Monday, November 12, 2018

ဆယ်ကျော်သက်များအကြား မြင့်မားလာနေသော သေကြောင်းကြံစည်မှုများ


ဆယ်ကျော်သက်များအကြား မြင့်မားလာနေသော သေကြောင်းကြံစည်မှုများ

ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ လူငယ်တွေ လွတ်လပ်မှုကို မြတ်နိုးကြတယ်။ စူးစမ်းကြည့်ချင် ကြတယ်။ ကိုယ်ဘယ်လောက် လုပ်နိုင်သလဲ ဆိုတာကို စမ်းသပ်ကြည့်ချင် ကြတယ်။ တစ်ချိန်တည်းမှာ သူတို့ကို အန္တရာယ်တွေ ကလဲ ၀ိုင်းဝိုင်းလည် နေတယ်။

လူကြီးတစ်ယောက် ဆိုင်ကယ် စီးတော့မယ်ဆိုရင် ဦးခေါင်းကို ကာကွယ်ဖို့ ဦးထုပ်ဆောင်းပါ လိမ့်မယ်။ လမ်း သဘောတရား၊ စက်ရဲ့ လုပ်ဆောင်ချက်၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အစရှိ တာတွေကို အမှန်တကယ် နားလည် သဘောပေါက်သူ တွေဖြစ်တဲ့ အတွက် ဆိုင်ကယ်ကို အန္တရာယ် မဖြစ်အောင် ဂရုတစိုက် စီးကြပါလိမ့်မယ်။ သူတို့ကို လမ်းခုလတ်မှာ လူဆိုးတွေ၊ သူခိုးတွေကလဲ ပစ်မှတ်အဖြစ် ရွေးချယ်မှု အားနည်းပါတယ်။ သူတို့ကို ချောင်းရိုက်မယ့် သူတွေ လဲ မရှိသလောက်ပါပဲ။


ဆယ်ကျော်သက် တစ်ယောက် ဆိုင်ကယ်စီးတော့မယ် ဆိုရင် ဦးထုပ်ဆောင်းချင်မှ ဆောင်းပါလိမ့်မယ်။ လမ်းသဘောကို နားမလည်၊ စက်နှိုးပြီး မောင်းတာ လောက်ပဲသိ၊ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သိသိကြီးနဲ့လဲ လိုက်နာချင်မှ လိုက်နာမယ်၊ ဖုန်းပြောရင်ပြော နေဦးမယ်၊ လမ်းခုလတ်မှာလဲ အန္တရာယ် အမျိုးမျိုးက စောင့်ကြိုနေနိုင် ပါတယ်။ တကယ်တော့ ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ လူငယ်တွေအတွက် လောကကြီးက သိပ်လွယ်တဲ့ နေရာတော့ မဟုတ်ပါဘူး။ ကလေးတွေက ကျောင်းမှာ အနိုင်ကျင့်ခံရ နိုင်တယ်။ ဆယ်ကျော်သက် တွေမှာ လူငယ်အချင်းချင်း ပြဿနာမျိုးစုံ ရှိနိုင်တယ်။ လူငယ်တွေမှာ အချစ်ရေး၊ အလုပ်အကိုင် ကိစ္စနဲ့ မိသားစုကြား လွန်ဆွဲပွဲတွေ များနေမယ်။ ယုတ်စွအဆုံး လမ်းမှာ ရဲက တားစစ်ရင်တောင် လူကြီးဆိုရင် ညင်သာမှု ရှိသလောက် ဆယ်ကျော်သက် တွေကိုတော့ ဟေ့ကောင်၊ ဆင်း၊ ဆိုင်ကယ်အဖုံး လှန်ပြ၊ နောက်ဆုတ် အစရှိသည်ဖြင့် မာမာထန်ထန် ဆက်ဆံကြ ပါလိမ့်မယ်။ ဒီတော့ နုနယ်လှတဲ့ ဒီလူသားတွေခမျာ စိတ်ကျ ဝေဒနာကို သိသိသာသာ ဖြစ်စေ၊ မသိမသာဖြစ်စေ ခံစားကြရ ပါလိမ့်မယ်။

အကျိုးဆက်အားဖြင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့ အလေ့အကျင့်တွေ လုပ်လာနိုင်ပါတယ်။ ဆေးလိပ်သောက်၊ အရက်သောက်၊ ကွမ်းစား၊ ကလပ်သွား၊ ရည်းစားနဲ့ အတူနေ အစရှိ တာတွေပေါ့။ ဒါ့ပြင် မခံစားနိုင်တော့ရင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည် တာထိ ဖြစ်လာနိုင် ပါတယ်။ ဂျပန်နိုင်ငံကို ဥပမာယူကြည့် ရအောင်။

၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်တဲ့ ဆယ်ကျော်သက် ဦးရေက များသည်ထက် များလာပြီး ၁၉၈၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး အရေအတွက်ထိ ရောက်ခဲ့ပါတယ်။ မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူ တွေတောင် အဲဒီနှစ်နှစ်ထဲမှာ ဦးရေ ၂၅၀ ထက်မနည်း ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ခဲ့ ပါတယ်။ အနိုင်ကျင့်ခံ ရလို့၊ မိသားစုအတွင်း ပဋိပက္ခတွေ ဖြစ်နေလို့၊ စိတ်ဖိစီးမှု ဖြစ်လို့ အစရှိတဲ့ အကြောင်း တွေကြောင့် ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူ တွေထဲမှာ အများဆုံးက အထက်တန်း ကျောင်းသား တွေဖြစ်ပြီး အများစုက ကျောင်းမှာ အနိုင်ကျင့်ခံရ သူတွေပါ။ ကျောင်းမှာ ကျောင်းသားတွေ အနိုင်ကျင့်ခံရတာကို တာဝန်ကျ ဆရာ၊ ဆရာမ တွေအနေနဲ့ ပိုပြီးထိရောက်တဲ့ တုံ့ပြန်ကိုင်တွယ်မှုတွေ လုပ်ဖို့ လိုအပ်နေတာ အမှန်ပါ။ ဂျပန်အစိုးရ ကတော့ နိုင်ငံအတွင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုကို ၂၀၂၆ ခုနှစ်အတွင်း ၃၀ ရာခိုင်နှုန်း လျှော့ချမယ်လို့ ၂၀၁၆ ခုနှစ် ကတည်းက ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။ မူလတန်း နဲ့ အလယ်တန်း ကလေးတွေ အပါအ၀င် ကျောင်းသား၊ ကျောင်းသူတွေကို အကြံပေး ဆုံးမစကားတွေ ပြောဖို့ နားလည် တတ်ကျွမ်းသူတွေကို ငှားရမ်းဖို့နဲ့ အမြဲတမ်း ခေါ်လို့ရတဲ့ အကူအညီပေး ဖုန်းတွေကို တပ်ဆင်ထားမယ်လို့ အဲဒီ ကြေညာချက်ထဲမှာ ဖော်ပြပါရှိပါတယ်။

တောင်ကိုရီးယားနိုင်ငံ မှာလဲ ၂၀၁၇ ခုနှစ် ကိန်းဂဏန်းများအရ သေဆုံးသူဦးရေ ၁၀၀၀၀ မှာ ၂၆ ဒသမ ၉ ဦးက ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်တဲ့ လူငယ်တွေ ဖြစ်ပါတယ်။ အဲဒီလို တွက်စတမ်းဆိုရင် ဂျပန်နိုင်ငံရဲ့ ဆယ်ကျော်သက် သေကြောင်း ကြံစည်သူဦးရေက ၁၈ ဒသမ ၅ ပဲရှိပြီး ဖိလစ်ပိုင်နိုင်ငံ မှာဆိုရင် ၃ ဒသမ ၂ ပဲရှိပါတယ်။ ဒီတော့ လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုနှုန်း အမြင့်ဆုံးက တောင်ကိုရီးယားနိုင်ငံ လို့ဆိုရပါ လိမ့်မယ်။

တောင်ကိုရီးယား နိုင်ငံမှာ လူငယ်တွေဟာ သိပ်ကို အထီးကျန် ကြပါတယ်။ ချစ်သူထားရင် ချစ်သူထားစရိတ် မတတ်နိုင်ကြလို့ ဒီအတိုင်း နေကြတာက များပါတယ်။ အထီးကျန် လူသားများ ဆိုပြီးတော့တောင် ကမ္ဘာ့သတင်းစာ တွေကနေ ဟိုးလေးတကျော် ဖော်ပြခဲ့ပြီးဖြစ် ပါတယ်။ ဒီတော့ ဒီလူငယ်တွေကို ဘယ်လို ကယ်တင်မလဲ။ ပထမဆုံး သူတို့ကို စကားကောင်းကောင်း ပြောပေးတာနဲ့ စလိုက်ရအောင်။ ကိုယ့်အနားမှာရှိတဲ့ လူငယ် တစ်ယောက်ကို အထင်အမြင် သေးစွာ ပြောတာ၊ ပြောသမျှ တစ်ခုမှ မယုံတာ၊ ရန်သူလိုမြင်တာ တွေကို ခဏလေးရပ်လိုက်ပြီး နွေးထွေးစွာ စကားပြောခြင်းဖြင့် သူရဲ့ စိတ်ကျဝေဒနာကို စကုလိုက် ရအောင်လို့ လေ့လာရေးသား လိုက်ရပါတယ်။

TMK ဘာသာပြန်သည်

No comments: