" .. ဒုံရင်း .. "
'' သွားမတွေ့ရင် အသိပဲ '' ဆိုတဲ့ ပျိုပျိုဒေါ်လေး နှစ်ယောက်ရဲ့ တစ်ချက်လွတ်အမိန့်ကြောင့်သာ မဟုတ်ရင် သွားဖို့ဆန္ဒမရှိတာ အမှန်ပါ။ ပြောပုံကိုလည်း နားထောင်ကြည့် ပါအုန်း '' နင့် ဒီအသက် ဒီအရွယ်အထိ မူးရင် ရှူစရာတောင် မရှိလို့ ငါတို့က ရှာထားပေးရတာ၊ ခုသွားတွေ့ချေ ... တဲ့ " ခရီးရောက်မဆိုက် ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို အနားပေးချင်ပေမယ့် ခုတော့ ဆက်လှုပ်ရှားရအုန်းမယ် ထင်ပါတယ်။ သူများကိုသာ မစွံဘူးနဲ့ ဘာညာ ပြောချင်တာ။ သူတို့ကိုယ်၌လည်းပဲ ခုချိန်ထိ ဂေါ်မစွံသေးတာတော့ သတိမေ့ နေပုံရပါတယ်။ ထားလိုက်ပါ၊ လူကြီးကို စောဒကတက်ရင် ကိုယ့်ပဲ အပြစ်ရှိပါမယ်။ လူကြီးက လက်နဲ့ရေးတော့ ကိုယ်က ခြေနဲ့ဖျက်ဖို့ မာန်မထားနိုင်ခဲ့ပါဘူး။
အမှန်အတိုင်း ၀န်ခံရရင်တော့ ကျွန်တော်က မစွံသေးတာ မဟုတ်ပါဘူး။ မစွံချင်သေးတာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဘ၀လက်တွဲဖော် ရယ်လို့ တစ်သက်လုံး ကြင်နာသွားရမယ့် မိန်းကလေးဟာ ကိုယ်လိုချင်တဲ့ " စံ " ဖြစ်ပါ့မလား ဂျီးများနေတာရယ်၊ သံသယစိတ်နဲ့ စိုးရိမ်စိတ် များနေတာရယ်ကြောင့် လွတ်လွတ်သွားတာတွေ များခဲ့ပါပြီ။ ဒီလို ရင်ခံစရာ အကြောင်းတွေက ထပ်ထပ်လာတော့ နှလုံးသားအရေးကို အနားပေးထားတာပဲ ဖြစ်ပါတယ်။ ခုတော့ မရှိတာကိုပဲ အပြစ်တင်စရာ ဖြစ်နေတာမို့ မခံချိ မခံသာ ဖြစ်မိတာတော့ အမှန်ပါ။ ကိုယ့်မှာလည်း လက်ဆုပ်လက်ကိုင် အထုတ်နဲ့ အထည်နဲ့ ပြစရာမရှိလေတော့ ကိုယ့်အပြစ်နဲ့ကိုယ်မို့ အတွန့်မတက်တော့ဘဲ အိမ်ထောင်ဖက်တွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တွေ့တယ်ဆိုတာလည်း ယာယီသဘော မဟုတ်ပါဘူး အတည်ပါ အမှန်အတည်ပါ .. ။
ဝတ်နေကျမဟုတ်တဲ့ နက်ပြာရောင် အနောက်တိုင်းဝတ်စုံကိုဝတ်ပြီး မှန်ထဲကြည့်မိတယ်။ ခရီးကပန်းလာတော့ အသားကညို၊ မျက်တွင်းကကျနေတဲ့ အပြင် အမွှေးအမျှင်တွေကိုလည်း မသ နိုင်သေးတော့ ရုပ်ကြမ်းကြီးနဲ့ပါ။ ဘယ်လိုပုံပဲ ဖြစ်နေပါစေ ဖူးစာမှန်ရင်တော့ ရွာလည်မှာ အသေအချာပဲလို့ စိတ်ထဲတင်းထားလိုက်မိတယ်။ တွေ့ဖို့ချိန်းထားတဲ့ နေရာက (၃)လမ်း မှတ်တိုင်နဲ့ မနီးမဝေး ရှမ်းကန် မှာပါ။ ကားကို ပလက်ဖောင်းမှာတင် ရပ်ထားပြီး ဆိုင်ထဲဝင်တော့ ပန်းရောင်ဝတ်ထားတဲ့ မိန်းကလေးကို ရှာကြည့်တယ်။ ဆိုင်ရဲ့အတွင်းဘက် ထောင့်ကျတဲ့ စားပွဲမှာကြိုရောက်နေတဲ့ မိန်းကလေးကို အရန်သင့်တွေ့ရပါတယ်။ ကျွန်တော့်ကို ကျွန်တော် မိတ်ဆက်ဖို့လှမ်းအသွားမှာ ကောင်မလေးက .. ရည်မွန်စွာနဲ့ပဲ ..
" ဒီမှာထိုင်ပါ အစ်ကိုဝင်းဇော် " လို့ မတ်တပ်ရပ်ပြီး ဖိတ်မန္တပြုလာပါတယ်။
" အရင်က သိခဲ့ဖူးလားမသိဘူး " လို့ သံသယစိတ်နဲ့ မေးကြည့်မိတော့ .. (ကိုယ့်ကိုယ်ကိုယ် မလုံမလဲလည်း ဖြစ်မိပါတယ်)
" သိတယ်လေ အစ်ကိုဝင်းဇော် ရဲ့အန်တီတွေက ပြောထားလို့လေ " တဲ့၊ လေပူတစ်ချက်တော့ မသိမသာ မှုတ်ထုတ်လိုက် မိတယ်။ တင်းကြပ်တယ် ထင်မိတဲ့ နက်တိုင်ကို နည်းနည်းလှုပ်ပြီး ဆွဲလျော့ထားမိတယ်။ နောက်ပြီး ကောင်မလေးရဲ့ နာမည် မေးတယ်၊ ရိုင်းတယ်ထင်ပေမယ့် အသက်မေးမိတယ်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ ဖုန်းနံပတ်နဲ့ လိပ်စာတွေပါ မှတ်ထားလိုက်တယ်။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ လိပ်စာကတ်လေးပဲ ကမ်းပေးလိုက်တယ်။ ကောင်မလေးက အသားလည်းဖြူတယ်၊ အရပ်အမောင်းလည်း ကောင်းတယ်၊ ဆံကေသာက တင်ပါးကျော်တယ်၊ စကားပြော တော့လည်း ကျွန်မ ကျွန်မနဲ့မို့ ယဉ်ကျေးတယ်။ သိချင်တာတွေကို သိမ်သိမ်မွေ့မွေ့နဲ့ ပြုံးပြုံးလေး ပြန်ဖြေတယ်။ ကျွန်တော့်ဘက်ကတော့ နုတ်မှတ်မရှိဘဲ အမှတ်ပြည့်ပေးနေမိတယ်။ အင်ထရိုဝင်တာ များပြီမို့ ညနေစာစားဖို့ ကျွန်တော်က ကမ်းလှမ်းလိုက်တယ်။ ဒါနဲ့ မီနူးကတ်တောင်းပြီး ကောင်မလေးကိုပဲ ဟင်းရွေးစေပါတယ်။ ဟင်းတွေလာမချခင်မှာ စကားဆက်ပြောနေမိတယ်။
" ရင်းရင်းနှီးနှီး အစ်ကိုလို့ပဲခေါ်မယ်နော် "
" ရတယ်လေ၊ အဆင်ပြေသလို ခေါ်ပါ "
" ဒါနဲ့ .. .. အစ်ကို ရည်စားထားဖူးလား " ဒဲ့ဒိုးကြီးဆိုတော့ ..
" အော် .. အင်း .. အလုပ်မှာပဲ အာရုံစိုက်နေရလို့ မထားအားပါဘူး၊ မထားဖြစ်ခဲ့ပါဘူး "
" မယုံချင်ပေမယ့် အမြီးမပေါက်သေးဘူးဆိုတဲ့ သဘောပေါ့နော် "
" ဘာကို ဆိုလိုတာလဲ မသိဘူးနော် "
" ဘာမှ မဟုတ်ပါဘူး၊ အပေါင်းအသင်းနည်းတယ် ဆိုတော့လေ "
" ဟုတ်၊ အပြင်မှာ အပေါင်းအသင်း နည်းတယ်ဆိုပေမယ့် အွန်လိုင်းပေါ်မှာတော့ စိတ်ချင်းဆက်နေတဲ့ သူငယ်ချင်းတွေ အများကြီးရှိပါတယ် "
" ဘယ်လို သူငယ်ချင်းမျိုးလဲ .. ပြောပြလေ .. စိတ်ဝင်စားတယ် "
" သာမန်ခင်တယ်ဆိုပေမယ့် စိတ်ရင်းအမှန်နဲ့ ခင်တဲ့ သူငယ်ချင်းတွေပါ "
" ဟုတ်ပါပြီ၊ မိန်းကလေးတွေလား ယောက်ျားလေးတွေလား ၊ ဘာတွေပြောကြတာလဲ "
" ယောက်ျားလေးနည်းပြီး မိန်းကလေးတွေ များတယ်၊ အယောက် ၃၀ ကျော် ၄၀ လောက်ရှိမယ်၊ အင်း .. ပြောစရာတွေတော့ မကုန်နိုင်ပါဘူး၊ အကြောင်းအရာက စုံလင်တော့ တစ်နေကုန်အပြင် ညညဆို တစ်နာရီ၊ နှစ်နာရီ လောက်မှ အိပ်ဖြစ်တယ်၊ ဖြတ်မရတဲ့ သံယောဇဉ် အမျှင်တန်းတွေဆိုရင် မမှားပါဘူး "
ကောင်မလေး မျက်နှာအရောင်နဲ့ အနေအထားပြောင်းသွားတာကို သတိထားလိုက်မိတယ်။ တစ်ခုခုတော့ လွှဲနေပြီဆိုတာ သဘောပေါက်လိုက်တယ်။ ဒါပေမယ့် နောက်ကျသွားပြီ ..
" ကျွန်မကတော့ ကျွန်မကိုယ်ကျွန်မ အစွန်းအထင်းမရှိအောင် နေထိုင်ပြုမူတယ်၊ ဖြူစင်အောင် ကြိုးစားတယ်၊ ဖြူစင်တဲ့ ကျွန်မဘ၀ကိုလည်း အပြစ်အနာဆာ ကင်းတဲ့သူဆီကိုပဲ အပ်နှံချင်တယ်၊ အစ်ကိုဝင်းဇော်ကို အပြစ်တင်တာ မဟုတ်ပါဘူး၊ ကျွန်မ ပြောမှားဆိုမှားတာရှိရင် ဗွေမယူပါနဲ့၊ ကျွန်မအလုပ်ရှိသေးလို့ အရင် ပြန်နှင့်တော့မယ် " ဆိုပြီး အပြေးတစ်ပိုင်းနဲ့ ထွက်သွားတဲ့ ကောင်မလေးရဲ့ကျောပြင်ကို ဒီအတိုင်းကြည့်နေမိတယ်။ အော် .. ရုပ်ကလေး လှသလောက် သဘောထားလေး နုလိုက်တာလို့ မှတ်ချက်ပြုမိပါတယ်။
ကျွန်တော့်ရဲ့ လိပ်စာကတ်တောင် ယူမသွားနိုင် လောက်အောင်ဘဲ အလျင်လိုပြီး ပြန်သွားလေရဲ့။ အပြောင်းအလဲမြန်ပြီး ခန့်မှန်းရခက်တဲ့ မိန်းကလေးတွေရဲ့ စိတ်ကို နားမလည်နိုင်ခဲ့တာ ကျွန်တော့်အားနည်းချက် ဆိုတာ ၀န်ခံပါတယ်။ တဒင်္ဂ အချိန်အတွင်းမှာ ကောင်မလေးအဖို့ စိတ်ခုစရာ ၀မ်းနည်းစရာ စိတ်ဒဏ်ရာရစရာ ကြုံခဲ့ရင်ဖြင့် ကျွန်တော့်အပြစ်ရယ်လို့ပဲ ပုံစေချင်ပါတယ်။ ဖြူစင်တဲ့ သူ့ဘ၀လေးကို အပြစ်အနာအဆာကင်းတဲ့၊ အနှောင်အဖွဲ့ကင်းတဲ့ သူအတွက် ပေးဆပ်ချင်တဲ့ သူ့ဆန္ဒကို လေးစားပါတယ်။ စားသူမဲ့သွားပေမယ့် တဖွဲဖွဲ လာချနေတဲ့ ဟင်းပန်းကန်တွေကိုကြည့်ရင်း အိမ်ပြန်ရောက်ရင် ဒေါ်လေး တွေကို ဘယ်လို ဖြေရှင်းချက်ပေးရမယ်ဆိုတာ တွေးရင်း ရင်လေးမိတာ အမှန်ပါ။ အလာတုန်းက ခြေလှမ်းတွေ သွက်ခဲ့ပေမယ့် အပြန်လမ်းမှာတော့ .. လေးကန်တဲ့ ခြေလှမ်းတွေနဲ့ပါ .. .. ။
( အပြစ်မဟုတ်ပေမယ့် အပြစ်မြင်တတ်တဲ့ သူတွေကို အမှန်ပဲ ဖြေရှင်းပေးရ ခက်လှပါတယ်။ ကိုယ့်လုပ်ရပ်က မှန်တယ်ထင်ပြီး လုပ်နေပေမယ့် တစ်ဖက်သား အမြင်မှာတော့ အမှားတွေ ဖြစ်နေတတ်တယ်။ မလိမ်မညာဘဲ ပြောတတ်တဲ့ ကိုယ့်ရဲ့ စကားလုံးတိုင်းဟာ တစ်ဖက်သားအတွက် ၀မ်းနည်းမှုနဲ့ စိတ်ထိခိုက်စရာတွေ ဖြစ်စေတတ်တယ် ဆိုတာကို ဆင်ခြင်စရာ သင်ခန်းစာယူစရာ အဖြစ်နဲ့ .. .. )

34 comments:
တကယ့်အဖြစ်ကြီးလား.. နိမိတ်ပုံယူပြီးရေးထားတာလား.. တကယ်ဆိုရင်တော့ စိတ်မကောင်းစရာ.. :(
တကယ်ဆိုရင်တော့ဒီမိန်းကလေး
ဘယ်လိုလူနဲ့ရမလည်းဆိုတာညီမတော့
သိချင်သေးတယ်ဒီခေတ်ကြီးထဲမှာ
ပွင့်လင်းစွာနဲ့အရိုးသားဆုံးအကုန်ပြောတဲ့လူက
အဖြူစင်ဆုံးပဲ ကိုယ့်ကိုကိုယ်ဖြူစင်ပါတယ်
ပြောနေတဲ့လူတွေကိုတော့ကြောက်ကြောက်ပဲ
သြော် ..ဒါနဲ့..
အကိုပြန်လာတဲ့အတွက်သိပ်ပျော်သိပ်အားရှိတာပဲ
ခင်မင်လျှက်ပါ..
လုပ်လိုက်ရင် ရင်တုန်ပန်းတုန် ချည်းပဲနော်
ငှက်ပျောတုံး ရှိသေးတယ် ချိတ်ပူနဲ့ အဟိ
(နောက်နေကျနော်)
မရှိသေးဘူး ဆိုတဲ့သဘောလို့ ယူဆလိုက်မယ်နော်..
မရောက်တာကြာလို့ မေ့သွားပီလားပဲ။
စိတ်မကောင်းပါဘူး။
အားလုံးကို အဆင်ပြေစေချင်ပါတယ်။
အထူးသဖြင့် အကိုဝင်းဇော်ကိုပေါ့။
အမြဲတမ်း ဆွေးဆွေးကျန်ခဲ့လို့လေ။
အားမလျော့ပါနဲ့။
ဒီလောက်စိတ်နုရင်တော့ အခုလိုလေးပဲ ကောင်းပါတယ်ဗျာ။ တကယ်စစ်ရင် တွေ့ပါလိမ့်မယ်
ဖြတ်မရတဲ့သံယောဇဉ်အမျှင်တန်းတွေပေါ့ ဆိုတာရယ် မိန်းကလေးသူငယ်ချင်းပိုများတယ်ဆိုတာရယ်ကြောင့်ထင်တယ် ... ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းတစ်ပုဒ်တော့ရလိုက်တာပေါ့နော ... ပြန်လာတာဝမ်းသာ၏ ...
စိတ်မပူနဲ့။ ဒုံရင်း မဟုတ်သေးဘူး။။ အမြတ်ကျန်အောင် ထပ်ရှာဦး။ :) ပြန်လာတာ ကြိုဆိုတယ်။
ရင်ခုန်ချင်သူလေးကို နားလည်ပေးလိုက်ပါဗျာ
တကယ့် အဖြစ်လား ၀တ္တုတပုဒ်လား ခွဲခြားမရအောင် အရေးအသားကောင်းလှပါတယ်
ပျောက်နေတာ ငါးလ...
ပြန်လာတော့လဲ အသံမပေး...
ပြန်လာလာချင်း တင်တဲ့ ပိုစ့်ကလဲ ဒုံရင်း တဲ့...
ဘာပဲဖြစ်ဖြစ် ပြန်တွေ့ရတာ ဝမ်းသာတယ်...။
ဒီအတိုင်းရပ်လိုက်လို့တော့ မရဘူး ဆရာရေ့နော့
း))
နောက်ဆက်တွဲ ရှိနေတယ် ဆိုတာ သိနေတယ်
အခန်းဆက် ဆက်ရေးပါ
အပြင်မှာ မဆက် လဲ ကိုယ့်ဖာသာ ဆက်တော့..း)
ခင်ဗျားကလည်း ကျုပ်အဒေါ်အပျိုကြီးက စိတ်မနုဘူးဗျ...အစွန်းအထင်းရှိလည်း ဆပ်ပြာမှုန့်ကောင်းကောင်းနဲ့လျှော်သုံးလိမ့်မယ်...စိတ်ကူးမလွဲဘာနဲ့...အသက်ကလေးပဲ နည်းနည်းကွာမှာ..:P
(စာပြန်ရေးတာ ဖတ်ရလို့ ဝမ်းသာပါကြောင်း)
ရီးချား များလို့ ကိုဝင်းဇော်ကို ကြောက်လို့ ပြေးပြန်ပြီ တစ်ယောက်၊ အဟား။ င့ါအကိုက အတည်ဆိုတော့လဲ ဒနားပြန်ရော။ စာလေးကကောင်းလို့ များများရေး နိုင်ပါစေ။
များတော့ များနေတာ အမှန်မဟုတ်လား၊ ကိုဝဲလ်ကမ်းကို လန့်သွားတာ နေမှာပေါ့၊ အမှန်အတိုင်း ပြောပြတာကိုး၊ ဒီလို နေရာမှာ ဒိုင်ထားရမှာ (ဆရာကြီးလုပ်တာ)
မြန်မြန်အဆင်ပြေပါစေ၊ ဒါမှ မုန့်များများစား ရမှာ
(ပြန်လာလို့ ၀မ်းသာကြောင်း)
လာကြိုတာ ထူးများထူးမလားဆိုပြီးး ဒုံရင်းဆိုတော့ စိတ်တောင် မကောင်းဘူးး
ကောင်းပ၊ နေရာချင်းတာ လဲလိုက်ချင်တော့တယ်၊ အတွေ့အကြုံက စကားပြောတယ်ဆိုတာ သိပီ မဟုတ်လား
နေမြင့်လေ အရူးရင့်လေ ဆိုတာများလား
အားငယ်နဲ့ အဖော်ကောင်းတွေ အများကြီးရှိသေးတယ်
ပျောက်နေတာ အတော်ကြာလို့
စိတ်အနေမှာ အစ်ကိုတော်တစ်ယောက်
ဘာတွေဖြစ်လို့ ဘယ်စခန်းမြန်းမလဲတွေးရင်း
ပြန်လာတာသတင်းကြား
အိမ်အလည်ကို ရောက်အောင်လာလို့
ပို့စ်ကို အမောတကောဖတ်ပေမယ့်
အပြောသဘောနဲ့သာ ကျန်ခဲ့တယ် အစ်ကိုတော်
အချစ်မတွေ့သေးဘူးဆို ... ၀င်မလာရဆိုင်းဘုတ်နောက်တော့
ပုန်းမနေနဲ့ အစ်ကိုတော် ...။
မြန်မြန်တွေ့ပါစေဗျာ .. ဒါမှ မြန်မြန်စားရမှာ ..
ပြောသာပြောတာ .. ယူသွားရင် အကြောင်းကြားမယ်တောင် မထင်ဘူး ..။
ခင်မင်စွာ
idulize(အရုပ်ကလေး)
အွန်လိုင်းမှာ ပြောတယ်ဆိုရင် ကြူနေတာချည်းပဲ ဖြစ်မယ်လို့ ထင်ကြသူတွေ တကယ်ရှိနေဆဲပါ။ အတော်များများကလည်း အဲဒီလို ရှိနေကြတာကိုး။
သူနားမလည်နိုင်သေးတဲ့ သဘာဝ တခုကို ဗြုန်းခနဲကြားလိုက်ရတော့ မခံစားနိုင်ဖြစ်သွားတာ။
ဝတ္ထုလေးအနေနဲ့ကတော့ ဖတ်လို့ကောင်းတာပေါ့။ တကယ်ဆိုရင်တော့ သနားစရာ။
တတကယ်ကြီးဆိုရင်တော့ စိတ်မကောင်းပါဘူး
မောင်ဝင်းဇော်ရေ။
အစ်မကတော့ ကောင်မလေးဘက်ပါပါတယ်. :D
အဲံဒါအကို့ တကယ့်အဖြစ်အပျက်လား..
ဟီး. ..တကယ့်အဖြစ်အပျက်ဆိုရင်တော့
စိတ်မကောင်းပါဘူး..
အားတင်းထား.. :P
အဲံဒါအကို့ တကယ့်အဖြစ်အပျက်လား..
ဟီး. ..တကယ့်အဖြစ်အပျက်ဆိုရင်တော့
စိတ်မကောင်းပါဘူး..
အားတင်းထား.. :P
သွားပါများ ခရီးရောက်
တွေ့ပါများ ရည်းစားပျောက်တဲ့
ဟုတ်လားတော့ မသိဘူး
ကောင်မလေးတော့ ကံကောင်းသွားတယ်ထင်တယ်
အဟိ
ဘော်ဒါကြီးအတွက်တော့ စိတ်မကောင်းဘူး
နောက်မှတ်တိုင်ပေါ့ ..
ကိုရီးယားစတိုင်လ်နဲ့ ကောင်မလေးကို သွားတွေ့တာကိုး၊ ဗမာစတိုင်လ် လို ကန်တော့ပွဲနဲ့ အပီသိပ်ခဲ့ရမှာ
ခုတော့လွဲပြန်ပြီပေါ့။။။။
ဒုံရင်းပဲလားဗျို့ :P
ဘာပဲဖြစ်ဖြစ်ပါ နှဖူးမှာစာပါရင်တော့ ရွာလည်မှာပဲ ..း))
ပြန်လာတာကို လာကြိုပါတယ် .. :D
အမလေး အစ်ကိုတော်ရယ် ..
ဖတ်ရင်းဖတ်ရင်းနဲ့  နောက်ဆုံးမှ
အမောမပြေဖြစ်သွားတယ် ..
ညီမလေး အစ်ကိုတစ်ယောက်
ဒီနှစ်သီတင်းကျွတ်လည်း မစွံသေးဘူးဆိုတဲ့ 
သဘောပေါ့ နော် ... ဘာမှအားမငယ်နဲ့ 
အစ်ကိုတော် ... ကြိုးစားထားဦး .. သီတင်းကျွတ်
က ဒီတစ်နှစ်ထဲရှိတာမှမဟုတ်တာနော့ 
ပျော်ရွှင်ပါစေ !
ခင်တဲ့ 
ညီမလေး
ပန်းခင်း
ကိုဝင်းဇော်က ဒီပလိုမတ်နည်းသုံးရမှာကို ဒဲ့ဒိုးကြီး ပြောတာကိုးလို့
ကိုယ့်နဲ့လက်တွဲမယ့် သူက
မိန်းကလေး အယောက်၃၀ကျော်လောက်နဲ့ မနက်တစ်နာရီနှစ်နာရီအထိ စကောပြားတယ်ဆိုတော့ သူစိတ်ဆိုးသွားမှာပေါ့ကွယ်..
ဖြေးဖြေးချင်း သူ့ကိုပြောပြရမှာလေ ခက်တယ်ခက်တယ် ဟီး
မောင်လေးဝင်းဇော်ရေ
စိတ်ကူးယဉ်သက်သက်တော့ မဟုတ်လောက်ပါဘူးနော်
အဖြစ်မှန်ဆိုရင်တော့
စိတ်မကောင်းလဲ ဖြစ်မိတယ်
နောက်ကောက်ကျကျနေလို့လေ
နင်စိတ်မဆိုးဘူးဆိုရင်
ရွာကိုပြန်တာပဲကောင်းမယ်
အဟီး
ကိုဝင်းဇော် စွံရင် အကြောင်းကြားပါနော် မိန်းကလေးတိုင်းတော့မဟုတ်ပါဘူး ဟီး၂ :P
ကောင်းတယ် ..ကောင်းတယ်... စောစောမရတာ ကံအကောင်း ဆုံး ပဲ.... ညီ့အတွက် အချိန် ပို ရတာပေါ့.။ ပြန်လာမှ ညီကိုယ်တိုင်ရှာပေးမယ်..။
အဟီးး
ရောက်တာတောင် အသံလေးဘာလေးမကြားဘူး တော်တော်ဆိုးပါလား။ တကယ်ကြီးလားဗျ။
Post a Comment