ဒိန်ချဉ် နှင့် ကျန်းမာရေး
ဒေါက်တာသိင်္ဂီကျော်
ဒိန်ချဉ်သည် ပရိုတင်း၊ ကယ်လ်စီယမ်၊ ဗီတာမင်များ
နှင့်ပရိုဘိုင်အိုတစ်များစွာ ပါဝင်သော ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံးဆေးဖက်ဝင်အာဟာရ
တစ်မျိုးဖြစ်ပါသည်။ လူသား အားလုံးကျန်းမာပြီး ကမ္ဘာမြေကြီး ရေရှည်တည်တံ့မည့် အစားအသောက်ပုံစံ “planetary
health diet” တွင်
နို့ထွက်ပစ္စည်း အစားအစာကို တစ်နေ့ ၂၅၀ ဂရမ် (တစ်နေ့လျှင် ၀ မှ ၅၀၀ ဂရမ်အထိ)
ပါဝင်ရန် ရည်မှန်းထားကာ တစ်ရက်လျှင် ဒိန်ချဉ် ၁ ခွက် (၈အောင်စခန့်) စားသုံးရန်
အကြံပြုထား ပါသည်။ သုတေသနပြု လေ့လာမှုများအရ ဒိန်ချဉ်သည် နှလုံးကျန်းမာရေး အတွက်အထူး
ကောင်းမွန်ကြောင်း၊ ဒိန်ချဉ်စားသုံးသ များသည် နှလုံးသွေး ကြောဆိုင်ရာရောဂါ များကြောင့်
သေဆုံးနိုင်ခြေ လျော့နည်းကြောင်း တွေ့ရှိရသည်။ ဒိန်ချဉ်ကိုကျန်းမာရေးနှင့် ညီညွတ်သော
အစားအသောက် အဖြစ်ရေရှည် စားသုံးလျှင် သွေးပေါင်ချိန် နှင့် ကိုလက်စထရော ကိုထိန်းညှိနိုင်ပြီး
ကိုယ်အလေးချိန် တိုးခြင်းမှ တားဆီးပေး နိုင်ကြောင်း တွေ့ရှိရသည်။
ဒိန်ချဉ်တွင်ပါဝင်သောအာဟာရများ
ပရိုတင်း- ဂရိဒိန်ချဉ်တွင်ရိုးရိုးဒိန်ချဉ်ထက်
ပရိုတင်းနှစ်ဆခန့် ပါဝင်ပြီးအစာစားချင်စိတ်ကို
လျှော့ချပေးသည့်ဟော်မုန်းကိုတိုးမြင့်စေပါသည်။အဆီထုတ်ထားသောဒိန်ချဉ်အမျိုးအစားများတွင်ကယ်လိုရီနည်းပြီးအဆီနည်းသဖြင့်ကိုယ်အလေးချိန်လျှော့ချရန်အသုံးဝင်သည်။
ဗီတာမင် နှင့် သတ္တုဓာတ်များ - ဒိန်ချဉ် တွင်ပါဝင်သော
ဗီတာမင် အေ ၊ ဗီတာမင် စီ ၊ ဗီတာမင် B12 ၊ ဗီတာမင် B2 နှင့် သတ္တုဓာတ်များ ( မဂ္ဂနီဆီယမ်၊
ဆယ်လီနီယမ် နှင့် ဇင့်) သည် ကျန်းမာရေးအတွက် ကိုယ်ခံအားကိုမြှင့်တင် ပေးသည့်ဂုဏ်သတ္တိ
များရှိသည်။ အရိုးနှင့် သွားများသန်မာရန် ကြွက်သားများနှင့် အာရုံကြောများ
ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် အတွက်ကယ်လ်စီယမ် လိုအပ်ပါသည်။ ဒိန်ချဉ် ၁
ခွက်စားသုံးခြင်းသည် နေ့စဉ်လိုအပ်သော ကယ်လ်စီယမ် လိုအပ်ချက်၏ ထက်ဝက်နီးပါးကို
ဖြည့်ဆည်းပေး နိုင်ပြီး ဖော့စဖရပ် ၂၈ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ် ၁၀ ရာခိုင်နှုန်း
နှင့်ပိုတက်စီယမ် ၁၂ ရာခိုင်နှုန်း တို့ကိုလည်း ထောက်ပံ့ပေးသည်။ သတ္တုဓာတ်များသည် သွေးပေါင်ချိန်
ထိန်းညှိခြင်း၊ ဇီဝဖြစ်ပျက်ခြင်း နှင့်အရိုးကျန်းမာရေး ကဲ့သို့သော ဇီဝဖြစ်စဉ်များ အတွက်
မရှိမဖြစ် လိုအပ်ပါသည်။
ပရိုဘိုင်အိုတစ်များ- ကျန်းမာရေးအတွက်
အထောက်အကူပြု ဘက်တီးရီးယား များသည် အစာအိမ် ကျန်းမာရေးကို ကောင်းမွန်စေပြီး
ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါသည်။ ပရိုဘိုင်အိုတစ်များ ပါသော ဒိန်ချဉ်အမျိုးအစား
နှင့် ပမာဏသည် အမှတ်တံဆိပ် အလိုက် ကွဲပြားနိုင်သည်။ ဒိန်ချဉ်သည် ဦးနှောက် လုပ်ဆောင်ချက်နှင့်
သွေးနီဥများ ထုတ်လုပ်ရန်အတွက် အရေးကြီး သော ဗီတာမင် B12 ၏
အရင်းအမြစ်ကောင်း တစ်ခုဖြစ်သည်။
ဒိန်ချဉ်တွင် conjugated linoleic acid (CLA) ကဲ့သို့သော ဖက်တီးအက်ဆစ်များပါဝင် သည်။ CLA သည်
အဝလွန်ခြင်းကို ဆန့်ကျင်ခြင်း၊ ကင်ဆာရောဂါကို တိုက်ဖျက်ခြင်း၊ သွေးကြောများအတွင်း အဆီများစုဆောင်းခြင်းကို
ဆန့်ကျင်ခြင်း၊ သွေးချိုဆီးချိုရောဂါ ကို တိုက်ဖျက်နိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း
နှင့် အရိုးသိပ်သည်းဆကို ထိန်းသိမ်းပေး နိုင်ခြင်း ဂုဏ်သတ္တိများ ရှိပါသည်။
ဒိန်ချဉ်စားခြင်း၏
ကျန်းမာရေးအကျိုးကျေးဇူးများမှာ-
၁။ အစာခြေခြင်းကို ပိုမိုကောင်းမွန်စေသည်-
ဒိန်ချဉ်ကို နေ့စဉ်စားသုံး ပေးခြင်းဖြင့် အစာအိမ်အတွင်းရှိ
အန္တရာယ်ရှိသော ဘက်တီးရီးယား များကိုသေစေပြီး အစာခြေစနစ် ကိုပိုမို ကောင်းမွန်စေ၍
ဝမ်းမှန်စေသည်။ ဒိန်ချဉ်သည် ဝမ်းချုပ်ခြင်း၊ အူလမ်းကြောင်း ရောင်ရမ်းခြင်းနှင့် Helicobacter pylori ဘက်တီးရီးယား ကြောင့်ဖြစ်ပွားသော ရောဂါများတွင် စားသုံးပေးလျှင် အကျိုးကျေးဇူးရှိကြောင်း
တွေ့ရသည်။
၂။ သဘာဝ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးခြင်း-
ဒိန်ချဉ် တွင်ပါဝင်သော ပရိုဘိုင်အိုတစ် များသည် ကိုယ်ခံအားစနစ်ကို
အားကောင်းစေပြီး ရောင်ရမ်းခြင်းကို လျှော့ချနိုင်သဖြင့် ရောဂါဖြစ်စေသော
ပိုးမွှားများ၏ ကူးစက်နိုင်ခြေ ကိုလျှော့ချပေး နိုင်သည်။ ဗိုင်းရပ်စ်ကူးစက်မှု ကြောင့်ဖြစ်သော
သာမန် အအေးမိခြင်း၏ ဖြစ်ပွားမှု၊ ကြာချိန်နှင့် ပြင်းထန်မှုတို့ကို
လျှော့ချနိုင်သည်။ ဒိန်ချဉ်သည် အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါများ
နှင့်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာ များကိုထိ ရောက်စွာ ကာကွယ်တိုက်ဖျက်
ပေးပါသည်။
၃။ ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးသည်-
ဒိန်ချဉ်တွင် ကင်ဆာကာကွယ် နိုင်သော ဂုဏ်သတ္တိရှိပြီး
အူမကြီး၊ ဆီးအိမ် နှင့်ရင်သား ကင်ဆာတို့မှ ကာကွယ်နိုင်ပါသည် ။
၎။ သွေးတွင်းသကြားဓာတ် ကို ထိန်းညှိပေးသည်-
