Friday, October 11, 2024

ဒေါသစိတ်နှင့် ကျန်းမာရေးဆိုးကျိုးများ



 

 ဒေါသစိတ်နှင့် ကျန်းမာရေးဆိုးကျိုးများ

          ပုထုဇဉ်ဆိုသည်မှာ အမျက်ဒေါသနှင့် မကင်းနိုင်သူ ဖြစ်သဖြင့် အကြောင်း မညီညွတ်ပါက “ဒေါသ” ထွက်တတ်သည်မှာ ဓမ္မတာဖြစ်ပါသည်။ အချို့သူများက မွေးရာပါပင်ကိုယ် စိတ်နေ သဘောထားအရ၊ သည်းခံနိုင်စိတ် ရှိသဖြင့် အတော်အတန် ပြဿနာအတွက် ဒေါသမထွက်တတ် ကြသော်လည်း၊ တချို့ကမူ စိတ်မထိန်းနိုင်ဘဲ ထစ်ကနဲရှိ ဒေါသကြီးကြသည်။

          သည်းမခံခြင်း၏ ဆိုးကျိုးအပြစ်ဒဏ် (၅) မျိုးမှာ-


·         သည်းမခံတတ်သူကို သူတစ်ပါးတို့ မချစ်ခင်ဘဲ မုန်းနေတတ်ကြသည်။

·         သည်းမခံတတ်သူအား ရန်သူရန်ဘက် များနေတတ်သည်။

·         သည်းမခံတတ်သူအား အပြစ်ပြဿနာ အမျိုးမျိုး ဖြစ်ပေါ် လာတတ်သည်။

·         သည်းမခံတတ်သူ တို့သည် ကွယ်လွန်ခါနီးမှာ မကောင်းသည့် အာရုံနိမိတ်များ ထင်ဟပ်လာ၍ တွေတွေဝေေ၀ သေကြရတတ်သည်။

·         သည်းမခံတတ်သူ တို့သည် သေပြီးနောက် ငရဲသို့ ကျရောက်ကြ ရပေမည်။

          “အမျက်ဒေါသကို စွန့်ပယ်နိုင်လျှင် မည်သည့်အခါမျှ ၀မ်းမနည်းရ” ဟု လောကနီတွင် ဆိုထားပါသည်။ အမျက်ဒေါသကို ထိန်းချုပ်ခြင်းဖြင့် ၀မ်းနည်းဖွယ်ရာ အဖြာဖြာကို ရှောင်ကျဉ်နိုင် ပေသည်။ ဒေါသသည် အမှား ပါတတ်သည်။ လူသားတိုင်း အမျက်ဒေါသကို ထိန်းချုပ်ခြင်းဖြင့် အမျက်ဒေါသကို အနိုင်ယူနိုင် ပါသည်။ ထိုအမျက်ဒေါသကို ထိန်းချုပ်နိုင်သူ တို့အား သူတော်ကောင်း တို့ ချီးမွမ်းကြ ကုန်သည်။

          ထို့ကြောင့် ဒေါသထွက်စရာ ကြုံလာသောအခါ-

·         မိမိအသက်ရှုသံကို မိမိကိုယ်တိုင် ပြန်ကြားရသည် ထိအသက် ခပ်ပြင်းပြင်း ရှုလိုက်ပါ။

·         ထိုသို့ အသက်ပြင်းပြင်း ရှုနေချိန်မှာ ဒေါသဖြစ်စေသော ကိစ္စကြီးကို လုံးဝ မတွေးပါနှင့်။

·         ထို့နောက် မျက်လုံးမှိတ်ပြီး ရင်ခေါင်းနှင့် ၀မ်းဗိုက်ကြားက ကြွက်သားစိုင်များ နိမ့်ချီမြင့်ချီ လှုပ်ရှားလာအောင် လေရှုရှိုက်ပါ။

·         ယင်းသို့ ရှုရှိုက်နေစဉ် “စိတ်လျော့…စိတ်လျော့” ဟု မိမိကိုယ်ကို တိုးတိုးလေး ရေရွတ်ပါ။

(ဒေါသစိတ် ပြေလျော့သွားသည် ထိအမှတ်စဉ်(၁) မှ (၄) အတိုင်း ထပ်ခါထပ်ခါ ပြုကျင့်ပါ)

ဒေါသစိတ် နှင့် ကျန်းမာရေးဆိုးကျိုးများ

          စိတ်ပညာဗေဒ အရ၊ ဒေါသဆိုသည်မှာ စိတ်အနှောင့်အယှက် ဖြစ်ခြင်း သို့မဟုတ် စိတ်တိုခြင်းအစ ဒေါသူပုန်ထခြင်း အထိခံစားမှု အမျိုးမျိုး ပါဝင်သည့် စိတ်လှုပ်ရှားမှု တစ်မျိုးဖြစ်သည်။

          ၁၉၈၀ ခုနှစ် နှစ်ဦးပိုင်းတွင် စိတ်ပညာရှင်များက ဒေါသစိတ်ကို-

          (က) ယာယီ စိတ်နေသဘောထား တစ်ခု (Stage Anger/ S-Anger) လား?

          (ခ) ကိုယ်ရည် ကိုယ်သွေးတွင် အတော်အတန် စွဲမြဲနေသည့် အင်္ဂါရပ်တစ်ခု (Trait Anger/T-Anger) လား? 

          ဟူ၍ ခွဲခြားသိနိုင်ရန် စူးစမ်းခဲ့ကြသည်။ ထိုအခါ မိမိစိတ်ဖြင့် မတွေ့သည့် အခြေအနေ တစ်ခုတွင် ဒေါသထွက်လျှင် S-Anger ဟု သတ်မှတ်သည်။ သို့သော် သာမန်သူများက ဒေါမထွက် လောက်သည့် အခြေအနေမျိုးမှာ မိမိက အကျင့်ကြီး ပါနေသကဲ့ သို့ ထစ်ကနဲရှိ ဒေါသထွက်နေလျှင် ၎င်းကို T-Anger ဟုသတ်မှတ်သည်။ ထို့ပြင် ဒေါသနှင့်အတူ ရန်လိုမှု (Hostility) ကလည်း တွဲဖက်ပါလာတတ် ပြန်ရာ ဒေါသစိတ်၏ စေ့ဆော်မှုကြောင့် ရန်လိုခြင်း၊ အကြမ်းဖက်ခြင်းနှင့် အတူ အာဃာတ ဟူသော လက်ရှိပစ္စုပ္ပန် အတွက်ရော၊ နောင်သံသရာ အတွက်ပါ ကြီးစွာသော အပြစ်များတတ် ပါသည်။ 

          ဒေါသ ထွက်ခြင်းကြောင့် အောက်ပါ ကျန်းမာရေးဆိုးကျိုး တွေကို ဖြစ်ပေါ်စေနိုင်သည်။

·         ဒေါသ နှင့် နှလုံးရောဂါ

ဒေါသပေါက်ကွဲပြီးနောက် အချိန် နှစ်နာရီအတွင်း နှလုံးထိခိုက်ရန် အခွင့်အရေး နှစ်ဆ ရှိသွားနိုင်သည်။ ဒေါသကိုဖိနှိပ်ချုပ် တည်းထားခြင်း၊ ဒေါသကို သွယ်ဝိုက် ဖော်ပြခြင်းစသည့် နည်းလမ်းများ ကလည်း နှလုံးရောဂါ ဖြစ်ရန် အခွင့်အရေး ပိုများသည်။ ထို့ပြင် ဒေါသ ဖြစ်လွယ်သူတွေမှာ နှလုံး သွေးလွှတ်ကြောများ ကမောက်ကမ ဖြစ်စေပြီး၊ နှလုံးသွေးကြော ရောဂါ ပိုမိုရနိုင်သည်။

·         ဒေါသ နှင့် လေငန်းရောဂါ

အလွန်အမင်း ဒေါသကြီးလေ့ ရှိသူတွင် ဒေါသပေါက်ကွဲ ပြီးနောက် ရုတ်တရက် ဆိုသလို သို့မဟုတ် တစ်နာရီအတွင်း ဦးနှောက်သွေးကြော ပေါက်ပြီး လေဖြတ်ရန် အခွင့်အရေး သုံးဆအထိ ရှိတတ်သည်။ မူလတည်းက ဦးနှောက် သွေးကြောဖောင်း ရောဂါ(aneurysm) အခံရှိထားသူများမှာ ဒေါသစိတ် ဖြစ်သောအခါ သွေးကြောပေါက်ပြီး လေဖြတ်နိုင်ရန် ခြောက်ဆအထိ အခွင့်အရေး ပိုသည်။ ထို့ပြင် ဒေါသစိတ် အဟုန်ကြောင့် သတိလစ် လေဖြတ်၍ သေစေနိုင်သည်။

·         ဒေါသ နှင့် ကိုယ်ခံအားနည်းရောဂါ

စိတ်တို ဒေါသကြီးသူများက စိတ်ရှည်သူတွေ ထက်ပို၍ မကြာခဏ ဖျားနာလေ့ ရှိကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဒေါသကြီးသူ၏ ခန္ဓာကိုယ် စံနစ်သည် ကူးစက်ရောဂါကို ကာကွယ်ပေး နိုင်သောဓာတ် (antibody immunoglobulin A) ကျဆင်းသွား သောကြောင့် ဖြစ်သည်။

·         ဒေါသ နှင့် သောက

ဒေါသ နှင့် သောကတို့သည် ဒွန်တွဲနေသည်။ ဒေါသစိတ်ကို တဒင်္ဂမျှ မထိန်းချုပ်နိုင် သောကြောင့် နောင်တတစ်ဖန် ပူလောင် စေတတ်သည့် သောကကြီးစွာ ဖြစ်ပေါ်ခံစား ရစေနိုင်သည်။

·         ဒေါသ နှင့် ရုပ်ကျ

လူတို့၏ နုနယ်ပျိုမြစ်လှပ ခြင်းသည် စိတ်နှင့်များစွာ သက်ဆိုင်သည်။ မည်မျှပင် အသက်အရွယ်ကြီး စေကာမူ စိတ်ပျိုလျှင် ကိုယ်နုသည်။ စိတ်အိုလျှင် ကိုယ်အိုသည်။ စိတ်ကြမ်းလျှင် ကိုယ်ကြမ်းသည်။ စိတ်ထောင်း ကိုယ်ကြေ ဖြစ်တတ်သည်။

·         ဒေါသ နှင့် စိတ်ကျရောဂါ

သုတေသီများ၏ လေ့လာချက်အရ၊ ကြမ်းတမ်းခက်ထန်စိတ် ရှိသူတွေမှာ စိတ်ကျရောဂါ စွဲကပ်နေသည်ကို တွေ့ရလေ့ရှိကြောင်း ဖော်ပြထားသည်။

·         ဒေါသ နှင့် အဆုတ်နာရောဂါ

သွေးဆူ၊ ဒေါသထွက်လွယ်သူ တွေမှာ ဆေးလိပ် မသောက်သော်လည်း အဆုတ်ကို ထိခိုက်စေနိုင်သည်။ သွေးဆူသူတွေမှာ ကော်တီဇောဟိုမုန်း (ခေါ်) စိတ်ဖိစီးမှုဟိုမုန်း (stress hormone) တစ်မျိုး အထွက်များပြီး အသက်ရှု လမ်းကြောင်းကို ကမောက်ကမ ဖြစ်စေသည်။

·         ဒေါသ နှင့် အသက်ဘေးအန္တရာယ်

ဒေါသကြီးခြင်းကြောင့် ခန္ဓာကိုယ်ထဲတွင် မကောင်းသော ဟိုမုန်းတွေ ထွက်ရှိလာပြီး၊ သွေးအရောင်ပါ ညစ်ထေးနောက်ကျိ လာကာ ရုပ်ရည်မှာလည်း ခက်ထန် ကြမ်းတမ်းလာသည်။ ဒေါသကြောင့် နောက်ဆက်တွဲ ဖြစ်စဉ်များ၏ အဆုံးသတ်သည် အသက်တိုခြင်းသာ ဖြစ်သည်။

          ထို့ပြင် ဒေါသထွက်ခြင်းက အထက်ဖော်ပြပါ ကျန်းမာရေး ဆိုးကျိုးများအပြင် -

·         အာရုံခံနာ့ဗ်ကြော များကို ထိခိုက်စေနိုင်ခြင်း။

·         စိတ်ဖိစီးမှု ဖြစ်စေခြင်း။

·         သွေးတိုး၊ သွေးတက်စေခြင်း။

·         ရံဖန်ရံခါ ခြေလွန်လက်လွန် ဖြစ်တတ်ပြီး တရားဥပဒေနှင့် ငြိစွန်းခြင်း။

·         ချစ်သူခင်သူ လျော့ပါးကာ အထီးကျန်ဆန်လာခြင်း။

·         အခန့်မသင့်ပါက ဦးနှောက်သွေးကြော ပြတ်သေစေနိုင်ခြင်း စသည်တို့ ဖြစ်ပေါ်ခံစားရ နိုင်ပါသည်။

          လူအများ စိတ်တို ဒေါသထွက်ခြင်းနှင့် ပတ်သက်၍ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ (ပါချုပ်ဆရာတော်ကြီး) ကလည်း ယခုကဲ့သို့ မိန့်ကြားတော်မူ ပါသည်။

                             “ ဒေါသထွက်နေတယ်ဆိုရင် ”

                             စိတ်ရဲ့ ထွက်ပေါက်ဟာမေတ္တာပဲ။

                             လူတစ်ယောက်အပေါ်မှာမေတ္တာထားလိုက်ရင်

                             စိတ်ရဲ့ ထွက်ပေါက် ရသွားတယ်။

                             နောက်ဆုံးမေတ္တာနဲ့ ဒေါသမပျောက်ဘူးဆိုရင် ကရုဏာထား။

                             ကရုဏာနဲ့ မပျောက်ဘူးဆိုလို့ ရှိရင်

                             ကံတရားကိုဆင်ခြင်စဉ်းစား။

                             သြော်…သူ့ ကံနဲ့ သူ၊ ငါ့ကံနဲ့ ငါ

                             ငါစိတ်ဆိုးနေလို့ဘာဖြစ်မှာတုန်း။

                             နောက်ဆုံးဘယ်လိုလုပ်လို့ မှ မရဘူးဆိုရင် မေ့ထားလိုက်။

                             မေ့ နေတဲ့အချိန်မှာတော့ ဘာမှမဖြစ်တော့ဘူး။

                             ဒါဟာသေချာတယ်။ သတိရမှဖြစ်တာကိုး။

          အကယ်၍ ဒေါသ ထွက်လွန်းအားကြီး သောကြောင့် ရုတ်တရက် ဦးနှောက် သွေးကြောပြတ် သေသွားပြီ ဆိုကြပါစို့။ ယင်းဒေါသ (အ)ကုသိုလ်စိတ် ကြောင့် ချက်ချင်း အပါယ်ငရဲသို့ ကျတတ်ပါသည်။ ထို့ကြောင့် လောကီ၊ လောကုတ္တရာ နှစ်ဖြာအတွက် အကျိုးနည်းလှသည့် ထိုဒေါသစိတ်ကို သီးခံစိတ်အသွင်သို့ ပြောင်းယူ နိုင်အောင် အခါအားလျော်စွာ တရားဓမ္မများ နာကြားပေးသင့် ပါသည်။

          ထို့ပြင် နေ့စဉ် အနည်းဆုံးမိနစ် ၃၀ ခန့် တရားထိုင်၊ တရားရှုမှတ်ခြင်းက စိတ်ငြိမ်းအေးစေသော စိတ်လေ့ကျင့်ခန်း တစ်မျိုးဖြစ်သည်။ တရားထိုင်ခြင်းဖြင့် စိတ်ငြိမ်းအေး ချမ်းသာမှုကို မလွဲမသွေ ရရှိစေပါသည်။ စိတ်ကို အေးချမ်းအောင် ထားနိုင်လျှင် ကျန်းမာရေး အတွက် သိသိသာသာ တိုးတက် ကောင်းမွန် လာပါသည်။ ကျန်းမာရေးအပြင် လူမှုဘ၀ အကျိုးကျေးဇူး များစွာကိုလည်းရရှိ နိုင်ပါမည်။ စိတ်အေးချမ်းသာ ခြင်းက ငြိမ်းချမ်းသာယာသော အခြေအနေများကို ဖန်တီးနိုင်ပါသည်။ ထို့ပြင် စိတ်ငြိမ်းအေးချမ်းသာ နေသူက အခြားသော ဒေါသထွက်နေသူများ သို့မဟုတ် စိတ်ဆိုးနေသူများကို ဖျောင်းဖျပေး နိုင်ပါသည်။ ထိုအခါ မိမိနှင့်အတူ ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင် ပါလိမ့်မည်။

          အချို့က “လူပုစိတ်တို” ဟုဆိုကြသည်။ လူပုမှတော့ စိတ်ကတိုပြီပေါ့ ဟုလည်း ခပ်လွယ်လွယ် လက်ခံ လိုက်ကြသည်။ အမှန်တော့ လူပုတိုင်းလည်း စိတ်မတိုတတ်ကြပါ။ အချို့ကလည်း “ဒေါသစိတ်ရှိမှ လူမှန်” ဟု လက်ခံထားကြ လေသည်။ ယင်းသည်လည်း မဟုတ်သေးပါ။ မိရိုးဖလာ ဗုဒ္ဓဘာသာ အယူအဆအရ “သာမန်ပုထုဇဉ် လူသားတိုင်း ဒေါသစိတ်၊ မောဟစိတ်၊ လောဘစိတ် ရှိစမြဲပင်” ဟုဆိုပြန်သည်။ မည်သို့ပင် ဆိုစေကာမူ အရာရာတွင် သီးခံစိတ် ကလေးထားကာ၊ ကိုယ်စိတ်နှစ်ပါးကို ထိန်းသိမ်း စောင့်ရှောက်ရင်း (၃၈) ဖြာမင်္ဂလာ တရားတော်နှင့် အညီကျင့်ကြံ သွားနိုင်မည် ဆိုပါလျှင် ဒေါသစိတ်ကို ထိန်းချုပ်နိုင်တော့မည် ဖြစ်ပါကြောင်း။

စေတနာများစွာ

ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားသည်

ဓာတ်ပုံ = အင်တာနက်

 


No comments: