စာပေလေ့လာဖတ်ရှုမှု လူသားတိုင်းကို
ကောင်းကျိုးပြု
ယနေ့ခေတ်လူငယ် တော်တော်များများ အွန်လိုင်း၊ မီဒီယာများဖြင့်
ပျော်မွေ့နေကြသည်။ လူငယ်တွေသာမက
လူလတ် ပိုင်း၊ တချို့လူကြီးပိုင်း တွေလည်း အွန်လိုင်းကို
စွဲလန်းနေကြသည်။ ကလေးများ ဂိမ်းစွဲလာကြသည်။ ကိုယ်လက် လှုပ်ရှားမှု မရှိ။ လေးလံ လာကြသည်။ လူမှုဆက်ဆံရေး
နယ်ပယ် ကျဉ်းမြောင်းခြင်းနှင့် အတူ လောကနီတိ သဘောသဘာဝ ချို့ယွင်း လာကြသည်။ အရေးကြီးဆုံး
အချက်ဖြစ်သည့် စာပေလေ့လာ ဖတ်ရှုမှုလည်း အားနည်း လာကြသည်။ စာဖတ် အားနည်းခြင်းက ဘ၀တိုးတက်မှု
နာရီလက်တံများကို အတိုင်းအတာ တစ်ခုအထိ ရပ်တန့်သွား စေသည်။ ခေတ်စနစ်၏
တောင်းဆိုချက်အရ ရုပ်ဝတ္တုတွေ တိုးတက် လာသည်။ အကျိုးပြု စာပေများ ဖတ်ဖို့ထက် အွန်လိုင်းများ၊ အီလက်ထရောနစ်
မီဒီယာများ၊ ဒစ်ဂျစ်တယ်လ် များဖြင့်သာ ပျော်မွေ့နေကြသည်။ သို့သော် အွန်လိုင်းကို အကျိုးရှိရှိ မသုံးမပြုကြပေ။
စာမဖတ်ကြဘဲ ဂိမ်းဆော့ခြင်း၊ မီဒီယာကြည့်ခြင်း တို့ဖြင့်သာ အချိန်
ကုန်မှန်းမသိ တစ်နေ့တာ ပြီးဆုံးသွားပြန်သည်။
·
“လူကိုစိတ်ကအုပ်ချုပ်၏။ စိတ်ကိုဉာဏ်ပညာက အုပ်ချုပ်၏။
ဉာဏ်ပညာကို ဗဟုသုတက အုပ်ချုပ်၏။ သို့ဖြစ်၍ ဗဟုသုတ ရှိအောင် စာအုပ်စာတမ်း အမျိုးမျိုးတို့ကို
ဖတ်ကြကုန်လော့” ဟုလည်းကောင်း၊ “စာမဖတ်သူသည် ကြီးပွား တိုးတက်ရေးလမ်း၌ တစ်နေရာရာမှာ
ရပ်နေ၏။ စာဖတ်သူမှာမရပ်။ သေမှသာ အတိုးရပ်ပေလိမ့်မည်” ဟုလည်းကောင်း ဆရာကြီးပီမိုးနင်း
ကလမ်းညွှန် ထားပါသည်။
·
“စာမဖတ်သူသည် တိုးတက်မှု ရပ်တန့်နေ၏။ စာဖတ်သူသည်
တိုးတက်မြဲ တိုးတက်နေ၏” ဟု လူထုဦးလှက စာဖတ်ရှိန် မြှင့်တင်ရေး လှုံ့ဆော်ထား ပါသည်။
·
“တိုးတက်သော လူမျိုးတို့သည် စာဖတ်ကြသည်။ စာဖတ်သော
လူမျိုးတို့သည် တိုးတက်ကြသည်” ဟုလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်
က တိုက်တွန်း ထားပါသည်။
ဟုတ်ပါပေသည်။ မှန်ပါပေသည်။ နေ့စဉ်ဘ၀တွင် ငါ့ဝမ်းပူဆာ မနေသာသောအခါ အစားအစာ များကိုစားသုံးကြ
ရသကဲ့ သို့ ဦးနှောက် အာဟာရ ဖြည့်သည့် အနေဖြင့်လည်း စာများများ ဖတ်ရှုကြရပါမည်။ တစ်နည်းဆိုသော်
နေ့စဉ်ဘ၀တွင် အစာမစားဘဲ မနေနိုင်သကဲ့သို့၊ စာမဖတ်ရဘဲ မနေနိုင်သော အလေ့အကျင့် ကောင်းကို
ပျိုးထောင်ဖို့ လိုပါသည်။ အသိဉာဏ် ဗဟုသုတတိုးပွား ရင့်ကျက်ခြင်းသည် ဦးနှောက်ပြည့်ဝ
ခြင်း၏ အမှတ်အသား လက္ခဏာဖြစ်သည်။ ထို့ကြောင့် စာကောင်းပေမွန် များကိုများများ ဖတ်ရှုရပါမည်။
စာကြည့်တိုက်မှာသုတရှာ
“အလိမ္မာစာမှာရှိ”
“စာအုပ်စာပေ လူ့မိတ်ဆွေ” ဟူသော ဆုံးမစကားများကို လူတိုင်းနားရည်ဝ နေကြပေလိမ့်မည်။ ယနေ့
ခေတ်ခါ ဖုန်းလေးတစ်ချက် ပွတ်လိုက်ရုံမျှဖြင့် သုတ၊ ရသစာပေစုံများကို အင်တာနက်မှ တစ်ဆင့်
ဖတ်ရှုနိုင်ပါသည်။ သို့သော် အကျိုးပြုစာပေကို အမှန်တကယ် ရွေးချယ်တတ်ဖို့ အရေးကြီးသည်။
(၁) လူမျိုးရေး၊ ဂိုဏ်း၊ အယူဝါဒများ၊ အစွန်းရောက် မှိုင်းတိုက် ဖျက်ဆီးနေသော စာမျိုးကို
“အနီရောင်စာပေ”၊ (၂) ကာမရာဂစိတ် လွန်ကဲသော နှိုးဆွရေးသား ထားသော ညစ်ညမ်းစာများကို
“အပြာရောင်စာပေ”၊ (၃) စုန်း၊ ကဝေ၊ သိုက်၊ ပျောက်စေ အစွမ်းများကို ရေးသားထားပြီး ဖတ်ရှုသူကို
စိတ်နယ်လွန်ဖြစ်ရပ် များမှာ မိန်းမောတွေဝေ စေသောစာများကို “အနက်ရောင်စာပေ”၊ (၄) ထင်ရှားကျော်ကြား
သူများ၏ ကိုယ်ရေးကိုယ်တာ များကို တခမ်းတနား ဖွဲ့နွဲ့ရေးသား ဖော်ပြနေသော စာများကို
“အဝါရောင်စာပေ”၊ (၅) အနှစ်မဲ့ ချစ်၊ ကွဲ၊ ကြိုက်၊ ညားဇာတ်လမ်းများ၊ လိင်တူအချစ် ဇာတ်လမ်းများကို
ရေးသားထားသော စာကို “ပန်းရောင်စာပေ” စသည်ဖြင့် သတ်မှတ်ကာ ဖတ်ရှုသူကို အချိန်ကုန်ပြီး
ဘဝတိုးတက် မှုကို နှောင့်နှေးကြန့်ကြာ စေတတ်သည့်
စာပေအတန်းအစား များအဖြစ် ပညာရှင်များက သတိပေးထားပါသည်။ ထိုသို့သော စာပေအတန်းအစားထဲ
မပါသော်လည်း ကြိုးစား အားထုတ်ရမှု နှင့် လိုက်လျောညီထွေ မဟုတ်သော ကြီးပွားချမ်းသာ ချင်စိတ်များ
ဖြစ်ပေါ်စေသည့် အရောင်းသွက်၊ လူကြိုက်များ နေသော တက်ကျမ်းတချို့ကို အကြွင်းမဲ့ မယုံကြည်၊
မအားကိုးသင့်ဘဲ စာဖတ်သူများ စဉ်းစားဆင်ခြင်မှုနှင့် ဖတ်ရှုကြရ ပါမည်။
ဖော်ပြပါ
စာပေ အတန်းအစား (၅) မျိုးကို ရှောင်ရှားရန် အတွက် ကင်းလွတ်သော နေရာရှိပါသည်။ ၎င်းမှာ နိုင်ငံတော်က
ဖွင့်လှစ်ထားသည့် “စာကြည့်တိုက်များ” ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်းရှိ မြို့နယ်ပေါင်း
၃၃၀ နှင့် မြို့ပေါင်း ၄၁၇ မြို့ အပါအ၀င် စုစုပေါင်း ၈၀၁ မြို့၊ ရပ်ကွက်ပေါင်း ၃၄၈၅
ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၂၃၉၁၀၊ ကျေးရွာပေါင်း ၆၃၂၀၀ ရှိရာ ပြန်ကြားရေးဝန် ကြီးဌာန၊
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ခရိုင်နှင့် မြို့နယ်အဆင့် များတွင် ပြည်သူ့
စာကြည့်တိုက် ၄၁၀ ကိုဖွင့်လှစ်ပေး ထားပြီး မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း
ထောက်ပံ့မှုဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်
ရပ်ရွာလူထု အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်ပေါင်း ၃၅၀၀ ရှိသည်။ မိမိတို့
ကံကောင်းလှ ပါသည်။ အဆိုပါ စာကြည့်တိုက်များ (ပညာဘဏ်တိုက်များ) တွင် စာအုပ်စာပေများ
အခမဲ့ဌားရမ်း ဖတ်ရှုနိုင်ပါသည်။
စာဖတ်အလေ့အကျင့်မရှိသေးသည့် လူငယ်များ ဘယ်လိုစာမျိုးကို
ဖတ်သင့်ပါသလဲ?
"မျက်စိရှေ့မှာ မြင်သမျှစာ အားလုံးဖတ်ပါ" ဟု ဆိုချင်ပါသည်။ ဘာကြောင့်လဲ? သုတစာပေ၊ ရသစာပေ အမျိုးမျိုးရှိသည်။
လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူပေ။ အကြိုက်ချင်း တစ်ထပ်တည်း မကျနိုင်ပေ။ ဥပမာ အစားအစာ အရသာတွင် ရသာခြောက်ပါး ချို၊ ချဉ်၊ ငန်၊ ဖန်၊ စပ်၊ ခါး ရှိပြီးတချို့က မွေးကတည်း
အချိုကြိုက်သည်။ တချို့က အချဉ်ကြောက်သည်။ တချို့ကမူ စပ်စပ်လေးမှ ကြိုက်သည်။
ထို့နည်းတူစွာ စာပေအရာမှာလည်း ရသစာပေတွင်
ရသကိုးမျိုး ရှိသည်။ ဥပမာ သင်္ဂါရရသ အချစ်ဝတ္တု ကြိုက်သူ၊
ဝီရရသ ရဲစွမ်းသတ္တိရှိသော သူရဲကောင်းစာအုပ်မှ ကြိုက်သူ
စသည်ဖြင့် လူအမျိုးမျိုး ရှိကြသည်။ သုတစာပေမှာ လောက သဘာဝအကြောင်းများ၊ IT နည်းပညာ စသည်ဖြင့် စာအုပ် အမျိုးမျိုးရှိသည်။
သို့ဖြစ်ရာ
အခုမှ စာစ,ဖတ်ရှု လေ့လာမည့်သူ သည် ကိုယ်က ဘာကိုကြိုက်သလဲ?
ပေါ့ပေါ့ပါးပါး ရေးထားတဲ့ စာမျိုးလား? အတွေးအမြင်
စာပေလား? မသိနိုင်သေးပေ။ ထို့ကြောင့် မျက်စိရှေ့တွေ့သော
စာအုပ်ကို ကောက်ယူ ဖတ်ကြည့်ပါ။
တစ်မျက်နှာ နှစ် မျက်နှာ ဖတ်ကြည့်ပါ။ မကြိုက်လျှင် နောက်တစ်အုပ် ပြောင်းဖတ်ပါ။ ဒုတိယ
စာအုပ်ကြိုက်ပြီလား? စောစောကထက် ပိုကောင်းသလို ဖြစ်သည်။
ဒါဖြင့် ဆက်ဖတ်မလား? နောက်ထပ်တစ်အုပ် ပြောင်းဖတ် ကြည့်မလား? မဟုတ်သေး ဘူးလား။ တတိယစာအုပ်
ကောက်ဖတ်ကြည့်ပါ။ သူလေးက ပိုစိတ်ဝင်စားဖို့ ကောင်းနေပြီ၊
သဘောတွေ့ နေသည်။ ထိုအခါ မိမိသည် ဘယ်လို စာပေမျိုးကို ပိုကြုက်သလဲ ဆိုသည်ကို
မိမိကိုယ်ကို သိလာပါပြီ။ ထို့နောက် အလားတူ စာအုပ်မျိုးတွေ ဖတ်ကြည့်ပါ။ နေ့စဉ် စာမျက်နှာ ၁၀ မျက်နှာထိ စာဖတ်သည့် အကျင့်ကို မွေးမြူပါ။ စာဖတ်အား ကောင်းလာသည့်
အခါ စာဖတ်ရှိန်မြင့် လာသည့်အခါ ဟိုးစောစောက ကောက် ကိုင်ကြည့်မိပြီး မကြိုက်၍စာအုပ်စင်မှာ ချောင်ထိုးထားသည့် စာအုပ်တွေကို
ဖတ်ချင်လာ လိမ့်မည်။ သဘောတွေ့ လာမည်။ ဤပုံစံမျိုးဖြင့်
မိမိကိုယ်ကိုစာဖတ်ရှိန် မြှင့်တင်ရပါမည်။
ထို့ကြောင့်
အခုမှ ပြင်ပစာများကို စ,ဖတ်သူ အနေဖြင့်
မိမိစိတ်ဝင်စားဆုံး စာအုပ်မျိုးကို ရွေးချယ်ဖတ်ပါ။
ထိုမှတဆင့် စာဖတ်အားသန် လာသည့်အခါ၊ စာဖတ်အား ကောင်းလာသည့် အခါ
တခြားသုတစာပေ၊ တခြားရသစာပေ များကိုလည်း ဖတ်ပါ၊ လေ့လာပါ။ သုတစာပေက အသိပညာ တိုးပွားပြီး တည်ကြည်ရင့်ကျက်
စေသည်။ အတွေးအခေါ်တွေ ပိုကောင်းလာသည်။ ရသစာပေက စိတ်နှလုံးကို သိမ်မွေ့နူးညံ့
စေပါသည်။ ကိုယ်ချင်းစာတရား ရှိလာမည်။ ယဉ်ကျေးလာမည်။ ထိုအခါ ကိုယ်ရည်ကိုယ်သွေး တက်လာပြီး၊
မိမိကိုယ်ကို ယုံကြည်မှုရှိ လာမည်။ အောင်မြင်ခြင်း လမ်းစ ရောက်လာပါမည်။
စာဖတ်အားနည်းသူများသတင်းစာဖတ်စေလို
နေ့စဉ်ထုတ် သတင်းစာ ဖတ်ပါ။ စာမျက်နှာ ၃၂ မျက်နှာပါသည့် သတင်းစာ တစ်စောင်တွင်
ကဏ္ဍအစုံ ပါသည်။ ဥပမာ ပြည်တွင်းရေးရာ ကဏ္ဍမှာ
ယနေ့ဖြစ်ပေါ် နေသည့် စီးပွားရေး၊ ကျန်းမာရေး သိနိုင်သည်။ ရသစာပေ ၀တ္တုများ၊ ဘ၀အတွေးအမြင် အက်ဆေးများ၊ သုတဆောင်းပါး များလည်း ဖတ်ရှုနိုင်မည်။ စာပေများက တဆင့် မိမိတို့ မမှီလိုက်သည့် ခေတ်စနစ်က အကြောင်းတွေကို သိနိုင်သည်။ ထို့ပြင်
မြန်ပြည်အနှံ့ ဘုရားဖူး ခရီးသွားဆောင်းပါး များဖတ်ရှုရင်း ဘုရားစုံ ဖူးနိုင်သည်။ မူးယစ်ဆေးဝါး
စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှု၊ အရက်သေစာ သောက်စားပြီး ဒေါသအလျောက်
လူသတ်မှု၊ လူကုန်ကူးမှု၊ သက်ငယ်မုဒိမ်းမှု၊ ပေါ့ဆမီး လောင်ကျွမ်းမှု စသည်တို့ကို ဖတ်ရှုပြီး ဆင်ခြင်တတ်လာမည်။ အားကစား ၀ါသနာပါသူ များအတွက် ပြည်တွင်း၊ ပြည်ပ အားကစားကဏ္ဍလည်း ဖတ်နိုင်သည်။ နိုင်ငံခြား သတင်းစုံ သိရသည့်အတွက်
ကမ္ဘာကြီးက ရွာလေးကဲ့သို့ တစ်ကမ္ဘာလုံး အကြောင်းတွေကို နေ့စဉ်
ထုတ် သတင်းစာ တစ်စောင်မှ အလုံးစုံ သိမြင်နိုင်ပါသည်။
သတင်းစာ တစ်စောင်က တစ်အိမ်သားလုံးကို သုတတွေ တိုးနေပါမည်။ ထိုအခါ Update သတင်းများ သိရသဖြင့်
မ,အ တော့ပေ။ မည်သူနှင့်မဆို ခေတ်နှင့်အညီ ယှဉ်ပြောနိုင်၊ ဆွေးနွေးနိုင် ပါသည်။ ထို့ကြောင့် နေ့စဉ် ထမင်းစားကြ သလို၊ နေ့စဉ်ထုတ်
သတင်းစာ တစ်စောင်စီ အနည်းဆုံး ဖတ်ကြစေချင် ပါသည်။ တချို့က စောဒက
တက်ကြသည်။ သတင်းစာမလို၊ စာအုပ်မလို၊ အွန်လိုင်းက စာဖတ်နိုင်သည် ဟုဆိုသည်။ အမှန်စင်စစ်
ဖုန်းထဲက စာဖတ်ရသည်ထက်၊ သတင်းစာနှင့် စာအုပ်များကို လက်ကကို်င်၍
စာဖတ်ခြင်းကပို၍ မှတ်မိနိုင်ပြီး မျက်စိကျန်းမာရေး အတွက်လည်း ပိုမိုသင့်တော် ပါသည်။
အွန်လိုင်းဖြင့် စာဖတ်ခြင်းကဇွန်း၊ ခရင်းနှင့် စားရသလို အားရပါးရ မဖြစ်လှပေ။ သတင်းစာ၊