အချိုမပါသောဒိန်ချဉ်ကို ပုံမှန်စားသုံးခြင်းသည်
သွေးတွင်း သကြားဓာတ် ပမာဏကို ထိန်းညှိပေးသဖြင့် အမျိုးအစား (၂)
သွေးချိုဆီးချိုရောဂါ ရှိသူများအတွက် အလွန် ကောင်း မွန်ပါသည်။
၅။ အရိုးကျန်းမာရေးကို ကောင်းမွန်စေသည်-
ဒိန်ချဉ်သည် ကယ်လ်စီယမ် ကြွယ်ဝသောကြောင့် ပုံမှန်စားသုံး
ပေးခြင်းဖြင့် အရိုးထုထည် နှင့်ကြံ့ခိုင်မှုကို ထိန်းသိမ်းပေးသည်။ အရိုးပွခြင်း
နှင့် အရိုးကျိုးခြင်း အန္တရာယ်ကို လျှော့ချ ပေးသည်။ ဒိန်ချဉ်တွင် ကယ်လ်စီယမ်၊
ပရိုတင်း၊ ပိုတက်စီယမ်၊ ဖော့စဖရပ်နှင့် အရိုးသိပ်သည်းဆကို ထိန်းသိမ်းရန် လိုအပ်သော
အာဟာရဓာတ် များစွာပါဝင်သည်။ ဒိန်ချဉ် ကဲ့သို့နို့ထွက်ပစ္စည်း များကိုနေ့စဉ် သုံးဆောင်ပါက
အရိုးပွရောဂါကို ကာကွယ်နိုင်သည်။
၆။
ရောင်ရမ်းမှုကို လျော့ကျစေသည်-
ဒိန်ချဉ်ကို နေ့စဉ်စားသုံးပေးခြင်းဖြင့်
ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျော့နည်းစေသဖြင့် ကိုယ်ခံအားစနစ် ဖောက်ပြန်မှားယွင်းမှု
ဆိုင်ရာရောဂါများ၊ သွေးချိုဆီးချို ရောဂါ၊ကင်ဆာ နှင့် အရိုးအဆစ် ရောင်ရမ်းခြင်း
များကို သက်သာစေသည်။
၇။ သွေးတိုးနှင့် နှလုံးရောဂါဖြစ်နိုင်ချေကို
လျှော့ချပေးသည်-
ဒိန်ချဉ်ကိုပုံမှန် စားသုံးခြင်းသည် သွေးပေါင်ချိန်ကို
လျှော့ချပေးနိုင် သဖြင့်နှလုံးရောဂါ ဖြစ်နိုင် ချေကို လျှော့ချပေးပါသည် ။
၈။ အစာစားချင်စိတ်နှင့် ကိုယ်အလေးချိန်ကို
လျော့ကျစေသည်-
ဒိန်ချဉ်တွင် ပရိုတိန်းဓာတ် ပါဝင်မှုမြင့်မားသော ကြောင့်ပြည့်ဝမှုကို
ခံစားရစေပြီး အစာစား ချင်စိတ်ကို လျော့နည်းစေသည်။ ကယ်လိုရီစားသုံးမှု လျော့နည်းစေပြီး
ကိုယ်အလေးချိန် ကျခြင်းကို အားပေးသည်။ ဒိန်ချဉ်ကို အဆာပြေစားသူ များသည် အခြားသရေစာ
များစားခြင်း ထက်ဆာလောင်မှု နည်းပါးစေသည်။ ဒိန်ချဉ်စားသုံးခြင်း သည်ခန္ဓာကိုယ် အလေးချိန်နှင့်
BMI လျော့ကျခြင်း၊
ခါးမှတင်ပါးအချိုး နှင့်ခါးလုံးပတ် လျော့ကျခြင်းနှင့် ဆက်စပ်မှုရှိပါသည်။
၉။ စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးသည်-
ဒိန်ချဉ်တွင်ပါသော ပရိုဘိုင်အိုတစ် များသည် အစာအိမ်၊ အူလမ်းကြောင်းနှင့်
ဗဟိုအာရုံ ကြောစနစ်တွင် လှုပ်ရှားမှုကို ပြောင်းလဲခြင်းဖြင့် စိုးရိမ်ပူပန်မှုများ၊
စိတ်ဖိစီးမှုများကို လျှော့ချ ပေးသဖြင့် စိတ်ဓာတ်ကျ နေသော လူနာများ အတွက်
သင့်လျော်ပါသည်။
၁၀။
ခုခံအားနှင့် ပတ်သက်သော ကိုယ်ခံအား တုံ့ပြန်မှုကို မြှင့်တင်ပေးနိုင်သည်-
ဒိန်ချဉ်တွင်ပါသော ပရိုဘိုင်အိုတစ် များသည်စားသုံးသူ၏ ကိုယ်ခံအားစနစ်
ကိုပြုပြင်ပေးသည်။ အထူးသဖြင့် သက်ကြီးရွယ်အို များ၏ ကိုယ်ခံအား တုံ့ပြန်မှုကို
မြှင့်တင်ပေး နိုင်သဖြင့် ရောဂါများကို
ခံနိုင်ရည် တိုးလာသည် ။
ကျန်းမာရေးအတွက် ဒိန်ချဉ်ရွေးချယ် စားသောက်နည်း
ရိုးရိုး၊ အချိုမပါသော ဒိန်ချဉ်သည် သကြားမ
ပါသောကြောင့် ရွေးချယ် ရန်အကောင်းဆုံး ဖြစ်သည်။ အခြားသော အာဟာရ သိပ်သည်းသော
အစေ့အဆန်များ ၊ အခွံမာသီးများ ၊ အသီးအနှံများနှင့် ရောစပ်နိုင်သည်။
အရသာဖြည့်စွက်ထားသောဒိန်ချဉ် - အသီးအနှံများနှင့် အရသာ
ဖြည့်စွက် ထားသော ဒိန်ချဉ်များတွင် သကြားများစွာ ပါဝင်နိုင်သော်လည်း ပမာဏအလိုက်
ကွဲပြားသည်။ ကယ်လိုရီ ၁၂၀ အောက်နှင့်
သကြား ၁၂-၁၃ ဂရမ်ထက် မပိုသော အရသာ ကို ရွေးချယ်သင့်ပါသည်။
ပြည့်ဝဒိန်ချဉ်သည်- ကြီးထွားဖွံ့ဖြိုးမှု အတွက်
အဆီပိုမိုလိုအပ်သော ကလေးများတွင် ရွေးချယ်ရန် သင့်လျော်သည်။ အဆီများသောကြောင့် ကယ်လိုရီပိုမို
ပါဝင်နိုင်သော်လည်း အာဟာရဓာတ်များ ကြွယ်ဝပြီး အရသာရှိသဖြင့် ဆာလောင်မှုကို လျှော့စေ၍
စိတ်ကျေနပ်မှုကို ရရှိစေနိုင်သည်။ ပြည့်ဝဆီပါဝင်သော ကြောင့် သက်ကြီးရွယ်အို များနှင့်လူကြီးများ
အတွက် အဆီထုတ်ထားသော ဒိန်ချဉ်ကို ရွေးချယ် သင့်ပါသည်။
ဂရိဒိန်ချဉ်-သည် ပုံမှန်ဒိန်ချဉ်ထက် ပရိုတင်းနှစ်ဆ ပိုပါရှိပြီး
သကြားဓာတ် နည်းသောကြောင့် ကျန်းမာရေးနှင့် အညီညွတ်ဆုံး ဖြစ်သည်။ ခရင်မ်အသွင်ဖြစ်၍ ဗိုက်ပြည့်သည့်
ခံစားချက်ဖြင့် စိတ်ကျေနပ်မှုကို ရရှိစေသောကြောင့် ကိုယ်အလေးချိန် လျှော့ချရန် ရွေးချယ်စားနိုင်သည်။
နို့အစားထိုးဒိန်ချဉ် - ပဲပိစပ်၊ ဗာဒံသီး၊
အုန်းနို့တို့မှ ပြုလုပ်ထားသော ဒိန်ချဉ်များကို နို့နှင့်ဓာတ်မတဲ့သော သူများနှင့် သက်သတ်လွတ်
စားသူများ ရွေးချယ်စားနိုင် ပါသည်။
အချုပ်အားဖြင့် ဆိုလူတို့၏ ကျန်းမာရေးအတွက် အကျိုးကျေးဇူး
များသော ဒိန်ချဉ်ကို စားသုံးခြင်းဖြင့် နာတာရှည်ရောဂါ အမျိုးမျိုးဖြစ်နိုင်ခြေ ကိုကာကွယ်
နိုင်သည်။ ကမ္ဘာတစ်ဝှမ်းရှိ အစားအသောက် အကြံပြုချက်များမှာ ကယ်လ်စီယမ် အတွက်သာမက
အရေးကြီးသော အာဟာရ လိုအပ်ချက်များ ပြည့်မီစေရန်နှင့် ကိုယ်ခံအား ကောင်းစေရန် အတွက်
နို့ သို့မဟုတ် နို့ထွက်ပစ္စည်း များကို တစ်နေ့လျှင် ၂ - ၃ ကြိမ် စားသုံးရန်
အကြံပြုထား ပါသည်။ ထို့ကြောင့် ဒိန်ချဉ်နှင့် ဒိန်ချဉ် ထုတ်ကုန်များကို
စိတ်ဝင်စားဖွယ် ရွေးချယ် စားသုံးရန် အကြံပြုလိုပါသည်။
No comments:
Post a Comment