ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ ထိန်းသိမ်းစောင့်ရှောက်သင့်သော
သန္တာကျောက်တန်းလေးများ
သန္တာကျောက်တန်းဆိုသည်မှာ သန္တာကောင်လေးများဖြင့်
ဖွဲ့စည်းတည်ဆောက်ထားသည့် ကျောက်ဆောင် ကျောက် တန်းကဲ့သို့ သွင်ပြင်လက္ခဏာရှိနေသောရေအောက်
ဂေဟစနစ် တစ်ခုဖြစ်သည်။ သန္တာကျောက်တန်းများသည် ကယ်လ်စီယမ် ကာဗွန်နိတ်ဖြင့် ဖွဲ့စည်းထားသော
သန္တာကောင် အသိုက်အုံများစွာ၏ ဖွဲ့စည်းဖြစ်တည်နေမှု ဖြစ်ပါသည်။ တစ်နည်းဆိုသော် သန္တာ ကျောက်တန်းဆိုသည်မှာကျောက်သား
သန္တာမျိုး၏ အကောင်ငယ်လေးများအုပ်စုလိုက် စုပုံကြခြင်းဖြင့် ဖွဲ့စည်းဖြစ်တည် နေခြင်း
ဖြစ်ပါသည်။
သန္တာသည် ပင်လယ် အနီမိုနီနှင့် ပင်လယ်ရေခူများနှင့်အတူမျိုးပေါင်းစု
Cnidaria ထဲ၌ ပါဝင်သောမျိုးပေါင်း Anthozoa နှင့်သက်ဆိုင်သည့် သတ္တဝါတစ်မျိုးဖြစ်သည်။
သို့သော် ထူးခြားသည်မှာသန္တာကောင်များသည် ပင်လယ် အနီမိုနီများနှင့်မတူဘဲ သန္တာကျောက်တန်းများကိုထောက်ပံ့ကာကွယ်ရန်
မာကျောသောကာဗွန်နိတ် ပြင်ပအခွံမာများထုတ်ပေးနိုင်စွမ်းရှိကြသည်။ သန္တာကျောက်တန်းအများစုသည်
ပူနွေး၍ ရေတိမ်ကာ ကြည်လင်ပြီးနေရောင်တဖိတ်ဖိတ် ရောင်ပြန်ဟပ်နေသောရေတွင် အကောင်းဆုံးပေါက်ဖွားရှင်သန်ကြပါသည်။
သုတေသီများ၏ အဆိုအရရှေးအကျဆုံး သန္တာကျောက်တန်းသည်
ကမ္ဘာပေါ်တွင် ဒိုင်နိုဆောများမပေါ်မီလွန်ခဲ့သော နှစ်ပေါင်း ၄၈၅ သန်းခန့်မှ စတင်ပေါ်ပေါက်လာကြောင်း၊
ကန်ဘရီရံ(Cambrian) ၏ အဏုဇီဝပိုးမွှားများနှင့် ရေမြှုပ် သန္တာကျောက် တန်းများနေရာသို့
အစားထိုးဝင်ရောက်မှုဖြစ်ခဲ့သည့် Ordovician စတင်ချိန်ကာလမှ ရုပ်ကြွင်းများ၌ အစောဆုံးသက်တမ်းအနေ
ဖြင့် တွေ့ရှိသည်ဟုခန့်မှန်းထားကြကြောင်းလေ့လာမှတ်သားရပါသည်။ ၎င်းတို့သည် အချိန်ကာလရွေ့လျားမှု၊
ပတ်ဝန်းကျင် ပြောင်းလဲမှုတို့မှ တစ်ဆင့် ယနေ့ တည်ရှိနေသော သန္တာကျောက် တန်းများအဖြစ်သို့
ရောက်ရှိလာခြင်း ဖြစ်ပေသည်။
သန္တာကျောက်တန်းများ၏ ကြီးထွားနှုန်းသည် တစ်နှစ်လျှင်
သုညဒသမ ၃ စင်တီမီတာ မှ ၂ စင်တီမီတာခန့်သာရှိသည်။ ထို့ကြောင့် သန္တာကောင်များစတင် သန္ဓေတည်ချိန်မှစ၍
ဖွံ့ဖြိုးကြီးရင့်သော သန္တာကျောက်တန်းကြီးများ ဖြစ်ပေါ်လာချိန်ထိ နှစ်ပေါင်းထောင်သောင်းချီ၍
ကြာမြင့်ပါသည်။ သန္တာကျောက်တန်းများသည် သမုဒ္ဒရာကြမ်းပြင်၏ သုညဒသမ ၁ ရာခိုင်နှုန်းအောက်
သာဖုံးလွှမ်းထားသော်လည်း ၎င်းတို့သည် ကမ္ဘာပေါ်ရှိရေနေမျိုးစိတ်များ၏ လေးပုံတစ်ပုံနေထိုင်ကြသည်။
သန္တာကျောက်တန်းများကိုပျက်စီးစေသောအကြောင်း။
ရာသီဥတုပူနွေးလာသည်နှင့်အမျှ မကြာခဏ ဖြစ်ပေါ်သောဆိုင်ကလုန်းမုန်တိုင်းများကြောင့်
ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် ခြင်း၊ ရေနံတူးဖော်ခြင်း၊ ဆိပ်ကမ်းများတည်ဆောက်ခြင်း၊
သောင်တူးခြင်း၊ ရေကြောင်းပို့ဆောင်ခြင်း နှင့် ငါးဖမ်းခြင်း၊ စွန့်ပစ်ထားသောငါးထောင်ချောက်များ၊
ပိုက်ကွန်များ နှင့် အခြားအပျက်အစီးများသည် သန္တာကျောက်တန်းများကိုဆိုးရွားစွာပျက်စီးစေပါသည်။
ထိုမျှမကသမုဒ္ဒရာများသည် အမှိုက်သရိုက် ညစ်ညမ်းမှု၊ အချိန်စီးသောသက်ရှိများ၏ ညစ်ညမ်းမှု၊
အဆီညစ်ညမ်းမှု၊ အဆိပ်သင့်ပစ္စည်းညစ်ညမ်းမှုတို့ကြောင့် ပင်လယ်နေသတ္တဝါများ နှင့် သန္တာကျောက်တန်းများကိုထိခိုက်ပျက်စီးစေလျက်
ရှိသည်။
သန္တာကျောက်တန်းများ၏ အရေးပါမှု။
·
သန္တာကျောက်တန်းများရှင်သန်ရန်
ရာသီဥတုပြောင်းလဲမှုကိုကိုင်တွယ်ဖြေရှင်းခြင်းသည် အကြီးမားဆုံးခြေလှမ်းဖြစ် သည်။ လေ့လာမှုများအရ
သန္တာကျောက်တန်းများသည် အဏ္ဏဝါမျိုးစိတ်များနေထိုင်ကျက်စားရာနေရာဖြစ်သည့်အပြင် လှိုင်းစွမ်းအင်ကို
၉၅ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်သည်။ ထို့ပြင် ကမ်းရိုးတန်းဒေသခံများကိုဆူနာမီနှင့်
မုန်တိုင်းများရန်မှလည်းကာကွယ်ပေးနိုင်ပါသည်။
·
ပင်လယ်ရေမျက်နှာပြင်
မြင့်တက်လာခြင်းကြောင့် နေရာအနှံ့ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နိုင်သဖြင့် ကမ္ဘာ့သန္တာကျောက်တန်းများသည်
မုန်တိုင်းဒဏ်ခံရန် နံရံများအဖြစ် လုပ်ဆောင်ကြပြီးကမ်းရိုးတန်းတိုက်စားမှု ထပ်မံမဖြစ်ပေါ်စေရန်
အတွက်ကိုလည်းကာကွယ်ပေးထားပါသည်။
·
ကမ္ဘာတစ်ဝန်းရှိ
လူဦးရေသန်းပေါင်း ၈၅၀ ခန့်သည် ၎င်းတို့၏ စားနပ်ရိက္ခာ နှင့် အသက်မွေး ၀မ်းကျောင်းအတွက်
သန္တာ ကျောက်တန်းများကိုမှီခိုနေရပြီးအသေးစားငါးဖမ်းလုပ်ငန်းသန်း ၃၀ ခန့်ကိုတိုက်ရိုက်
ပံ့ပိုးပေးလျက်ရှိသည်။
·
ပန်းနာရင်ကျပ်၊
အဆစ်အမြစ်ရောင်ရောဂါ၊ ကင်ဆာ နှင့် အခြားရောဂါများစွာကိုကုသပေးသည့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်းတိုးတက်ကောင်းမွန်စေပါသည်။
မြန်မာ့သန္တာကျောက်တန်းအခြေအနေ။
မြန်မာနိုင်ငံသည် ရှည်လျားသောကမ်းရိုးတန်းဒေသနှင့်
ကျယ်ပြန့်သောပင်လယ်ရေပြင်ကိုပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ် ၍ လှပသော သန္တာကျောက်တန်းများစွာတည်ရှိနေပါသည်။
အထူးသဖြင့် တနင်္သာရီကမ်းရိုးတန်းတွင် သန္တာကျောက်တန်းများအများဆုံးတည်ရှိနေကြပြီးရခိုင်ကမ်းရိုးတန်းတွင်
ဒုတိယအများဆုံးတွေ့နိုင်ပါသည်။ သုတေသနရလဒ်များအရ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းတစ်လျှောက်တွင်
သန္တာကျောက်တန်းမျိုးစိတ်ပေါင်း ၅၀၀ ကျော်ရှိကြောင်း ၀မ်းမြောက်ဖွယ် သိရသည်။
သို့ရာတွင် သန္တာကျောက်တန်းအများစုသည် တဖြည်းဖြည်းယိုယွင်းပျက်စီးလျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေးအဖွဲ့ (IUCN) နှင့် မြန်မာနိုငံမှ အဏ္ဏဝါသိပ္ပံပညာရှင်များ၏
လေ့လာတိုင်းတာချက်များအရ ၂၀၁၅ ခုနှစ်တွင် သန္တာ ကျောက်တန်းများ၏ ပျက်စီးမှုမှာ ၅၈ ရာခိုင်နှုန်းရှိကြောင်း၊
အဓိကအချက်မှာလူ့ပယောဂကြောင့်ဖြစ်ပြီးအခြားအကြောင်းအရာများမှာ ပြင်းထန်သည့်ရာသီဥတု ဖြစ်စဉ်
နှင့် အလွန်အကျွံ ငါးဖမ်းဆီးမှုတို့ကြောင့် ဖြစ်သည်။
ထို့ပြင် ငွေဆောင်ကမ်းခြေတွင်လည်း သန္တာကျောက်တန်းများကိုခွာယူရောင်းချသူများရှိနေသည့်အတွက်
သန္တာကျောက်တန်း ပြုန်းတီးမှုအန္တရာယ်နှင် ကြုံတွေ့နေရကြောင်း Ngwe Saung Princes
Boat Trip လုပ်ငန်းကဆိုပါသည်။ အဆိုပါ အခြေအနေကိုငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့်
ခရီးသွားဧည့်သည်များ၊ အနယ်နယ်အရပ်ရပ်မှ ငွေဆောင်ကမ်းခြေသို့ လာရောက်လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများ၊
ဒေသခံငါးဖမ်းလုပ်ငန်းများ၊ Speed Boat လုပ်ငန်းရှင်များနှင့် ၀န်ထမ်းများကိုအသိပေးထားကြောင်းသိရပါသည်။
သန္တာကျောက်တန်းများသည် မိမိတို့နိုင်ငံ၏
တန်ဖိုးရှိသောသယံဇာတဖြစ်သည့်အတွက် ကိုယ်ပိုင်အသိဖြင့် အားလုံးထိန်းသိမ်းပေးစေလိုပြီးခရီးသွားဧည့်သည်များအနေဖြင့်
သန္တာကျောက်ပွင့်၊ ကျောက်ပန်းခက်များကို မ၀ယ်ယူခြင်း၊ မသယ်ဆောင်ခြင်းတို့ဖြင့် ဝိုင်းဝန်းကူညီပေးစေလိုကြောင်းကိုလည်း
Ngwe Saung Princes Boat Trip လုပ်ငန်းကမေတ္တရာရပ်ခံထားသည်။
ထိန်းသိမ်းစောင့်ရှောက်သင့်သော သန္တာကျောက်တန်းလေးများ။
ကမ္ဘာကြီးတွင် နှစ်ပေါင်း ၄၀ အတွင်း သန္တာကျောက်တန်း
၅၀ ရာခိုင်နှုန်းဆုံးရှုံးလာကြောင်း The Living Planet Report 2022 ၏ အစီရင်ခံစာတွင်
ဖော်ပြထားသည်။
ယခုအခါ ကမ္ဘာ့ရေပြင် အသီးသီးရှိ သန္တာကျောက်တန်းများသည်
သဘာဝဘေးအန္တရာယ်နှင့် လူသားများ၏ ပယောဂတို့ ကြောင့် တဖြည်းဖြည်းလျော့ပါးပျက်စီးလျက်ရှိသည်။
ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရယနေ့ကာလတွင် ကမ္ဘာ့သန္တာကျောက်တန်းများ၏ ၇၀ ရာခိုင်နှုန်း ခြိမ်းခြောက်ခံနေရပြီး
၂၀ ရာခိုင်နှုန်းသည် ပြန်လည် ကောင်းမွန်လာမည့် မျှော်လင့်ချက် ကင်းမဲ့နေကြောင်းနှင့်
၂၄ ရာခိုင်နှုန်းသည် ပြိုကျလုနီး ဖြစ်နိုင်ခြေရှိပြီးနောက်ထပ် ၂၆ ရာခိုင်နှုန်းမှာ အန္တရာယ်ရှိနေကြောင်းသတိပေးထားသည်။
အထက်တွင် ဖော်ပြထားသည့်အတိုင်းလူသားတို့အတွက်
ရောဂါကုသမှုနှင့် ကျန်းမာရေးအထောက်အကူပြုမှုတို့ အ တွက် သန္တာထုတ်ယူမှုများကိုပိုမိုအသုံးပြုလာခြင်းကြောင့်
သဘာဝဂေဟစနစ်ကို အထောက်အပံ့ပေးနေသော သန္တာကျောက် တန်းများတစ်စတစ်စတိမ်းပါးလျက်ရှိနေပါသည်။
သတိပြုသင့်သည့် အချက်မှာပင်လယ်ငါးဖမ်းလုပ်ငန်းသည်
သန္တာကျောက်တန်းဂေဟစနစ်ဖြစ်သော သန္တာကျောက် တန်း၊ ဒီရေတောနှင့် ပင်လယ်မြက်တို့ တည်ရှိနေမှုအပေါ်
များစွာမူတည်နေပါသည်။ အဆိုပါ ဂေဟစနစ်ပျက်စီးခြင်းသည် ရေလုပ်ငန်းစီးပွားရေးတစ်ခုလုံးကိုထိခိုက်စေမည့်အပြင်
ခရီးသွားလုပ်ငန်း၊ အပန်းခြေ လုပ်ငန်းများအပါအ၀င် အခြားသောကဏ္ဍအသီးသီးကိုလည်း ရိုက်ခတ်စေနိုင်သည်။
ထို့ကြောင့် ကမ္ဘာကြီး၏ သဘာဝ လက်ဆောင်ဖြစ်သော သန္တာကျောက်တန်းဂေဟစနစ်ကိုအားလုံးကမလွဲမသွေ
ထိန်းသိမ်းကြရမည် ဖြစ်ပေသည်။
ထိုင်းနိုင်ငံနှင့် သန္တာကျောက်တန်းထိန်းသိမ်းမှု
ပုံစံသစ်။
ထိုင်းနိုင်ငံရှိ သန္တာကျောက်တန်းများ၏ အရည်အသွေးကျဆင်းမှုသည်
သမုဒ္ဒရာ၏ ဂေဟနစ်အပေါ် အကြီးအကျယ် ထိခိုက်စေမှု မရှိနိုင်သော်လည်းထိုကျောက်တန်းများသည်
ငါးလုပ်ငန်းအတွက် မှီခိုမှုတစ်ခု ဖြစ်သည့်အပြင် ခရီးသွားလုပ်ငန်းအတွက်လည်း ၀င်ငွေကျဆင်းစေသည့်
အကြောင်းရင်းတစ်ရပ် ဖြစ်သည်။
ယခုအခါ ထိုင်းသိပ္ပံပညာရှင်များသည် ပျက်စီးယိုယွင်းနေသော
သန္တာကျောက်တန်းများကို ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် သန္တာကောင်များကိုဓာတ်ခွဲခန်းများတွင်
မွေးမြူလျက်ရှိကြောင်းသိရသည်။ ထိုင်းနိုင်ငံ၏ အဓိကစီးပွားရေးတစ်ရပ်ဖြစ်သည့် ခရီးသွားလုပ်ငန်းကဲ့သို့သောလူသားများ၏
ဆောင်ရွက်မှုနှင့် သမုဒ္ဒရာများပူနွေးလာမှုတို့ကြောင့် သန္တာကျောက်တန်းများမှာအရည်အသွေးနိမ့်ကျပျက်စီးလာခြင်း
ဖြစ်သည်။
ထို့ကြောင့် သိပ္ပံပညာရှင်များက သန္တာကောင်များကိုဓာတ်ခွဲခန်းများတွင်
မွေးမြူကာပင်လယ်ကြမ်းပြင်သို့ ပြန်လည် ဖြန့် ကြက်ချထားရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
သို့သော်ပညာရှင်များ၏ ဆောင်ရွက်ရမည့် အလုပ်မှာအပင်ပန်းခံကာအချိန်ယူလုပ် ဆောင်ရမည့်
အလုပ်ဖြစ်သည်။ အကြောင်းမှာမူ သန္တာကောင်များသည် တစ်နှစ်လျှင် တစ်ကြိမ်သာဥဥလေ့ရှိသည့်အပြင်
သန္တာ ကောင်ပေါက်လေးများကိုမွေးမြူရန် အချိန်အားဖြင့် ငါးနှစ်ခန့်ပေးရမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူသန္တာကျောက်တန်းများသည်
ကျွန်းများကိုမုန်တိုင်းဒဏ်၊ ရေစီးကြောင်းဒဏ်၊ ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်မှု ဒဏ်များမှ
ကာကွယ်ပေးထားပြီးအချို့သောပင်လယ်ရေသတ္တဝါများအတွက် သားပေါက်ရာနေရာ၊ သားပေါက် ငယ်လေးများခိုအောင်းရာနေရာအဖြစ်လည်းအထောက်အကူ
ပြုပေးနိုင်ပါသည်။
ကမ္ဘာကြီးပူနွေးလာမှုဆိုင်ရာ သဘာဝဘေး အန္တရာယ်အမျိုးမျိုးတို့၏
စေ့ဆော်မှုကြောင့် သန္တာကျောက်တန်းများပျက်စီး ခြင်းကိုအလုံးစုံကာကွယ်နိုင်ခြင်းအလို့ငှာမစွမ်းသာပါသော်လည်း
သန္တာကျောက်တန်းများခွာယူရောင်းချနေခြင်း အပါအ၀င် မြစ် ချောင်းပင်လယ် သမုဒ္ဒရာတို့ကိုညစ်ညမ်းစေမည့်
ပလတ်စွန့်ပစ် အမှိုက်သရိုက်များကဲ့သို့ လူ့ပယောဂအမျိုးမျိုးတို့ကြောင့် သန္တာ ကျောက်တန်းများကိုမဖျက်ဆီးမဆုံးရှုံးစေလိုပါ။
သို့ပါ၍ အနာဂတ်မျိုးဆက်သစ်များအတွက် အကောင်းမွန်ဆုံး သဘာဝ လက် ဆောင်များကိုချန်ထားခဲ့ရန်မှာလက်ရှိလူသားများ၏
တာဝန်သာ ဖြစ်ပါကြောင်းရေးသားအကြံပြုလိုက်ရပါသည်။
စေတနာများစွာ
ဆောင်းပါးရှင် တင်ထက်ထက်ဇော် ရေးသားသည်။
No comments:
Post a Comment