Saturday, January 20, 2018

အသက် ၂၀ ကျော်သူများအတွက် ငွေကြေးစီမံခန့်ခွဲနည်းများ


အသက် ၂၀ ကျော်သူများအတွက် ငွေကြေးစီမံခန့်ခွဲနည်းများ

သင် အသက် ၂၀ အရွယ်မှာ ဘယ်အဆင့်ကို ရောက်နေသလဲ ဆိုတာဟာ သင့်ရဲ့ ကျန်ရှိနေသေးတဲ့ ဘ၀တစ်ခုလုံးအပေါ် အကျိုး သက်ရောက်မှု ရှိသွားနိုင်ပါတယ်။ အသက် ၂၀ ကျော်အရွယ်ဆိုတာ အလုပ်ရခါစ၊ တာဝန်တွေကလဲ သိပ်လေးလေးပင်ပင် မဟုတ်၊ ရတဲ့လစာလေးနဲ့ မုန့်ဝယ်စား၊ လိုချင်တာတွေ ၀ယ်ပြီးပျော်နေလို့ ရသေးတဲ့အရွယ် ဖြစ်ပါတယ်။ သို့သော် ဒီအရွယ်ကတည်းက မိမိငွေကြေးကို စနစ်တကျစီမံခန့်ခွဲ တတ်ပါမှ အသက် ၄၀ ကျော်တဲ့အခါ ကိုယ်ရောက်ချင်တဲ့ အဆင့်ကို ရောက်ဖို့ နီးစပ်ပါလိမ့်မယ်။


ဆုံးဖြတ်ချက်တစ်ခုကို ဘယ်လိုချမယ် ဆိုတာ ကိုယ့်ရဲ့ဓနအင်အား ဘယ်လောက်ရှိတယ် ဆိုတဲ့အပေါ် အများကြီး မူတည်ပါတယ်။ အသက်ကြီးလာတဲ့အခါ ကိုယ်ဖြတ်သန်း လာခဲ့တဲ့ နှစ်ပေါင်း လေး၊ ငါးဆယ်ကျော်ကို သမင်လည်ပြန် ကြည့်ပြီး ဒီလောက်နှစ်တွေ အများကြီး အလုပ်လုပ်လာတာ ငါ့မှာ ဘာမှမကျန်ပါလားလို့ စုတ်တသပ်သပ်နဲ့ နောင်တ မရချင်ရင် အောက်ပါ နည်းနိဿယများကို လိုက်နာဖို့တော့ လိုပါလိမ့်မယ်။

၁။ Credit Card (အကြွေး ၀ယ်ယူခွင့်ကတ်ပြား) ကို နည်းလမ်းမှန်ကန်စွာ သုံးပါ ။   ။ Creditcard.com မှာ လေ့လာပါ။ Credit Card ကိုင်တဲ့လူငယ်တွေက ဒီကတ်နဲ့ အ၀တ်အစား ၀ယ်ကြပါတယ်။ ကားဆီဖြည့်ကြ ပါတယ်။ ပျော်ပါးချင်တဲ့အခါ ထုတ်သုံးကြပါတယ်။ လူကြီးတွေက ကျတော့ ခရီးသွားဖို့ အကြီးစားပြုပြင်မှုတွေလုပ်ဖို့ အစရှိသည်ဖြင့် အသုံးပြုကြ ပါတယ်။ ဘာကွာသွား သလဲ။ လူကြီးတွေဟာ Credit Card ကနေ ပိုက်ဆံ ဘယ်လောက် ထုတ်သုံးမယ်ဆိုတာ Limit ထားပြီး စနစ်တကျသုံးကြ ပါတယ်။ လူငယ်တွေကတော့ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တာရော၊ သူငယ်ချင်းတွေရဲ့ ဖိအားကို မလွန်ဆန် နိုင်တာတွေရောကြောင့် လူမိုက်နှင့်ငွေ အတူမနေတဲ့ ဘ၀ကို ခဏလေးနဲ့ ရောက်သွားနိုင် ပါတယ်။ ကဲလို့ရတုန်း ကဲထားဦးမယ်ဆိုတဲ့ အယူအဆကို မပြင်နိုင်သေးသရွေ့ သင်ဟာ လူငယ်လေးတစ်ဦးပဲ ဖြစ်ကျန်နေမှာပါ။ သင့်လက်ထဲမှာ Credit Card ပဲရှိရှိ၊ ATM Card ပဲရှိရှိ၊ စနစ်တကျသုံးပါ။

၂။ ချမ်းသာလာမှ ရင်းနှီးမြှုပ်နှံရတာ မဟုတ်ပါဘူး ။   ။ ရင်းနှီးမြှုပ်နှံမှ ချမ်းသာလာတာပါ။ သင့် Credit Card ထဲမှ အမေရိကန် ဒေါ်လာ ၂၀၀ ပဲရှိတယ် ထားဦး ၊ သင် ရင်းနှီးမြှုပ်နှံလို့ ရပါတယ်။ လူငယ်တွေထဲမှာ ရင်းနှီးမြှုပ်နှံမှု လုပ်သူတွေ အလွန်နည်းနေ ပါသေးတယ်။ ဘယ်လိုနေရာ တွေမှာရင်းနှီးမြှုပ်နှံမှု လုပ်လို့ ရသလဲဆိုတာကို စနစ်တကျလေ့လာပြီး လုပ်သင့်ပါတယ်။ ဥပမာ ဖုန်းဘေလ်ဖြည့်တဲ့ e-Load မှာရင်းနှီးမြှုပ်နှံမလား ၊ ဒါမှမဟုတ် Online Shopping သမားတွေအတွက် နိုင်ငံခြားငွေပေးငွေယူ လုပ်နိုင်ဖို့ ကိုယ်က မီနီဘဏ်တစ်ခုအဖြစ် ရပ်တည်မလား ၊ လုပ်ကြည့်မယ်ဆိုရင် လုပ်စရာတွေ အများကြီး ရှိပါတယ်။

၃။ အသက် ၂၀ ကျော်သူတွေ ဘယ်နှဦးလောက်မှာ ဘဏ်ထဲ ငွေကျပ် ၁၅ သိန်းထက် ပိုပြီးရှိမယ် ထင်ပါသလဲ ။   ။ ရှိတယ်ပဲထားဦး ၊ ၁၅ သိန်းဆိုတာ အရေးပေါ်ကိစ္စတစ်ခုခု ကြုံလာရင် ခဏလေးနဲ့ ကုန်သွားမယ့် ပမာဏ ဆိုတာ သတိထားဖို့ ကောင်းပါတယ်။ ရတဲ့မုန့်ဖိုးလေးတွေ စုတာ ကောင်းပါတယ်။ ဒါပေမဲ့ လုံလောက်မှာတော့ မဟုတ်ပါဘူး။စုလဲ စုတတ်ရပါမယ်။ ပွားအောင်လဲ လုပ်တတ်ရပါတယ်။ လူငယ်တွေရဲ့ ဘ၀မှာ အဖြစ် အများဆုံးက ငွေဝင်တာနည်းပြီး အသုံးလိုတာများတဲ့ ကိစ္စဖြစ်ပါတယ်။ သင်သာယုံကြည် ထိုက်သူတစ်ဦး ဖြစ်မယ်ဆိုရင် မိဘတွေက သင့်ဘဏ်အကောင့် ထဲကို ငွေတွေဖြည့်ပေး ထားဖို့ ၀န်လေးကြမှာ မဟုတ်ပါဘူး။ ခက်တာက လူငယ်တွေဟာ မိဘရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်သူ၊ အလေးအနက် မထားသူ၊ အမြတ်ထုတ်သူ တွေက ပိုများနေတာပါပဲ။ '' ငါ့ကိုခွင့်လွှတ်မှာပါကွာ '' ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ခွင့်လွတ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ပျက်ပြားသွားတဲ့ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ဖို့ အလွန်ခက်တယ် ဆိုတာ အသက် ၂၀ ကျော်သူများ နားလည် သဘောပေါက်ဖို့ လိုပါလိမ့်မယ်။

၎။ လိုချင်တာတွေကို အရမ်းမ၀ယ်ပါနဲ့ ။   ။ တတ်နိုင်ရင်လဲ မ၀ယ်ပါနဲ့။ တစ်ကမ္ဘာလုံးမှာ ၂၀ ရာခိုင်နှုန်းစနစ်ကို သုံးပါတယ်။ အဲဒါကတော့ ကိုယ့်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ သုံးပြီး ကျန်တာကို စုတန်စု၊ ရင်းနှီးမြှုပ်နှံ သင့်တန် ရင်းနှီးမြှုပ်နှံ တာပါ။ သင်ဝယ်လိုက်တဲ့ ပစ္စည်း တွေဟာ လက်ထဲ ရောက်ပြီးတာနဲ့ ဈေးကျပြီဆိုတာ မမေ့ပါနဲ့။ မယုံရင် ဖုန်းတစ်လုံးကို အခုပဲဝယ်လိုက်ပါ။ အခုပဲ ပြန်သွင်းကြည့်ပါ။ သင့်ကိုဈေးနှိမ် ပါလိမ့်မယ်။ ဖုန်း ၊ ဆိုင်ကယ် ၊ ကား အားလုံးပါပဲ။ ၀ယ်ပြီး ပြန်ရောင်းရင် အမြတ်ရတယ်ဆိုမှ ရင်းနှီးမြှုပ်နှံတယ်လို့ ခေါ်ပါတယ်။

၅။ အတိုးမုဆိုးတွေကို ရှောင်ကြဉ်ပါ ။   ။ သင့်ငွေကို အတိုးအဆပေါင်း များစွာပေးပြီး လာချေးတယ်ဆိုရင် အဲဒါ အတိုးမုဆိုးဖြစ်ဖို့ အလားအလာ မြင့်မားပါတယ်။ ငွေတကယ် လိုတဲ့လူတစ်ယောက်ဟာ သင့်ကိုအတိုး မလျှော့၊လျှော့အောင် တောင်းပန်ပြောဆို ပါလိမ့်မယ်။ အတိုးကို အထက်စီးက အများကြီး ပေးပြီး ငွေချေးတဲ့လူတွေက အတိုးမုဆိုးတွေပါ။ ဥပမာ သင့်ဆီက ငွေကျပ် သိန်း ၅၀ ချေးမယ်။ အတိုးကို ၅၀ ရာခိုင်နှုန်း ပေးမယ်ပေါ့။ ဒါဖြင့် ပြန်ဆပ်ရင် ၇၅ သိန်းလေ။ အတိုး အရင်ယူထားဆိုပြီး သင့်ကို ၂၅ သိန်းပေးသွား ပါလိမ့်မယ်။ လကုန်ရင် သိန်း ၅၀ ပြန်ပေးမယ်ပေါ့။ သင့်မှာတော့ ပျော်လို့ ။ အတိုးရလိုက် တာပဲဆိုတဲ့ ငွေ ၂၅ သိန်းကို မနှမြောတမ်း သုံးလို့။ လကုန်တော့ ငွေချေးသွားသူ ရှာမရတော့ပါ။ အတိုးမုဆိုးတွေ ဖြစ်တဲ့အလျောက် အတိုးမြားနဲ့ သင့်ငွေအသက်ကို ခြွေယူလို့ သွားကြပါပြီ။

၆။ သင့် ဆိုရှယ် အသုံးစရိတ်တွေကို ထိန်းပါ ။   ။ ဆိုရှယ်အသုံးစရိတ် ဆိုတာ သူငယ်ချင်းတွေ နဲ့ တွေ့ဆုံပျော်ပါး စားကြသောက်ကြ တဲ့အခါ၊ လည်ပတ်တဲ့အခါ ကုန်တဲ့ အသုံးစရိတ်တွေ ဖြစ်ပါတယ်။ ကိုယ့်ဖို့ ပဲသိတဲ့ သူငယ်ချင်းတွေ၊ ရှိလျက်နဲ့ မျှဝေကျခံမှု မလုပ်တဲ့ သူငယ်ချင်းတွေ နဲ့ ခင်လို့ရပါတယ်။ ဒါပေမဲ့ သင့် အသုံးစရိတ်ကို မထိန်းနိုင်ရင်တော့ နစ်နာမှာ သင်ပါပဲ။ သူတို့ကတော့ ကျွေးနိုင်တုန်း ခင်မယ် ၊ မကျွေးနိုင်ရင် ကြဉ်မယ်ဆိုတဲ့ သာကူးတွေ ဖြစ်နေနိုင်ပါတယ်။

အခု ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ် မပြုပြင်နိုင်ဘူး ဆိုရင် အပင်တစ်ပင် ကြီးလာမှ ပြန်ပြင်ပျိုးဖို့ မဖြစ်နိုင်တော့တဲ့ အတိုင်း အကျင့်ဆိုးတွေက အရိုးစွဲသွားမှာမို့ ဆယ်ကျော်သက် များရော ၊ အသက် ၂၀ ကျော် သူများပါ ချင့်ချိန်ပြုပြင်လို့ ရအောင် အခုလို လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။ (KTM)


No comments: