Wednesday, March 18, 2009

အမြဲနုပျိုနေစေဖို့


ပျော်ပျော်နေသေခဲ ဆိုတဲ့ စကားပုံလေးလို အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ရင်တော့ ကောင်းပါတယ်။ လူတိုင်းကလည်း ဒီလို ပျော်ရွှင်မှုကို တောင့်တကြမှာ အမှန်ပါ။ တဒင်္ဂလောက် စိတ်လိုလက်ရ ရယ်မော လိုက်နိုင်ရင်တောင် တစ်ရက်ပိုပြီး အသက်ရှည်တယ်ဆိုတာ ယုံကြည်ထားကြတယ် မဟုတ်ပါလား။ အသက်တစ်ရက် ပိုရှည်ဖို့အတွက် ရမယ်ရှာပြီး ရယ်ဖြစ်ရင်တောင် စိတ်ထဲမှာ ပျော်ရွှင်မှု ဆိုတာ မရှိရင် အသက်ပါတဲ့ ရယ်မောခြင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပျော်ရွှင်မှုနဲ့ သောကကို မမျှမတ ရောမွှေထားတဲ့ ဒီဘဝထဲမှာ သောကစိတ်က ပိုများနေမှာပါ။ ကိုယ်လိုချင်တာ မရနိုင်တဲ့အခါမျိုးမှာ၊ ကိုယ်ဖြစ်ချင်တာ ဖြစ်မလာ နိုင်တဲ့ အခါမျိုးမှာ တက်ရိပ်ပြနေတဲ့ သောကရဲ့ ဒီရေကို ပိုမြင်မိမှာပါ။ သောကဗျာပါဒ စိတ်များတော့ အရွယ်မတိုင်ခင် ရုပ်ရည်ရင့်တာတို့၊ ရုပ်ရည်ကျတာတို့ ဖြစ်ဖို့ အထောက်အကူ ဖြစ်နေမှာပါ။ ဒါကြောင့် လျင်မြန်စွာနဲ့ အိုမင်းခြင်းကို ရှောင်ရှားစေနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ် ..

၁။ ဦးနှောက်ကို အလုပ်ပေးပါ ..
  • စိတ်ကို အချိန်နဲ့အမျှ အလုပ်ပေးထားတာဟာ ဦးနှောက်ရဲ့ တုံ့ပြန်မှု လျော့နည်းလာတာကို ကာကွယ်ပေးပြီး ဦးနှောက်ဆဲလ် တွေထဲမှာရှိတဲ့ အာရုံကြော မျှင်တွေကို အသစ်ဖွံ့ဖြိုး လာစေတယ်လို့ သိရပါတယ်။ ဒီအာရုံကြောမျှင်တွေက အသက်ကြီးလာတဲ့အခါ ပျက်စီးတတ်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံသစ်နဲ့ စိတ်ကို လေ့ကျင့်ပေးရင် အာရုံကြောမျှင်တွေ အသစ်ပြန်ဖြစ် စေပါတယ်။ ဒါကြောင့် စာဖတ်ရင်ဖြစ်စေ၊ တီဗွီ အစီအစဉ်ကို ကြည့်သည်ဖြစ်စေ ဦးနှောက်ကို တွေးတောစရာ၊ မှတ်သားစရာတွေ ပေးတဲ့ အစီအစဉ်တွေကို ကြည့်ရှုသင့်တယ်လို့ သိရပါတယ်။
၂။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ ..
  • အသက်ကြီးလာရင် ကိုယ်လက် လှုပ်ရှားမှု နည်းလာပြီး ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်လည်း နှေးကွေး လာပါတယ်။ ကယ်လိုရီလိုအပ်မှုလည်း နည်းလာပါတယ်။ ဒီအတွက်ကြောင့် ကိုယ်အလေးချိန် လျော့ကျလာစေ ပါတယ်။ ဒါကြောင့် သင့်တင့်လျှောက်ပတ်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ပေးသင့်ပါတယ်။
၃။ မိတ်ဆွေ သူငယ်ချင်း များများထားပါ ..
  • ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး မိတ်ဆွေအပေါင်းအသင်း မျုားတဲ့သက်ကြီး ပိုင်းတွေဟာ ရှိရင်းစွဲ အသက်အရွယ်ထက် ပိုပြီး နုပျိုလန်းဆန်း စေတယ်လို့ သိရပါတယ်။ တစ်ဦးအပေါ်တစ်ဦး ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ကောင်းတွေက စိတ်ဖိစီးမှုကို ကာကွယ်ပေးပါသတဲ့။
၎။ ဆေးလိပ်နဲ့ မီးခိုးငွေ့တွေကို ရှောင်ပါ ..
  • ကိုယ်ကိုယ်တိုင် ဆေးလိပ်သောက်သုံးခြင်း မရှိပေမယ့် ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိရင်တောင် အိုမင်း ရင့်ရော်စေတယ်လို့ သိရပါတယ်။ ဆေးလိပ်ငွေ့တွေရှိတဲ့နေရာမှာ ၄ နာရီလောက်ရှိနေရင် ရှိရင်းစွဲ အသက်ထက် ၇ နှစ်စာလောက် အိုစာသွားစေပါတယ်။ အသက် ၄၀ အရွယ် ဆေးလိပ်သောက်သုံးသူရဲ့အသားအရည် ဟာ ဆေးလိပ်မသောက်တဲ့ အသက် ၆၀ အရွယ်ရဲ့ အသားအရည်နဲ့ အတူတူပဲဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆေးလိပ်မှာ ပါဝင်တဲ့အဆိပ်ဓာတ်က အသားအရည်အတွက် အောင်ဆီဂျင်ရရှိမှုကို အားနည်းစေပြီး တစ်ရှူးတွေကို ပျက်စီးစေတယ်လို့ သိရပါတယ်။
၅။ အိပ်ရေး၀၀ အိပ်ပါ ..
  • မိမိရဲ့ ရုပ်ရည်အတွက်ရော၊ ကျန်းမာရေး အတွက်ပါ အချိန်မှန် အိပ်ဖို့နဲ့ အိပ်ရေး၀၀ အိပ်ဖို့ အရေးကြီး ပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းက ကိုယ်ခံအားကို မြင့်တက်စေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုကိုလည်း အထိုက်အလျှောက် ကာကွယ်ပေးပါတယ်။
၆။ စိတ်ဖိစီးမှုကို တိုက်ဖျက်ပါ ..
  • စိတ်ဖိစီးမှုက လူကို အိုမင်းစေပါတယ်။ စိတ်ဖိစီးမှုက လူကို နှလုံးရောဂါ ဖြစ်ပွားစေနိုင်ပြီး၊ စိတ်တင်းကြပ်မှု တာရှည်လာရင် ကိုယ်ခံအားကို လျော့ပါးလာစေ ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်း ကတော့ တရားထိုင်ခြင်းနဲ့၊ ယောဂကျင့်စဉ်လိုမျိုး စိတ်ကို တည်ငြိမ်စေမယ့် လေ့ကျင့်မှုမျိုးကို လုပ်ဆောင် ပေးသင့်ပါတယ်။
၇။ အိမ်ထောင်ရေးသုခကို ခံစားပါ ..
  • အိမ်ထောင်ရေး သုခကို အပြည့်အ၀ ရရှိတဲ့ အိမ်ထောင်သည် တွေဟာ အိမ်ထောင်ရေး သုခ အပြည့်မ၀ မရရှိတဲ့ အိမ်ထောင်သည် တွေထက် ၇ နှစ်ပိုပြီး နုပျိုစေတယ်လို့ မှတ်သားရ ပါတယ်။ (အိုမင်းရင့်ရော် တာကနေ ရှောင်လွဲနိုင်အောင် မြန်မြန် အိမ်ထောင်ထူသင့်တယ်လို့ ပြောချင် တာများလား မသိ...၊ အတွေးတွေ ပွားသွားရပါတယ်)။
အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။

