ကျွန်တော်တို့ လူအများစုဟာ အများအားဖြင့် မိဘတွေရဲ့ အုပ်ထိန်းမှု အောက်မှာ နေထိုင် ခဲ့ရတဲ့ လူတွေပါ။ မွေးခါစကနေ သေသည်အထိ ဆိုပါတော့။ မွေးခါစ ကတော့ မိဘတို့က လက်ပေါ်မှာ သားလေး ဖျားမှာစိုးလို့ ၊ သမီးလေး ဖျားမှာစိုးလို့ ဆိုပြီး ဂရုစိုက် ခဲ့ကြတယ်။ နည်းနည်း အရွယ် ရောက်လာပြီး စကား တီတီတာတာ ပြောတတ်စ ၊ လမ်းလျှောက် တတ်စ မှာတော့ မိမိ သားသမီး တွေကို စိုးရိမ်စိတ် နဲ့ ဟိုဟာ မလုပ်နဲ့ ၊ ဒီဟာ မလုပ်နဲ့ ဆိုပြီး တားမြစ် ခဲ့ကြပါတယ်။ မိဘရဲ့ မေတ္တာ ဆိုတော့ ကျွန်တော် မှားတယ်လို့လည်း မဆိုလို ချင်ဘူး။ တစ်ခါ တစ်ရံမှာလည်း မှားတာ ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ ကလေးတွေဟာ တစ်စ တစ်စနဲ့ ကြီးပြင်းလာပြီး ကျောင်းနေတဲ့ အရွယ် ရောက်တဲ့အခါ မှာတော့ မိဘတွေရဲ့ စိုးရိမ်စိတ်နဲ့ တားမြစ် ပိတ်ပင်မှု ကြောင့် ကျောင်းစာ တွေမှာတောင် မိမိရဲ့ ကိုယ်ပိုင် အသိဥာဏ် နဲ့ မဆုံးဖြတ် ရဲတော့ဘဲ ဆရာ ၊ ဆရာမ တွေရှင်းပြမှ နားလည်တာမျိုး ၊ ကျူရှင်တွေ တက်ရတာမျိုး တွေ ဖြစ်ကုန် ပါတယ်။
လူ့သမိုင်း တစ်လျှောက်မှာ အမှား မလုပ်ဖူး သူရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ လူ့ဘ၀ ကိုက အမှားနည်းအောင် ၊ အမှားကင်းအောင် ရှောင်လို့ မရတဲ့ ဘ၀ပါ။ မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား ရယ်လို့ မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေကို မဆိုထားနဲ့ ၊ လုပ်ငန်း ကျွမ်းကျင်တဲ့ လူကြီး တွေတောင်မှ သူတို့ရဲ့ လုပ်ငန်းမှာ မှားတတ် ကြတာ ပါပဲ။ ဒါကြောင့် မို့လို့လည်း ကျီးကန်ရှင်ကြီး က ဆေးသမား သားသေ ၊ ဗေဒင်ဆရာ လည်းနွားပျောက် လို့ မိန့်ဆို ဖူးပါတယ်။
သို့ပါ၍ နေ့စဉ် လုပ်ဆောင် နေသော လုပ်ငန်း ဆောင်တာ များတွင် ကြုံတွေ့ ရသော အမှားများကို သင်ခန်းစာ ယူကာ အမှန်ဖြစ်အောင် ပြုပြင် ၊ မှန်ကန်၍ အကျိုးများ လုပ်ရပ်များ ကို ကောင်းသည်ထက် ကောင်းအောင် ကြံစည် အားထုတ် လုပ်ဆောင် ပါက လုပ်ငန်းခွင် အောင်မြင်မှု နဲ့ အတူ ဘ၀ ရည်မှန်းချက် ၊ မျှော်လင့်ချက် များသည် မုချ မာန အဟုတ် ဖြစ်နေ မည်သာ ဖြစ်ပါသည်။
ကျွန်တော်တို့ လူငယ် အများစုပဲ ကြည့်ပါ။ ကိုယ်နဲ့ သင့်လျော်မယ် ထင်လို့ ၊ အံဝင် ခွင်ကျ ဖြစ်မယ် ထင်လို့ ၀ယ်လိုက်တဲ့ အ၀တ်အစား ဟာ ဘောင်းဘီ ဆိုပွနေတာတို့ ၊ ရှည်နေတာ ၊ ခါးကြီးနေတာတို့ ၊ ခါးကျပ် နေတာတို့ တွေ့ကြုံ ရတတ်ပါတယ်။ အဲဒီ အထဲကမှ ကိုယ်နဲ့ သင့်လျှော်မယ့် ၊ အံဝင်ခွင်ကျ ဖြစ်မယ့် အ၀တ်အစား တွေကို ရွေးပြီး ၀တ်ကြ ရတာပါ။ အဲဒီလိုပဲ လောကမှာ မိမိနဲ့ သင့်လျှော်မယ့် အံဝင် ခွင်ကျ ဖြစ်မယ့် အလုပ်ရယ် လို့လည်း မရှိပါဘူး။ မိမိက သင့်လျော်မယ် ထင်လို့ ၊ အံဝင် ခွင်ကျမယ် ထင်လို့ အလုပ်တွေမှာ အတွေ့အကြုံ လည်းမရှိ ၊ ကျွမ်းကျင်မှု လည်း မရှိသေးတော့ အမှားတွေ တွေ့နေတတ် ပါတယ်။ ဒီလိုနဲ့ မိမိက လုပ်လိုက် မှားလိုက် ၊ မှားလိုက် ပြင်လိုက် ၊ ပြင်လိုက် မှားလိုက် ၊ ထပ်မှားလိုက် ထပ်ပြင်လိုက် နဲ့ပဲ အောင်မြင်မှု ရအောင် ကြိုးစား အားထုတ် နေရတာပါ။ တစ်ချို့ ပြောတာကို ကျွန်တော် ကြားဖူး ပါတယ်။ ငါ့ဘ၀မှာ တစ်ခါမှ အမှား မလုပ်ဖူးဘူးတဲ့။ အဲဒီစကားမျိုး ပြောတဲ့သူဟာ မိမိ ကျူးလွန် ခဲ့ဖူးတဲ့ အမှားကို ၊ ပြုလုပ် ခဲ့တဲ့ အမှားကို သင်ခန်းသာ မယူတတ် လို့ပါပဲ။ ဒီအမှားကို သင်ခန်းစာ မယူတတ်တဲ့ အတွက် လူတော် လူကောင်း တစ်ယောက် မဖြစ်နိုင် ပါဘူး။ အမှားကို သင်ခန်းစာ ယူတတ်ခဲ့မှ သာလျှင် လူတော် လူကောင်း တစ်ယောက် ဖြစ်ပါတယ်။ လူတော် လူကောင်း ဆိုတဲ့ နေရာမှာ ၂ မျိုး ၂ စား ရှိပါတယ်။ လူတော် ဆိုတာ ကတော့ ဆရာဝန် တစ်ယောက် ဟာ လူနာတွေကို ခွဲစိတ် ကုသတဲ့ နေရာမှာ ကျွမ်းကျင်တယ် ၊ အင်ဂျင်နီယာ တစ်ယောက်ဟာ လုပ်ငန်းပိုင်း ဆိုင်ရာတွေမှာ ကျွမ်းကျင်တယ် ၊ ပန်းရံ ဆရာ တစ်ယောက်ဟာ ပန်းရံ လုပ်ငန်းကို ကျွမ်းကျွမ်း ကျင်ကျင် လုပ်နိုင်တယ်။ ပန်းပု ဆရာ ကလည်း ရုပ်လုံး ရုပ်ကြွ တွေ ပုံဖော်တဲ့ နေရာမှာ ကျွမ်းကျင်တယ် စသည်ဖြင့် ဒီလို လူတွေကို လူတော်လို့ ခေါ်နိုင် ပါတယ်။ ဒါ့အပြင် ရည်မှန်းချက် တာဝန်တွေ အောင်မြင်ဖို့ အတွက် စနစ်တကျ စီမံခန့်ခွဲ နိုင်တဲ့ ခေါင်းဆောင်တွေ ၊ တာဝန် အောင်မြင်ဖို့ အတွက် ကြီးကြပ် ကွပ်ကဲမှု အနည်းဆုံး နဲ့ လိုက်ပါ ဆောင်ရွက် နေကြတဲ့ ငယ်သားတွေ ၊ မိမိလုပ်ငန်း အလိုက် ကျွမ်းကျင် နေကြတဲ့ လူတွေ အားလုံးကလည်း လူတော် တွေပဲလို့ ဆိုနိုင်ပါတယ်။ လူကောင်း ဆိုတာကတော့ မိမိ အတွက်ရော ၊ သူတစ်ပါး အတွက်ရော ၊ ပတ်ဝန်းကျင် အတွက်ပါ အကျိုး ရှိစေတဲ့ သူတွေကို ခေါ်ပါတယ်။
လုပ်ငန်း ဆောင်ရွက်တဲ့ နေရာမှာ တစ်ကယ် ဖြစ်ချင် တစ်ကယ်လုပ် အဟုတ် ဖြစ်ရမည် ဆိုတဲ့ အတိုင်း မိမိ လုပ်ရမယ့် လုပ်ငန်းနဲ့ ပတ်သက်လို့ သေချာစွာ စဉ်းစား ဆင်ခြင် သုံးသပ်ပြီး ရဲရဲဝံ့ဝံ့ လုပ်ဆောင် ပါက အောင်မြင် နိုင်မှာပဲ ဖြစ်ပါတယ်။ အောင်မြင်မှု ရအောင် ဆောင်ရွက်တဲ့ နေရာမှာ ထိုက်သင့်တဲ့ အတွေ့အကြုံ လည်း လိုအပ်ပါတယ်။ အတွေ့အကြုံ ဆိုတဲ့ နေရာမှာ ကိုယ်တိုင် လုပ်ဆောင် ရင်ဆိုင်ဖူးတဲ့ အတွေ့အကြုံရယ် ၊ ပတ်ဝန်းကျင် က ရတဲ့ အတွေ့အကြုံ ရယ် ဘယ်လို ဟာမျိုးပဲ ဖြစ်ပါစေ ထုတ်နုတ် အသုံးချ နိုင်ရန် အသုံးဝင် အဖိုးတန် တာပဲ ဖြစ်ပါတယ်။
ကမာရွတ် ( အာဇာနည် )
http://pyichit-thar.blogspot.com/2013/05/blog-post_21.html