Tuesday, September 10, 2019

အသည်းခြောက်ခြင်းဝေဒနာမှ ကင်းဝေးစေဖို့


အသည်းခြောက်ခြင်းဝေဒနာမှ ကင်းဝေးစေဖို့

အသည်းနှင့် ပတ်သက်၍ အသည်းခြောက်ခြင်း ၊ အသည်းရောင် အသားဝါဘီပိုး ၊ အသည်းရောင် အသားဝါစီပိုး ၊ အသည်းရောင်ခြင်း များ ဖြစ်ပွားနေသည်ကို မကြာခဏ တွေ့နေရသည်။ အသည်းသည် လူ့ခန္ဓာကိုယ်တွင် ၀င်ရောက်လာသည့် အညစ်အကြေးများ နှင့် အဆိပ်အတောက်များ ၊ ပိုးမွှားများအား ခန္ဓာကိုယ် အတွင်းသို့ ပျံ့နှံ့မှု မရှိစေရန် ထိန်းသိမ်း ကာကွယ်ပေးနိုင်သော အရေးပါသည့် ကိုယ်တွင်းအင်္ဂါရပ် တစ်ခုဖြစ်သည်။ ထိုနည်းတူ ခန္ဓာကိုယ် အတွက် ဆောင်ရွက်နေသော လုပ်ငန်းပေါင်း ၅၀၀ ကျော်ကိုလည်း လုပ်ဆောင်လျက် ရှိသည်။

          ယနေ့ခေတ်တွင် ဖြစ်ပွားမှု များသော ရောဂါများထဲမှ အသည်းခြောက် ရောဂါ အကြောင်း တင်ပြပေး လိုသည်။ အသည်းခြောက် ရောဂါကို Cirrhosis ဟုခေါ်သည်။ အသည်းခြောက်ခြင်း ဆိုသည်မှာ အသည်းတွင် အမာရွက်များ ထင်ကာ အသည်း၏ ဖွဲ့စည်းပုံ ပျက်ပြားခြင်း ဖြစ်သည်။ အသည်းခြောက် ခြင်းကို ဖြစ်ပေါ် စေနိုင်သည့် အချက်များမှာ အသားဝါဘီပိုး ၊ စီပိုး တို့ကြောင့် လည်းကောင်း ၊ အသည်း အဆီဖုံးခြင်း ကြောင့်လည်းကောင်း ၊ နာတာရှည် ရောဂါကြောင့် အသည်းခြောက်ခြင်း ၊ အပြုအမူများ အနေဖြင့် အရက်သောက် ခြင်း ၊ မှိုတက်နေသော ငရုပ်သီးခြောက် ၊ အခြား အခြောက်တို့ကို စားသုံးမိခြင်းတို့ ဖြစ်သည်။ အသည်းခြောက်ခြင်း ဖြစ်ပေါ်စေသည့် အကြောင်းများစွာ ရှိသေးသည်။ အသည်းရောင် အသားဝါဘီ ၊ စီ နှင့် အရက်သောက်ခြင်း တို့ကြောင့် အသည်းခြောက်ခြင်း မှာ အဖြစ်များလျက် ရှိသည်။ ထိုအထဲမှ အရက်နှင့် အသည်းခြောက်ခြင်း အကြောင်းကို တင်ပြပေး လိုသည်။

          အရက်သောက်ခြင်းမှ အသည်းခြောက်ခြင်း ကိုဖြစ်စေဖို့ ရာခိုင်နှုန်း တော်တော်များသည်။ အရက်သည် လူကို မူးယစ်ထုံထိုင်း စေခြင်း ၊ စိတ်ဂနာ မငြိမ်ဖြစ်ခြင်း ၊ ဒေသပွားများ စေခြင်း ၊ စိတ်တက်ကြွ စေမှုဖြစ်ခြင်း စသည့် ဆိုးကျိုးများကို ဖြစ်စေသည်။ အရက်သည် တိုင်းရင်းဆေး ပညာအရ ဥဏှဝါယောဓာတ် ၊ အပူဥဏှတေဇောဓာတ် ၊ ဥဏှ အာကာသဓာတ် များ လွှမ်းမိုးပါဝင် နေသည်ကို တွေ့ရသည်။ ဥဏှတေဇောဓာတ် သည် အသည်းကို လောင်မြိုက်ခြင်း ၊ ပူလောင်ခြင်း ၊ ခြောက်ကပ်ခြင်း ၊ မာတင်းခြင်း ၊ ကြွပ်ဆတ်ခြင်း ၊ မည်းခြောက်ခြင်း တို့ကို ဖြစ်စေသည်။ ထို့အတူ ဥဏှအာကာသ ဓာတ်သည်လည်း ချွေးထွက်ခြင်း ၊ ရေငွေ့ဓာတ်များ ခန်းခြောက်ခြင်း ၊ အသစ်တစ်ဖန် ပေါ်လာသော ဓာတ်တို့ကို ထိန်းချုပ်စုဖွဲ့ မပေးနိုင်ခြင်း ၊ ဥဏှဝါယောဓာတ် သည် ဓာတ်များကို ခန်းခြောက်စေခြင်း ၊ ကလာပ်စည်း များကို ခြောက်သွေ့စေခြင်း ၊ လောင်ကျွမ်းမှုများ ဖြစ်ပေါ် စေခြင်းနှင့်အတူ ၀ါယောဓာတ် ဖြစ်ပေါ်လာကာ ပုံမှန်စိတ်မှ သွေဖည်ကာ ဒေါသစိတ် ၊ မောဟစိတ် ၊ စိတ်ဂနာမငြိမ်ခြင်းများ ဖြစ်ပေါ်လာကာ ရောဂါများ ဖြစ်ပေါ်စေခြင်း ဖြစ်သည်။

          အရက်တွင် အထက်ပါ ဓာတ်များပါရှိ နေသည်ကိုပင် အချို့ မသမာသူ များက အရက်ထဲသို့ အဆိပ်အတောက် ဖြစ်စေသော ဆေးဝါးနှင့် ပစ္စည်း အချို့ကို ထည့်သွင်း ကြပြန်သည်။ ဘူးလေးရာ ဖရုံဆင့် ဆိုသကဲ့သို့ ထို အဆိပ်အတောက် ဖြစ်စေသော ဆေးဝါး များကြောင့် အသည်းခြောက်ခြင်း ကို ပိုမိုဖြစ်လာ စေသည်။ အရက်သောက်တိုင်း အသည်းခြောက် ခြင်း ဖြစ်သည်ဟုလည်း မဆိုနိုင်ပါ။ အရက်ကို တစ်နေ့လျှင် တစ်ပက်ခန့်သာ သောက်သုံး သင့်သည်။

          တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်း သက်မှတ်ထားသော ပမာဏထက် ပိုသောက်သည့် အတွက် အသည်းခြောက်ခြင်း ကို ခံစားရခြင်း ဖြစ်သည်။ နေ့စဉ်ရက်ဆက် သောက်သုံးနေသော အရက်သုံးစွဲသူများ အတွက် အရက်တွင် ပါဝင်သော အဆိပ်အတောက် များသည် လူ၏ခန္ဓာကိုယ် အတွက် အသည်း၏ လုပ်ငန်းဆောင်တာများ ကမောက်ကမ ဖြစ်စေကာ အသည်းခြောက် လာတော့သည်။

          အသည်းခြောက် ခြင်း၏ လက္ခဏာများမှာ စိတ်ပိုင်းဆိုင်ရာ ကယောင်ချောက်ချား ဖြစ်ခြင်း ၊ သွေးမတိတ်ခြင်း ၊ သွေးအန်ခြင်း ၊ အရေပြား လက်သည်းများ ပုံပျက်ပန်းပျက် ဖြစ်ခြင်း ၊ အသားဝါ လာခြင်း ၊ ခြေထောက်များ ရောင်လာခြင်း ၊ ရေဖျဉ်းစွဲခြင်း တို့ဖြစ်သည်။ အသည်း၏ လုပ်ဆောင်တာများ မလုပ်နိုင် တော့သဖြင့် မကြာခဏ ဖျားနာခြင်း ၊ကျန်းမာရေး ချို့တဲ့ခြင်းများ မကြာခဏ ဖြစ်ပွားတတ်သည်။

          အသည်းခြောက် ရောဂါတွင် သုံးစွဲနိုင်သော ဆေးဖက်ဝင်အပင် များမှာ ရှားစောင်း လက်ပပ် ၊ ဆီးဖြူသီး ၊ သခွတ်ပင် ၊ မက်လင်ချဉ် ၊ တောင်ဆီးဖြူ ၊ ဆူးလေ ၊ ဆောင်းမေးခါး ၊ ဒန့်ကျွဲ တို့ဖြစ်သည်။ အထူး စားပေးသင့်သော အသီးတစ်မျိုး ဖြစ်သည့် ဖရဲသီး ကို အစာမစားမီ များများ စားပေးရမည်။ ထို့ပြင် ဖရဲသီး ၏ အခွံနှင့် အတွင်းမှ မှည့်နေသော အနှစ်များကို ဖယ်ပြီး အခေါက်ကို ယူပါ။ ယင်းအခေါက်ကို သုံးခွက်တစ်ခွက် တင်ကျို၍ ရေငတ်တိုင်း သောက်ပေးသင့်သည်။ ကြက်သဟင်းရွက် ကိုလည်း မကြာခဏ ဟင်းချိုလုပ် သောက်ပေး ရမည်။

အသည်းခြောက်သူ များသည် နူးညံ့ပျော့ပျောင်းသော အစားအစာများကို စားပေးရမည်။ အရက် သောက်ခြင်းကို လုံးဝရှောင်ကြဉ် သင့်သည်။ အကြော်အလှော်များ ၊ အကင်များ ၊ အစပ်များကို ရှောင်ကြဉ် ရမည်။ ပူလွန်း ၊ အေးလွန်းသော အစားအစာများ စားသောက်ခြင်း မှ ရှောင်ကြဉ် ရမည်။ အုန်းသီး ၊ အုန်ုးနို့ မြေပဲ စသော ကြေကျက်ခဲသော အစာများကိုလည်း ရှောင်ကြဉ် ရမည်။

          ဤသို့ဖြင့် အရက်သောက်တိုင်း အသည်းခြောက်ခြင်း မဖြစ်နိုင် သော်လည်း နေ့စဉ်ရက်ဆက် သောက်သုံးသည့် အခါ ဖြစ်နိုင်သည့် အသည်းခြောက်ခြင်း ဒဏ်မှ ကင်းဝေး နိုင်စေရန် အရက်သောက်ခြင်း ဆိုသော အာဟာရ နှင့် ကမ္မ ကိုဆင်ခြင်နိုင် ပါရန် တိုက်တွန်း ရေးသားလိုက်ရ ပါသည်။

မုဒိတာ (တောင်သာ)
ဓာတ်ပုံ = အင်တာနက်

No comments: