Tuesday, July 8, 2008

အန္တရာယ်ကင်းကင်း ကိုယ်အလေးချိန် လျှော့ချမယ်

အန္တရာယ်ကင်းကင်း ကိုယ်အလေးချိန် လျှော့ချမယ်

အန္တရာယ်ကင်းကင်းနဲ့ ကိုယ်အလေးချိန် လျှော့ချတဲ့ နည်းလမ်းတွေထဲမှာ တစ်ခုကတော့ ထမင်းမစားခင် နာရီဝက်၊ လေးဆယ့်ငါးမိနစ် လောက်အလိုမှာ သစ်သီး ဖျော်ရည် သောက်တဲ့နည်းလမ်း ဖြစ်ပါတယ်။ သစ်သီး ထဲမှာ ပါဝင်တဲ့ ဖရုတို့စ် (Fructose) သကြားဓာတ်ဟာ ဂလူးကို့စ် ဒါမှမဟုတ် အချိုအတုတွေထက် ခံတွင်း တွေ့မှု ကိုပိုပြီး ထိန်းချုပ်နိုင်တဲ့ အရာဖြစ်ပါတယ်။

ယေးတက္ကသိုလ်က သုတေသီတွေ လေ့လာတွေ့ရှိတာက လူမှုဝန်ထမ်း လုပ်အားပေးတွေကို တစ်ခြားအဖျော် ယမကာ တွေသောက်ပြီးတဲ့နောက် နာရီဝက်မှာ အစာစားဖို့ ပြောပါတယ်။ အဲဒီအခါမှာ သစ်သီးဖျော်ရည် သောက်တဲ့ သူတွေက ၂၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်း၊ ကယ်လိုရီ ပိုနည်းနည်းနဲ့ အဆီးနည်းနည်းကိုသာ စားကြ ပါတယ်။

ဒါပေမယ့် ဂလူးကို့စ်ခေါ် သကြားဓာတ်နဲ့ အချိုကဲထားတဲ့ ဖျော်ရည်သောက်သူတွေက အချိုတုတွေနဲ့ ပြုလုပ် ထားတဲ့ ဖျော်ရည်သောက်သူတွေ ထက် ၁၀ ရာခိုင်နှုန်း လျှော့ပြီး စားကြပါတယ်။ ဒါကြောင့်မို့လို့ ဘလော့ဂ် ဂါ မမ၊ ညီမလေး တို့လည်း ထမင်းမစားခင် သစ်သီးဖျော်ရည်သောက်ပြီးမှ အစားစားမယ်ဆိုရင် မော်ဒယ်လ် လေး တွေလို အဆီကျပြီး ခန္ဓာကိုယ် အချိုးအစား ပြေပြစ် လှပလာမှာ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၄၁)


www.video.phpmyanmar.com

အခုခေတ် လူငယ်တွေ ရေပန်းစားနေတဲ့ ကိုရီးယား မင်းသား၊ မင်းသမီးတွေ အကြောင်းကို တင်ထားတဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ကိုရီးယား မင်းသား၊ မင်းသမီးများရဲ့ အကြောင်းကို တစ်ဦးချင်းကဏ္ဍ အလိုက် တင်ပြ ထားပါတယ်။ ဒါ့အပြင် ကိုရီးယားတို့ရဲ့ ဘ၀သရုပ်ဖော် အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ကိုရီးယား သီချင်း နှစ်သက်သူများ အတွက်လည်း ကဏ္ဍတစ်ခုအနေနဲ့ နားဆင်နိုင် ပါတယ်။ ကိုရီးယား ဇာတ်လမ်း တွေ ကြည့်ရှုနိုင်အောင်လည်း movie အနေနဲ့ တင်ထားပါတယ်။ ကိုရီးယားတို့ရဲ့ ယဉ်ကျေးမှု၊ အလေ့အထ၊ အနုပညာ အကြောင်းအရာများကို ရှုထောင့်အမျိုးမျိုးက နေ တွေ့မြင်နိုင်ပါတယ်။ အထင်ရှာဆုံး မင်းသား၊ မင်းသမီး (၁၀)ဦး ရဲ့အကြောင်းကို ဓာတ်ပုံများနဲ့ အတူ ဖော်ပြထားပါတယ်။ ဘာသာပြန်ပြီး ဇာတ်လမ်းတွဲ များကိုလည်း ကြည့်ရှု နိုင်ပါသေးတယ်။ ဒါကြောင့် ကိုရီးယား မင်းသား၊ မင်းသမီးများ အကြောင်း ကို အသေးစိတ် သိရှိလိုသူများ ပရိသတ်များ အနေနဲ့ ၀င်ရောက် လေ့လာ ကြည့်ရှုနိုင်ပါတယ်။

Monday, July 7, 2008

ဖိုးမောင်လာပြီ

ဖိုးမောင်လာပြီ

မှိုင်းညိုညဥ့်ရိပ် ၊ လူခြေတိတ်၌
ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ ၊ အသံမှာကား
ညခါငါးထောင် ၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင်သံကြား ၊ ကင်းသမားက
တံခါးကြီးအောက် ၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ၊ ဖွင့်လိုက်ပါသော်
ယာတွင် အုပ်ဆောင်း ၊ ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုင်းကိုင်း ၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ၊ ရွာကိုဝင်သည်
လူပင်လေလား ၊ တစ္ဆေလား။

တစ္ဆေမကြောက် ၊ မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင် ၊ ညဥ့်မှောင်တွင်း၌
သူလျှင်ငါးရှာ ၊ မကျွေးပါက
ထိုရွာသူသား ၊ လူအများတို့
ငါးစိုး ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး ၊ လခြမ်းကွေး၍
ရွာဘေးကျီပျက် ၊ မှောင်နက်နက်မှ
ဇီးကွက်ကအော် ၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် ၊ ဂုတ်ကျားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား။

သို့ဖြစ်သော်ငြား ၊ ခါတစ်ပါးသို့
တံခါးဝင်လို ၊ သူမဆိုဘဲ
မောင်းကိုထုပါ ၊ လူစုပါဟေ့
ရွာကိုဘေးမှ ၊ ကာကွယ်ကြလော့
ဓားပြငါ့အား ၊ ဖမ်း၍ထားဟု
စကားမဆုံး ၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒိုင်းဒိန်းသံ ၊ ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း။

ဖိုးမောင်နိဂုံး ၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ၊ ဟည်းလျက်ပါတည့်
ဘယ်ခါမဆို ၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဥ့်ရိပ် ၊ လူခြေတိတ်၌
ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင် ။ ။

( မင်းသုဝဏ်/၁၉၆၂၊ဒီဇင်ဘာ-၅ )

စိတ်ကောင်းနှလုံးကောင်း ရှိတဲ့ လူသားတို့ဟာ လူသားအချင်းချင်း လူပီသစွာ စောင့်ရှောက် ကာကွယ်ပေးကြ တယ်။ အေးအတူ ပူအမျှ နေထိုင်စားသောက်ကြရင်း တစ်ဦးကိုတစ်ဦး ကူညီ ရိုင်းပင်းကြ ကုန်တယ်။ ထိုလူသား များ ရှိတဲ့ ပတ်ဝန်းကျင် သည် ငြိမ်းချမ်း သာယာခြင်း ရှိကုန်ပြီး ဖွံ့ဖြိုးတိုးတက် စည်ပင်ကုန်တယ်။ ဒါကြောင့် စိတ်ကောင်း နှလုံးကောင်း ရှိတဲ့ လူသားတို့ ဤလူ့လောကတွင် အများအပြားပင် လိုအပ်ပါတယ်။ လူသား အချင်းချင်း ကာကွယ်ပေးခြင်းသည် မွန်မြတ်သော မင်္ဂလာတရား ဖြစ်ပါတယ်။ ကူညီ စောင့်ရှောက် တတ် တဲ့သူကို လည်း လူအများက နှစ်လို ချစ်ခင်ကြတယ်။

ကဗျာကဝိကြီး၊ ဆရာကြီး မင်းသုဝဏ်ရဲ့ လူအချင်းချင်း စောင့်ရှောက်ကာကွယ်သူအကြောင်း ဂုဏ်ပြု ကဗျာလေး ကို ထပ်ဆင့်မျှဝေလိုက်ပါတယ်။

