Thursday, November 20, 2008

ပုလဲဧကရီ



သူငယ်ချင်း
သူငယ်ချင်းကို ပုလဲဧကရီ လို့တင်စားခေါ်ချင်ပါတယ်
ပုလဲဟာ ကျက်သရေရှိတယ်။ ပုလဲအရောင်ဟာ လူသားတွေရဲ့ နှလုံးသားကို ချမ်းမြေ့မှု အပေးနိုင်ဆုံး ဖြစ်တယ်
သူငယ်ချင်းကို မြင်ရရင် ရင်ကို အေးချမ်းပြီး ကျက်သရေရှိတဲ့ သူလေးတစ်ယောက်လိုပဲ မြင်မိတယ်
မဟုတ်ခဲ့ရင်တောင် အဲဒီလိုဖြစ်အောင် စိတ်ထဲအမြဲ မွေးနေမိပါတယ်
သူငယ်ချင်းကကို ပုလဲဧကရီ လို့ တင်စားခေါ်ဝေါ်နိုင်အောင် ပုလဲဋီကာကို ပြောပြချင်ပါတယ်

ပုလဲဟာ တစ်ခြားကျောက်မျက်ရတနာတွေလို မဟုတ်ပါဘူး
လူတိုင်းနဲ့ လိုက်ဖက် တင့်တယ်တယ်
ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး ပုလဲကို ၀တ်ဆင်ထားရင် အားလုံးဟာ တူညီတဲ့ ကျက်သရေကိုဆောင်တယ်
တစ်ခြားကျောက်မျက်တွေက
တန်ဖိုးအလိုက် ကြွားဖို့ ၀ါဖို့ ဂုဏ်ရှိဖို့ ဂုဏ်တုဂုဏ်ပြိုင်ဖို့ အတွက်သာ အဓိပ္ပာယ်ဆောင်ပေမယ့်
ပုလဲကတော့
တည်ကြည်ခြင်း ငြိမ်သက်ခြင်း မေတ္တာတရား သက်ဝင်ခြင်း စတဲ့
ကျက်သရေ အရိပ်အယောင်တွေနဲ့သာ နိမိတ်ဆောင်နေပါတယ် .. ..


ကမ္ဘာပေါ်မှာရှိတဲ့ ဣတ္ထိယတို့ အလှအပအတွက် ဖက်ရှင်အမျိုးမျိုး တီထွင်သုံးစွဲခဲ့ပြီး
ရေစီးကြောင်းတွေ တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းခဲ့ပေမယ့် ပုလဲဝတ်ဆင်မှုကတော့
ခေတ်အဆက်ဆက် မပြောင်းလဲခဲ့ပါဘူး ရိုးသွားတယ်ရယ်လို့ မရှိခဲ့ဘူးဆိုတာ သူငယ်ချင်း သိမှာပါ
အဲဒါ ဘာကြောင့်လဲဆိုတော့ ပုလဲဟာ မိန်းမသားတို့ရဲ့နှလုံးသည်းပွတ်မှာ
မြတ်နိုးတွယ်တာ ခုံမင်စရာ ရတနာတစ်ပါးအဖြစ်နဲ့ ထာဝရ ကိန်းအောင်းနေလို့ပါပဲ
ဒါကြောင့်
ပုလဲကို ရတနာလောကရဲ့ ဘုရင်မ The Queen of Gems လို့ သတ်မှတ်ထားခဲ့ကြတယ်
ပုလဲဟာ လှပရုံသာမက စန်းပွင့်တယ် နိမိတ်ကောင်းတယ် ဆိုပြီး နှစ်နှစ်ကာကာ ၀တ်ဆင်ခဲ့ကြတယ် .. ..

ပုလဲဟာ ရှေးအကျဆုံး ရတနာတစ်ပါးဖြစ်ပြီး
တစ်ခြား ကျောက်မျက်ရတနာတွေလို သွေးစရာလည်းမလို
အကွက်ဖော်စရာလည်းမလို အသင့်ဝတ်ဆင်နိုင်တာကြောင့် ကျောက်သွေးပညာ မပေါ်ခင်ကတည်းက ခေတ်စားခဲ့တယ်
ခရစ်ယာန်တို့ရဲ့ ဓမ္မကျမ်းစာမှာပဲ ကြည့်ကြည့်
ဂျူးလူမျိုးတို့ရဲ့ ရဟူဒီဓမ္မကျမ်းမှာပဲ ကြည့်ကြည့်
မူဆလင်တို့ရဲ့ ကုရ်အာန် ကျမ်းမှာပဲ ကြည့်ကြည့်
ပုလဲရတနာကို ကြွယ်ဝချမ်းသာခြင်း အဖြစ် တင်စားဖော်ပြထားတာတွေ့ရမယ် .. ..



မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို ဘက်စုံ ထောင့်စုံကနေ အချက်အလက်ပေါင်းစုံနဲ့ တန်ဖိုးဖြတ်ကြသလို
ပုလဲတွေရဲ့ တန်ဖိုးကိုလည်း အချက်(၇)ချက်နဲ့ ဆုံးဖြတ်ကြတယ်
ပထမအချက် အရောင် Colour ဖြစ်တယ် Body Colour နဲ့ ရောင်ပြေး Over Tone ကိုကြည့်ရတယ်
ဒုတိယအချက်က တောက်ပမှုစွမ်းအား Lustre
တတိယ ပုလဲရဲ့ မျက်နှာပြင်မှာ အပြစ်အနာအဆာ ကင်းစင်မှု
စတုတ္ထ ပုလဲရဲ့ သဏ္ဍာန် Shape
ပဉ္စမ အရွယ် Size
ဆဋ္ဌမ အချက်က ပုလဲရဲ့ သီကုံးပုံ Make
သတ္တမနောက်ဆုံးအချက်က ပုလဲရည် အထူအပါး Nacre Thickness တို့ပဲဖြစ်တယ် .. ..

သဘာဝပုလဲရဲ့ အရောင်တွေကတော့
အဖြူရောင်၊ နို့နှစ်ရောင်၊ ရွှေရောင်၊ နှင်းဆီရောင်၊ ပန်းရောင်၊ ခရမ်းဖျော့ရောင်၊ လိမ္မော်ရောင်၊ ကြေးဝါရောင် ရှိကြတယ်
မွေးပုလဲတွေကတော့
အဖြူရောင်၊ နို့နှစ်ရောင်၊ နှင်းဆီရောင်၊ ပန်းရောင်၊ အ၀ါရောင်၊ ငွေရောင်နဲ့ မီးခိုးရောင် တွေရှိတယ်
ပုလဲ အစစ်နဲ့ အတုကို လွယ်လွယ်ခွဲခြားတဲ့နည်းကို သူငယ်ချင်း မှတ်ထားပါဦး
ပုလဲသားကို လူရဲ့ ရှေ့သွားနဲ့ ပွတ်ကြည့်ရတယ်
ပုလဲအစစ်က သွားကို သဲနဲ့ရှသလို အာရုံမျိုး ခံစားရလိမ့်မယ်
ပုလဲအတုကတော့ သွားမှာ ဘာအာရုံမှမရဘဲ ချောနေပါမယ်

ပုလဲနဲ့ ပတ်သက်ပြီး ရှောင်ရန် ဆောင်ရန်နဲ့ သတိထားရမှာတွေကတော့
ပုလဲကို အက်စစ်နဲ့ လုံးဝမထိမိပါစေနဲ့
အက်စစ် မပြောပါနဲ့
အပြင်းစား အလှဆီ၊ အပြင်းစား ရေမွှေး၊ အပြင်းစား Hair Spray များနဲ့ ထိလို့မရဘူး
ပုလဲကို ၀တ်ဆင်ထားရင် ရေမွှေးဆွတ်ထာ သတိထားပေါ့နော်
ပုလဲကို မဝတ်ဆင်ဘဲ သိမ်းထားမည်ဆိုရင်တောင် (မာဆင့်များတဲ့)
ကျောက်မျက်ရတနာတွေနဲ့ ရောနှောသိမ်းဆည်းထားလို့ မရပါဘူး၊ ပုလဲကို ပွန်းပဲ့ ပျက်စီးစေတယ်
အကောင်းဆုံးကတော့ နူးညံ့ပျော့ပြောင်းတဲ့ ကတ္တီပါဘူးများနဲ့သာ သိမ်းထားသင့်ပါတယ်
ကြိုးနဲ့သီသွယ်ထားတဲ့ ပုလဲလည်ဆွဲဆိုရင်လည်း ခြောက်လ တစ်ကြိမ်ကြိုးအသစ်လဲပေးရမယ် .. ..

ပုလဲကို ဝတ်ဆင်တဲ့အခါမှာလည်း ပုလဲဟာ ပေါ်လွင်ပြီးသားမို့
ဝတ်ဆင်သူတို့နဲ့ လိုက်ဖက်အောင် စီစဉ်ရတာလည်း အဆင်ပြေလွန်းပါတယ်
မျက်နှာကျ ရှည်သွယ်တဲ့သူဆိုရင် လည်ပင်းအရင်းမှာကပ်ပြီး
ပုလဲလည်ဆွဲကို ဝတ်ဆင်မယ်ဆိုရင် ရှည်သွယ်တဲ့ မျက်နှာကို ပေါ်လွင်စေတယ်
ဝိုင်းတဲ့ မျက်နှာနဲ့ လေးထောင့်ပုံမျက်နှာပိုင်ရှင် ဣတ္ထိယတို့ အနေနဲ့
ရင်ညွန့်နဲ့ ရင်ညွန့်အောက်အထိရောက်တဲ့ ပုလဲထပ်ကုံးရှည်ကို ဝတ်ဆင်ပေးရမယ်
ဒါမှ ရှိပြီးသားအလှကို ပိုပေါ်လွင်စေပါတယ် .. ..



အဖြူရောင်ဟာ လူသားတွေကို ချမ်းမြေ့မှု အပေးနိုင်ဆုံးအရောင် ဖြစ်တယ်
အဖြူရောင်ရှိနေတဲ့ ပုလဲဟာလည်း ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မင်္ဂလာသင်္ကေတ ပဲဖြစ်တယ်
လူ့ယဉ်ကျေးမှု ခေတ်ဦးကတည်းကနေ ကနေ့တိုင်
သန့်စင်ခြင်း စင်ကြယ်ခြင်း အပြစ်ကင်းစင်ခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ ပုလဲဟာ
အပျိုစင် အပျိုမတို့ ဆင်မြန်းထားမယ်ဆိုရင်
ဒိုင်ယာနာနတ်သမီး ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံရတယ်လို့ ယုံကြည်မိရင်း
မကြာမတင် ကျရောက်မယ့် သူငယ်ချင်းရဲ့ မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
စဉ်ဆက်မပြတ်စီးဆင်းနေတဲ့ တော်ဝင်အလှတစ်ပါး ပုလဲရတနာများနည်းတူ
သူငယ်ချင်းရဲ့ ဘဝလည်း အစွမ်းကုန် လှပ ချမ်းမြေ့ ပျော်ရွှင် နိုင်ပါစေလို့ .. .. .. ဆန္ဒပြုလိုက်ပါတယ်

(ပင်လောင်းမှာ ရှိနေစဉ်တုန်းက ရေးထားခဲ့တဲ့ စာလေးဖြစ်ပါတယ်။ မူရင်းစာအုပ်ကို code မဖော်ပြပေးနိုင်တဲ့ ပျက်ကွက်မှုအတွက် ဒီနေရာကနေ အနူးအညွှတ် တောင်းပန်ပါတယ်။ အားလုံးကို လေးစားလျက်ပါ။)

14 comments:

  1. သက်ဝေရဲ့  အကြိုက်ဆုံး ရတနာက ပုလဲပါ...။
    ဆောင်ရန် ရှောင်ရန် တွေအတွက် ကျေးဇူး အများကြီးတင်ပါတယ် ကိုဝင်းဇော်...။

    ReplyDelete
  2. အားကိုဝင်းဇော် က ပုလဲ အကြောင်းအတော် လေ့လာထားတာပဲ ...။ချီးကျူးပါတယ် ဗျာ..။

    ReplyDelete
  3. ပုလဲအကြောင်းလည်း ဖတ်၊ ဘေးက ပုံတွေလည်း သွားရည်ယို...ဟိ

    ReplyDelete
  4. အိမ်အပြန် ဗဟုသုတတွေ သယ်သွားတယ်ဗျာ။ လာတိုင်း အကျိုးရှိတာမို့ လာဖြစ်ပါတယ်၊ မကြာမကြာပေါ့ ။

    ReplyDelete
  5. ပုလဲ အကြောင်းအခုမှပဲ သေချာသိတော့တယ်။ ကျေးဇူးပါ :)

    ReplyDelete
  6. ပုလဲသရဖူကို ယူသွားတယ်၊ စနေနေ့မှာ ကျွန်တော့်မွေးနေ့ လည်းဖြစ်တယ်။ နောက်ပြီး ကောင်မလေးတစ်ယောက်ရဲ့ မွေးနေ့နဲ့လည်း တိုက်နေတယ်။ လက်ဆောင်ပေးဖို့ပါ။

    ReplyDelete
  7. သူငယ်ချင်းကို ပုလဲနဲ့တင်စားသွားတာ သဘောကျမိသဗျ။ ပုလဲအကြောင်းလေးပါ ထည့်ပြောထားတော့ အရသာပိုရှိသွားတယ်။ ဗဟုသုတအတွက် ကျေးဇူးပါ။

    သုခမိန်(E-Journal)

    ReplyDelete
  8. ပုလဲအကြောင်းလေးဖတ်သွားတယ်အစ်ကို....
    ဗဟုသုတရတယ်.... :D

    ReplyDelete
  9. စိတ်ဝင်တစား ဖတ်သွားပါသည်
    ဗဟုသုတ ရတဲ့ ပို့စ်လေးပါ
    ဆက်လက် ရေးသားနိုင်ပါစေ

    ReplyDelete
  10. ဖြူဖြူစင်စင် ပုလဲလေးတွေကိုယ်မှ ချစ်တယ်လို့ သူက ဆိုလာစဉ်
    ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့ မျက်ရည်ပဲခင်...
    သီချင်းလေးဆိုပြီးပြန်သွားတယ်

    ReplyDelete
  11. နေ့ နံအလိုက်ဆို ကျနော်က ပုလဲ ၀တ်ရတယ်ဗျ ။ နှစ်သက်ပါတယ် ပုလဲကို ။
    ပုလဲ ရတနာကို ပျော်တာနော် ။ကောင်မလေး မဟုတ်ဘူး ။ :D ဗဟုသုတတွေရလို
    ကျေးဇူးတင်ပါတယ် ။

    ReplyDelete
  12. ကောင်းတယ် အကိုရေ..ပုလဲတွေ ယူသွားတယ်နော် လက်ဆောာင်ပေးဖို့လေ
    အဆင်ပြေပါစေ

    ReplyDelete
  13. အကိုဝင်းဇော်ပုလဲအကြောင်းတော်တော်လေးလေ့လာထားတယ်နဲ့တူတယ် အခုလိုမျှဝေပေးတာကျေးဇူးပဲအကိုရေ ဖတ်မှတ်သွားတယ်ဗျာအကို အဆင်ပြေပျော်ရွှင်ပါစေဗျာအကို

    ReplyDelete
  14. အဲအဲ ပုလဲတဲ့ သာမီးကိုကျောတာလားဟင် .. လှကြတယ်တဲ့ ရှက်လာပြီနော့် ဆက်ပြောကြပါ ... တောင်းပန်ပါတယ် ကိုဝင်းဇော်ရေ ဆေးမသောက်ရသေးလို့နော် ပုလဲတွေကတကယ်လှတယ်
    ဗဟုသုတလေးလဲဖတ်သွားတယ် ကျေးဇူးတင်ပါတယ်နော်
    :D

    ReplyDelete