နွေရဲ့သရုပ်က ပိုပြီး ပီပြင်လာတယ်။ တိုက်ခတ်လာတဲ့ လေကိုက ပူနွေးနွေးရယ်ပါ။ ကြည့်လိုက်တဲ့ မြင်ကွင်းတွေက ရင်ကို အေးမြမှုစေဖို့ မဆောင်ကျဉ်းနိုင်ပါဘူး။ ပူလောင်နေတဲ့ နွေကို ခေါက်ရိုးကျိုးနေတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေ အတွက်တော့ စက်ရုပ်လိုပဲ လှုပ်ရှားမှုက သွတ်သွတ်လက်လက် နဲ့ပါ။ အနှီကဲ့သို့ ပူပြင်းတဲ့ မြို့ရန်ကုန်ထဲ သွားရင်း လာရင်းနဲ့ အိုအေစစ်လေး တစ်ခုကို တွေ့လိုက်မိတယ်။ ဒီ အိုအေစစ်လေးကို မြင်တွေ့ ခံစား လိုက်ရသူတိုင်းရဲ့ ရင်ထဲကို အေးမြ လန်းဆန်းသွားစေမှာ အမှန်ပါ။ အဲဒီ အိုအေစစ်လေးရဲ့ နာမ်စားလေးကတော့ အချစ် ဆိုတာ ပါပဲ။
ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလုံးလေးက တိုတိုလေးပါ။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာ၊ ၀ိညာဉ်၊ စိတ်အစဉ်ကို ဖမ်းယူ ညို့ထားနိုင်စွမ်းတာ အချစ်ပဲ ဖြစ်ပါတယ်။ အချစ်ကို လက်နဲ့ မတို့ မထိနိုင်ပေမယ့် အရာရာတိုင်းမှာ စိမ့်ဝင်နေတတ်တဲ့ အချစ်ရဲ့ ချိုမြိန်မှုတွေကိုတော့ လူတိုင်း ခံစားနိုင်မှာပါ။ ချစ်ခြင်းကို ခံစားမိတဲ့ ခဏတာ အချိန်လေးမှာ ကမ္ဘာမြေကြီးဟာ အသွင် ပြောင်းလဲ သွားနိုင်တယ်။ ဆောင်းရာသီဆိုတာ မရှိဘူး၊ ညဆိုတာ မရှိဘူး၊ ၀မ်းနည်းပူဆွေးမှု၊ အလိုမကျမှုနဲ့ တာဝန်ဝတ္တရားတွေကို အကုန် ၀ါးမြို ပစ်နိုင်တဲ့ စွမ်းအင် ရှိတယ်။ အချစ်နဲ့ပတ်သက်လာရင် ကျွန်တော့်အတွက် ထွေထွေထူးထူး ဖော်ကျူးစရာ မရှိပေမယ့် ကျွန်တော် နားလည်မိတဲ့ အချစ်ဆိုတာကတော့ .. ..
- အချစ်က မှော်ဆရာတစ်ဦးဖြစ်တယ်
- အချစ်က ယစ်မူးစေတယ်
- အချစ်က အချိန်ကို စားသုံးတယ်
- အချစ်က ရစ်ပတ်နှောင်ဖွဲ့စေတယ်
- အချစ်က အထီးကျန်စေတယ်
- အချစ်က ခါးသီးမှုတွေကို ချိုမြစေတယ်
- အချစ်က နာကျင်မှုဝေဒနာတွေကို သက်သာစေတယ်
- အချစ်က အရာရာတိုင်းကို လှပအောင် ဖန်ဆင်းပေးတယ်
- အချစ်က ကြေကွဲဝမ်းနည်းမှုထဲကနေ ပျော်ရွှင်စရာကို သယ်ဆောင်လာနိုင်တယ်
- အချစ်က ခက်ထန်မာကြောတဲ့ နှလုံးသားအားလုံးကို နူးညံ့ပျော့ပျောင်းစေတယ်
- အချစ်ကို နည်းနည်းယုံကြည်သူတွေအတွက် အချစ်နည်းနည်းပဲ ပြန်ရမယ်
အလုံးစုံကိုသိခြင်း၊ အဆုံးစွန်ကို ခွင့်လွှတ်ခြင်း တွေကို ဖြစ်စေတဲ့ နှလုံးသားရဲ့ ဘယ်သောအခါမှ မသေဆုံးနိုင်တဲ့ ဆာလောင် မွတ်သိပ်မှုကို ပေးနိုင်စွမ်းတာ အချစ်ရယ်ပါ။ အချစ်ကြောင့် နောင်တရတယ် ဆိုတဲ့ စကားကို ဘယ်သောအခါမှ ပြောထွက်ခဲ့မှာ မဟုတ်ပါဘူး။ အချစ်နဲ့ ပတ်သက်လာရင် စာတစ်တန် ပေတစ်ရွက် ရေးဖွဲ့နိုင်လောက်အောင် အတွေ့အကြုံ မမျှနိုင်သေးတာကြောင့် နောက်ဆုံးအနေနဲ့ အချစ်ဆိုတာ လက်ဆောင်တွေအားလုံးထဲမှာ တန်ဖိုးအရှိဆုံးအရာ ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။ အချစ်အကြောင်း ကို နားလည်သလို ပြောပေးပါဆိုပြီး TAG ထားတဲ့ ညီလေး ကိုရဲ တစ်ယောက် ကျေနပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ဒီ tag ပို့စ် အချစ်အကြောင်း ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ပဲ မကြီး မကဗျာ နဲ့ ညီမငယ် ပန်းခင်းလေး နှစ်ယောက်ကိုပဲ ထပ် tag ချင်ပါတယ်။ အချိန်ရရင် ရေးပေးပါလို့ တောင်းဆိုပါတယ်။ အားလုံးပဲ ကျေနပ်နိုင်ပါစေ။
Tag လေးကို ပြန်ဖြေထားတာ ဖတ်ကြည့်ပါအုန်း
မကြီး မကဗျာ က အချစ် ...... တဲ့
ညီမငယ် ပန်းခင်လေး က အချစ်ဆိုပါလား.
ပုံကို photobucket ကနေ ယူသုံးထားတယ်နော် .. ..