Friday, March 6, 2009
မိတ်ကောင်းဆွေမွန်
ကိုယ်ကိုယ်တိုင်က စီးပွားရေးသမား ဖြစ်တဲ့အပြင် လူအများနဲ့ ပေါင်းသင်းဆက်ဆံ နေရတဲ့ ကားသမား တစ်ယောက် ဖြစ်တယ်။ မတူညီတဲ့ လူအမျိုးမျိုး၊ ခြားနားတဲ့ စိတ်အထွေထွေ ရှိနေကြတဲ့ လောကသားတွေနဲ့ နေ့စဉ် ပြောဆို ဆက်ဆံ ပေါင်းသင်းနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကိုယ်ကတော့ လူငယ်ပီပီ ဖောက်သည်တွေကို အမြဲပဲ ဦးညွတ်ပြီး တလေးတစား ဆက်ဆံပါတယ်။ ဟင်းသီး ဟင်းရွက်သည် ကိုလည်း အလိုက်အထိုက် ဆလံပေး ဆက်ဆံပါတယ်။ ကုန်တိုက် မန်နေဂျာနဲ့လည်း လည်တငြိမ့်ငြိမ့် ရိုသေတာမို့ ကိုယ့်ကိုယ်ကိုယ် တစ်ခါတလေ ပေါတောတော ဖြစ်နေသလားလို့ ဆန်းစစ်မိပါတယ်။ လုပ်ငန်းရဲ့သဘော သဘာဝမို့ ပေါနေရင်လည်း ခွင့်လွတ်နိုင်မယ် ထင်ပါတယ်။ လူတွေထဲက လူတစ်ယောက်မို့ နေ့တွေထပ်လို့ ရက်တွေ ဆက်လာတော့လည်း အဆင်မပြေရင် မပြေသလို ဘုစကားတွေ ပြောဖြစ်မိတယ်။ စိတ်ထဲက ပါလို့တော့ မဟုတ်ပါဘူး။ မိတ်ဆွေ အပေါင်းအသင်းတွေကို လိုချင် တပ်မက်ပါတယ်။ စိတ်သဘောခြင်း ထပ်တူသည် ဖြစ်စေ စိတ်အမြင်ခြင်း ဆန့်ကျင်သည် ဖြစ်ပါစေ လူတိုင်းနဲ့ မိတ်ဆွေ ဖြစ်ချင်ပါတယ်။ မှန်ကန်တဲ့ မိတ်ဆွေစစ် တစ်ယောက်ရဖို့ နှစ်တွေ အကြာကြီးစောင့်ရပါစေ စောင့်ရကျိုးနပ်တယ်လို့ပဲ မြင်မိပါတယ်။
မိတ်ဆွေကောင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကျွန်းကိုကိုင်းမှီ၊ ကိုင်းကိုကျွန်းမှီ ဆိုသလို အပြန်အလှန် မှီခို၊ အပြန်အလှန် လေးစားမှုရှိကြရ ပါမယ်။ တစ်ယောက်ရဲ့ ကောင်းမြတ်တဲ့ အရည်အချင်းတွေကို တစ်ယောက်က လေးစား အသိအမှတ်ပြုပြီး တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဖေးမကူညီ ဖြည့်စွမ်းပေး ရပါမယ်။ တစ်ယောက်ရဲ့ ဘေးအန္တရာယ်ကို တစ်ယောက်က ကာကွယ်စောင့်ရှောက်ပြီး တစ်ယောက်ရဲ့ အောင်မြင်မှုကို တစ်ယောက်က ၀မ်းမြောက် ၀မ်းသာ ဂုဏ်ယူတတ် ရပါမယ်။ တစ်ယောက်က ကောင်းစားရင် ကျန်တစ်ယောက်က မနာလို ၀န်တိုခြင်း မရှိပါဘဲ မုဒိတာစိတ် ထားရှိတတ် ရပါမယ်။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က သည်းခံခွင့်လွှတ်ပြီး တစ်ယောက်ရဲ့ အကျိုးကို တစ်ယောက်က ဆောင်ရွက်ပေးခြင်းဟာ မိတ်ကောင်း ဆွေကောင်းတွေရဲ့ ကျင့်ကြံအပ်တဲ့ ကောင်းမြတ်တဲ့ လက္ခဏာ ဖြစ်ပါတယ်။
မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်း ဆိုတာကတော့ တစ်ကိုယ်ကောင်း မဆန်တဲ့သူ။ စေတနာမှန်ကန်တဲ့သူ၊ အကျိုးတူ ကိစ္စရပ်များကို သတ္တိရှိရှိ ပူးပေါင်း ဆောင်ရွက် ကူညီလိုစိတ်ရှိသူ၊ အခက်အခဲ အကြပ်အတည်းတွေနဲ့ အရေးကြုံ လာတဲ့အခါ ခေါင်းရှောင် သွေဖီ မသွားပါဘဲ မိမိရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ကူညီ ဖြေရှင်းပေးတာတွေ ပဲဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အခြားတစ်ယောက်ရဲ့ အမှားအယွင်းနဲ့ အပြစ်တွေကိုပဲ ကြည့်ပြောနေမယ်၊ အားနည်းချက်တွေကိုပဲ မြင်နေမယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ကို သူ့အပေါင်း အသင်း မိတ်ဆွေတွေက ရှောင်ရှားဖယ်ပြန် သွားကြမှာ ဓမ္မတာပါ။ အဲဒီနည်းနဲ့ လူတွေကို စည်းရုံးသိမ်းသွင်းလို့ မရနိုင်ပါဘူး။ လူတိုင်းလူတိုင်းမှာ ချို့ယွင်းမှုနဲ့ ပြစ်ချက်ဆိုတာ အနည်းနဲ့အများတော့ ရှိတတ်ကြတာ သဘာဝပါ။ ပုထုစဉ် လူသားမို့ ခြောက်ပစ်ကင်း သဲလဲစင် တယ်ဆိုတာ မရှိနိုင်ပါဘူး။ လူတစ်ယောက်ဆီကနေ အကောင်းတွေချည်း မျှော်လင့်လို့ မရစကောင်း တာကိုတော့ နားလည်ထားပြီးသား ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ စိန်ကောင်း ကျောက်ကောင်း တစ်ပွင့်ရဖို့ ငွေကြေးဥစ္စာနဲ့ ပုံအောပေးပြီး ရနိုင်ပေမဲ့လည်း မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်း တစ်ယောက်ကို ရရှိနိုင်ဖို့ အတွက်တော့ ငွေကိုပုံအောပေးလို့ မရနိုင်ကောင်းပါဘူး။ စိန်ကောင်း ကျောက်ကောင်းထက် မိတ်ကောင်း ဆွေကောင်းက ပိုပြီး ရှားပါတယ်။ ပိုပြီး တန်ဖိုးကြီးပါတယ်။ စိန်ကောင်း ကျောက်ကောင်းကို တန်ဖိုးထား သတ်မှတ်လို့ ရနိုင်ပေမယ့် မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်းမှာ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့အကြောင်း ပြောကြား ချင်ပါတယ်။ အားလုံးကို လေးစားခင်မင်လျက်ပါ။
32 comments:
  1. ကဲ.. ဒီလိုဆိုရင်..သွေးသောက်ညီအကိုဖွဲ့မလား.. ပြော....
    ReplyDelete
  2. ကိုဇော်ဖြိုးဝေ ရေ
    Blogger ညီအစ်ကိုတွေဆိုတော့
    သွေးသောက်ညီအစ်ကိုလိုပါပဲ ..
    ဖွဲ့ပြီးသားပါဗျာ ..
    ReplyDelete
  3. စိန်ကောင်း ကျောက်ကောင်းထက် မိတ်ကောင်း ဆွေကောင်းက ပိုပြီး ရှားပါတယ်...။
    ဟုတ်လိုက်လေ...စိန်ကောင်း ကျောက်ကောင်းကိုမှ ရွေးပြီး ခင်မင်တတ်တဲ့ မိတ်ဆွေကောင်းတွေကတော့ ပေါမှပေါပဲ... ဟက်။
    ReplyDelete
  4. မချစ်နှင်းပြောတာလည်း မှန်ပါတယ်
    ခင်ရာဆွေမျိုး သဘောမျိုးပေါ့
    ဒီဘက်ခေတ်မှာ
    ရွှေရှိမှ အမျိုးတော်ချင်ကြတဲ့
    (ရွှေမျိုး) တွေ ပိုပိုများလာပါတယ်။
    (ဆွေမျိုး) တွေ နည်းလာပြီ။
    ကွန်မင့်အတွက် ကျေးဇူးပါ ..
    ReplyDelete
  5. ကိုဝင်ဇော်ရေ.. မိတ်ကောင်းဆွေကောင်း အကြောင်လေး က တန်ဖိုးရှိတဲ့ ပို့စ်လေးပါ..
    နဲနဲ ထပ်ဖြည့်ခဲ့ မယ်နော်..
    မိတ်ကောင်ေးဆွကောင်း ဆိုတာ တဖက်သား မိတ်ဆွေ ၀မ်းနည်းတာ သူဝမ်းသာတာ.. သူ့ရင်ထဲ မှာ ဘာတွေ ရှိနေတတ်တယ်ဆိုတာ လဲ ခံစားပေးနိုင်သေးတယ်..
    ReplyDelete
  6. မမသီရိခင်ဗျား ..
    တစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာ တစ်ယောက်က ရှိနေပေးရင် ပိုပြီး ရင်းနှီးတယ်၊ ပိုပြီး နားလည်တယ် ဆိုတာ သဘောပေါက် ပါတယ်။
    ဖြည့်စွက်ပေးလို့ ကျေးဇူးပါ ..
    ReplyDelete
  7. ဟုတ်တယ်နော် .. အားပေးနေပါတယ် ..
    ReplyDelete
  8. ကိုဝင်းဇော်ရေ ..
    ရောက်ရောက်လာတယ်နော်...
    ချန်မထားနဲ့
    ReplyDelete
  9. မိတ်ဆွေကောင်းဆိုတာ ကိုယ့်ရဲ့ အားနည်းချက်တွေ မကောင်းတဲ့ အချက်တွေကို သိသွားရင်တောင် ကိုယ်နဲ့ အခင်မင်မပျက်ပဲ ဆက်ရှိနေတဲ့သူပေါ့ ဘ၀မှာ ဒီလိုသူငယ်ချင်းမျိုးတော့ အမှန်ကန်ကိုလိုအပ်ပါတယ် ။သူငယ်ချင်းဆိုတာနဲ့ ပျော်စရာနေ့ရက်တွေ အမှတ်တရတွေထဲ ခေါ်ဆောင်သွားသူပါပဲ ။
    ReplyDelete
  10. သယ်ချင်းရေ ...
    တန်ဘိုးရှိတဲ့ပို့စ်လေးပါ ... ကိုယ်လဲ ကိုယ့်သူငယ်ချင်းတွေအတွက် မိတ်ကောင်းဆွေကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသလို မိတ်ကောင်းဆွေကောင်းသူငယ်ချင်းတွေလဲ အများကြီးလိုချင်ပါတယ် ... ကံကောင်းတယ်လို့ ပြောရမယ်ထင်တယ် ... ကိုယ့်မှာ သူငယ်ချင်းကောင်းတွေ တစ်ယောက်မကရှိတယ်....း)
    ReplyDelete
  11. လိုက်နာသင့်တဲ့
    မှတ်သားအပ်တဲ့
    မိတ်ဆွေကောင်းအကြောင်းလေး
    သက်တောင့်သက်သာနဲ့ ဖတ်သွားတယ်
    ReplyDelete
  12. ကိုဝင်းဇော်ရေပေါတောတောလို့မထင်ပါဘူး
    ဆက်ဆံရေးပြေပြစ်တယ်လို့ချီးကျူးချင်ပါတယ်
    မိတ်ကောင်းဆွေမွန်ကိုရင်ထဲကလာတဲ့
    တကယ့်ခံစားချက်နဲ့ရေးတာလား
    အဲဒီလိုဆိုရင်တော့တကယ့်ကိုပဲလေးစားပါတယ်
    ReplyDelete
  13. လောကမှာ မိတ်ဆွေကောင်းတစ်ယောက် ရဘို့
    ဆိုတာခက်သား။ ဒါကြောင့် ရှိပြီးတဲ့ မိတ်ဆွေကောင်းတွေနဲ့ မိတ်မပျက်အောင် ဆက်ဆံ သင့်တယ်။ ဒီပို့စ်လေး ကောင်းတယ်။
    ReplyDelete
  14. မိတ်ဆွေကောင်းဆိုတာ ကောင်းကင်ကကြယ်လေးတွေပါပဲ ကိုဝင်းဇော်ရေ..
    ကျွန်တော်တို့တွေက ညခရီးသွားတွေပေါ့...အကူအလင်းတွေ ရှိတုန်းမှာ သူတို့ကိုမေ့နေတတ်ပေမယ့်
    တကယ် မှောင်လာတဲ့အခါမှာတော့
    ကြယ်ကလေးတွေက အမှန်တကယ် လမ်းပြပါတယ်..
    ပြုံးနေတာကောင်းပါတယ်..
    ကျွန်တော်ကိုတိုင်ကလည်း ပြုံးပြုံးကြီးဗျ..ဟီး...ပေါတယ်ထင်လည်း မတတ်နိုင်..
    ReplyDelete
  15. ကိုဝင်းဇော်ရေ မိတ်ဆွေကောင်းဖြစ်ချင်ပါတယ်. . . .
    ReplyDelete
  16. မှန်တယ်ကိုဝင်းဇော်ရေ၊ စိန်ကောင်းကျောက်ကောင်း တပွင့်ထက်၊မိတ်ကောင်းဆွေကောင်း တစ်ယောက်က ပိုတန်ဖိုးကြီးပါတယ်
    ReplyDelete
  17. CHEER ;;RRRRRRRRRRRRRR ....s
    Me toooooooooooooo ..
    ReplyDelete
  18. မိတ်ဆွေသူငယ်ချင်းကြောင့်
    ဘ၀တစ်ခုလုံးပြောင်းလဲ တိုးတက်နိုင်သလို
    မိတ်ဆွေ သူငယ်ချင်းကြောင်းလဲ
    ဘ၀ပျက်သွားနိုင်တာ ရှိပါတယ်။
    ကောင်းမွန်စွာ ဖတ်သွားပါတယ်
    ReplyDelete
  19. ရှမ်းလေးရေ----
    သတိတရလာလည်ပါတယ်--
    သီချင်းလေးနားထောင်သွားသလို---
    စာတွေလည်းလာဖတ်သွားပါတယ်--
    ပျော်ရွှင်ပါစေ--
    ReplyDelete
  20. ပို့စ်ရော၊ ရေးသူပါ... "မိတ်ကောင်းဆွေမွန် ဗျို့"
    ReplyDelete
  21. မိတ်ကောင်းဆွေမွန်လေးက တကယ်တန်ဖိုးရှိတဲ့ ပို့စ်လေးပါ။ ဖတ်ခွင့်ရတာ ကျေးဇူးပါဘဲ။
    ReplyDelete
  22. ဘရာသာ
    \_/ ဒီခွက်ထဲ သွေး ထည့်ပြီး သွေးသောက်ဖွဲ့ ရအောင်။။
    အစဉ်လေးစားလျက်ပါ ဘရာသာ။
    ReplyDelete
  23. အရေးအသားလေးတွေ ဒိထက်တိုးတက် ပါစေလို့ ..
    ReplyDelete
  24. မောင်ဝင်းဇော်ရေ..
    မင်းပြောသလိုပဲ
    လူတိုင်းလူတိုင်း စိတ်ထားမှန်တဲ့
    သူငယ်ချင်းကောင်းတွေနဲ့ တွေ့ကြုံစေချင်တယ်။
    ဖတ်သွားတယ်နော်။
    သီချင်းလေးလည်း နားထောင်သွားသေးတယ်။
    ReplyDelete
  25. မိတ်ဆွေကောင်းတယောက်ရဲ့
    ရှိနေသင့်တဲ့ စိတ်ထားလေးကို
    နာယူသွားပါတယ်၊ ကျင့်ကြံဖို့အတွက်လေ
    စာကောင်းလေးတွေ လာဖတ်တယ်။
    ReplyDelete
  26. တန်ဖိုးမဖြတ်နိုင်တဲ့ မိတ်ဆွေကောင်းတွေ အများကြီးကို ဒီဘလော့ဂ် ကမ္ဘာလေးထဲမှာ ရခဲ့တာ...
    အောက်က ပုံလေးကို သဘောကျလို့ ယူသွားတယ်နော်...
    ReplyDelete
  27. ကိုဝဲကုတ်ရေ အဲလေ... မှားလို့ဗျာ ကိုဝဲကမ်းရေ
    ကျနော်ကတော့ ဘယ်သူ့မဆို ဘယ်တော့မှ
    အပေါ်စီးက ဘယ်တော့မှမဆက်ဆံဘူး။ အဲကိုယ့်
    ပေါ်ကြောလာတယ်ထင်ရင်တော့ သူ့ဟာသူ ဘာကောင်ပဲ ဖြစ်နေပါစေပြန်ကြောရမှကျေနပ်
    တာဗျ။ တနည်းနည်းနဲ့ ပြန်ကြောလိုက်ရမှ စား
    ဟီ... မှားပြန်ပြီ စမိတ်ဆက်ကာစပေါ့ နောက်
    ပိုင်းတော့ တကျပ်တန်သူကို တကျပ်တန်လို
    ဆက်ဆံတယ် ငါးမူးတန်သူကို ငါးမူးတန်လိုပဲ
    ဆက်ဆံတယ်။ ကိုယ့်ပေါ်ကောင်းတယ်ထင်ရင်
    သူတောင်းစားက အစ ရိုရိုသေသေဆက်ဆံ
    တတ်တာ ကျနော့် အကျင့်ပဲဗျို့
    ReplyDelete
  28. မိတ်ဆွေကောင်းဆိုတာ အမှန်တကယ် လိုအပ်တဲ့ ရှားပါးတဲ့အရာတစ်ခုပါ။
    ReplyDelete
  29. ခင်မင်မှုအပေါ် ခုတုံးလုပ်ပြီး
    ဘ၀အောင်မြင်ကို ယူသွားကြတဲ့
    မိတ်ဆွေမျိုးတွေ ကြုံခဲ့ပေမဲ့
    မိတ်ဆွေကောင်းဆိုတာကို
    ရှာဖွေနေဆဲပါ ..
    စာကောင်းလေး ဖတ်သွားတယ်။
    ReplyDelete
  30. လူသားတိုင်း ကိုယ်က မိတ်ဆွေစစ် လိုချင်ရင် ကိုယ်ကိုတိုင်လည်း သူများအတွက် မိတ်ဆွေစစ် ဖြစ်အောင်ကြိုးစားရမှာ နော်.... မှတ်သားသွားပါတယ်...
    လူသားတိုင်း မိတ်ဆွေစစ် လိုအပ်ကြပါတယ်...
    :)
    ReplyDelete
  31. မှတ်သားစရာနဲ့
    ကိုယ်ကိုယ်တိုင် လိုက်နာသင့်တဲ့ အမူအကျင့်လေးတွေဖြစ်တယ်။
    မှတ်မှတ်ရရဖြစ်စေဖို့ ယူသွားတယ်။
    ReplyDelete
  32. ကိုဝင်းဇော်ရေ
    တကယ်မှန်တာပေါ့။
    ReplyDelete