်ဆိုင်စစ်ဆေးကြည့်ချင်စမ်းပါဘိဗျာ။ နောက်တာနော်။ ဟဲဟဲ။ အိမ်ထောင်ရေးဆိုတာ ထီတစ်မျိုးပဲလို့တော့ အဘ မင်းသိင်္ခက ဆိုဖူးတယ်။ သိန်းတစ်ထောင်တင်မက ၊ စကော့တလန်ထီပါပေါက်ပါစေဗျာ။
:P
လုပ်မ နေနဲ့  ဘယ်သူ မှ မယူနဲ့ ... ကျွန်တော့မှာ အဒေါ်ချောချောလေး တစ်ယောက်ရှိတယ်ယူမလား လိပ်စာ ပေးမယ်...။
စတာ (မဟုတ်ဘူး-အတည်ပြောတာ.. ကျွန်တော့အဒေါ် လည်း အကို့ လို့ ဖြစ်ပြီး အပျိုကြီးဖြစ်သွားတာ)
အကို့ ငယ်သူငယ်ချင်း ကို အကျိုးအကြောင်းပြော ပြ သင့်တယ် လို့ မထင်ဘူးလား..။ အကို့ ရီးစား ကတော့ သွား မပြောနဲ့ ... အငယ် တွေ ကအားကြီး ပြောရခက်တာ..။ သူ့ မှာလည်း အကို့ လို့  အဖြစ်မျိုး ရှိနေ ရင် နှစ်ဦးနှစ်ဖက် အဆင်ပြေ သွားတာပေါ့.. သူ့ မှာအဲ့လို မျိုး မရှိလည်း ... တကယ်လို့ သူ့ ကို ယူဖြစ် ခဲ့တယ်ဆိုရင် သူ အကြောင်းစုံသိထား ရတော့ လိပ် ပြာ သန့် တာပေါ့.. အကို့ ဘက်က..။ ဟုတ်ဘူးလား.။
ရီးစား ကောင်မလေး ကရော သေချာ ရဲ့လား... .။ သူ က ရော အကို နဲ့ တစ် သက်စာ လက်တွဲ ဖို့ စိတ်ကူး ရှိ ရဲ့လား...။ သေချာမေးကြည့်ပါဦး...။
နောက်ဆုံးအစဉ်းမပြေ ရင်တော့ ကျွန်တော့ အဒေါ် သာယူလိုက်တော့ ဟိဟိ..။
အဲ့လို မျိုးတွေ ဝေ လွန်းလို့ သူလည်း အပျိုကြီးဖြစ်နေရှာတာ..။ အကိုလည်း ထို နည်းလည်ကောင်း ဖြစ်သွားမယ်နော်..။
(အိမ်)ထဲက
(ထောင်)ကျတော့မယ့်သဘောပေါ့
(ခြင်)ထောင်ထဲ
(ထောင်)ကျရင်တော့ အကျကောင်း
ဖြစ်မှာပါ .. ..
a ko ka loke like pyan p ;P
Post a Comment