Friday, July 4, 2008

ကွာကွာမားမား Web ကမ္ဘာ (၄ဝ)



www.Healia.com

Healia အမည်ရှိ ကျန်းမာရေး စောင့်ရှောက်မှု search engine သစ်ဟာ ရောဂါလက္ခဏာတွေ၊ ကုထုံးတွေ စတဲ့အချက်အလက်များ filter လုပ်တာ၊ ပုဂ္ဂိုလ်ရေး ဗီဇစရိုက်တွေ အပေါ် အခြေပြုထားတဲ့ search တွေ ပေါများ နေတာတွေကို လျော့ကျစေမယ့် search တစ်ခု ဖြစ်ပါတယ်။ အသုံးပြုသူဟာ လိင်၊ အသက်၊ လူမျိုးနဲ့ အခြားသော အချက်အလက်တွေပေါ်မှာ အခြေပြုထားတဲ့ search တွေကို personalize ပြုလုပ်နိုင်ကြပြီလို့ သိရပါတယ်။ ဒါ့အပြင် Healia ဟာ ကြိုတင်ကာကွယ်မှု Prevention ၊ ဘေးထွက်ဆိုးကျိုး side effect စတဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့ အဖြေတွေနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ အခြေအနေတွေမှာ filter အလိုလို လုပ်ပေးမှာ ဖြစ်ပါတယ်။

ပဓာနကျတဲ့ searching engine ကြီးတွေမှာ ဆေးဘက်ဆိုင်ရာ သတင်းအချက် အလက်များ ရှာဖွေရာမှာ ရရှိတဲ့ search result အများစုဟာ ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်တွေကိုသာ ဦးတည်သွားတတ် ပေမယ့် Healia ကတော့ ယုံကြည်စိတ်ချရတဲ့ စာကြည့်တိုက်မှူးတစ်ယောက်လို ဆေးဘက် သတင်းအချက်အလက် ထောင်၊ သောင်းထဲမှာ သုံးစွဲသူအတွက် သိလိုရာကို ကွန်ရက်ပေါ်မှာ ရှာဖွေပေးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၃၉)



www.astrology.com

ဗေဒင်ဝါသနာရှင်များနဲ့ ဗေဒင်ပညာကို စတင်လေ့လာလိုက်စားသူများ တွင်ကျယ်စွာ အသုံးပြုကြတဲ့ ဝက်ဘ်ဆိုက် တစ်ခုဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်တွင် တရုပ်ရိုးရာဗေဒင်၊ တားရော့ခ်၊ ဂဏန်းဗေဒင် နှင့် ရာသီခွင်ကို ကြည့်ပြီး ဟောတဲ့ ဗေဒင် စသည့်ပညာရပ်များ စုံလင်စွာ ပါရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နှလုံးသားရေးရာ ကဏ္ဍ၊ ဆယ်ကျော်သက် ကဏ္ဍ၊ နိမိတ်ဟောကိန်း ကဏ္ဍ စသဖြင့် အထူးကဏ္ဍများလည်း ပါဝင်ပါတယ်။ မိတ်ဆွေရဲ့ နာမည်၊ မွေးလ၊ မွေးရက်၊ မွေးနှစ်ကို ထည့်သွင်းလိုက်လျှင် software ဖြင့် သင့်အတွက် နက္ခတ္တဂြိုဟ်ခွင် ဟောစာတမ်းကို ထုတ်ပေးမည် ဖြစ်သည်။ သင့်ရဲ့ အနာဂတ် စိတ်ကူး စိတ်သန်းများနဲ့ ပတ်သက်လို့လည်း ဗေဒင် အရ အတိုင်ပင်ခံသည့် ကဏ္ဍပါဝင် ပါတယ်။ လာဘ်ပွင့်သည်လို့ အရှေ့တိုင်းတွင် ယူဆကြတဲ့ ချက်ကရာ ပုံများကို လည်း ထည့်သွင်းကြတယ်။ (၇)ရက် သားသမီးများ အတွက် တစ်နှစ်စာ ဟောစာတမ်း များကိုလည်း ရာသီခွင် အလိုက် တွက်ချက်ပေးထားပါတယ်။ ၀န်ဆောင်မှုများ အနေနဲ့ နေ့စဉ် ဟောစာတမ်းများကို အီးမေးလ် နဲ့ user များထံသို့ ပေးပို့ခြင်း၊ စုဆောင်းပေးထားခြင်း၊ စိတ်ခွန်အား တိုးပွားစေမည့် အကြံပြုချက် စာသားများကို ထည့်သွင်း ပေးထားခြင်း စသည်တို့ကို Astrology.com တွင် တွေ့ရှိရပါတယ်။ ၀ါသနာပါတဲ့ ဘလော့ဂ် မောင်နှစ်မ များ သွားဖြစ်အောင်တော့ သွားလိုက်ကြပါ။

Thursday, July 3, 2008

ကိုယ်ပိုင်ဒိုမိန်းဖန်တီးခြင်း

ကိုယ်ပိုင်ဒိုမိန်းဖန်တီးခြင်း

အခမဲ့ဝက်ဘ် space ပေးထားသော ၀န်ဆောင်မှုများ၏ အဓိကပြဿနာမှာ မနှစ်မြို့ဖွယ်၊ ရှည်လျားသော လိပ်စာကို ရရှိခြင်းပင်ဖြစ်သည်။ ဥပမာ သူဇာ ဆိုသူက myisp.com တွင် အခမဲ့ဝက်ဘ် space ရယူပါက သူမ၏ လိပ်စာမှာ http://webspace.myisp.com/thu_zar3 ကဲ့သို့ ဖြစ်နေပေမည်။ သူမအတွက်ကတော့ www.thuzar.com ကဲ့သို့ ရိုးစင်းပြီး တိုက်ရိုက်ကျသော လိပ်စာများက ပိုမိုအဆင်ပြေမည် ဖြစ်သည်။ အကယ်၍ thuzar.com နာမည်အတိအကျကို အခြား တစ်ယောက်က လက်ဦးပြီး ဖြစ်ပါက .com အစား .net, .info စသည် တို့ကို စမ်းကြည့်ခြင်း (သို့မဟုတ်) မူလပိုင်ရှင်ထံမှ ပြန်လည် လွဲပြောင်းဝယ်ယူရန် ကြိုးစားခြင်း စသည် တို့ကို ပြုလုပ်ရတော့သည်။ မိမိစိတ်ကြိုက် ဝက်ဘ်ဆိုက် လိပ်စာများကို domain registry များတွင် အခကြေးငွေ အနည်းငယ်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ ထင်ရှားသော ဒိုမိန်း မှတ်ပုံတင်ဝက်ဘ်ဆိုက် များမှာ www.domaindirect.com, www.domainmonger.com နှင့် www.register.com တို့ဖြစ်ပါသည်။ ဒိုမိန်းနိမ်း မှတ်ပုံတင်ရာတွင် မိမိ သက်ဆိုင်ရာ နိုင်ငံ၏ ကတ်ကိုထည့်သွင်းလိုပါက ဥပမာ www.thuzar.com.mm မှတ်ပုံတင်ရာ ဌာနတွင် တောင်းဆို နိုင်ပါသည်။

ဒိုမိန်းနိမ်းတစ်ခု မှတ်ပုံတင်ရာတွင် ၀န်ဆောင်မှုနှင့် ပတ်သက်၍ ရွေးချယ်စရာ option များပေးထားလေ့ ရှိပါသည်။ Name registration နှင့် web space တွဲလျက်ပါ package များကို register များက ရောင်းချလေ့ ရှိပြီး များသောအားဖြင့် ကောင်းမွန်ပြည့်စုံသော ၀န်ဆောင်မှုများ ဖြစ်ကြသည်။ နောက် option တစ်မျိုးမှာ web forwarding ဖြစ်သည်။ သင်ဝယ်ယူထားသော www.thuzar.com လိပ်စာကို နဂိုရှိပြီးသား http://webspace.myisp.com/thu_zar3 သို့ ၀င်ရောက်ရာ ဂိတ်ပေါက်ဝ အဖြစ် ဆောင်ရွက်စေခြင်းမျိုး ဖြစ်သည်။ နောက်ထပ် option တစ်မျိုးမှာ DNS server များကို သုံး၍ ဒိုမိန်းနိမ်းနှင့် မိမိစိတ်ကြိုက် ၀န်ဆောင်မှု ပေးနိုင်သော host service များမှ web server များကို ချိတ်ဆက်ခြင်း ဖြစ်သည်။ သီးခြား web hosting ၀န်ဆောင်မှုများနှင့် ပတ်သက်သော နှိုင်းယှဉ်စရာ အချက်အလက်များကို www.findahost.com, www.tophosts.com နှင့် www.webhostmagazine.com စသည်တို့တွင် လေ့လာနိုင်ပါသည်။ Free server (www.freeserver.com) နှင့် Virtual Avenue (www.virtualave.net) တို့ကဲ့သို့ web hosting ကို အခမဲ့ ပေးသောနေရာများ ရှိသော်လည်း ၀န်ဆောင်မှု အမြန်နှုန်း၊ ယုံကြည်စိတ်ချရမှု၊ ရေရှည် အာမခံချက် ရှိမှု စသည် တို့တွင် အခကြေးငွေ ပေးရသော ကော်မာရှယ် ၀န်ဆောင်မှုများကို မယှဉ်နိုင်ချေ။ (YKM)

ကွာကွာမားမား Web ကမ္ဘာ (၃၈)



www.timeanddate.com

Time and date.com သည် ကမ္ဘာပေါ်ရှိ အရပ်ဒေသ အသီးသီးရဲ့ အချိန် နာရီဇုန်များကို ချက်ချင်းသိနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ကမ္ဘာ့ဒေသဇုန်များ၊ မြို့ကြီးများရဲ့ နာရီများကို အက္ခရာစဉ် အလိုက် အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ နိုင်ငံအသီးသီးရဲ့ ပြက္ခဒိန်တွေနဲ့ နှစ်ငါးရာ ကဲ့သို့သော ကဏ္ဍများကိုလည်း ထည့်သွင်းပေး ထားပါတယ်။ ဒါ့အပြင် နှစ်သစ်ကူး အချိန်ကာလများ အတွက် Countdown နဲ့ အခြားအရေးပါတဲ့ နေ့ရက်များ အတွက် Counter များကိုလည်း ထည့်ထားပေး ပါတယ်။ ဝက်ဘ်ဆိုက်ကို နော်ဝေနိုင်ငံသား Steffen Thorsen က တည်ထောင်ထားတာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်မှာ လဆန်း လဆုတ် တွက်ချက်တဲ့ကဏ္ဍ၊ ရက်ထပ်နှစ် ဖော်ပြပေးတဲ့ကဏ္ဍ တို့လည်းပါဝင်ပြီး မိမိကိုယ်ပိုင် ပြက္ခဒိန် အမျိုးမျိုးကိုလည်း ရေးဆွဲဖန်တီး နိုင်ကြောင်း တွေ့ရှိ ရပါတယ်။ စိတ်ဝင်စားစရာမို့ မျှဝေပေးလိုက်ပါတယ်။

Wednesday, July 2, 2008

ကွာကွာမားမား Web ကမ္ဘာ (၃၇)



www.gettyimages.com

ဤဝက်ဘ်ဆိုက်သည် သတင်းမီဒီယာ လောကသားများ အတွက် မကုန်ခမ်းနိုင်သော ရုပ်ပုံ၊ ဓာတ်ပုံဆိုင်ရာ ဘဏ္ဍာတိုက်ကြီး တစ်ခုဖြစ်ပါတယ်။ အခကြေးငွေ ပေးစရာမလိုဘဲ မူပိုင်ခွင့်တစ်မျိုးတည်းဖြင့် ရယူနိုင်တဲ့ ဓာတ်ပုံ ပေါင်း များစွာရှိပါတယ်။ ဓာတ်ပုံများလည်း အမျိုးအစားစုံလင် လှပါတယ်။ အနုပညာမြောက် သက်ငြိမ် ဓာတ်ပုံ မှ သည် သတင်းမှတ်တမ်း ဓာတ်ပုံများ၊ ရုပ်ရှင်ဇာတ်ဝင်ခန်း ဓာတ်ပုံများအဆုံး တွေ့ရမှာ ဖြစ်တယ်။ စုဆောင်း ပေးထားတဲ ဓာတ်ပုံများဟာ အပျော်တမ်းရော၊ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာများရဲ့ ပညာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ရဲ့ Editorial ကဏ္ဍအောက်မှာ ကမ္ဘာ့နောက်ဆုံး ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် သတင်း ဖြစ်ရပ်မှန်တွေ၊ အားကစားနဲ့ ဖျော်ဖြေရေး လှုပ်ရှားမှုတွေကို မိနစ်နှင့်အမျှ Update လုပ်ပေးထားတဲ့ သရုပ်ဖော်ပုံ များရှိပါတယ်။ ထို ဝန်ဆောင်မှုကို သတင်း မီဒီယာအတွက် သီးသန့် ပေးထားတာ ဖြစ်ပါတယ်။ အခမဲ့ ၀န်ဆောင်မှု စနစ်ကိုသုံးကာ အွန်လိုင်း ဓာတ်ပုံ ဂယ်လာရီ ဝက်ဘ်ဆိုက်များနဲ့လည်း တိုက်ရိုက်ချိတ်ဆက် လင့်ခ်ထား ပေးပါတယ်။ ဝက်ဘ်ဆိုက်ရဲ့ အားသာချက် တစ်ရပ်က မည်သည့် အပျော်တမ်း (သို့မဟုတ်) ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာကို မဆို အဖွဲ့ဝင်အဖြစ် ပူးပေါင်းနိုင်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်းလုံး ဖြန့်ကျက်ထားတဲ့ Getty Images ရဲ့ အခြေစိုက် စခန်းတွေမှာ အလုပ်လုပ်ပြီး အစွမ်းပြခွင့်ရမယ့် အခွင့်အလမ်းတစ်ရပ်လည်း ပေးထားတာ တွေ့ရတယ်။

Tuesday, July 1, 2008

အတုယူထိုက်သော ဆရာများ

အတုယူထိုက်သော ဆရာများ

လူ့အဖွဲ့အစည်းများတွင် မိဘနှင့်သားသမီး၊ အလုပ်ရှင့်နှင့် အလုပ်သမား၊ ဆရာနှင့် တပည့် ဟူသော စုံတွဲ အဖွဲ့အစည်းများ ပါဝင်နေပါသည်။ ယင်းတို့ရှိရာတွင် ဆရာဟူသည် ပညာပေးသူဖြစ်၍ တပည့်ဟူသည် ပညာ သင်ယူသူဖြစ်သည်။ ဆရာသည် တပည့်ထက် အသိဥာဏ် ဗဟုသုတ အစစသာလွန်သည်။ ယင်းသို့ သာလွန် နေသည့်အခါအားလျှော်စွာ ဆရာသည် တပည့်အား ပညာသင်ပေးသူသာ ဖြစ်သင့်၍ တပည့်ထံမှ တစ်ဖန် ပညာသင်ယူသူ မဖြစ်သင့်ဟု ယူဆကြသည်။

တပည့်ဖြစ်သူ၏ ဆုံးမစကား၊ အကြံပြုစကားများကို အလေးတမူ နားမထောင်နေသင့်၊ မှတ်ယူမနေသင့် ဟု ယူဆကြသည်။ ယင်းယူဆချက်များကြောင့်ပင် အချို့ ဆရာဖြစ်သူတို့သည် တပည့်ဖြစ်သူက မှားကွက်၊ ဟာကွက် များထောက်ပြ၍ တင်ပြလာသောအခါ လက်မခံကြဘဲ ပစ်ပယ်တတ်ကြ လေသည်။
အချို့သည် ပစ်ပယ်ရုံသာမက ငါလိုဆရာမျိုးကို မင်းက ဆရာလာလုပ်ရသလား ဟု ဆရာမာန်တက်ကာ တပည့် ဖြစ်သူကို လှိမ့်၍ ဖိငေါက်တတ်သည်။ ရှက်ရမ်းရမ်းတတ်သည်။ ရိုက်နှက်တတ်သည်။

သို့ရာတွင် လောကကြီးတွင်း၌ သိစရာများ၊ အသိပညာများ များမြှောင်လှပေသည်။ မကုန်နိုင် မခန်းနိုင်ချေ။ အသိဥာဏ် ဟူသည်မှာလည်း အာသဝေါကုန်ခန်း ရဟန္တာမဖြစ်သေးသမျှ လုံးဝဥဿုံ မပြည့်စုံနိုင်သေးပေ။
သို့ဖြစ်၍ တစ်ခါတစ်ရံ သတိတရား အသိတရား ချွတ်ချော်တိမ်းပါးကာ မှားယွင်းနိုင်ပါသေးသည်။ ထိုအခါ တပည့် ဖြစ်သူက ထိုမှားကွက် ဟာကွက်ကို ထောက်ပြ၍ အမှန်တရားသို့ရောက်ရန် တင်ပြလာတတ်ပေသည်။ ထိုအခါ တပည့်ဖြစ်သူ၏ တင်ပြချက်သည် မှန်ကန်ပါက ဆရာမာန်မတက်ဘဲ ကြည်ဖြူစွာ လက်ခံသင့်ကြ ပေသည်။ မိမိ အမှားကို ရဲဝံ့စွာ ဝန်ခံသင့်ကြပေသည်။ ထိုသို့သော ဆရာမျိုးသည် အတုယူထိုက်သော ကြည်ညို ထိုက်သော ဆရာမျိုးဖြစ်လေသည်။

ကွာကွာမားမား Web ကမ္ဘာ (၃၆)



www.edufind.com

လူမျိုးခြား ဘာသာစကား တစ်ခုခုကို လေ့လာနေသူများ မကြည့်မဖြစ် ၀င်ကြည့်သင့်သော ဝက်ဘ်ဆိုက်ဖြစ် ပါတယ်။ ကမ္ဘာပေါ်ရှိ ဘာသာစကား အားလုံးနီးပါးကို လေ့လာ သင်ယူနိုင်မည့် လမ်းညွှန်ချက်များ ထည့်သွင်း ပေးထား ပါတယ်။ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ မန်ဒရင်း စတဲ့ အဓိက ကမ္ဘာသုံး စကားများကို သင်ယူလိုသူများ အတွက် သိသင့် သင့်ထိုက်တဲ့ သတင်းအချက်အလက်များ၊ သင်ကြားရေး ဌာနလိပ်စာများ၊ သင်ရိုးစာအုပ် စာတမ်းများ၊ ခန့်မှန်းခြေ ကုန်ကျစရိတ်များ စသည်ဖြင့် စုံစုံလင်လင် ထည့်သင်းဖော်ပြထားပါတယ်။ မြန်မာ စကားကို သင်ယူလို သော နိုင်ငံခြားသားများ အတွက်လည်း လင့်ခ်တစ်ခု ပေးထားပါတယ်။ မိမိတတ်ထားတဲ့ တိုင်းတစ်ပါး ဘာသာ စကားနဲ့ မည်သို့ အလုပ်အကိုင်များ ရရှိနိုင်သည် ဟူသော သတင်းများကိုလည်း ထည့်ပေး ထားပါတယ်။ ဘာသာစကား သင်ယူရာမှာ သမားရိုးကျ နည်းလမ်းများအပြင် ဂိမ်းများ၊ interactive လေ့ကျင့်ခန်းများနဲ့ မိမိရဲ့ အဆင့်ကို စမ်းစစ်နိုင်တဲ့ စာမေးပွဲပုံစံများ ပါဝင်ပါတယ်။ ဒါ့အပြင် ပညာရေး ၀န်ဆောင်မှု လုပ်ငန်းများနဲ့ ပတ်သက်တဲ့ ကြော်ငြာများ ထည့်သွင်းနိုင်ရန် အတွက်လည်း edusearch.com က စီစဉ်ပေးနိုင် ပါတယ်။