ဝေလေလေ - ဘစ်ကွိုင် (Bitcoin)
(၁)
Bitcoin ဆိုတာ ဘာလဲလို့ သိပြီးသူတွေ အတွက် ရေးတာဆိုတော့ ဘာလဲလို့ အဓိပ္ပာယ်ဖွင့် မနေတော့ပါဘူး။ မသိသေးသူတွေ အတွက် အနည်းငယ် မိတ်ဆက် ပေးရရင် ဘစ်ကွိုင်ဆိုတာ ဒစ်ဂျစ်တယ်စနစ်နဲ့ လုပ်ထားတဲ့ ငွေကြေးပါ။ ငွေကြေးဆိုပေမယ့် ဘယ် ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှု အောက်မှာမှ မရှိဘူး။ ကြားခံမပါဘဲ၊ ကိုယ့်အချင်းချင်း အပေးအယူ လုပ်နိုင်တယ်။ မှန်၊ မမှန်ကိုလည်း စစ်ဆေးနိုင်တယ်။ တခြား ငွေကြေးတွေ၊ ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေနဲ့ လဲလှယ်နိုင်တယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အထိ ဘစ်ကွိုင်နဲ့ ပေးတာကို လက်ခံတဲ့ လုပ်ငန်းတွေ တစ်သိန်းလောက် ရှိတယ်။ ၂၀၁၇ ခုနှစ်မှာ ဘစ်ကွိုင် အသုံးပြုနေသူတွေ ၃ သန်းကနေ ၆ သန်းလောက် အထိ ရှိနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိတယ်။ ဘစ်ကွိုင် ကို BT တို့ XBT တို့ ဆိုတဲ့ သင်္ကေတတွေနဲ့ သုံးစွဲ သတ်မှတ်ပြီး တစ်ယူနစ်ရဲ့ တစ်ထောင်ပုံတစ်ပုံ ကနေ တစ်သန်းအထိ ပုံပြီး အရောင်းအ၀ယ် အပေးအယူ လုပ်လို့လည်း ရတယ်။
တစ်ရက်က နေပြည်တော်က အပြန် လေဆိပ်မှာ မိတ်ဆွေဟောင်းတွေ ဆုံကြတော့ အဲဒီ ဘစ်ကွိုင် အကြောင်း ရောက်သွားတယ်။ ဒီအကြောင်းကို ဘာမျှ ခုအချိန်အထိ မရေးသေးပါဘူး။ ကိုယ်မလေ့လာ ရသေးတဲ့ အကြောင်းအရာ ဖြစ်နေလို့ပါ။ ဒါပေမယ့် သတင်းစာထဲမှာ ဘစ်ကွိုင် ၀ယ်ယူမြှုပ်နှံ ကြတာတွေ မြန်မာပြည်မှာ ရှိလာနေလို့ သတိထားကြဖို့ အကြံပြုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ ကိုယ့်အနီးအနားမှာက ဘဏ်ငွေစာရင်း ရှိတဲ့သူတောင် သိပ်ရှိတာ မဟုတ်တော့ ဘစ်ကွိုင်တို့ ဘယ်လောက် ခရီးပေါက်နေမှန်း မသိဘူး။
အကြမ်းဖျဉ်းအားဖြင့် ငွေကြေး (ဘစ်ကွိုင် အပါအ၀င်)ကို ရည်ရွယ်ချက် သုံးမျိုးနဲ့ သုံးတတ်ကြတယ်။ အပေးအယူ လုပ်ဖို့ရယ်၊ ရင်းနှီးမြှုပ်နှံဖို့ရယ်၊ ဈေးကစားဖို့ ရယ်ပေါ့။ ဘစ်ကွိုင်ကို သုံးပြီး ကိုယ့်အချင်းချင်း အပေးအယူ လုပ်ရင်၊ စာရင်းက မပေါ်ဘူး။ (အခွန်ရှောင်တဲ့ နည်းပေါ့)။ နောက်ဆုံး အသားတင်ပေးစရာ၊ ချေစရာကိုပဲ ငွေသား တစ်မျိုးမျိုးနဲ့ ရှင်းပေါ့။ တချို့က ရွှေတို့ ဒေါ်လာတို့လို ရင်းနှီးမြှုပ်နှံတဲ့ အနေနဲ့ ကိုင်ထားချင်ကြတာ။ နောက်တစ်မျိုးက ဈေးအကျ စောင့်ဝယ်၊ ဈေးတက်ရင် ပြန်ရောင်း၊ တတ်နိုင်ရင် ဈေးတက်အောင် ဒါမှမဟုတ် ကျအောင်လုပ်ပြီး အကျိုးအမြတ်ရှိအောင် လုပ်တဲ့နည်းပေါ့။
၁၉၉၀ ပြည့်လွန်နှစ် တွေတုန်းက ဖိလစ်ပိုင် ကဆိုပြီး နိုင်ငံခြားမှာ စတော့ရှယ်ယာတွေ အရောင်းအ၀ယ် လုပ်ပေးတဲ့ လုပ်ငန်းတစ်ခု ပေါ်ခဲ့ဖူးတယ်။ နောက်တော့ ထွက်ပြေး သွားတယ်။ ဒီကြားထဲမှာလည်း ခဏခဏ အလိမ်ခံရတဲ့သူတွေ ရှိတယ်။ အလိမ်ခံရတာ ကလည်း သိပ်မဆန်းဘူး။ ဇာတ်လမ်း တွေကလည်း အတူတူပဲ။ မသိနားမလည်တဲ့ သူတွေ (ကိုယ့်ကိုယ်ကိုယ်တော့ လူလည်လို့ထင်) ရယ်၊ လောဘကြီးတဲ့ သူတွေရယ် နှစ်မျိုးပဲ အလိမ်ခံကြရတာပါ။
(၂)
နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ရဲ့ အကြီးအကဲ Christine Laggand က ကမ္ဘာတစ်ဝန်း က အာဏာပိုင်တွေဟာ ဘစ်ကွိုင်လို Cryptocurrency တွေရဲ့ စွမ်းအားကို၊ ထိန်းချုပ်ဖို့ ကြိုးစားသင့်တယ်။ မထိန်းချုပ်နိုင်ရင် ငွေကြေး ခ၀ါချမှုတွေနဲ့၊ အကြမ်းဖက်မှုကို ထောက်ပံ့ဖို့အတွက် အသုံးချစရာ နည်းလမ်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောသွား ခဲ့ပါတယ်။ ဘစ်ကွိုင်အတွက် အသုံးပြုတဲ့ Blockchain နည်းပညာကိုပဲ သူ့ကို ပြန်ထိန်းချုပ်ရာမှာ အသုံးပြုနိုင်တယ် လို့ သူက အကြံပြု သွားတာကို တွေ့ရပါတယ်။
ဘစ်ကွိုင်ရဲ့ အားသာချက်က အပေးအယူတွေကို စရိတ် သက်သက်သာသာနဲ့ လုပ်လို့ရတယ်။ အပေးအယူ တွေကို အမှန်အကန် ဟုတ်မဟုတ် စိစစ်နိုင်တယ်။ (ဘယ် ဗဟိုအာဏာပိုင် အဖွဲ့အစည်းကမှ ထိန်းချုပ်စရာ မလိုဘူး)။ အဲဒီ Distributed Ledger Technology (ဖြန့်ကြက်ထားတဲ့ လယ်ဂျာ နည်းပညာလို့ ခေါ်ကြပါစို့) နဲ့ အာဏာပိုင်တွေက ဘဏ္ဍာရေးစနစ်ကို စောင့်ကြည့်ရာမှာ သတင်းအချက် အလက်တွေ အချင်းချင်း မျှဝေရာမှာ အသုံးပြု နိုင်တယ်လို့ သူက ပြောပါတယ်။
ဘဏ်စာရင်း ရှိစရာမလိုဘဲ၊ စရိတ် သက်သက်သာသာ နဲ့ ငွေကြေး ၀န်ဆောင်မှုတွေ ရနိုင်တယ်လို့ မျှော်လင့်ချက်တွေ ပေးထားတဲ့ ဘစ်ကွိုင်နဲ့ ပတ်သက်လို့ နောက်ကွယ်မှာ အန္တရာယ်တွေ ရှိနေတယ်လို့ သူက သတိပေးထား ပါတယ်။
ဘစ်ကွိုင်ဘက်က ထောက်ခံသူတွေ ကတော့ လွယ်ကူ သက်သာတာကို အကြောင်းပြကြတယ်။ ဘောဂဗေဒ ပညာရှင်တွေကတော့ အခု ဒစ်ဂျစ်တယ်ငွေကြေး ( Digital Currency ) ဟာ ဈေးကစားရင်းနဲ့ ပူဖောင်းပေါက်သလို ပေါက်သွားနိုင်တယ်လို့ ထောက်ပြကြတယ်။ ဘစ်ကွိုင်ဝယ်တဲ့ သူတွေက တက်ဈေးတွေ မျှော်လင့်ပြီး ၀ယ်ကြတယ်။ အရေအတွက် ကန့်သက်ထုတ်ဝေ တာကို သဘောကျကြတယ်။ အတက်၊ အကျ ကြမ်းတာကို သတိ မထားမိကြဘူး။
ရင်းနှီးမြှုပ်နှံတဲ့ သူတွေ ဈေးကစားမယ့် သူတွေ သဘောကျကြတာက ဘစ်ကွိုင် တစ်ယူနစ်ကို မနှစ်ကထက် ၉ ဆဈေးတက်ပြီး ဒေါ်လာ ၂ သောင်းအထိ ဈေးပေါက် သွားတာကိုး။ ဒါပေမယ့် ခရစ္စမတ်နောက်ပိုင်းမှာ တစ်ဝက် လောက်ဈေးထိုးကျ သွားတာ အခုဆို ဒေါ်လာ ၉၃၀၀ လောက်ပဲရှိတယ်။ ဒစ်ဂျစ်တယ် ငွေကြေးဟာ ငွေကြေးလို့ အမည်ခံထား ပေမယ့် တကယ့်ငွေကြေး တစ်ရပ်လိုတော့ တာဝန်မထမ်းဆောင် နိုင်သေးပါဘူး။
(၃)
အခုဆိုရင် တရုတ်၊ ရုရှနဲ့ တောင်ကိုးရီးယား တို့ဟာ ဘစ်ကွိုင်ကို ထိန်းချုပ်ဖို့ ကြိုးစား လာကြတာကြောင့် ဘစ်ကွိုင်ရဲ့ ဈေးနှုန်းကို ကျဆင်းစေပါတယ်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တွေကိုလည်း မကြာမီမှာ မြင်တွေ့ ရဖွယ်ရှိပါတယ်။
တလောကပဲ ရာဇ၀တ်မှု မကင်းတာတွေ လုပ်နေတဲ့ Alphabay ဆိုတဲ့ အရောင်းအ၀ယ် ၀က်ဘ်ဆိုဒ်ကို ပိတ်ပစ်ခဲ့ကြ ပါတယ်။ အဲဒီ အင်တာနက် ၀က်ဘ်ဆိုဒ်မှာက ဒစ်ဂျစ်တယ် ငွေကြေးနဲ့ ဒေါ်လာသန်း ၁၀၀၀ ဖိုးလောက် အရောင်းအ၀ယ် အပေးအယူ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တုန်းက ဘစ်ကွိုင် တစ်ယူနစ်ကို ၉၉၇ ဒေါ်လာ ဈေးပေါက်ခဲ့ပါတယ်။ ဈေးနှုန်းဆိုတော့ ရောင်းလိုအားနဲ့ ၀ယ်လိုအား အပေါ်မှာ မူတည်တာမှန်ပေမယ့် ဘစ်ကွိုင်နဲ့ ပတ်သက်လို့ ချဲ့ကားပြောဆို တာတွေက အများကြီးရှိနေတယ်။ ချမ်းသာချင်တဲ့သူတွေက အသည်းအသန် လိုက်ဝယ်ကြရင်း တခြားလူတွေပါ ဝေလေလေ လုပ်ကုန်ကြတယ်။ တခြား ပိုင်ဆိုင်မှုတွေထက် ဈေးတက်တဲ့နှုန်း တအားမြန်တယ်။ ဘယ်လောက်အထိ ထိုးတက်သွားနိုင်တယ် ဆိုတာ ဘယ်သူမျှ မသိကြဘူး။ ခုထိက ဘစ်ကွိုင် ၁၆ ဒသမ ၅ သန်း ထုတ်ထားတယ်။ လွန်ရော ကျွံရော ၂၁ သန်း လောက်အထိပဲ ထုတ်နိုင်မယ်လို့ တွက်ဆထားတာ ကြောင့်လည်း မရလိုက်ရ မရှိအောင် အသည်းအသန် လိုက်ဝယ်ကြတာပေါ့။ ရှားလေ ဈေးတက်နိုင်လေလို့ တွက်ကြတာကိုး။
အခုလိုအဖြစ်မျိုးကို ၁၉၉၀ ပြည့်လွန်နှစ် တွေက ကြုံတွေ့ခဲ့ရတဲ့ အင်တာနက် ကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေ ထိုးတက်ရာက ပူဖောင်းပေါက်သလို ပေါက်သွားတဲ့ အဖြစ်မျိုးနဲ့လည်း နှိုင်းယှဉ်ပြောဆိုနေကြတာ တွေ့ရပါတယ်။
ဘစ်ကွိုင်ဟာ ဈေးထိုးတက် သွားပြီဆိုရင်၊ မကြာမီ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း လောက်အထိ ပြန်ပြီး ထိုးကျတာကို တွေ့ရတယ်။
အခုဆိုရင်လည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ရဲ့ အကြီးအကဲက ဝေဖန်ခဲ့ပြီးတဲ့နောက် တစ်ယူနစ် ကို ဒေါ်လာ ၉၀၀၀ လောက်အထိ (မူလက ၉၃၀၀ လောက်) ကျဆင်းသွားတာကို တွေ့ရတယ်။ ဂူဂဲလ်ကလည်း ဖေ့ဘွတ်မှာ ဘစ်ကွိုင် ကြော်ငြာတွေ ပိတ်မယ်လို့ ဆိုပေမယ့် အသုံးပြုသူတွေက လက်တစ်လုံးခြား လှည့်ပြီး အို(ဥ)ရဲ့ နေရာမှာ (၀)သုည ကို ထည့်လို့ ကြော်ငြာကြ ပြန်တယ်။
ကြာသပတေးနေ့ နံနက် ၇ နာရီအချိန်မှာ ဘစ်ကွိုင်ဟာ ဒေါ်လာ ၈၈၅၀ အထိ ၃ ဒသမ ၆ ရာခိုင်နှုန်း ဈေးထပ်ကျ သွားတာကို တွေ့ရတယ်။ စဉ်းစားချင့်ချိန် နိုင်ကြဖို့ပါ။ ။
ခင်မောင်ညို (ဘောဂဗေဒ)
ကြေးမုံ
No comments:
Post a Comment