Monday, May 6, 2013

သတ္တ၀ါတွေကို သတ်ဖြတ်နေတဲ့ ပလတ်စတစ်



 
ပင်လယ်တွေ ဟာ ပလတ်စတစ် စွပ်ပြုတ်နဲ့ တူနေပါတယ်။ ပင်လယ် ရေထဲမှာ လူတွေ အသုံးပြု ထားတဲ့ ပလတ်စတစ် တွေဟာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ပလတ်စတစ် အစိတ်အပိုင်း အကျိုးအပဲ့ လေးတွေ အများကြီး မျောပါ နေပါတယ်။ ၄င်း ပလတ်စတစ် အမှုန်အမွှား လေးတွေက သတ္တ၀ါ တွေရဲ့ အသက် အန္တရာယ် ကို ခြိမ်းခြောက် နေပြီး ကျန်းမာရေး ကိုလည်း ဆိုးဝါးစွာ ထိခိုက် စေပါတယ်။
 
 
 
၁၉၅၀ ပြည့်နှစ် လောက်က စပြီး ပလတ်စတစ် ဟာ လူတို့ရဲ့ နေ့စဉ် နေထိုင်မှု ဘ၀မှာ ပါဝင် ပတ်သက် လာခဲ့ပါတယ်။ ကမ္ဘာ့ နေရာ အနှံ့အပြား ပလတ်စတစ် ကို အသုံးပြု ကြပြီး နှစ်စဉ် ပလတ်စတစ် တန်ချိန် ၂၆၀ သန်းခန့် အသုံးပြု နေပါတယ်။ ပင်လယ် သမုဒ္ဒရာ တွေထဲက အမှိုက်သရိုက် တွေရဲ့ ၆၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း ခန့်ဟာ ပလတ်စတစ် အမှိုက်တွေ ဖြစ်ပါတယ်။ အချို့ ပလတ်စတစ် တွေဟာ နှစ်ပေါင်း ရာဂဏန်း ကနေ ထောင်ကဏန်း အထိ မပျက်စီးဘဲ တည်ရှိနေနိုင် ပါတယ်။ ပလတ်စတစ် အမှိုက်တွေ ဟာ သဘာဝ သားရဲ တိရစ္ဆာန်များ ၊ လူများနဲ့ သဘာဝ ၀န်းကျင် ကို ထိခိုက် စေပါတယ်။ သမုဒ္ဒရာ တွေထဲက တန်ချိန် သန်းနဲ့ချီပြီး ရှိနေတဲ့ ပလတ်စတစ် အိတ် ၊ ပလတ်စတစ် ဘူးခွံ တွေဟာ ပြိုကွဲ ကြေမွပြီး ရေထဲကို အဆိပ် အတောက် တွေအဖြစ် ထုတ်လွှတ်ပြီး ရေနေ သတ္တ၀ါ တွေနဲ့ လူသားတွေကို ဘေးအန္တရာယ် ဖြစ်စေပါတယ်။ မြေပြင် တွေပေါ်မှာ ပြန့်ကျဲနေတဲ့ ပလတ်စတစ် တွေက အဆိပ် အတောက် တွေဟာ မြေပြင် ထဲကို စိမ့်ဝင် စေပါတယ်။ ပလတ်စတစ် ပစ္စည်း တွေထဲမှာ ထည့်ထားတဲ့ ဓာတုပစ္စည်း တွေဟာ လူသား တွေရဲ့ ဂေဟစနစ် ကို ယိုယွင်း ပျက်စီး စေတဲ့ အန္တရာယ် ကို ပေးစွမ်း ပါတယ်။


 
ပလတ်စတစ် အစအန တွေကို မျိုချမိတဲ့ သတ္တ၀ါ လေးတွေဟာ လည်း ဆို့နင့်ပြီး နှစ်စဉ် အကောင်ရေ များစွာ သေဆုံး နေရပါတယ်။ သေဆုံး နေတဲ့ ဝေလငါး တွေ ၊ မိချောင်းတွေ ၊ ငှက်တွေရဲ့ အစာအိမ် လမ်းကြောင်း ထဲမှာ ပလတ်စတစ် စတွေကို တွေ့ရှိခဲ့ ရပါတယ်။ ပလတ်စတစ် သုံးစွဲမှုတွေ လျှော့ချဖို့ စားသုံးသူ များဘက်က စဉ်းစား ရမှာ ဖြစ်ပါတယ်။ ထုတ်လုပ်သူ များအနေနဲ့ ကတော့ ပလတ်စတစ် ထဲကို ထည့်သွင်း အသုံးပြု ရတဲ့ ဓာတု ပစ္စည်းတွေ ရွေးချယ်တဲ့ အခါ ဘေးအန္တရာယ် နည်းပါးတဲ့ ဓာတုပစ္စည်း များကို ရွေးချယ် သင့်ပါတယ်။
 
 
 
R လေးလုံးစနစ်
 
  •  (၁) Refuse ( ငြင်းပယ်ပါ ) ။ တစ်ခါသုံး ရေသန့်ဘူး ၊ ပလတ်စတစ် အိတ် ၊ အအေးစုပ်ပိုက် ၊ ခွက်တွေကို အသုံးမပြု ပါနှင့် ။
  • (၂) Reduce ( လျှော့ချသုံးစွဲပါ ) ။ မလိုအပ်လျှင် ပလတ်စတစ် အိတ်ကို မသုံးပါနှင့် ၊ ဥပမာ - ဈေးသွားလျှင် ခြင်းယူပါ ၊ ဟင်းသီး ဟင်းရွက် များကို ပလတ်စတစ် အိတ် မလိုဘဲ ခြင်းထဲ တိုက်ရိုက် ထည့်နိုင် ပါတယ်။ စွန့်ပစ်ရမည့် တစ်ခါသုံး အစိတ်အပိုင်း အနည်းဆုံး လူသုံးကုန် ပစ္စည်းကို ရွေးချယ်ပါ။
  • (၃) Reuse ( ပြန်လည် သုံးစွဲပါ ) ။ အဆိပ် အတောက် မဖြစ်သည့် စတီး ၊ ဖန် စသည့် ထည့်စရာများ သုံးစွဲပါ။
  • (၄) Recycle ( တစ်ဖန် ပြန်လည် သုံးစွဲပါ ) ။ Recycle လုပ်ခြင်းဟာ နောက်ဆုံး ရွေးချယ်ရမယ့် နည်းလမ်း ဖြစ်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ပလတ်စတစ် တွေ အများစုက Recycle လုပ်ဖို့ အဆင်မပြေ ပါဘူး။
 
( ခိုင်မွန်ကျော် )
 


No comments: