Wednesday, April 22, 2009

စကားလက်ဆောင်

လူကြီး သူမတွေ အမြဲပြောဆို ဆုံးမတဲ့ စကားလေး တစ်ခွန်းရှိတယ်။ ဘယ်ကိစ္စ ဘယ်အရာမဆို ဘာကိုပဲလုပ်လုပ် " သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ " ဆိုတဲ့ စကားလေး တစ်ခွန်းဟာ ပေါ့ပေါ့တန်တန် ထားမယ်ဆိုရင် တန်ဖိုးမရှိပေမယ့်၊ အရေးတယူ စဉ်းစားကြည့်ရင်တော့ အလွန်တန်ဖိုးကြီးတဲ့ စကားလေး တစ်ခွန်းဖြစ်ပါတယ်။ စေတနာအရင်းခံပြီး ပြောတဲ့ စကားလေးမို့ ပိုတန်ဖိုး ကြီးတာအမှန် ဖြစ်ပါတယ်။ ကမ္ဘာနဲ့ယှဉ်ပြီး စီးပွားရေး ပြဿနာတွေ သူသူငါငါ ရင်ဆိုင်နေကြရတာ လူတိုင်းအသိပါ။ တိုင်းပြည်ကြီးရင် ကြီးသလို၊ တိုင်းပြည် ငယ်ရင် ငယ်သလို များများနဲ့ နည်းနည်း ရိုက်ခတ်ခံရတာ ငြင်းနိုင်စရာမရှိပါဘူး။

လွန်ခဲ့တဲ့ ရှစ်လခန့်က ဖြစ်ပါတယ်။ ဦးလေးရဲ့သား၊ ကျွန်နော်ရဲ့ တစ်ဦးတည်းသော ညီဝမ်းကွဲတစ်ယောက် သူ့သူငယ်ချင်းရဲ့ အဆွယ်ကောင်း မှုကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ အပူကပ်ခဲ့တယ်။ မိုးတလုံး လေတလုံး အပြောတွေကြောင့် လူကြီးတွေကလည်း မဖြစ်ဖြစ်အောင် လုပ်ဆောင် ပေးခဲ့ရတယ်။ မင်္ဂလာဒုံလေဆိပ်က ထွက်သွားချိန်ထိ ကကြီး ကနေ အ, အားလုံး ၁၀၀ ၀န်းကျင် ကုန်ကျခဲ့သည်။ နိုင်ငံခြားမှာ ၄ လအတွင်း ကြိတ်ပြီး ငွေပို့ခဲ့တာ ဒီစာရင်းထဲ မပါသေးဘူး ဆိုတာ သိရတယ်။ ခုတော့ မယောင်မလည်နဲ့ ကိုယ့်မွေးရပ်ကို ပြန်ရောက်လာပါပြီ။ ရရှိတဲ့ အကျိုးအမြတ်ကတော့ ငွေကုန်ခဲ့တယ်၊ အချိန်တွေ အလဟဿ ဖြစ်ခဲ့တယ်၊ ဗဟုသုတ မရခဲ့ဘူး။ ဆုံးရှုံးသွားတယ်ဆိုတဲ့ သင်ခန်းစာ တစ်ခုပဲ အသားတင် ကျန်ရစ်ခဲ့တယ်။

ခုချိန်မှာ နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်ရင် ကောင်းမလားလို့ မေးလာရင်တော့ မသွားပါနဲ့လို့တော့ မတားချင်ပါဘူး။ ဒါပေမယ့် မသွားခင် သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ လို့တော့ အမှာစကား ချွေချင်ပါတယ်။ တားချင်တဲ့ အကြောင်းရင်းက စီးပွားရေးပြဿနာကို တိုင်းပြည်ကြီးငယ်တိုင်း ကြုံတွေ့နေရတာကြောင့် ကံသေကံမ အလုပ်အကိုင် ရရှိလိမ့်မယ်လို့ မပြောနိုင်သလို၊ အလွယ်တကူ ရရှိဖို့လည်း မလွယ်ကူပါဘူး။ CNA သတင်းရဲ့ Scroller Bar မှာ ဘယ်ကုမ္ပဏီက အလုပ်သမား ၀န်ထမ်း အရေအတွက် ဘယ်လောက်ကို လျော့ချ လိုက်တယ်ဆိုတာကို စဉ်ဆက်မပြတ် ဖတ်နေရလို့ ဖြစ်ပါတယ်။ လက်ရှိ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေကိုတောင် ညှိနှိုင်းလစာနဲ့ လုပ်အားခလျော့ခံပြီး လုပ်ကိုင်နေရတယ်။ ၀န်ထမ်းအင်အား လျော့ချနေတာကြောင့် သူတို့တတွေလည်း ဘယ်အချိန် အလုပ်ဖြုတ်ခံရမလဲ ဆိုပြီး ရင်တထိတ်ထိတ်နဲ့ စောင့်နေကြရတာမို့ စွန့်စွန့်စားစားနဲ့ သွားဖို့ မတိုက်တွန်းလိုတာ အမှန်ဖြစ်ပါတယ်။ လုပ်အားခတွေ လျော့ချလိုက် တာကြောင့် လူနေမှုစရိတ် ကြီးမြင့်တဲ့ နိုင်ငံရပ်ခြား တိုင်းပြည်မှာ ရေရှည် ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ နေထိုင်စားသောက်စရိတ်၊ ခရီးစရိတ်တွေ မကာမိတာကြောင့် ပြည်တော်ပြန် လာကြတာ တော်တော်များ လာပါတယ်။ အိမ်ကထောက်ပံ့ ပေးနိုင်တယ်ထားအုန်း။ အလုပ်အကိုင် အတည်တကျ မရှိရင် ရေရှည်နေထိုင်ဖို့ မဖြစ်နိုင် ပါဘူး။ ဒါကြောင့် နိုင်ငံခြားသွား အလုပ်လုပ်မှ ချမ်းသာနိုင်မယ် ဆိုတဲ့ တွေးထင်ထားတဲ့ အယူအဆကို ခဏတော့ မေ့ထားလိုက် စေချင်ပါတယ်။

ခေတ်မီတိုးတက်လာတဲ့ ကမ္ဘာ့ရွာလို လူနေမှု အဖွဲ့အစည်း၊ ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ အတူ ကိုယ့်ဘ၀ တိုးတက်မှုအတွက် ကြိုးစားစွန့်ထွင် လိုတဲ့ လူငယ်တွေရဲ့ မြင့်မားတဲ့ဆန္ဒရှိလို့ တိုင်းတစ်ပါးမှာ အလုပ်လုပ်ကြ၊ ပညာတော်သင်ကြတာကို အားပေးတယ်။ သူများတိုင်းပြည်မှာ အလုပ်သွားလုပ်၊ ပညာသွားသင်တာ ဖြစ်လို့ သူများအိမ်မှာ သွားနေနေရသလို ဖြစ်ပါမယ်။ ကိုယ့်အိမ်မှာလို လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် နေလို့မရနိုင် တော့ပါဘူး။ သူတို့အိမ်မို့ သူတို့ဓလေ့ထုံးစံ အတိုင်းလိုက်နာ နေထိုင်ရမှာ ဖြစ်ပါတယ်။ ခဏတာဧည့်သည် အဖြစ်နဲ့ သွားရောက်နေထိုင် ကြတာကြောင့် အိမ်ရှင်လိုတော့ နေထိုင်သွားလာလို့ ရမှာ မဟုတ်ပါဘူး။ အချိန်အခါနဲ့ အခွင့်အရေး ဆိုတာ ကြုံနိုင်ပါသေးတယ်။ တိုင်းတစ်ပါးကို စွန့်ထွင်ပြီး အလုပ်လုပ်ဖို့ မလုပ်ဖို့ကိုတော့ " သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ " လို့ ပြောချင်ပါတယ်။ ယနေ့ခေတ် လူငယ်နဲ့ အနာဂတ် လူငယ်တွေ အတွက် စေတနာ အမှာစကားလေးပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။

35 comments:

  1. စေတနာစကားတွေအတွက် ကျေးဇူးတင်တယ်။ မင်းဦးလေး ဒေါင်းတောက်နေပြီလား .. အဟေး။

    ReplyDelete
  2. အမှန်ဆုံးသော စေတနာ စကားတွေပါလို့ ဘဲ ပြောချင်ပါတယ်ရှင်

    ReplyDelete
  3. တရားစခန်းက ပြန်ရောက်ရောက်ချင်း နက်ပေါ် တက်ဖြစ်တယ်။ စာတွေ လာဖတ်သွားတယ်နော်။ နှစ်သစ်မှာ အေးချမ်းပျော်ရွှင်ပါစေ

    ReplyDelete
  4. ဘာမဆို စဉ်းစားဆုံးဖြတ်ရမယ်ဆိုတာကို သိနေပေမဲ့ လုပ်ချင်နေတဲ့ ဆန္ဒကများနေရင် မစဉ်းစားကြတော့ ပါဘူး။ လုပ်ပြီးမှားမှ နောင်တ ရတာ မဆန်းတော့ပါဘူး။ ဖော်ပြပေးလို့ ကျေးဇူး။

    ReplyDelete
  5. အမှန်ပါပဲ အကိုရေ မလာခင် သေချာစဉ်းစား ဆုံးဖြတ်စေချင်ပါတယ်။ မဟုတ်ရင် ရှိတာလေးတွေတောင် ကုန်သွားမဲ့သဘော တရားဖြစ်နေပါတယ်။ ဒါပေမဲ့ လူတိုင်းက ပိုမိုတိုးတက်ချင်လို့၊ ထောက်ပံ့ချင်လို့ပဲ ဖြစ်ဖြစ် လာနေဆဲပါ။ ဘာပြောရမှန်းမသိအောင်ပါပဲဗျာ..
    ကျေးဇူးတင်ပါတယ် ဒီပိုစ့်လေးအတွက်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  6. အသိပေး ဆုံးမစကားအတွက် အလေးထား မှတ်သားသွားကြောင်းပါ။ ကုန်သင့်သလောက် အဆင်ပြေစေချင်ပါတယ်။ အားလုံးကိုပါပဲ။

    ReplyDelete
  7. ဈေးကြီးတဲ့နေရာဆိုတော့ ၁၀၀ နီးပါကုန်တာပေါ့း) ကျနော်တို့တော့ ၆ ထောင်နဲ့ နိုင်ငံဂျားရောက်လာတာ ဟီးး

    ကျေးဇူးပါ စင်းပြီးမှ စားပါမယ်။

    ReplyDelete
  8. လူတိုင်းအတွက် အသိပေး မှာတမ်းစကားလေး လာဖတ်တယ်။ ပိုရမလားလို့ သွားတာပဲ၊ မရတော့လည်း အရှုံးလို့ သဘောာထားရမှာပေါ့။ သွားဖြစ်တာက အတွေ့အကြုံပေါ့၊ ရင်းတယ်လို့ပဲ မှတ်ယူလိုက်ပါ။ (မနည်းဘူးနော်)

    ReplyDelete
  9. သူများအိမ်မှာနေတာဆိုတော့ ကိုယ့်အိမ်လောက်မလွတ်လပ်တာတော့ အမှန်ပဲ
    ကိုဝင်းဇော် ရဲ့ စေတနာစကားကို လေးစားပါတရ်
    အခုမှ လာမဲ့သူများ ဒီပိုစ့်လေးက အလင်းရောင်တစ်ပွင့် ဖြစ်စေမှာပါ..

    ခင်မင်မှုများနှင့်
    တလနွန်

    ReplyDelete
  10. သူငယ်ချင်း တယောက်လည်း စာမလိုက်နိုင်လို့ အလုပ်ရှာမရလို့ စိတ်ညစ်ပြီး ပြန်မယ်လုပ်နေတယ်... သူ့ယောကျာ်းက လခရသမျှ သူ့အတွက် အကုန်ခံထားတာ... ကိုယ်လည်း မကူနိုင်ဘူး။

    ReplyDelete
  11. သင်္ကြန်ရက်တွင်း နက်ပေါ် မတက်ဖြစ်ဘူး။ ဥပုသ် စောင့်နေလို့။ ခုတော့ ကဲလို့ရပြီ။ စာအကြွေးတွေ လာဖတ်တယ်နော်။

    ReplyDelete
  12. ကျေးဇူးကိုဝင်းဇော်ရေ့၊ ဖြစ်လာမလားတော့ လုပ်နေကြတာပဲ။ မက်လောက်စရာ ငွေတွေ မဟုတ်လား။ ကံမကောင်း အကြောင်းမလှရင်တော့ တစ်မျိုးပေါ့။ အားလုံးပဲ အဆင်ပြေစေချင်တယ်။

    ReplyDelete
  13. ကိုဝင်းဇော် သတိပေးပို့စ်လေးက ကောင်းတယ် နီုင်ငံခြားသွားမယ့်လူတွေ အတွက် တကယ် စွန့်စားရမယ်ဆိုရင် သေချာ ဆုံးဖြတ်ရမှာပါ..

