Friday, May 2, 2008

ကျွန်တော့်တစ်နေ့တာ (၇)

၂၅-၄-၂၀၀၈ ရက်နေ့

မနက်မိုးလင်းရင် နှုတ်ဆက်နေကျ သူငယ်ချင်းတွေ ကိုလည်း နှုတ်ဆက်လို့မရ ဖြစ်နေတယ်။ သွားလည်နေကျ သူငယ်ချင်းတွေရဲ့ အိမ်တွေလည်း နေ့ခင်းကြောင်တောင် မီးတွေမှိတ်လို့ပါ။ ကိုယ့်အိမ်ကို လာလည်ဖို့ကလည်း တံခါးဖွင့်ထားလျက်နဲ့ လမ်းပျောက်နေကြတယ် ထင်ရတယ်။ ၀င်မလာနိုင်ကြဘူး။ ကျွန်တော့်အတွက် အထီးကျန်ဆန် လွန်းလှတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ရတယ်။

သရဲနီတွေအပေါ် အောင်ပွဲခံခဲ့တဲ့ အပြာင်ရောင် ခြင်္သေ့သူရဲကောင်း တို့ရဲ့ အောင်ပွဲခံသတင်းကို ကိုစိုးထက်၊ ကိုဆိုးသွမ်း၊ ကို Stanley၊ ကိုဖရီး နဲ့ ဆုရည်၊ စိုးမြနန္ဒာသက်လွင် တို့ဆီ ချီးယားမြှောက်ဖို့ ကြိုးစား ပေမယ့် အချည်းနှီးဖြစ်ခဲ့ ရတယ်။ ကျွန်တော့်မှာ ဆွံ့အသူ တစ်ယောက်နဲ့ မခြား မှင်သက်နေမိတယ်။

ဒါနဲ့ အားမလျော့သေးပါဘူး . . .
ဖုန်းနံပါတ် ၀၉၁ ……….. ကိုနှိပ်လိုက်တယ်။
“ဟလို” “ အန်တီလားခင်ဗျာ၊ ကျွန်တော် ၀င်းဇော် ပါ၊ ဆုရည်နဲ့ စကားပြောခွင့်ပေးပါခင်ဗျာ” “ အော်…အေးအေး”
“ဟလို” “ဆုရည်လား” “ပြောအစ်ကို”
“Connection ကောင်းလား” “ဘာလဲ.. ဆုရည်ဘာမှမဆက်သွယ်ဘူး”
“မဟုတ်ဘူး ဆုရည် အင်တာနက်လိုင်းကောင်းလားလို့မေးတာ”
“သိဘူး၊ ဆုရည်လည်းဘုရားဝတ်တက်နေလို့၊ ဘာဖြစ်လို့လဲ”
“online ထဲဝင်မရလို့ မေးကြည့်တာ”
“မနေ့က Post တွေတင်နေသေးတယ်လေ၊ ကနေ့တော့သိဘူး”
“အေးအေး ဒါပဲ၊ ဒီနေ့ဘယ်သွားဖို့ရှိလဲ”
“ဟင့်အင်း အိမ်မှာပဲရှိမယ်၊ ရှမ်းခေါက်ဆွဲလုပ်စားမလို့၊ လာမလို့လား”
“လာခဲ့မယ်လေ၊ ဒါပဲ၊ ဘိုင်” ကွန်ပျူတာ Connection မကောင်းတော့၊ Connection ကောင်းတဲ့ ရှမ်းခေါက်ဆွဲပဲ သွားစားတော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။

ကားဂိတ်ကဆင်း၊ သလ္လ၀တီလမ်းထဲဝင်၊ လမ်းကကျဉ်းပေမယ့် ဆိုက္ကားရော၊ ကားရော၊ လူရောအမြဲစည်ကားနေတဲ့လမ်းသွယ်လေးပါ။ သလ္လ၀တီဈေးလည်းရှိသေးတယ်လေ၊ သူဌေးဈေးပေါ့။ ယောက္ခမ လောင်းကိုမျက်နှာလုပ်ဖို့ ထောပတ်သီးတစ်ခြင်းဝယ်တယ်။ အိမ်ထဲ ရောက်တော့ ရှမ်းပြည်ပြန်လက်ဆောင်လားတဲ့၊ မဟုတ်ပါဘူး အန်တီရယ်. . . သလ္လ၀တီ ဈေးထဲကပါလို့။ ယောက္ခထီးတော့ မရှိဘူး။ ရွာပြန်သွားတယ်။ ပျဉ်းမနား ကြက်ပြေးကိုပြောတာ…။

ဆုရည်တို့အိမ်ကနေပြန်တော့ မရောက်တာကြာပြီဖြစ်တဲ့ မြို့ထဲကို ဆက်သွားတယ်။ FMI ရှေ့ကဆိုင်မှာ Software နဲ့ Game ခွေတွေဝယ်တယ်။ ဂျာနယ်တွေ စာစောင်တွေဝယ်တယ်။ ဆူလေး Game Centre ဘက်တွေသွားတော့ တစ်ချို့ဆိုင်တွေ ပိတ်ထားတယ်။ တစ်ချို့ဆိုင်တွေလည်း Connection မရဘူး။ ဒီလိုနဲ့ အိမ်ပြန်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ လျှပ်စီးမီးချောင်းတွေ မီးလင်းနေပေမယ့် ကျွန်တော့် အတွက်တော့ အမှောင်ကမ္ဘာထဲ လမ်းလျှောက်နေရသလို ပါပဲ။

No comments: