သံသယစိတ်လေး ကင်းဝေးပါစေ
ဘလောဂ့်ကို နှစ်နှစ်ကာကာ စွဲလမ်းစေတဲ့ အကြောင်းရင်းတွေတော့ အများကြီးပါ။ ဘလောဂ့်ဂင်း နေရရင် ထမင်းမေ့တယ်၊ ဟင်းမေ့တယ်၊ ဆွေမေ့ မျိုးမေ့နဲ့ အတိတ်ရော ပစ္စုပ္ပန်ပါ မေ့ပစ်တတ်တယ်။ အဲလို အကုန်မေ့ဖြစ်အောင်လည်း ထိုင်ရာကမထ စိတ်လွတ်ကိုယ်လွတ် ဘလောဂ့်နေတတ် လို့ဖြစ်ပါတယ်။ မီးလည်းလာမယ် ကွန်နက်ရှင်းလဲ ကောင်းတယ် ဆိုရင်တော့ သာလို့ဆိုးပြီ မှတ်ပါ။ အလွန်အကျွံ လို့ပဲဆိုဆို သဲတယ်လို့ပဲ ပြောပြောပါ ဘလောဂ့်ဂင်း နေရရင် ကျေနပ်နေတတ်တဲ့ ကျွန်တော်ပါ။ ဘလောဂ့်ဂါစစ်စစ် တစ်ယောက် မဟုတ်ပေမယ့်လည်း ဘလောဂ့်ဂင်း တာကိုတော့ စိတ်ဝင်စားတယ် ပျော်ရွှင်မိတယ်။ ဒီဘလောဂ့်တွေကနေ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ခံစားချက်ကို သိမြင်နိုင်တယ်။ သူတို့ ရေးတဲ့စာ၊ သူတို့ စပ်တဲ့ကဗျာ ကနေ သူတို့ရဲ့ လတ်တလော ခံစားချက်တွေကို သိနိုင်တယ်။ ဒါကြောင့် စိတ်အားငယ်နေမယ် ထင်ရင် ပျော်ရွှင်စေဖို့ အားပေးဖြစ်တယ်။ ပျော်ရွှင်တဲ့ သူကိုတွေ့ရင် အပျော်တွေကူးပြီး ကိုယ်လဲ လိုက်ပျော်ဖြစ်ခဲ့တယ်။ နောက်ပြီး ကိုယ်သိချင်တဲ့ အိုင်တီ နည်းပညာတွေကို ပေါ့ပေါ့ပါးပါး လေ့လာ မှတ်သားနိုင်တာကလည်း အမြတ်တစ်ခုပါ။ ဒါကြောင့် ဘလောဂ့်ကို လှေကား အမျိုးမျိုးထောင်ပြီး မရောက် ရောက်အောင် သွားမြဲ သွားဖြစ်နေတာပဲ ဖြစ်ပါတယ်။
ကိုယ်ပိုင် ဘလောဂ့်လေးက ကျွန်တော့်ရဲ့ ကိုယ်ပွားတစ်ယောက် လို့ပဲ မြင်မိတယ်။ ကျွန်တော် ပြောမထွက်ခဲ့တဲ့ စကားတွေနဲ့ ရင်ထဲက ခံစားချက်တွေကို တစ်ဖက်တစ်လမ်းကနေ အပြင်ရောက်အောင် ကူညီပေးတယ်လို့ ခံယူထားပါတယ်။ တစ်စုံတစ်ယောက်ကို ရွယ်ရည်ပြီး ရင်ဖွင့်စရာရှိရင် ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လို့ရတယ်။ အခက်အခဲနဲ့ ၀မ်းနည်းစရာ အဖြစ်တွေ ကြုံခဲ့ရင်လည်း ဒီပေါ်မှာပဲ ပေါက်ကွဲဖြစ်တယ်။ မေ့ဖျောက်လို့မရနိုင်တဲ့ အမှတ်ရစရာတွေနဲ့ မရှိခဲ့တဲ့ အချစ်ဆိုတာကို လွမ်းဖို့ ဖြစ်လာရင်လည်း ကိုယ့်ဘလောဂ့်မှာပဲ ငိုကြွေးနိုင်တာကြောင့် ဘလောဂ့်ကိုပဲ ခင်တွယ်နေမိတာ အပြစ်မဟုတ်လောက် ပါဘူးလို့ ထင်မိပါတယ်။ (သံယောဇဉ်ရှိတဲ့ အစ်မတစ်ယောက်က ဆုံးမခဲ့ဖူးတယ်။ ဘလောဂ့်ဆိုတာကို အစ်မတော့ နားမလည်ဘူး၊ အချိန်လည်း မပေးနိုင်ဘူးတဲ့။ ငါ့မောင်လည်း မိန်းမယူရင် ဘလောဂ့်ဂါထဲက ရှာမယူနဲ့နော်တဲ့။ အချိန်ပြည့် သူဘလောဂ့် ကိုယ်ဘလောဂ့်နဲ့ဆို ထမင်းငတ်မှာတဲ့ .... ခုတော့ အဲဒီအစ်မလဲ ဆူပါထက်ကျော်ပြီး မဂ္ဂါဘလောဂ့်ဂါ ဖြစ်နေပါပြီ။ ဘလောဂ့်ကပေးတဲ့ ထူးခြားတဲ့ အနှစ်သာရကို ခံစားတတ်သွားပြီ ထင်ပါတယ်။ ဘာဖြစ်ဖြစ် ဘလောဂ်ဂါ အသစ်တစ်ယောက် တိုးလာတာကိုတော့ လှိုက်လှိုက်လှဲလှဲ ၀မ်းသာစွာနဲ့ ကြိုဆိုပါတယ်။)
ပိုလို့ တန်ဖိုးထားစေတဲ့ အဓိကအကြောင်းကတော့ ဒီဘလောဂ့်လေးကြောင့် စိတ်ချင်းနီး ဆန္ဒချင်းနွယ် ရင်ခုန်သံစဉ်ချင်း တူညီတဲ့ သူငယ်ချင်းတွေ အများကြီး ရလိုက်တာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပိုလို့ရင်းနှီးစေတဲ့ အကြောင်းကလည်း ရှိပါသေးတယ်။ အဲဒါကတော့ အကြောင်းအရာ တစ်ခုကို ကိုယ့်အာဘော် ကိုယ့်အတွေ့အကြုံ ကိုယ်ခံစားမိသလို ၀ိုင်းဝန်းတဂ်ကြ တာပဲ ဖြစ်ပါတယ်။ ဘလောဂ့်အပေါ် ပေးရတဲ့အချိန်နဲ့ ပြန်ရတဲ့ အကျိုးအမြတ်ကို ဘယ်အခါမှ နှိုင်းယှဉ်တွက်ချက်ခဲ့တာ မရှိခဲ့ပါဘူး။ စာဖတ်သူတွေရဲ့ မှတ်ချက်စကားလေး တွေနဲ့တင် ပီတိဝေခဲ့ရတာပါ။ ဒီကြည်နူးမှုတွေကိုပဲ တလေးတစားနဲ့ အမြတ်ရယ်လို့ မှတ်ယူပါတယ်။ တော်လို့ ထင်ပေါ်ချင်လို့ ချီးမွှမ်းခံချင်လို့ အရေးပါ အရာရောက်သူ ဖြစ်ချင်လို့ ဘလောဂ့်ကို ရေးခဲ့တာ မဟုတ်ပါဘူး။ တဆက်တည်း ပြောချင်တာက (ဆုရည် နာမည်နဲ့) နှောင်းအကြောင်းအရာ တွေကြောင့် တစ်စုံတစ်ယောက် ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မယ် ဆိုရင် အမှန်ပဲ စိတ်မကောင်းစွာနဲ့ တောင်းပန်ပါတယ်။ ဗဟုသုတ မကြွယ်ခဲ့လို့ စိတ်ကူးစိတ်သန်း အားနည်းခဲ့လို့ အမှားအယွင်း ဖြစ်ရတယ်လို့ပဲ နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ပါတယ်။ တစ်စုံတစ်ယောက်ကို နစ်နာစေချင်လို့ အသားယူချင်လို့ (ဆုရည် နာမည်နဲ့) ရေးခဲ့တာ မဟုတ်တာကိုလဲ ပြောချင်ပါတယ်။ တင်ကျန်နေသေးတဲ့ သံသယ အမှားကိုလည်း နောင်အလျဉ်းသင့်ရင် ၀န်ခံသွားဖို့ ၀န်မလေးပါဘူးလို့ ကတိပေးပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

14 comments:
အပေါ်ကစာတွေဖတ်ရတော့
မမ ပြောချင်နေတာတွေနဲ့တူလို့ ၀မ်းသာလိုက်တာ မောင်လေးရေ
တခါတရံတော့လဲ မထင်မှတ်တဲ့ တိုက်ဆိုင်မှူလေးတွေ ရှိတတ်တာပါ
သူနားလည်ပါလိမ့်မယ်..
ဘလော့ဂ်အပေါ်ထားတဲ့ သဘောထားလေးတွေကို ကြိုက်တယ်... ကိုယ့်စိတ်ထဲက သဘောနဲ့ တထပ်တည်းပါပဲ...
သံသယဆိုတာကတော့ အချိန်တန်ရင် သူ့အလိုလို ပျောက်သွားမှာပါ.. ကိုယ်က စေတနာဆိုးမှ မရှိနေခဲ့တာ....
ကိုဝင်းဇော်ရဲ့ ဘလောဂ့်အပေါ်မှာ ထားတဲ့တွယ်တာမှုတွေနဲ့ အလေးအနက် ခံယူတတ်တဲ့ စိတ်ဓါတ်ကို လေးစားမိပါတယ်။ အမှန်ပဲ အကို ... ဘလောဂ့်ပေါ်ရောက်သွားရင် အရာအားလုံးကို မေ့ပျောက်သွားပါတယ်။
တခါတလေမှာ မထင်မှတ်ပဲ မရည်ရွယ်ပဲ တိုက်ဆိုင်မှုတွေဆိုတာ ရှိတတ်စမြဲမို့ အကို့ရဲ့ တောင်းပန်မှုကို သက်ဆိုင်သူကလည်း နားလည်ခွင့်လွှတ်နိုင်မှာပါ။
ခင်မင်လေးစားလျှက်
ဘလော့ရေးတဲ့ သူအချင်းချင်းတွေမို့ ကိုယ်ချင်းစာမိပါတယ် သူလည်း သံသယတွေ ကင်းနိုင်ပါစေလို့.........
တပါးသူကို ထိခိုက် စေဖို့မှ မရည်ရွယ်ခဲ့တာ သူ နားလည်နိုင်မှာပါ... ခံစားချက်ချင်း အကြိုက်ချင်း ၀ါသနာချင်းတူရင် ပိုမကောင်းဘူးလား?
ကိုယ်ဝါသနာပါတာ ကိုယ်လုပ်နေရရင် ဒီလောကကြီးက ပျော်စရာကောင်းပါတယ်။
ဒါပေမယ့် ကိုယ့်ရဲ့ပျော်ရွှင်မှုက တစ်ပါးသူကို ထိခိုက်စေရင်တော့ မကောင်းဘူးပေါ့နော်။
လူတိုင်း သံသယစိတ်တွေ ကင်းဝေးနိုင်ပါစေ။
ကောင်းတဲ့ဘက်ကပဲ ဖြေတွေးတွေးလိုက်ပါ
ကိုဝင်းဇော် ၀ါသနာကလန်းတယ်
ပြောစရာတွေ အများကြီးကျန်သေးတယ်ထင်တယ်
ကော်နက်ရှင်းအမြဲကောင်းပါစေလို့
ကိုယ့်အမှားကို မှားမှန်းသိရင် လူကောင်းလေးပါ။
blog ဆိုတာကို မဖန်တီးတတ်ပေမယ့် စာတွေတော့ လိုက်ဖတ်ဖြစ်တယ်။ နှစ်သက်တယ်ဆိုတာထက် ၀ါသနာ ပါတယ်။
ရောက်တုန်းစာတွေ တစ်သီကြီးဖတ်သွားပါတယ်။
ဝါသနာပါတာတော့ ပါတာပေါ့ ကျန်းမာရေး ထိခိုက်လောက်အောင်တော့ မထိုင်ပါနဲ့
(( သူများကိုသာပြောတာ ကိုယ်လဲ ထိုနည်း၎င်းပဲ))
ဝါသနာပါတယ်ဆိုတိုင်း ကျွတ်တက်အောင် သိပ်လည်း ထိုင်မနေနဲ့အုန်း၊ ကျန်းမာရေးဂရုစိုက်
အသူက န အကိုကို ပြောတာလဲ
ဒိမယ် ဒိမယ် ဟွင်း
သနာတွေလျော့တော့ဘရာတာ.. လုပ်တော့လုပ်.. မလွန် စေနဲ့ပြောတာ..။
ကျန်းမာရေးကို ထိန်း ဦးဗျ...။
ဂျောင်ကွယ်က
မောင်ငရ်
Post a Comment