    ReplyDelete
  14. အေဂျင်စီတွေရှီလည်း သူတို့လက်ကကျွတ် ပြွတ်ပဲ။ ဟိုရောက်တော့ စာချုပ်ထားတာနဲ့ တလွဲဖြစ်နေ တတ်တယ်။ ဟိုမှာ အိမ်ခံရှိရင်တော့ အကောင်းဆုံးပဲ လွယ်တော့ မလွယ်ပါဘူး။ အသိပေးပို့စ်အတွက် ကျေးဇူး။

    ReplyDelete
  15. တရုတ်လည်း ရောက်ဖူးတယ်၊ ထိုင်းလဲ ခဏခဏ ရောက်ဖူးတယ်။ မင့်ပြောသလို ၁၀၀ မကုန်ပါဘူး။ အဟတ် လိုချင်တာတောင် ရသေးတယ်။ လိုက်ချင်ရင်ပြောကွာ။

    ReplyDelete
  16. မပျော်တာတော့အမှန်ပဲး(

    ReplyDelete
  17. ကိုယ့်မွေးရပ် ကိုယ့်မိသားစုနဲ့ အဝေးတစ်နေရာဆိုတာ သာယာပျော်ရွှင် အဆင်ပြေမှုတွေ နည်းပါးသွားမှာ အမှန်ပဲ...
    ကိုယ့်တွေ့မဟုတ်ပေမယ့် ကိုယ်တွေ့အမြင်တွေတော့ရှိနေလို့ ကိုဝင်းဇော်စေတနာကို လက်ခံပါတယ်

    ခင်မင်စွာဖြင့်း)

    ReplyDelete
  18. ကိုဝင်းဇော်ရဲ့ စကားလက်ဆောင်လေး ယူသွားတယ်နော်။ နောက်လည်း ပေးအုန်း (အမ်ပေါင်းနဲ့)

    ReplyDelete
  19. 100 သာရှိရင် ဘယ်မှမသွားတော့ဘူး ..
    ဒီမှာပဲ ပျော်ပျော်ကြီး နေတော့မယ်။ နှမြောတယ်။ ဒူများကို အလကားပေးရမှာ။။။

    ReplyDelete
  20. ဟုတ်တယ်ဗျ..အရမ်းတွေလုပ်တော့ ပိုက်ဆံတွေက ပွဲစားတွေ စားပေါက်ဖြစ်နေတယ်။ နိုင်ငံပေါင်းစုံ ထိနေတာလေ..။

    ReplyDelete
  21. ကျွန်တော့် သူငယ်ချင်းတွေ စိတ်ပေါက်ပေါက်နဲ့
    ပြောလေ့ရှိတဲ့ စကားတခွန်းရှိတယ်ဗျ...
    လာချင်အုံးလေ ထိုင်ဝမ်း ဆိုတဲ့စကားပဲ
    ကြားကြားချင်းတော့ ရယ်စရာထင်ပေမယ့်
    ဘ၀အမောတွေပါနေတယ်ဗျ...
    မြတ်မလားလို့ ရင်းတယ်လို့ပဲ သဘောထားရမှာပါပဲ
    ဘာပဲဖြစ်ဖြစ် မလာခင်တော့ စဉ်းစားတာ အကောင်းဆုံးပဲ

    ReplyDelete
  22. မှန်လိုက်တာ ဦးချစ်ဖေရာ. အိမ်နဲ့ဝေးလေ အိမ်အရသာကို ပိုသိလေပါပဲ။ အခုချိန်မှာ အလုပ်ရမယ်လို့ ဘာတခုမှ အာမမခံနိုင်တော့ပါဘူး။ ကံပေါ်သာ အားကိုးနေရသလို၊ လက်ရှိလုပ်နေသူများလည်း စိုးထိတ်နေတယ်ဆိုတာ တကယ်တွေပါ။ ကိုယ့်အိမ်လောက် ဘယ်နေရာမှမကောင်းပါဘူး။ မိဘကို လုပ်ကျွေးချင်လို့ဆိုတဲ့ ဆန္ဒလေးကို သာဓုခေါ်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတကယ်မရေရာသေးတာ အမှန်ပါပဲ။။

    ReplyDelete
  23. မှန်တယ်အကိုရေ... သူများအိမ်မှာ လာနေတယ်ဆို တော့ကို့ အိမ်ကို့ ယာလိုတော့ စိတ်လွတ်ကိုယ် လွတ် မရှိတာတော့အမှန် ပဲ..။

    နိုင်ငံခြားထွက်အလုပ်လုပ် ချင်သူတွေအတွက်တော့ သေချာစဉ်းစားဆုံးဖြတ်သင့်တာပါပဲ...။

    ReplyDelete
  24. ကိုဝင်းဇော်ရေ သတိပေးတာအရမ်းကောင်းတယ်
    လူငယ်ဆိုတော့လည်း မိုက်ရူးရဲ ဆန်တယ် လို့ ဆိုမလား
    မပြောတတ်ဘူးဗျ
    ပြောမယုံကြုံဖူးမှသိ ဆိုသလိုပဲ
    ကိုယ်တိုင်နဖူးတွေ့ ဒူးတွေ့ မှ အော်ဂလိုပါလား ဆိုတာလေ
    ကောင်းပါတယ် အကို ရဲ့ သတိပေးစာလေး

    ReplyDelete
  25. အမှာစကားလေး မှတ်သားသွားတယ်။
    ကျေးဇူးကမ္ဘာ ---<<>>--

    ReplyDelete
  26. စွန့်စားကြည့်ချင်သေးတယ် ..
    အိမ်ကပေးနိုင်ရင်ပေါ့ ကတ် ကတ် ကတ်

    အနောက်တိုင်းဝတ်စုံတွေ လာငှားအုန်းမယ်

    ReplyDelete
  27. စာတွေ တလေးတစား ဖတ်သွားတယ်။
    ကြုံရင် မမှားအောင် သင်ခန်းစာလေးအဖြစ်ပေါ့။
    သိန်း ၁၀၀ တန်စာလေး ဖြစ်ပါစေ (အဟိ)

    ReplyDelete
  28. ဒီစေတနာစကားတွေ မှန်ပါတယ်..စီးပွါးရေးအခြေအနေ မတည်ငြိမ်သေးပါ...

    ReplyDelete
  29. အတွေ့အကြုံ ရတာပေါ့ ..
    သွားချင်ရင်တော့ လာမတားနဲ့နော်
    ဘာဖြစ်ဖြစ် အလွတ်ရုန်းအုန်းမှာ

    ပျော်ပျော်ကြီးနေပါ

    ReplyDelete
  30. စာတွေ ဖတ်သွားပါတယ်။ ခေတ္တနားမယ်ဆိုလို့ စိတ်မကောင်းတာတော့ အမှန်ပါ။ စာတွေ အများကြီး ဆက်ရေးနိုင်ဖို့ မျှော်လင့်ပါတယ်

    ကျန်းမာရေးဂရုစိုက်ပါ

    ReplyDelete
  31. စေတနာလေး စားသွားတယ်။
    နောက်လည်း စေတနာတွေ အများကြီးကျွေးပါရန်။

    ခင်မင်လျက်

    ReplyDelete
  32. ဗဟုသုတအတွက် ဖတ်သွားတယ် ----

    ReplyDelete
  33. အကျိုးရှိတဲ့ စကားလက်ဆောင်လေးပါပဲ...။ ကိုယ့်ဘက်က အစစအရာရာပြင်ဆင်ပြီးကာမှ ဖြစ်မလာတာကတော့ သူ့အကြောင်းနဲ့သူပေါ့လေ..။

    ReplyDelete
  34. တကယ့်ကို ကြိုတင်စဉ်းစားထားသင့်တဲ့ ၊ သေချာလေ့လာ ဆုံးဖြတ် ရွေးချယ်သင့်တဲ့ အကြောင်းအရာပါပဲ ဗျာ ... တန်ဖိုးရှိတဲ့ စကားလေးအတွက် ကျေးဇူး ..

    ReplyDelete