21 comments:

  1. ဖတ်မှတ်သွားပါ၏။
    ဒီလိုအကြောင်းလေးတွေဖတ်ဖူးပါ၏။
    ပြန်ဖတ်ဖြစ်တော့ ပြန်သတိထားမိပြီး ရှောင်သင့်တာ
    ရှောင် ၊ဆောင်သင့်တာဆောင်ဖြစ်ပါ၏။
    ကျေးဇူးတင်ပါတယ် မောင်ဝင်းဇော်ရေ....

    ReplyDelete
  2. ကျေးဇူးကိုဝင်းဇော် ဆေးလိပ်တော့မသောက်ဘူး .. ကျန်တာတော့ လုပ်ဖြစ်ပါတယ်..

    ReplyDelete
  3. ၁၊၂၊၃၊၄ တော့ok တယ်၊ ၅၊၆၊၇ ကိုတော့ ....၊မှတ်သွားပါတယ်လို့

    ReplyDelete
  4. နက်မကောင်းလို့ တောင်တောင်အီအီ ဖြစ်နေတာ
    ပြန်လာဖတ်ပါအုန်းမယ်

    ReplyDelete
  5. မအိုဆေးရလို့ကတော့
    ဘာပဲလုပ်ရလုပ်ရ လုပ်မယ် (၇)ကတော့ အကောင်းဆုံးပဲထင်ပ (အဟီး) သေချင် သေပစေ

    ReplyDelete
  6. တစ်နေ့တစ်နေ့ ရီစရာတွေပဲ ပြောပြောပြီး ရီနေတာ အသက်ရှည်မယ်ဆိုရင် နှင်းဆီတို့က ထိပ်ဆုံးပဲ။ ဆေးလိပ်သောက်တဲ့ သူနား ကပ်ရတာ စိတ်ညစ်တယ်၊ တစ်ချို့က ဘေးပတ်ဝန်းကျင်ကို အားနာရကောင်းမှန်း မသိကြဘူး။ ခပ်တည်၂ပဲ

    ReplyDelete
  7. ၁။၂။၃။၅။၆ အဆင်ပြေတယ် အကိုရေ
    မှတ်သားသွားပါတယ်
    အဆင်ပြေပါစေဗျာ

    ReplyDelete
  8. မေလည်း အရူးလေးလိုပါပဲ
    ၁ ကနေ ၆ အထိက လုပ်လို့အဆင်ပြေတယ်
    ၇ ကတော့..............................

    ReplyDelete
  9. မှန်တယ် တစ်ဗူးနဲ့ ရှစ်လိပ်ပြောတာ:P
    ငါလဲ အိပ်ရေး၀၀ အိပ်မှဖြစ်မယ်။ ကျေးဇူးဗျို့.နည်းလမ်းကောင်းမှတ်သွားတယ်

    ReplyDelete
  10. မှတ်သားသွားပါတယ် .. သူများကို ဆရာပြန်လုပ်ရအောင် :D

    ReplyDelete
  11. ဘာမှ မသိသေးတဲ့ ကလေးအရွယ်က ပျော်စရာတွေ ပြည့်စုံခဲ့တာပေါ့။ သည်အသက်အရွယ် ရောက်မှ သောကတွေ ဗျာပါဒ တွေ ဒုနဲ့ဒေးပါပဲ။ သောကကင်းဝေ နေနိုင်ရေး အကြောင်းလည်း ထပ်ဆွေးနွေးပါအုန်း

    ReplyDelete
  12. လူကသေမျိုး ဆိုပေမယ့်
    ချက်ချင်းလက်ငင်းကြီးတော့ သေချင်သေးဘူး
    အသက်ရှည်ရာ အနာမဲ့ကြောင်းလေးတွေ
    ရှာကြံလုပ်ဆောင်နေကြရတယ်လေ။
    အားကစား၊ အစားအသောက်ကအစ ဆောင်ရန် ရှောင်ရန်တွေ မှတ်သားရတာပေါ.
    အားပေးဖတ်သွားတယ်

    ReplyDelete
  13. တော်တော်လေးကောင်းတဲ့ အချက်တွေပဲ လိုက်နာရမယ့်။...တစ်ချို့အကြောင်းရာတွေကျတော့
    ကိုယ်နဲ့ဆိုင်ဘူးလေနော့် ဥပမာ..နံပါတ် ၇ လိုမျိုးပေါ့း) ကျေးဇူးးဗျ ။

    ReplyDelete
  14. ဒါမျိုးလေးတွေလည်း အားပေးပါတယ်။
    လွယ်လွယ်ကူကူ လေးတွေဆိုတော့
    လိုက်နာရတာပေါ့
    ကျေးဇူး --)))

    ReplyDelete
  15. ၇ နှစ်ကြီးများ တောင် နုပျို မယ်ဆိုတော့
    အင်း..
    စိတ်ဝင်စားစရာပဲနော်...း)

    ReplyDelete
  16. လေ့လာသွားတယ်အစ်ကို

    ReplyDelete
  17. (7)နှစ်တောက်အိုစာသွားလို့ ဖြစ်သေးဘူး
    ဆေးလိပ်အမြန်ဖြတ်မှ..
    ရောက်ဖတ်ပြန်ပဲ
    အချိန်မရလို့

    ReplyDelete
  18. ဦးနှောက်ကိုတော့ အမြဲ အလုပ်ပေးနေရတယ်ဗျ
    ကိုယ်အလေးချိန်ကတော့ ဂရုတစိုက်တော့
    မထိန်းဖြစ်ပါဘူး ဒါကလဲ ထိန်းစရာမလိုအောင်
    သူ့ဟာသူ အိုကေနေလို့ပါ။ မိတ်ဆွေတွေက များလွန်းလို့ ဘယ်နှစ်ယောက်မှန်းတောင် မသိတော့ဘူး။ ဆေးလိပ်ကတော့ တနေ့ ၁ဘူး
    ပုံမှန်ပဲ။ အိပ်ရေးကတော့ ၀သလားမမေးနဲ့ ည၁၂မှအိပ်ရင် မနက် ၁၂မှ ပြန်နိုးတယ်။ စိတ်ဖိစီးမှု လုံးဝမရှိဘူး မရှိအောင်လဲ နေတယ်။
    နောက်ဆုံး အိမ်ထောင်ရေး သုခက ဘာလဲဟင်
    မရှိသေးတော့ မသိဘူးဗျာ....။

    ReplyDelete
  19. အသက်လည်းရှည်ချင်တယ်
    ရုပ်ရည်လည်း ပုံမှန်ဖြစ်ချင်တယ်
    လောဘနည်းနည်းနဲ့
    ဒီလို ဆုတောင်းခဲ့တာပေါ့နော်
    ပြည့်မပြည့် မသိပေမယ့်
    ခုတော့ ဒီနည်းလမ်းကို ထပ်သုံးပါအုန်းမယ်။

    ReplyDelete
  20. ကောင်းတဲ့ဖက်က တွေးသွားတယ်

    ReplyDelete
  21. စိတ်ပျို ကိုယ်နုပြီး မျက်စိအေးအောာင် နေ့တိုင်းပဲ ကန်တော်ကြီး ကန်ဘောင်ပေါ် လမ်းလျှောက်တယ်။ (အဟဲ)

    ReplyDelete