Saturday, April 11, 2009

သင်္ကြန်ရေဖြင့် အေးချမ်းကြပါစေ

သင်္ကြန်လို့ ဆိုလိုက်တာနဲ့ မျက်စိထဲ မြင်မိတာက ရေပက်မယ် ရေကစားကြမယ် ဆိုတာပဲ ဖြစ်ပါတယ်။ လုပ်နေတဲ့ အလုပ်တွေကို လက်စသတ်ပြီး သင်္ကြန်မှာ ပျော်ပါးဖို့ အားခဲတတ် ကြတယ်။ သင်္ကြန်မရောက်သေး ပေမယ့် သင်္ကြန်အကြို သီချင်းတွေတော့ နေရာတိုင်းမှာ လှုံ့ဆော်နေသလို ခံစားရတယ်။ မရိုးနိုင်တဲ့ သင်္ကြန်မိုး ရုပ်ရှင်ထဲက သီချင်းတွေက လွှမ်းမိုးတုန်းဖြစ်တယ်။ ခေတ်သစ် rap သင်္ကြန်သီချင်း တွေလည်းပဲ ဆန်းပြားတဲ့ ကကွက်၊ တက်ကြွတဲ့ တီးလုံးနဲ့ နေရာအနှံ့ အပြိုင်းအရိုင်း ကြားနေရတယ်။ ကလေးတွေကအစ သင်္ကြန်မှာ ကစားဖို့ လေဖိအားသုံး ရေသေနတ်တွေ ကိုယ်စီနဲ့ သင်္ကြန်မှာ ပျော်ဖို့အသင့် ဖြစ်နေကြပါပြီ။ အရင့်အရင် နှစ်တွေကလောက် ရေကစားမဏ္ဍပ်တွေ မများပေမယ့် အစီအရီတော့ တွေ့နေရပါပြီ။ ပြည်တွင်းဖြစ် ဂျစ်ကားတွေ၊ ပါပလေကာနဲ့ ဟိုင်းလက်ကား တွေတော့ အမိုးတောင် ဖြုတ်ပြီးနေကြပါပြီ။ ရိုးရာသင်္ကြန်ရဲ့ အငွေ့အသက် ကတော့ ပိုပြီးရုပ်လုံးပေါ်နေပြီ ဖြစ်ပါတယ်။

နှစ်သစ်ကို ကြိုဆိုတဲ့ ရိုးရာသင်္ကြန်ကို ကျွန်တော်တို့ မြန်မာနိုင်ငံတင် ကျင်းပတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်တဲ့ အာရှနိုင်ငံအတော် များများကလည်း သင်္ကြန်နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲကြပါတယ်။ ယိုးဒယား မှာက ဆောင်ကရန် ၊ လာအိုမှာက Bpee Mai ၊ ကမ္ဘောဒီးယား မှာက Chaul Chnam Thmey ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မလေးရှား၊ နောက် တောင်အာရှက ဘင်္ဂါလီ၊ ပန်ဂျပ်၊ သီရိလင်္ကာ တမီးလ်လူမျိုး နဲ့ မြန်မာတွေ ရှိတတ်တဲ့ နိုင်ငံတိုင်းမှာလည်း အစုအဖွဲ့လေးနဲ့ နှစ်သစ်ကူး ပွဲတော်လေးကို ဆင်နွှဲကြပါသေးတယ်။ သင်္ကြန် ဆိုတဲ့ စကားလုံးဟာ သက္ကတဘာသာ စကား သင်္ကန္တ ကနေ ဆင်းသက်လာပြီး ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်း ဟု အဓိပ္ပာယ် ရပါတယ်။ မြန်မာပြက္ခဒိန် ကောဇာသက္ကရာဇ် အရ ၁၃၇၀ ပြည့်နှစ်မှ ၁၃၇၁ ခုနှစ်သို့ ကူးပြောင်းခြင်းလည်း ဖြစ်ပါတယ်။

သင်္ကြန်လို့ ဆိုလိုက်တာနဲ့ မပါမဖြစ်တာကတော့ သိကြားမင်း နဲ့ ဗြဟ္မာကြီး ဇာတ်လမ်း ဖြစ်ပါတယ်။ သင်္ကြန်၊ သက္ကရာဇ် အကြောင်းများနဲ့ ပတ်သက်ပြီး သိကြားမင်းနဲ့ အာသီ အမည်ရှိတဲ့ ဗြဟ္မာမင်းတို့ အငြင်း အခုန် ဖြစ်ခဲ့တယ်။ အငြင်းပွားမှုကို လူ့ပြည်မှာ က၀ါလမိုင်း ဆရာကြီးထံသွားပြီး အဆုံးအဖြတ် ခံယူရာ ဗြဟ္မာကြီး ရှုံးသွားတယ်လို့ သိရပါတယ်။ ခေါင်းဖြတ်ကြေး လောင်းခဲ့ကြ တာကြောင့် ဗြဟ္မာကြီးက ခေါင်းဖြတ်ပေးခဲ့ရတယ်လို့ သိရှိရပါတယ်။ အဲဒီ ဗြဟ္မာဦးခေါင်းကြီးကို ရေထဲလည်း ချလို့မရ၊ ကုန်းပေါ်လည်း တင်ထားလည်း မဖြစ်တာကြောင့် နတ်သမီး (၇)ပါးက တစ်နှစ်တစ်ယောက် ကိုင်ထားပေး ကြရတယ်လို့ အဆိုရှိပါတယ်။ ဒီနှစ်တော့ ဃောရဿ အမည်ရှိတဲ့ နတ်သမီးက မှောက်ခုံ အနေအထားနဲ့ ဗြဟ္မာဦးခေါင်းကို လှမ်းလင့်သည် လို့ သူရိယသိဒ္ဓန္တ မဟာသင်္ကြန်စာက ဖော်ပြထားပါတယ်။ နောက်ပြီး သင်္ကြန်ကာလမှာ သိကြားမင်းက လူပြည်ဆင်းလေ့ရှိတယ် ဆိုတဲ့အယူလည်း ရှိပါတယ်။ ဒီနှစ် သင်္ကြန်စာမှာတော့ ဘာနုရာဇာ အမည်ရှိတဲ့ တနင်္ဂနွေဂြိုဟ်မင်း က ဂဠုန်ကိုစီးပြီး သန်လျက်နဲ့ သံစဉ်ကို ကိုက်ကာ မြောက်ဘက်အရပ်ကနေ အရှေ့တောင်ထောင့်ကို ၀င်တယ်လို့ သိရပါတယ်။

သင်္ကြန်မှာ နှစ်ဟောင်းက ဓလေ့တွေကို နှစ်သစ်မရောက်အောင် ဆေးကြောကြတဲ့ အယူရှိကြပါတယ်။ သက်ကြီး ၀ါကြီးတွေကို ခေါင်းလျှော်ပေးတယ်၊ ခြေသည်း လက်သည်း လှီးပေးတယ်၊ သင်္ကြန်မတိုင်ခင် ရှင်ပြု ၊ ရဟန်းခံတဲ့ ဓလေ့လည်း ကနေ့အထိ အခြေတည်လျက် ရှိတယ်။ လူငယ်တွေကတော့ အရင်က အမွေးနံ့သာ ထည့်ထားတဲ့ ငွေဖလား ဒါမှမဟုတ် ကြေးဖလား ထဲကနေ သပြေခက်နဲ့ ရေပက်တဲ့ အလေ့ရှိခဲ့ပေမယ့် ခုတော့ တိမ်ကောနေပြီ ဖြစ်ပါတယ်။ ခေတ်အလိုအရ ရေခွက်၊ ရေပုံး၊ ရေပိုက်နဲ့ အားရပါးရ ပက်လိုက်ရမှာ စိတ်ထဲ နေသာထိုင်သာ ရှိသွားတဲ့သဘော ဖြစ်ပါတယ်။ ရုပ်အဆင်း ပိုလှတဲ့ အပျိုလေးတွေတော့ ရေပိုစိုမယ့် သဘောပါ။

သင်္ကြန်တွင်း သင်္ကြန်သံချပ်ထိုးကြတဲ့ အလေ့အထလည်း တဖြည်းဖြည်း တိမ်ကော ကွယ်ပျောက်စပြု နေပြီဖြစ်ပါတယ်။ ညဘက် သင်္ကြန်အလှပြကားတွေ လှည့်လည် ပြသမှုကလည်း ငွေကုန်ကြေးကျတာကို အကြောင်းပြုလို့ အနာဂတ်မျိုးဆက်တွေ မြင်တွေ့ရဖို့ ခဲယဉ်းသွားပြီ ဖြစ်ပါတယ်။ သင်္ကြန် သံချပ်တွေ နေရာမှာ စကားပြော Hip Hop သီချင်းတွေ၊ သံစဉ်မြန် Remix သီချင်းတွေ နဲ့ တွန့်ကျေကွေးနေအောင် ကပြနိုင်တဲ့ Disc Jockey - DJ တွေက အလျင်အမြန် နေရာယူလာ ပါတယ်။ ရှေးက ဓလေ့ထုံးတမ်းများဟာ ခေတ်ရေစီးကြောင်းရဲ့ တိုက်စားမှုကြောင့် အသွင်ကွဲလာတာ ဖြစ်ပါတယ်။

နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ် သက်ရောက်တဲ့ သင်္ကြန်သည် ၁၃၇၀ ပြည့်နှစ်မှ ၁၃၇၁ ခုနှစ်သို့ ပြောင်းလဲခြင်း သက်သက်မဟုတ်ဘဲ အကောင်းဘက်ကို ဦးတည်တဲ့ ပြောင်းလဲခြင်း၊ ကမ္ဘာသူ ကမ္ဘာသားအားလုံးရဲ့ ကောင်းကျိုးကို ဖော်ဆောင်တဲ့ ပြောင်းလဲခြင်း ဖြစ်ပါစေလို့ ဆန္ဒပြုရင်း နှစ်သစ်မှာ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ရှိကြပါစေ .. .. ။

42 comments:

  1. ကိုဝင်းဇော်ကြီးကို ရေလောင်းချင်တယ်၊ အိုးမဲလဲ မှတ်လောက် သားလောက်အောင် သုတ်လိုက်ချင်တယ်။ ဘာမှ မဟုတ်ဘူး စာရေးတာ ဖတ်လို့ကောင်းလို့ ...

    နှစ်သစ်မှာ ပျော်ရွင်ပါစေနော်

    ReplyDelete
  2. ပေးတဲ့ဆုနဲ့ပြည်ပါစေ။
    သင်္ကြန်ရုပ်လုံးပေါ်နေပြီပြောလေ ပြန်ပြေးလာချင်လေပါပဲ။

    ReplyDelete
  3. သင်္ကြန်မှာ အပြတ်ကဲဖို့ ရေခဲတွေ ခဲထားတယ်.. ရေခဲရေနဲ့ လဲလောင်း၊ ဂျင်ထဲလည်း ရောပေါ့ ..
    မင်းတို့ မန်းတလေးမှာ အလှပြကားတွေ မရှိတော့ ဘူးလား.. ကလေးတွေ ပြစရာ သင်္ကြန်အလှပြ ကားမရှိလို့ ငါလဲ မိန်းမမယူတော့တော့ဘူး (ဘာမှလဲ မဆိုင်ဘူး)

    ReplyDelete
  4. ဗြဟ္မာဦးခေါင်းဆိုတာ ဒီကစတာကိုး ..
    ပြည့်စုံအောင် ပြန်ရှာဖတ်လိုက်အုန်းမယ် ..
    ကိုဝင်းဇော်ကြီး သင်္ကြန်မှာ အသားကုန် ကဲနိုင်ပါစေ ။

    ReplyDelete
  5. တောင်ကြီးသင်္ကြန်မှာ အေးချမ်း ပျော်ရွှင်ပါစေ အကိုကြီးရေ....။

    ReplyDelete
  6. ပျော်ရွှင်တဲ့ သင်္ကြန်ရက်တွေ ပိုင်ဆိုင်နိုင်ပါစေ ။

    တောင်ကြီးမှာလို့ကြားတယ် ။

    အမှတ်တရများစွာနဲ့ ညီငယ် ။

    ReplyDelete
  7. ပျော်ရွှင်ဘွယ်ကောင်းတဲ့ သင်္ကြန်ရက်တွေကို ပိုင်ဆိုင်
    နိုင်ပါစေ မောင်ဝင်းဇော်ရေ...း)

    ReplyDelete
  8. ရိုးရာမပျက် မြန်မာ့သင်္ကြန်လေး ဖြစ်စေချင်ပါတယ်။ ယဉ်ကျေးတဲ့ ရေလောင်း ရေပက်တဲ့ အလေ့အကျင့် လေးဖြစ်စေချင်ပါတယ်။ (ခေါင်းလောင်းခံရရင် စိတ်ဆိုးတယ်၊ ရိုင်းတာပေါ့နော်)

    ReplyDelete
  9. မဏ္ဍာပ်ရှေ့မှာ စိတ်လွတ်ကိုယ်လွတ် ကနေချင် ပေမယ့် .. ဒီနှစ်တော့ နည်းနည်းလျော့ထား အုန်း မလားလို့။ ရာသီဥတုက ပြင်းလွန်းတော့ တစ်ခုခု ဖြစ်မှာ ကြောက်ရသေးတယ်။

    hAPPY nEW yEAR ဖြစ်ပါစေ

    ReplyDelete
  10. အိမ်နဲ့ အိမ်သားတွေကို လွမ်းတယ်

    ReplyDelete
  11. ပျော်ရွင်တဲ့သင်္ကြန်ဖြစ်ပါစေ ကိုဝင်းဇော်

    ReplyDelete
  12. သင်္ကြန်မှာကဲဖို့ အဖော်စုတုန်း အကိုရေ့.
    ဒီနှစ်တော့ အင်းထဲသွားမယ် စိတ်ကူးတယ်.
    စိတ်ဝင်စားရင် လိုက်ခဲ့ပါ

    လေးစားလျက်
    ဇေယျာ

    ReplyDelete
  13. ပိတောက်ပန်းနဲ့အတူ
    သူ ဘယ်လိုလှနေမလဲ....
    သင်္ကြန်မိုးနဲ့အတူ
    သူ ဘယ်လို ရေစိုရွဲနေမလဲ...
    ဖြေလဲလေ..ပြေပါနိုင်ပဲ...
    တန်ခူးရောက်တိုင်း..လွမ်းနေဆဲ...

    ReplyDelete
  14. ရွှေဖလားနဲ့ သပြေခက်နဲ့ ရေအပက်ခံချင်တယ်..

    ရေပြွတ်နဲ့ အပက်ခံရမှာကြောက်လို့ ကားနဲ့ မလည်တော့ဘူး။ အိမ်ကနေပဲ ကစားမယ်။ ကမ္ဘာအေးစေတီလမ်းပေါ်ရှိမယ် ။

    ReplyDelete
  15. ရေမလာတာနဲ့ အတော်ပဲ
    ငွေဖလားနဲ့ သင်္ကြန်ဆင်နွှဲမယ် သပြေခက်နဲ့ အဟိ
    ရှေးက ဓလေ့ထုံးတမ်းတွေက ခေတ်ရေစီးကြောင်းရဲ့ တိုက်စားမှုကြောင့် အသွင်ကွဲ လာတာမဟုတ်ဘူး။
    ရေမလာလို့ ရေမလာလို့ .......
    ချွေတာရေးသင်္ကြန်လုပ်နေတာ

    ReplyDelete
  16. ရေလာလောင်းပါတယ် ကိုဝင်းဇော်ရေ၊ တောင်ကြီးမှာ သင်္ကြန်ကျမယ်ပေါ့လေ၊ ပျော်စရာကောင်းလိုက်တာ၊ လာချင်လိုက်တာ။ ကျမသာ ရွာငံ မှာရောက်နေရင် ကိုဝင်းဇော်ကို တွေရမှာတော့၊ အခုတော့ စိတ်ကူးလေးနဲ့ အိမ်လည်ဖိတ်ပါတယ်၊ တကြိမ်ကြိမ်တော့ ဆုံရမှာပါ တို့မောင်နှမတွေ

    ReplyDelete
  17. လူပျိုဟိုင်းကြီး အိုးမည်းလာသုတ်တယ်။
    ဒီဝါကျွတ် အမြန်စွံစေဖို့
    ဆုတောင်းပေးတယ်

    အဆင်ပြေ ပျော်ရွှင်စေဖို့ တောင်းဆုချွေတယ်။

    ReplyDelete
  18. သင်္ကြန်မှာ အသားကုန် ကဲနိုင်ပါစေ ဘော်ဒါကြီး

    ReplyDelete
  19. အေးချမ်းပါစေ.

    ReplyDelete
  20. ဗွမ်း..၀ုန်း..ဂွမ်း ( ဒါကတော့ ခွက်ပြုတ်ကျသွားသံပါ၊)
    နေဦး မပြေးနဲ့ အိုးမဲသုတ်မယ်။
    "ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့ ၇ယ်တာပေါ့ရယ်တာပေါ့ "

    အဟတ်..ဦးချစ်ဖေကြီး.သင်္ကြန်တွင်း ကဲတော့မယ်ပေါ့လေ။ ဘယ်ရမလဲ ခေါင်းကနေ.အရင်ဆုံးလောင်းလိုက်ပြီနော်။
    နှစ်သစ်မှာ ပျော်ရွှင်ပါစေ။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေဗျာ။။

    ReplyDelete
  21. ကိုဝင်းဇော်ရဲ့ ဆုတောင်းလေး ပြည့်ဝပါစေဖို့ ထပ်မံ တောင်းဆုပြုလိုက်ပါတယ်..။

    ဒီပို့စ်လေးကို ဖတ်ပြီး ငယ်ငယ်တုန်းက သင်္ကြန်သံချပ်တွေကို လွမ်းသွားတယ်...အမြင်မတော်တာတွေကို သံချပ်တိုင်ပြီး ဆိုတာအော်တာတွေ နားထောင်ရတာ ရီလည်း ရီရ..သဘောလည်း ကျခဲ့ရတာလေ.. ခေတ်ပြောင်းလို့ သံချပ်နေရာကို rap စာသားတွေ အစားထိုးလာတာမျိုးထက်.. လိုအပ်နေတဲ့ ကွက်လပ်လေးကို တနည်းတဖုံဖြည့်လိုက်တာလို့ပဲ မြင်မိပါတယ် ကိုဝင်းဇော်ရေ..။

    ပျော်ရွှင်ချမ်းမြေ့ပါစေ..။

    ReplyDelete
  22. အိုက်ခီလောက်April 12, 2009 at 3:26 AM

    သူများတွေပြောသွားတာနဲ့ ဘာပြောရမှန်းကိုမသိတော့ဘူး အားလုံးကိုပြည့်စုံသွားတာပဲ အဟိ အင်းကောင်းကောင်းကဲနိုင်ပါစေဗျာ

    ReplyDelete
  23. နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  24. ရေလာလောင်းတယ်။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  25. ရှမ်းကြီး ..
    အတက်နေ့ အိမ်မှာ အလှူရှိတယ်
    မပျက်မကွက်လာခဲ့ပါ ။

    ReplyDelete
  26. မင်္ဂလာနှစ်သစ်ပါ

    ReplyDelete
  27. အော် ဗြဟ္မာ့ဦးခေါင်း .. ဖြတ်ခံရပြီးတာတောင် နတ်သမီးလက်နဲ့ မ , နေရတယ် ကံကောင်းလေစွ .

    ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ

    ReplyDelete
  28. ဗဟုသုတလေး ဖြစ်စေတယ်။
    နောက်အလျင်းသင့်ရင်၊ ပြည့်စုံအောင် ထပ်ဖော်ပြ စေချင်တယ်။

    ReplyDelete
  29. သိချင်တာလေး ... တစ်ခုရှိလို့ 
    သိရင် .. ပြောပြပေးပါလားဗျာ
    သင်္ကြန်မိုးကားထဲက ... ကဗျာစာသားလေး ..
    မှတ်မိတဲ့လူရှိရင် ... သိပါရစေ ...
    နောက်ဆုံးအကြောင်းက ..
    ဖက်ဆွတ်ရေတိုး .. သင်္ကြန်မိုး ဆိုပြီးအဆုံးသတ်ထားတယ်လေ ...
    ကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  30. မန်းသားကြီး... ဟတ်ပီးနယူးရီးယားဗျာ...။ :D

    ReplyDelete
  31. ကိုဝင်းဇော်
    နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ..

    စီပုံးက ကျနော် ၀င်မရဘူးဗျာ။ ဘာလို့လဲမသိဘူး။ ဒီမှာပဲ ရေးခဲ့ပါတယ်။

    ReplyDelete
  32. ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ ...
    ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ ...

    ReplyDelete
  33. ပြန်မရောက်သေးဘူးလားဗျို့

    ReplyDelete
  34. ကို ဝင်းဇော်ရေ .. နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ ... လိုအင်ဆန္ဒတွေလည်း အရာအားလုံး ပြည့်စုံပါစေ .. အောင်မြင်မှုတွေလည်း ဆထက်တစ်ပိုး ရရှိပါစေ ဗျာ ။။

    ReplyDelete
  35. ပျော်ရွှင်ပါစေဗျို့ .........း)

    ReplyDelete
  36. မင်္ဂလာရှိသော နှစ်သစ်လေးပါ အကိုရေ

    ReplyDelete
  37. ကိုဝင်းဇော် ရေ နှစ်သစ်မင်္ဂလာပါဗျို့ 

    ReplyDelete
  38. တန်ခူး မည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး...

    ReplyDelete
  39. နှစ်သစ်ကူးလို့ ချစ်ဦင်္းကို ရှာဖွေး)

    ရေလာလောင်းတယ် တစ်စက်လောက်ဖြစ်ဖြစ် ရတယ်ဟုတ် ။

    ReplyDelete
  40. နှစ်သစ်မှာ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန် အကုန် အဆင်ပြေ ချောမွေ့စေဖို့
    ဆုတောင်းပေးပါတယ်နော်။

    ReplyDelete
  41. ကိုဝင်းဇော်လည်း နှစ်သစ်မှာ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ လိုအပ်ဆန္ဒတွေလည်း ပြည့်ဝ ပါစေလို့ ပြောချင်ပါတယ်

    ညီမငယ်

    ReplyDelete
  42. အပေါ်မှာ ပြောသွားကြတာ ဘာမှ ပြောစရာ မကျန်တော့လို့ မင်္ဂလာ။ရှိသော နှစ်သစ်ပါလို့ပဲ နှုတ်ဆက်တယ်ဗျို့

    ReplyDelete