Tuesday, February 17, 2009

22 Vs 28

ဒီအရွယ်ရောက်မှ ကောင်မလေးငယ်ငယ် တစ်ယောက်ကို ချစ်သူရည်းစား အဖြစ်နဲ့ ကြင်နာတတ်စ လူငယ်တစ်ယောက် အနေနဲ့ ခံစားကြည့်မိ ပါတယ်။ ကောင်မလေးကို ငယ်ချစ်ဦးရယ်လို့ ချစ်စနိုးခေါ်ရင် လှောင်ရယ်စရာများ ဖြစ်နေမလားတော့ မသိပါဘူး။ ၉ တန်း ၁၀ တန်း အရွယ်တုန်းက တွေ့ခဲ့ကြရင်တော့ ခေါ်ချင်တဲ့ ငယ်ချစ်ဦး ဖြစ်ခဲ့မှာပါ လို့ စိတ်ထဲ ခပ်ဆွေးဆွေးလေး ငြီးမိပါသေးတယ်။ ငယ်ချစ်ဦး မဖြစ်နိုင်တော့ရင်လည်း အချစ်ဦး တစ်ယောက် အဖြစ်နဲ့ တွယ်တာကြည့် ပါမယ်လေ ဆိုပြီး စိတ်ကို တထစ်လျော့ လိုက်ပါတယ်။ ဒီလိုပြောလိုက်တော့ ကိုယ့်လိပ်ပြာကို ကိုယ်မလုံမလဲ လှည့်ကြည့်မိတယ်။ လိပ်ပြာလေးက မျက်နှာလွဲလျက်နဲ့ပါ။ ပြန်မသွားချင်တော့တဲ့ အတိတ် ဇာတ်ကြောင်းတွေကို ဖြစ်နိုင်သမျှ လေ၀င်ပေါက်ပါ မကျန်အောင် အင်္ဂတေနဲ့ အသေပိတ်လိုက် ချင်ပေမယ့် မလုံနိုင်တဲ့ အပုပ်နံ့ကတော့ တစ်ခါတလေ ခပ်နွဲ့နွဲ့လေး ရှူရှိုက်မိပါသေးတယ်။ ဒီလိုအဖြစ်ကြုံလေတိုင်း ဆောင်းတွင်းအေးအေး ထဲမှာတောင် ဇောချွေးတွေ ရွှဲနစ်စေ ပါသေးတယ်။ ရှိစေတော့ အနာဂတ်ကိုလှပစေဖို့ပဲ ရည်ရွယ်တာ အမှန်ပါ။

ချစ်တဲ့စိတ်တစ်ခုကို အရင်းတည်ပြီး ကိုယ့်ကောင်မလေးကို ချစ်စနိုးလေးနဲ့ ညီမလေး ရယ်လို့ နုလိုက်ပါတယ်။ သူလေးအပေါ် အလိုလိုက် အကြိုက်ဆောင်မယ် ဆန္ဒနဲ့မို့ ဆိုးနွဲ့တာကိုလည်း ကိုယ်ခံပါ့မယ်။ စိတ်ကောက်မယ် ဆိုရင်လည်း ပင်တိုင်ချော့ပါမယ် လို့ ကတိတစ်လုံး ထားခဲ့ပါတယ်။ နှစ်ဦးသား မျက်နှာချင်းဆိုင် ဆုံတွေ့လို့ စကားပြောတိုင်း ထစ်ထစ်သွားတဲ့ စကားလုံးတွေကြောင့် အယောင်ယောင် အမှားမှား ဖြစ်တာကလည်း ကိုယ့်သတ္တိကို လှစ်ပြနေတာပဲလား၊ ဒါမှမဟုတ် ဖြူစင်တာကို ပြချင်တာ လားတော့ မသိပါ။ အပေါက်အလမ်း မတည့်တာကိုတော့ ၀န်ခံပါတယ်။ အနိမ့်အမြင့် မတူတဲ့ စိတ်နေသဘောထားတွေကို အတတ်နိုင်ဆုံး သံစဉ်ညှိယူဖို့ စိတ်ပိုင်းဖြတ်ထားပေမယ့် တစ်ယောက်အမှားကို တစ်ယောက်က ထောက်နေတာနဲ့တင် မတို့မထိနဲ့ ချောကလက် ရေခဲမှုန့်တွေ အရည်ပျော်ကုန်တာ ခဏခဏပါ။ အဆင်မပြေ ဖြစ်လေတိုင်း ကိုယ့်ရဲ့ အားနည်းချက် လို့ပဲမြင်ပါတယ်။ အရောင်မလက်ခဲ့တဲ့ ကိုယ်ရဲ့ အတွေ့အကြုံကိုပဲ အပြစ်ပုံမိပါတယ်။ အချစ်သည် စိတ်အကြိုက် လိုက်ပြောင်းတတ်တဲ့ ကောင်းကင်တစ်ခုသာ ဖြစ်ပေမယ့် ကနေ့ အချစ်ဆုံးသူဟာ မနက်ဖြန်မှာ အမုန်းရဆုံးသူ တစ်ယောက်အဖြစ်နဲ့ အဆုံးမသတ် ချင်သေးတာ မှန်သော သစ္စာပါ ။ ။

Photobucket

32 comments:

  1. အချစ်သည် စိတ်အကြိုက် လိုက်ပြောင်းတတ်တဲ့ ကောင်းကင်
    ကောင်းကင်က မပြောင်းဝူးနော်၊စိတ်ကပြောင်းတာ:P

    ReplyDelete
  2. ဟားဟားဟား ကိုဝဲလ်ကမ်း လုပ်ပီဟ

    ReplyDelete
  3. ဟဟဟဟ အကိုတို့ကတော့လုပ်ချလိုက်ပြီနော်။ အချစ်က စိတ်အကြိုက်ပြောင်းလဲစေတတ်တယ်ဆိုတာမှန်လားတော့မသိဘူးနော်။

    ReplyDelete
  4. ကိုဝင်းဇော်
    အပေါ်က ၃ ယောက်တော့ ဟားတိုက်သွားပြီ
    ခုတစ်မျိုးတော်ကြာတစ်မျိုး မလုပ်လိုက်နဲ့နော်
    ကောင်မလေးကို သနားစရာ (အဟား)

    ReplyDelete
  5. အမှန်တကယ် ချစ်မိပြီ ဆိုတော့လည်း ကိုယ်က အမှားနဲအောင် နေနိုင်ပါစေပေါ့။ အတိတ်ကို အတိတ်မှာပဲ ထားနိုင်ပါစေလို့ .........

    ReplyDelete
  6. “အချစ်ကစိတ်အကြိုက်လိုက်ပြောင်းတတ်တဲ့ ကောင်းကင်တစ်ခုသာဖြစ်ပေမယ့်” တဲ့ ...
    မိုက်တယ် ... ညလေးက ၂၂ နှစ်လားဟင်း)

    ReplyDelete
  7. အကိုကတော့လုပ်ပြီ စိတ်ကြိုက်မပြောင်းသေးနဲ့လေ..
    ကောင်မလေးခင်ဗျာ သနားစရာလေးနော် :P
    ဒီစာကိုတော့ကြိုက်တယ် အချစ်သည် စိတ်အကြိုက် လိုက်ပြောင်းတတ်တဲ့ ကောင်းကင်တစ်ခုသာ တဲ့
    မိုက်လိုက်တဲ့ စာသားလေး အဆင်ပြေပါစေဗျာ

    ReplyDelete
  8. ပထမဆုံး အကြိမ် ရောက်ပါတယ်။
    ရင်တွင်းဖြစ်လေး ဖတ်သွားတယ်။
    စာသားလေးတွေ တိမ်တိမ်နက်နက် တွေးမိတယ်။ စာကောင်းတစ်ပုဒ်ပါ။

    ReplyDelete
  9. အဆုံးမသတ်ချင်သေးတဲ့ ဆန္ဒတွေနဲ့
    အမြဲထာဝရ တည်မြဲခြင်းတွေ ပိုင်ဆိုင်လို့
    ချစ်သောသူနှင့် လက်တွဲနိုင်ပါစေ ..။

    အတွေးနဲ့ ဖြစ်တည်မှုကို အနေထားကျကျလေး ရေးထားတဲ့
    ပို့စ်ကောင်းတစ်ပုဒ်ပါ ..။

    ReplyDelete
  10. တည်တည်တံ့တံ့လေး မြင်ချင်စမ်းပါဘိ..
    သူလေးက ဘူလေးလဲ အဟီး
    နောက်တာ ..
    ရေးထားတာလေး ကောင်းတယ်။

    ReplyDelete
  11. အခုတော့ သူ ထုတ်ကြွားပြီပေါ့ လေ ဟား ဟား ကိုယ့်ထက် ငယ်သူ ဆိုတော့လဲ အလျှော့လေး သာပေးပြီး ချစ်ပေတော့ ကိုဝင်းဇော် ရေ..။

    ReplyDelete
  12. သောက်မယ့်သူမရှိတဲ့ ရေခဲမှုန့်ကို
    ဒီဘက်ကမ်းပေးလိုက်ပါနော်
    အဆင်ပြေတာ မြင်ချင်ပါတယ်။

    ReplyDelete
  13. ;) ကိုဝင်းဇော်ကြီး ပေါ်ကုန်ပြီး ချောကလပ်တွေ အရည်ပျော်တော့ လျှာလေးနဲ့ သတ်လိုက် ဟီးဟီး ဒီလို ပွင့်၂လင်း၂ လေးရေးထားတာ သဘောကျတယ် ညီမလေးနဲ့ အိုကေ ပါစေဗျာ ။

    ReplyDelete
  14. လုပ်ထားကောင်လေးရေ
    အသက်ကြီးလာရင်
    ဘာဆိုပဲလား မကောင်းတော့ဘူးတဲ့
    သန်တုန်း မြန်တုန်း အားထည့်ပါ။

    (ကိုယ်လဲကြိုးစားတုန်းပါ)

    ReplyDelete
  15. အရောင်မလက်ခဲ့တဲ့ ကိုယ်ရဲ့ အတွေ့အကြုံကိုပဲ အပြစ်ပုံမိပါတယ်။ ..
    ကြိုက်တယ် စာသားလေး...

    ပျော်ရွင်ပါစေဗျာ..

    ReplyDelete
  16. ၂၂ နဲ့ ၂၈ သိပ်မကွာပါဘူးလေ ပျော်ရွင်ပါစေ ကိုဝင်းဇော်။ ချစ်သူတိုင်းပေါင်းဆုံကြပါစေလို့လည်းဆုတောင်းပေးခဲ့ပါတယ်နော်

    ReplyDelete
  17. အချစ် က တကယ်ပြောင်းလဲတတ်တယ်နော်.. ။
    ကိုယ်က ပြောင်းရင်ပြောင်း မပြောင်းရင် သူ ကအရင် ပြောင်းသွား တတ်တယ်...။

    လက်တွေ့ နော်..။ ဟီးးးးးးးးးးး

    ReplyDelete
  18. တစ်ကယ်ကြီး ပြောင်းလဲတတ်သလားဗျ။

    ReplyDelete
  19. ကြီးမှဝက်သက်ပေါက်တာလားဗျို့။ အေးပေါ့လေ
    ငယ်သူကို ချစ်မိမှတော့ ချီဖို့သာပြင်ထား။ အားလဲမွေးထားဦးဗျနော် တော်ကြာ မချီနိုင်ပဲ နေမှာစိုးလို့ သတိပေးတာပါ အဟိ

    ReplyDelete
  20. စကားလုံးလေးတွေက လန်းလှချည်လား
    နောက်ဆုံးတော့လည်း ဒီဘူတာ ဆိုက်တာပဲ ဆိုသလိုတော့ မလုပ်လိုက်နဲ့နော်..

    ReplyDelete
  21. တစ်သက်သာပျော်ရွှင်မှုရရှိအတွက်
    တခဏတာ အခက်အခဲတွေကို
    အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပါ။
    အသက်အရွယ်အရ အမြင်ချင်းမတူတာ ရှိနိုင်တာမို့
    အလျော့ပေးရမှာ အကြီးတာဝန်မို့လား

    ReplyDelete
  22. စာကိုရော
    comment တွေပါ ဖတ်သွားတယ်
    သူငယ်ချင်းတွေတော့အကုန်သဘောတူတာပဲ
    အားပေးနေပါမယ်။
    ကြိုးစားထားပါ။

    ReplyDelete
  23. အဟား2
    ညလေးလို့ နုရမယ့်သူရှိတာတောင်
    ကော်ပတ်ရုပ်လေးကို လိုချင်နေသေးတယ်
    လွန်တာပါ့
    ရေခဲမုန့်တွေ အရည်မပျော်ခင်လေး....
    သံစဉ်ညှိနှိုင်ပါစေရှင်

    ReplyDelete
  24. ကိုဝင်းဇော်ကြီး ဆန္ဓနဲ့ဘ၀ တစ်ထပ်တည်းကျပါစေ. စားရတော့မယ်ဆိုလက်တို့ပါ.

    ReplyDelete
  25. အားပါးပါး... ဦးဝင်းဇော်တို့ ကတော့လုပ်ချလိုက်ပြန်ပြီ... အဟဲ... နာမည်နဲ့ တောင်မလိုက်ဘူး ... ကြိုးစား ကြိုးစား.. ... အဟား.. အဆင်ပြေရင် လက်တို့လိုက် .... တီတီကဗျာပြောသလိုပေါ့ စားရတော့မယ် ဆိုရင် ဖိတ်နော်.. အဟီး... :P

    ReplyDelete
  26. ဟုတ်တယ် ကိုဝဲကမ်းပြောတာမှန်တယ်
    ဒီကနေ့ ချစ်ဆုံးသူဟာ မနက်ဖြန်မှာ အမုန်းရဆုံးသူ တစ်ယောက်အဖြစ်နဲ့ အဆုံးမသတ်ချင်သေးတာ......

    ReplyDelete
  27. ရေးထားတာတွေကမိုက်တယ်ရှင့်
    ၂၂ နဲ့ ၂၈လား.. အားမလျှော့နဲ့ဘယ်လောက်မှမကွာဘူး
    ခုတလော ပတ်ဝန်းကျင်မှာ 21 Vs 42တောင်တွေ့နေရလို့ :P

    ReplyDelete
  28. ဘယ်တော့စားရမလဲဗျို့ လက်တို့လိုက်ဦးနော် ညီမလေးနဲ့အဆင်ပြေပါစေရှင်..အသက်က
    ဒီလောက်လေးပဲကွာတာ အေးဆေးပါ..
    ပါးပါးလေးပါနော်.ဟိဟိ
    ရေးထားတာလေးဖတ်လို့ကောင်းတယ်စကားလုံး
    လှလှလေးတွေရွေးတော်တယ်ဗျာ

    ReplyDelete
  29. ဒီကနေ့ ချစ်ဆုံးသူဟာ မနက်ဖြန်မှာ အမုန်းရဆုံးသူ တစ်ယောက်အဖြစ်နဲ့ အဆုံးမသတ်ချင်သေးတာ... မှန်တယ်အစ်ကို အဆုံးမသတ်လိုက်တဲ့ကိုယ်ကို မမုန်းစေချင်ဘူး
    ဒါပေမဲ့ ကောင်းကင်ကတော့ ကိုယ်ကိုမုန်းအောင် လုပ်လိုက်ရတယ်အစ်ကိုရယ် :(

    ReplyDelete
  30. အပေါ်ကပို့စ်နဲ့ ဆက်စပ်ကြည့်တယ်။
    တစ်ယောက်ထဲများ ဖြစ်နေမလား
    အဆင်ပြေတယ်ပါစေဗျာ
    ဒါမှ မြန်မြန်စားရမှာ။

    ReplyDelete
  31. ချစ်နေရုံနဲ့ မပြီးဘူးနော် ..... ချစ်တိုင်းလည်း ???
    ကိုယ့်ချစ်သူနဲ့ ဖူးစာဆုံနိုင်ပါစေ။

    ReplyDelete
  32. မောင်လေးဝင်းဇော်ရေ
    အရင်ကလည်း 22Vs28 ကိုလာဖတ်ခဲ့တယ် မရေးဖြစ်ခဲ့ဘူး ခုရင်ထဲကလွန်ဆွဲပွဲ ကိုဖတ်ပြီးမှ ပြန်လာရေးဖြစ်တယ်နော်...။
    လမင်း ခန့်မှန်းမိသလောက်ပြောရရင် 22ဆိုတဲ့ ညီမလေးကို ပိုပြီးအလေးသာနေသလိုပဲ...ဟုတ်တယ်ဟုတ်။
    ချစ်တဲ့သူနဲ့ ပေါင်းရပါစေလို့ ဆုတောင်းပါတယ်နော်...။

    ပျော်ရွှင်ပါစေ
    လမင်းး)

    ReplyDelete