စာအုပ်ကို လက်ဖြင့်ကိုင်တွယ် ဖတ်ကြည့်ရသည်က ထမင်းကိုလက်နဲ့ စားသလို
အရသာရှိသည်ဟု စာဖတ်အားသန်သူ များက ဆိုကြသည်။
အရေးကြီးလှ မိဘများ၏အခန်းကဏ္ဍ
လွန်ခဲ့သော ဆယ်စုနှစ် လေးခုခန့် (အနှစ် ၄၀ခန့်)က မြန်မာနိုင်ငံတွင် စာမတတ်သူ ဦးရေများပြား နေရာ၊ “စာမတတ်သူ
ပပျောက်ရေး” ဟူ၍ ကျေးရွာအနှံ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
အ,သုံးလုံး စာသင်ပေးရသည်။
တက္ကသိုလ်၊ ကောလိပ် ကျောင်းပေါင်းစုံက ကျောင်းသား ကျောင်းသူများက တောင်သူများအား
ယာတောတဲထိ လိုက်ပါကူညီပေးပြီး လုပ်အားပေးကာ
စာသင်ပေးခဲ့ ကြရသည်။ ဖိုးဖွားများကိုလည်း စာသင်ယူချင်စိတ် ရှိလာအောင်၊
အရေးအဖတ် တတ်အောင် တစ်အိမ်တက် တစ်အိမ်ဆင်း စည်းရုံးရသည်။ ၁၉၈၄ ခုနှစ်အထိ နိုင်ငံတော်က
စာမတတ်သူ ပပျောက်ရေး လှုပ်ရှားခဲ့ပါသည်။ တဖြည်းဖြည်း ခေတ်ကာလ ရွေ့လျားလာသည်
နှင့်အမျှ ၂၀ ရာစု ရောက်သောအခါ စာတတ်သူတွေ များပြားလာသည်။
၂၀၁၉ ခုနှစ်ကာလအထိ စမ်းစစ်မှု မှတ်တမ်းများအရ
မြန်မာ့လူဦးရေ သန်း ၅၀ တွင် စာဖတ်တတ်သူ ၉၈ ဒသမ ၄ ရာခိုင်နှုန်း
ရှိသည့်အတွက် မြန်မာနိုင်ငံသည် ရာနှုန်းပြည့်
စာဖတ်တတ်သူ တွေရှိသည့် နိုင်ငံဖြစ်ကြောင်း
ပညာရှင်များက မှတ်တမ်းတင် ထားသည်။
သို့သော် စာဖတ်တတ်သူတိုင်း
စာဖတ်ကြသလား? မဖတ်ကြပေ။ ထို့ကြောင့် “စာမဖတ်သူ ပပျောက်ရေး” စီမံချက်နှိုးဆော် ဖို့ လိုလာသည်။
ခေတ်စနစ်အရ ရုပ်ဝတ္တုတွေ တိုးတက်လာရာ၊ စာအုပ်ကိုင်ပြီး စာဖတ်ဖို့ထက် onlineနှင့် electronic media တွေ အသုံးပြုမှုများ နေသည်။
သို့သော် online ကနေ စာတကယ် မဖတ်ကြဘဲ game ဆော့ခြင်း၊ online သုံးခြင်းဖြင့် အချိန်ကုန်၍ ကုန် မှန်းမသိ တစ်နေ့တာ ပြီးဆုံးသွား ပြန်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ
လူမျိုးတစ်ခု တိုးတက်ဖို့အတွက် စာများများ
ဖတ်ရပါမည်။
သာဓကပြရလျှင် အနောက်နိုင်ငံ တချို့(ဖွံ့ဖြိုးပြီးနိုင်ငံ) တို့တွင် ဓာတ်ရထားစီးရင်း ဘတ်စ်ကားစီးရင်း
ဖုန်းမပွတ်ကြဘဲ၊ စာအုပ်တစ်အုပ် အမြဲဆောင်ထားပြီး စာဖတ်ကြသည်။ ယုတ်ဆွအဆုံး
အပမ်းဖြေခရီး ထွက်ရင်းလည်း ဖတ်စရာ စာအုပ်လေး တစ်အုပ် အမြဲပါသည်။
ဘာကြောင့်လဲ? သူတို့နိုင်ငံ Online
မရှိလို့လား?Online မကောင်းလို့လား?
Online သုံးရတဲ့ဖုန်း အမျိုးအစား မကိုင် နိုင်လို့လား? အဖြေက
ရှင်းပါသည်။ စာဖတ်ဝါသနာပါ၍ သိချင်စိတ်ဖြင့် စာဖတ်ကြသည်။ ထိုအခါ အသိပညာများ တိုးပွားလာပြီး Developed countries
ဖြစ်သွားသည်။ ဥပမာ မြန်မာနိုင်ငံတွင် TOP 10
စာရင်းဝင်သည့် အရောင်းရဆုံး (Best Seller) စာအုပ်မည်မျှ ထုတ်နိုင်ပါသလဲ? စာအုပ်ရေ
သောင်းဂဏန်းထက် မပိုပေ။ သို့သော် Developed countries တွင် Best
Seller စာအုပ် သိန်းသန်းချီပြီး ထုတ်ရသည်။ တန်းစီတိုးဝှေ့ပြီး ၀ယ်ရသည်။ ခဏလေးနှင့်
ရောင်းကုန်သည်။ အံ့မခန်း စာဖတ်ကြသည်။
ကလေးများ စာဖတ်ကျင့်ရှိရန်၊ လူငယ်များ စာဖတ်ကြရန် လူကြီးမိဘများ
ကိုယ်တိုင်က စာပေလေ့လာ ဖတ်ရှုမှုတွေ လုပ်ရပါမည်။ မိဘကိုယ်တိုင်က ဗဟုသုတနည်းလျှင် သားသမီးကို မည်သည့် လမ်းကောင်းမျှ ညွှန်ပြနိုင်စွမ်း မရှိပေ။ ခေတ်ကလေးများမှာ အွန်လိုင်း၊ မီဒီယာ တွေကြောင့် အသိမြန် အတတ်လွယ်
ကြသည်။ အတုခိုး မြန်ဆန်ပြီး လူကြီးဖြစ်စော လာသည်။ သို့သော် အတုယူ မှားခြင်း၊
အတုခိုးမှားခြင်းက ကလေးများ အတွက် လမ်းမှား တွေ့နိုင်သည်။ မိဘကလည်း ဗဟုသုတ နည်းပါးလျှင် သားသမီး လှိမ့်သမျှ၊
ညာသမျှခံရမည်။ ထိုအခါ မျိုးဆက်သစ်ကို ကောင်းမွန်သည့် အသိပညာအမွေ မပေးနိုင်တော့ချေ။ ထို့ကြောင့် မိဘတွေကို
စာများများ ဖတ်စေချင်ပါသည်။ ကျားမအားလုံး စာဖတ်သည့် အလေ့အကျင့်
ကောင်းကို မိမိကိုယ်ကို ထူထောင်ရမည်။ အရွယ်အားလုံး
စာဖတ်ကြဖို့ လိုပါသည်။
စာဖတ်ခြင်းအကျိုး
“နေမင်း၏
အလင်းရောင်သည် နေ့အခါ၌သာ ထွန်းလင်းနိုင်၏။ လမင်း၏ အရောင်သည် ညအခါ၌သာ ထွန်းလင်းနိုင်၏။
စာအုပ်စာပေတို့မှ ရသောပညာ ဉာဏ်အရောင်သည် အချိန်အခါမရွေး ထွန်းလင်းတောက်ပ နိုင်၏” ဟူသော
ဆိုရိုးစကား ရှိပေသည်။ စာဖတ်ခြင်းက လူတစ်ယောက်ကို ချက်ချင်းလက်ငင်း တိုးတက်ပြောင်းလဲ
သွားသည်ဟု မဆိုသော်လည်း၊ စာဖတ်အား ကောင်းလာသည်နှင့် အမျှ ထိုသူ၏ အတွေးအမြင်၊ အပြောအဆို၊
အပြုအမူနှင့် အင်္ဂါရုပ်မှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ ဥပမာပြရလျှင် ၂၀၁၉ ခုနှစ်
Top 10 စာရင်းဝင် တက္ကသိုလ်ဝင်တန်း ၀ိဇ္ဇာအထူးပြု ကျောင်းသူလေး တစ်ဦး၏ အင်တာဗျူးတွင်
သူမဖြေဆို ထားသည်မှာ“သမီးက ကျောင်းစာတွေ အပြင် အားတဲ့အချိန်မှာ ပြင်ပစာပေ တွေကိုလည်း
ဖတ်ရှုလေ့လာ ပါတယ်.. အကယ်၍ ကျောင်းစာတစ်မျိုးဘဲ ဖတ်ရင် အချိန်တန်ရင် သမီးကဘွဲ့ရပ ညာတတ်
educated ဘဲ ဖြစ်ပါမယ်… ပြင်ပစာပေတွေ ဖတ်တော့ ပညာရှိ wisdom ဖြစ်လိမ့်မယ်” ဟုဆိုသည်။
ထို့ကြောင့် စာဖတ်အား ကောင်းသည့် ကျောင်းသူသည် ဂုဏ်ထူးများဖြင့် အောင်မြင်ရုံမက၊ တချိန်တည်းမှာပင်
သူတကာထက် သုတကြွယ် နေပါသည်။ ဤထုံးကို နှလုံးမူ၍ မိဘများကလည်း မိမိတို့သားသမီးကို စာအစုံဖတ်ဖို့
နှိုးဆော်သင့်ပါသည်။
စာဖတ်ခြင်းကစိတ်ဖိစီးမှုပြေပျောက်နိုင်
စာဖတ်ခြင်းသည် ဦးနှောက်နှင့် စိတ်အလုပ်ဖြစ်သည်။
လေဖြတ်ခြင်း၊ မှတ်ဉာဏ် ချို့ယွင်းခြင်း၊ ပါကင်ဆဲန် (ခေါ်) ခြေတုန်လက်တုန် ရောဂါ၊ အယ်လ်ဇိုင်းမား
(ခေါ်) ဦးနှောက်ဇရာ အကြိုရောဂါ နှင့် လူပ်ရှားမှု မမှန်ကန်ခြင်း ရောဂါတို့အတွက် စာဖတ်ခြင်းက
အထိုက်အလျောက် ကြိုတင်ကာကွယ် နိုင်ပါသည်။ ယူကေ တက္ကသိုလ် တစ်ခုဖြစ်သော University
of Sussex ၏ သုတေသန ပြုလုပ်ချက်များ အရ လူတစ်ဦးသည် လမ်းလျှောက်၍ စကားစမြည် ပြောခြင်းကြောင့်
၄၂ ရာခိုင်နှုန်း၊ လက်ဖက်ရည်၊ ကော်ဖီတစ်ခွက် သောက်ခြင်းကြောင့် ၅၄ ရာခိုင်နှုန်း၊ သီချင်း
နားထောင်ခြင်းကြောင့် ၆၁ ရာခိုင်နှုန်း စိတ်ဖိစီးမှုကို လျှော့ကျစေသည်။ သို့ရာတွင် စာဖတ်ခြင်းကြောင့်
စိတ်ဖိစီးမှုကို ၆၈ ရာခိုင်နှုန်းအထိ လျှော့ချစေနိုင်ကြောင်း ဆိုထားသည်။ ထို့ကြောင့်
စာဖတ်ခြင်းသည် စိတ်ဖိစီးမှုကို သိသိသာသာ လျှော့ကျစေပါသည်။ သို့သော် စာပေလေ့လာ ဖတ်ရှုရာတွင်
မည်သည့်စာပေ အမျိုးအစားကို ဖတ်ရှုရမည် ဆိုခြင်းထက် မိမိ စိတ်ပါဝင်စားရာ၊ မိမိသိလိုရာ
အကြောင်းအရာများ ပါဝင်သည့် စာအုပ်များကို ဖတ်ရှုသင့်ပါသည်။
ကံကောင်းစေဖို့ စာဖတ်စို့
ရုပ်ဝတ္တုတွေ
ပြိုင်ဆိုင်မှုများသည့် ခေတ်မှာ "သူ့ကံကိုမပြိုင်နဲ့၊ ကိုယ့်ကံကိုပြင်ပါ" ဟု အကြံပေးလို ပါသည်။ ကံကောင်းဖို့ အတွက် ဦးစွာပထမ
စိတ်ကောင်းထားဖို့ လိုသည်။ စာပေလေ့လာ ဖတ်ရှုမှု များလာသည့် အခါ ကောင်းသော အယူဝါဒတွေ
ရှိလာမည်။ အတွေးအခေါ် တက်လာမည်။ ကိစ္စတစ်ခု ပြုမူခါနီးမှာ ဦးစွာစိတ်(မနော)က အရင်တွေးလေ့
ရှိသည်။ အတွေးကနေ ကြံစည်သည်။ ထိုအကြံအစည်က အပြော၊ အလုပ်ဖြစ်လာသည်။ ကံဆိုသည်မှာ အလုပ်ဖြစ်ပါသည်။
ကောင်းသော အလုပ်လုပ်လျှင် ကောင်းကံရမည်။ ဘ၀ တစ်သက်တာလုံး၊ နောင် ဘ၀သံသရာအထိ လည်းကံကောင်းဖို့
ဆိုလျှင်သူရဲ့ ဇစ်မြစ်ကမနော (စိတ်) ဖြစ်ပါသည်။ ထို့ကြောင့် အတွေးအခေါ်တွေ မှန်လာအောင်
စာကောင်းပေမွန် များကို ဖတ်ရှုမှတ်သားပြီး ကျင့်ကြံကြိုးကုတ် အားထုတ်ရပါမည်။
တစ်နည်း
ဆိုရလျှင် စာဖတ်ခြင်းသည် ဘဏ်မှာငွေစု သကဲ့သို့ အတိုးလည်းရသည်။ ဘဏ်မှာ များများစုနိုင်လျှင်
များများအတိုး ရမည်။ များများ အသုံးပြုနိုင်မည်။ ထို့တူစွာ စာဖတ်ခြင်းကလည်း ၀မ်းစာစုခြင်း
ဖြစ်ပါသည်။ အတိုးအမြတ် အဖြစ် မိမိဘ၀ကို ဆင်ခြင်နိုင် သလိုအမှား၊ အမှန်ကိုလည်း ခွဲခြားနိုင်မည်။
အမှားနည်းသူတစ်ယောက်အတွက် ဘ၀တက်လမ်း မြင့်မားသွားမည်။ ထိုသည်ပင် အတိုးပွားနေခြင်း
ဖြစ်ပေသည်။
လူတချို့က ဘ၀သင်ခန်းစာကို
မိမိကိုယ်တိုင်ကြုံမှ သင်ခန်းစာယူကြသည်။ တချို့သော
ဘ၀သင်ခန်းစာ တွေက ခါးသီးလွန်းသည့် အတွက် နောင်တတွေ ပွေ့ပိုက်ကာ ပြန်လည် အဖတ်ဆည်ဖို့
အတော်ခက်ခဲနိုင် ပါသည်။ သို့သော် စာများများဖတ်သူ၊ စာဖတ်နာသူ (စာနာနာဖတ်သူ)၊ စာဖတ်ကျေသူများက စာပေဖတ်ရှုရင်း ဘ၀သင်ခန်းစာ ယူတတ်သည်။ ထိုအခါ ရှောင်နိုင်ရှားနိုင် လာပြီး အမှားနည်းသွားမည်။ စာပေလေ့လာ ဖတ်ရှုမှသာလျှင်
အသိပညာ မြှင့်တင်နိုင်ပြီး ပြည်ထောင်စု အကျိုးကိုသယ်ပိုး နိုင်မည် ဖြစ်ပေသည်။
အချုပ်ဆိုရသော်
နိုင်ငံ့ အနာဂတ်လူငယ်များ စာဖတ်ကြပါ။ အရွယ် သုံးပါးအားလုံး စားဖတ်ကြပါ။ စာဖတ်စေချင်ပါသည်။
စေတနာများစွာ
ဆောင်းပါးရှင် တင်ထက်ထက်ဇော် ရေးသားသည်။
Photo = Internet
No comments:
Post a Comment